ချမ်ရဲ့ရွှယ်၏ အံ့အားသင့်မှု
Vol. 7 Ch. 651
"ကလန့် … ကလန့် …"
ဓားပျံ တစ်ခုချင်းစီတိုင်းသည် ဥက္ကာပျံများ အလား ရွှေရောင် အလင်းဖြင့် တောက်ပနေ၏။
ဓားဝင်္ကပါသည် ညကောင်းကင်တွင် ထွန်းလင်းနေသည့် ကြယ်များအလား လှပနေသလို တစ်ချိန်တည်းတွင်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
"ကြယ်ဓား ဝင်္ကပါ …"
ရုတ်တရက် ရှဲ့ရန်က ပြောလိုက်၏။
ချမ်ရဲ့ရွှယ်က ရှဲ့ရန်ကို အံ့အားသင့်သည့် ပုံစံဖြင့် ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် … အဲဒါက ကြယ်ဓား ဝင်္ကပါပဲ … နတ်ဘုရား တစ်ပါးနဲ့ တိုက်ပွဲမှာ အပယ်ခံ ကိုးယောက် အဘိုးအိုက ကြယ်တွေဆီက စွမ်းအားကို စုပ်ယူပြီး ဒီကြယ်ဓား ဝင်္ကပါကို တီထွင်ခဲ့တာတဲ့"
သေမျိုးကမ္ဘာ၏ လူများသည် ကောင်းကင် တန်ခိုးရှင် ဆိုသော နာမ်စားကို တစ်ခါမျှပင် မကြားဖူးချေ။ သူတို့အတွက် မြေကမ္ဘာ နတ်ဘုရားများသာလျှင် ဒဏ္ဍာရီ သဖွယ် ဖြစ်သည်။
သို့သော်လည်း ချမ်ရဲ့ရွှယ်၏ စကားအား နားထောင်ပြီးနောက် မြေကမ္ဘာအဆင့်၏ အထက်တွင် ကောင်းကင်တန်ခိုးရှင် အဆင့် ရှိကြောင်း စတင်သိရှိ လာကြသည်။ ဤဓားဝင်္ကပါမှာ ကောင်းကင်တန်ခိုးရှင် တစ်ယောက် ချန်ရစ်ခဲ့ခြင်းဟု ဆိုသည်။ ဤသို့ဆိုလျှင် ထိုဝင်္ကပါက အလွန် အစွမ်းထက်မည်မှာ သေချာသည်။
"ဓားဝင်္ကပါက အစွမ်းထက်တယ် ဆိုပေမဲ့လည်း … ဆရာ့အတွက်တော့ ဘာမှ မဟုတ်ပါဘူး"
ဟွာရန်ဖန်းက ခေါင်းအား ခါယမ်းရင်း ဆိုလိုက်၏။
သူကား ချန်းဖန်၏ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်းကို တွေ့မြင်ခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် သူသည် ကောင်းကင် တန်ခိုးရှင်၏ တည်ရှိမှုက ချန်းဖန်အတွက် ဘာမဟုတ်ကြောင်း သေချာသိသည်။
"ဟုတ်တယ် …"
ရှဲ့ရန်ကလည်း ဟွာရန်ဖန်း၏ စကားကို ခေါင်းညိတ် ထောက်ခံလိုက်၏။
အပယ်ခံ ကိုးယောက် အဘိုးအို၏ တန်ဖိုး အရှိဆုံး ဓားကျင့်စဉ်ကိုပင် ချန်းဖန်က အမှိုက်တစ်ခုအလား သူ့အား ပေးပစ်ခဲ့သည်။ သို့ဖြစ်ရာ သာမန် ဓားဝင်္ကပါလောက်က ချန်းဖန်အား ဒုက္ခ ပေးနိုင်လိမ့်မည် မဟုတ်ချေ။
"ကြည့်ရတာ ချန်းပေ့ရွှမ်းရဲ့ တပည့်တွေကလည်း သူ့လိုချည်းပဲ … လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် သူတို့လို အပယ်ခံ ကိုးယောက် အဘိုးအိုကို အထင် မသေးရဲဘူး"
ချမ်ရဲ့ရွှယ်က မျက်မှောင်ကြုတ်ရင်း ပါးစပ်ကိုသာ ပိတ်နေလိုက်၏။
"ကလန့် … ကလန့် …"
ထိုအချိန်မှာပင် ကိုးဆယ့် ကိုးချောင်းသော ဓားပျံများက ရွှေရောင် အလင်းကို သယ်ဆောင်ကာ မိုးစက် မိုးပေါက်များ အလား ကောင်းကင်မှ နေ၍ ချန်းဖန် အပေါ်သို့ ကျရောက်၏။
"ဝင်္ကပါက စပြီး တိုက်ခိုက်နေပြီ"
ချန်ရဲ့ရွှယ်က သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
သူမသည် ချန်းဖန်အား အမှန်တကယ် သဘော မကျချေ။ သို့သော်လည်း သူမသည် လုယန်ရွယ်နှင့် ခင်မင် ရင်းနှီးရာ လုယန်ရွယ်၏ ခင်ပွန်း သေသွားမည်ကို မမြင်လိုချေ။
ပို၍ အရေးကြီးသည်က သူမ၏ ခန္ဓာကိုယ်၌ ရှိနေသော ချန်းဖန်၏ အနီရောင် ကြာပန်းများ ဖြစ်သည်။ အကယ်၍ ချန်းဖန် သေသွားလျှင် ထိုအရာများက မည်သို့ ဖြစ်မည်ကို သူမ မသိရသေးချေ။
"ကလန့် … ကလန့် …"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေဆဲ ဖြစ်သည်။ သူကား ဓားပျံ အလင်းများကို ရှောင်တိမ်းခြင်း မပြုပဲ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်သာ ကျဆင်းခွင့် ပြုထားသည်။
"အဲဒါက အသုံးဝင်မှာ မဟုတ်ဘူးနော် … အချိန် ကြာလာတာနဲ့ အမျှ ဓားပျံတွေက ပိုအားကောင်းလာမှာ … ဓား ဝင်္ကပါရဲ့ စွမ်းအား အမြင့်ဆုံး အခြေအနေကို ရောက်တာနဲ့ သူ့ခန္ဓာကိုယ် ဘယ်လောက်ပဲ သန်မာ သန်မာ အသုံးဝင်တော့မှာ မဟုတ်ဘူး"
ချမ်ရဲ့ရွှယ်က စိတ်ပူစွာ ဆိုလိုက်သည်။
"ဆက်သာ ကြည့်နေပါ …"
အားရှို့က စိတ်အေး လက်အေးဖြင့် ကြည့်ရင်း ချမ်ရဲ့ရွှယ်အား ပြောလိုက်သည်။
"ကလန့် … ကလန့် …"
ဓားပျံများကား အဆက်မပြတ် ကျဆင်းနေဆဲ ဖြစ်သည်။ တစ်ချိန်တည်းတွင် ချန်းဖန်၏ ခန္ဓာကိုယ်ကလည်း ဓားပျံများ၏ ထိုးဖောက်ရန် ကြိုးစားမှု၌ အဇူရာ အလင်းဖြင့် ပို၍ တောက်ပ လာနေခဲ့သည်။
"ကလန့် … ကလန့် …"
နောက်ဆုံး၌ ဓားပျံများကား မျက်စိဖြင့် လိုက်မမှီသည် အထိ မြန်ဆန်လာ၏။ ထိုရွှေရောင် ဓားအရိပ်များ အကြား၌ ချန်းဖန်၏ ခန္ဓာကိုယ်ကား အစပင် ရှာမရအောင် နစ်မြုပ် ပျောက်ကွယ် နေခဲ့ပြီ ဖြစ်သည်။
"မကောင်းတော့ဘူး …"
ချမ်ရဲ့ရွှယ်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"ရှင်တို့ ဆရာကို မြန်မြန် နောက်ဆုတ်ခိုင်း လိုက်တော့ … ဆင်နတ်ဘုရားတောင် အဲဒီ ဝင်္ကပါကို ခုခံနိုင်မှာ မဟုတ်ဘူး"
သူမ၏ စကားကြောင့် ယူကီရှီရိုဆာနှင့် အားရှို့တို့မှာ စတင်ကာ စိတ်လှုပ်ရှား လာကြသည်။ သူတို့သည် ချန်းဖန်အား ယုံကြည် ကြသည့်တိုင် စိုးရိမ် မိနေဆဲ ဖြစ်သည်။
"ဘုန်း … ဘုန်း … ဘုန်း …"
ဓားပျံများ၏ အဆက်မပြတ် တိုက်ခိုက်မှုတွင် ချန်းဖန်၏ ခန္ဓာကိုယ်၌ အက်ကြောင်းများပင် ထွက်ပေါ်လာသည်။ သို့သော်လည်း ချန်းဖန်ကား လှုပ်ရှားမှု တစ်စုံတစ်ရာပင် မလုပ်ပဲ ရပ်နေဆဲ ဖြစ်သည်။
"ဘုန်း …"
ရုတ်တရက် ရွှေရောင် သင်္ကေတများက ချန်းဖန်၏ အရိုးများ၌ ပေါက်ကွဲ ထွက်လာ၏။ ထိုသင်္ကေတများက အရိုးများမှ တစ်ဆင့် ကြွက်သား၊ အကြော၊ ကလီစာများ နောက်ဆုံး မျက်နှာအထိပင် ပျံ့နှံ့လာသည်။
"ဘုန်း …"
အဇူရာသက်ရှည် မူလ ခန္ဓာ စဦးအဆင့်ကား ပြည့်စုံ သွားခဲ့ပြီ ဖြစ်သည်။
ချန်းဖန်သည် နှစ်လအတွင်း အဇူရာ သက်ရှည် မူလခန္ဓာ စဦးအဆင့်အထိ တက်လှမ်း နိုင်ခဲ့သော်လည်း ထိုအဆင့်၌ တည်ငြိမ်ရန် အတွက်မူ နောက်ထပ် ခုနစ်လခန့် လေ့ကျင့်ရဦးမည် ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ ဓားဝင်္ကပါ၏ အကူအညီဖြင့် အဇူရာ သက်ရှည် မူလခန္ဓာ စဦး အဆင့်ကား ပြည့်စုံ သွားခဲ့ပြီ ဖြစ်သည်။
"ဟား … ဟား …"
ခန္ဓာကိုယ် အဆင့်တက်ပြီးနောက် ချန်းဖန်က အော်ဟစ် ရယ်မောလိုက်၏။ ထို့နောက် သူက ဓားပျံများ ဆီသို့ ဦးတည်၍ လက်သီး တစ်ချက် ထိုးလိုက်သည်။
ချန်းဖန်သည် ထိုလက်သီးကို ခန္ဓာကိုယ် ကြံ့ခိုင်မှု သက်သက်ဖြင့် ထိုးလိုက်ခြင်း ဖြစ်သည်။ မည်သို့ ဝိညာဉ်ချီ၊ နတ်ဘုရား စွမ်းအားကိုမျှ ထည့်သွင်းထားခြင်း မရှိချေ။
"ဘုန်း …"
အဇူရာ အလင်းသည် ချန်းဖန်၏ ခန္ဓာကိုယ်အား လှည့်ပတ်ကာ သူ၏ ညာလက်၌ စုစည်းသည်။ လက်သီးအား ဆန့်ထုတ်သည်နှင့် ဆယ်ပေခန့် ရှိသော အဇူရာ အလင်းက ထွက်ပေါ်လာကာ ဓားဝင်္ကပါထံ တိုးဝင်သည်။
"ဘုန်း …"
အဇူရာအလင်းအား ထိတွေသည်နှင့် ဓားပျံများသည် မိုးစက် မိုးပေါက်များ အလား အရပ်မျက်နှာ မျိုးစုံသို့ လွင့်စဉ် ကုန်ကြတော့သည်။
"ဘုန်း …"
ဓားဝင်္ကပါကား ဓားပျံများကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဓားပျံများ လွင့်စဉ်သည်နှင့် ဓားဝင်္ကပါ ပါ ပျက်စီးရသည်။
ချန်းဖန်ကား ဓားဝင်္ကပါကို လက်သီး တစ်ချက်တည်းနှင့် ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်သည်။
"ဒါက … ဘယ်လို ဖြစ်နိုင်မှာလဲ"
ချမ်ရဲ့ရွှယ်ကား ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ထိုအရာကား အပယ်ခံ ကိုးယောက် အဘိုးအို၏ ဓားဝင်္ကပါ ဖြစ်သည်။ ကောင်းကင်တန်ခိုးရှင်၏ ဓားဝင်္ကပါ ဖြစ်သည်။ မြေကမ္ဘာ အဆင့်များကိုပင် သတ်ဖြတ်နိုင်သည့် ဓားဝင်္ကပါ ဖြစ်သည်။
သို့သော်လည်း ချန်းဖန် အတွက်မူ ထိုဓားဝင်္ကပါကို ဖျက်ဆီးရန် လက်သီး တစ်ချက်သာ လိုအပ်ခဲ့သည်။
"ငါပြောသားပဲ … ဆက်ကြည့်နေပါလို့"
အားရှို့က မေးစေ့အား မော့ရင်း ချမ်ရဲ့ရွှယ်အား ကြည့်လိုက်၏။
သို့သော်လည်း ချမ်ရဲ့ရွှယ်က မိန်းကလေးအား ကြည့်ရင်း ခေါင်းခါလိုက်သည်။
"ကြယ်ဓားဝင်္ကပါက နင် ထင်သလောက် မရိုးရှင်းဘူး … အဲဒါက ပျက်စီးသွားပြီလို့ ထင်ရပေမဲ့ အသက်ဝင် နေတုန်းပဲ"
"ကလန့် …"
ချမ်ရဲ့ရွှယ်၏ စကား အဆုံးမှာပင် မြေပြင်၌ လွင့်စဉ် ကျနေသော ဓားပျံများက တုန်ရီလာ၏။
"ဂျစ် … ဂျစ် …"
တုန်ရီနေသော ဓားပျံများက ခြောက်ခြားဖွယ် အသံများကို ထုတ်လွှတ်ကာ လေထဲသို့ နောက်တစ်ကြိမ် ပျံတက်လာသည်။ ထို့နောက် ဓားပျံများက တစ်ခုနှင့် တစ်ခု ပေါင်းစပ်ကာပေ အနည်းငယ် ရှည်သော ရွှေရောင် ဓားအလင်း တစ်ခု အဖြစ် ဖွဲ့စည်းသည်။
"မိုးကြိုးကပ်ဘေးဓား … ဒါက ဓားဝင်္ကပါရဲ့ အစစ်အမှန် စွမ်းအားပဲ … အဲဒီ တိုက်ခိုက်မှုကနေ ကောင်းကင် တန်ခိုးရှင်တောင် မလွတ် နိုင်ဘူးတဲ့"
ချမ်ရဲ့ရွှယ်က လေးနက်စွာ ရေရွတ်လိုက်၏။
မြောက်ပိုင်းချုံး ဂိုဏ်းဝင်များမှာလည်း မိုးကြိုးကပ်ဘေးဓားကို ကြည့်ရင်း ချန်းဖန် အတွက် စိုးရိမ် လာမိကြသည်။
ထိုဓားသည် ပေအနည်းငယ်သာ ရှည်သော်လည်း လင်းရှု့မင်၏ ဓားထက် အဆများစွာ ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။
လင်းရှု့မင်၏ နောက်ဆုံး တိုက်ခိုက်မှုသည် မြေကမ္ဘာ အဆင့်ကို ယှဉ်နိုင်သော်လည်း ယခု ဓားတိုက်ခိုက်မှုကမူ မြေကမ္ဘာ အဆင့်ကိုပင် အလွယ်တကူ သတ်ဖြတ်၍ ပစ်နိုင်သည်။
"သတ် …"
ရုတ်တရက် လူတစ်ယောက်၏ ရေရွတ်သံ ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ တစ်ချိန်တည်းတွင်ပင် ဓားက လေဟာနယ်ကို ပိုင်းဖြတ်၍ ချန်းဖန်ထံသို့ တိုးဝင်သည်။
"သိမ်းလိုက်စမ်း …"
အားလုံး စိုးရိမ်တကြီး ကြည့်နေစဉ်မှာပင် ချန်းဖန်က သူ၏ ဓားအားဖြည့် ကျောက်မျက်အား ပစ်လွှတ်လိုက်သည်။
"ခရက် …"
ဓားအားဖြည့် ကျောက်မျက်က လေထု၌ ပေါ်လာကာ ရွှေရောင် ဓားအလင်းအား စုပ်ယူလိုက်၏။
"ကလန့် …"
ဓားအားဖြည့် ကျောက်မျက်၏ စုပ်ယူမှုတွင် ရွှေရောင် ဓားကြီး၏ အစိတ်အပိုင်းများက တဖြည်းဖြည်း ပျောက်ကွယ်ရ၏။
နောက်ဆုံး၌ …
ဓားပျံ ကိုးဆယ့်ကိုးစင်းနှင့် ဓားဝင်္ကပါ တစ်ခုလုံးကား ဓားအားဖြည့် ကျောက်မျက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ တစ်ခဏ အတွင်းမှာပင် လေထု၌ ဓားအရိပ်အငွေ့ပင် ကျန်ရစ်ခဲ့ခြင်း မရှိတော့ချေ။
"တွေ့လား … ဓားဝင်္ကပါက ငါ့ဆရာကို မတားနိုင်ဘူးလို့ ပြောသားပဲ"
ရှဲ့ရန်က ချမ်ရဲ့ရွှယ်ကို ကြည့်ရင်း ဆိုလိုက်၏။
ချမ်ရဲ့ရွှယ်မှာမူ ချန်းဖန်အား ငေးကြည့်ရင်း ဆွံ့အ၍သာ နေမိတော့သည်။
***