← Chapters

ကောင်းကင်လမ်းကြောင်း

Vol. 7 Ch. 652

ကောင်းကင်လမ်းကြောင်း

Vol. 7 Ch. 652

ချန်းဖန်က တိမ်လှေကားအတိုင်း အခြားလူများ ထံသို့ ပြန်လည် လျှောက်လာခဲ့သည်။

"ရှင် … ရှင် ဓားဝင်္ကပါကို ဘယ်လို လုပ်လိုက်တာလဲ … အဲဒါက အပယ်ခံ ကိုးယောက် အဘိုးအိုရဲ့ ကြယ်ဓား ဝင်္ကပါလေ"

ချမ်ရဲ့ရွှယ်က မယုံကြည်နိုင်စွာ မေးလိုက်သည်။

ထိုကဲ့သို့သော လုပ်ဆောင်မှုကား ခွန်ရှု့နယ်မြေ၏ အစွမ်းအထက်ဆုံး လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထက်ပင် ပို၍ အစွမ်းထက် နေသေးသည်။ ချမ်ရဲ့ရွှယ်မှာ ချန်းဖန် အပေါ်၌ နားလည်နိုင်ခြင်း မရှိတော့ချေ။

"ဒါလေးက … ထိန်းချုပ်သူ မရှိတဲ့ သာမန် ဓားဝင်္ကပါလေးပဲဟာ … သူ့ကို ဖျက်ဆီးဖို့က လွယ်လွယ်လေးပဲ"

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

ကောင်းကင် တန်ခိုးရှင် အဆင့် အပယ်ခံ ကိုးယောက် အဘိုးအိုသည် ကမ္ဘာမြေမှ လူများအတွက် အလွန် ကြီးကျယ် ခမ်းနားသော ကျင့်ကြံသူ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူ့အတွက်မူ ရွှေအမြုတေအဆင့် မူလတန်း ကျောင်းသားလေး တစ်ယောက်နှင့် မခြားနားချေ။

"သွားကြရအောင် …"

ချန်းဖန်က လက်ကို ဝှေ့ယမ်းပြရင်း ရှေ့ဆုံးမှ ဦးဆောင်လိုက်သည်။

ကြယ်ဓား ဝင်္ကပါသည် ဓားနန်းတော်၏ အဓိက အတားအဆီး ဖြစ်သည်။ ထိုဝင်္ကပါကို ချန်းဖန် ဖျက်ဆီးလိုက်ပြီ ဖြစ်ရာ ချမ်ရဲ့ရွှယ်က ဘာမှ ထပ်မပြောတော့ချေ။

"သူက ဓားနန်းတော်ရဲ့ ဝင်္ကပါကို လွယ်လွယ်ကူကူ ဖျက်ဆီး လိုက်နိုင်တယ် ဆိုတော့ … သူက အပယ်ခံကိုးယောက် အဘိုးအိုရဲ့ ဆက်ခံသူ ဖြစ်ရမယ်"

ချမ်ရဲ့ရွှယ်က ကြိတ်၍ ခေါင်းညိတ် လိုက်မိသည်။

"ဆရာ … ဓားနန်းတော်က အရမ်းကြီးကျယ် ခမ်းနားတာပဲ"

အားရှို့က တအံ့တဩ ရေရွတ်လိုက်သည်။

"ဟုတ်တယ် …"

ရေနက်ဂိုဏ်း၏ တပည့်များကလည်း ခေါင်းညိတ် လိုက်ကြသည်။ သူတို့သည် သေးငယ်သော ဂိုဏ်း၌ ကြီးပြင်းလာသော လူများ ဖြစ်ရာ ထိုကဲ့သို့ ကြီးမားသော နန်းတော်မျိုးကို တစ်ကြိမ်မျှပင် မမြင်ဖူးကြချေ။

"ဓားသန့်စင်ခြင်း ခန်းမ …"

"ဓားသင်္ချိုင်း ကုန်းမြေ …"

"ဓားအားဖြည့် ဖို …"

"သိုင်း လေ့ကျင့်ရေး ခန်းမ …"

မြင်တွေ့ရသမျှ မြင်ကွင်းတိုင်းက သူတို့အား မျက်စိပွင့်၊ နားပွင့် ဖြစ်စေသည်။

"နှင်းနတ်သမီးလေး … ဒီဓားနန်းတော်က နင်တို့ နှင်းနတ်ဘုရား နန်းတော်နဲ့ ယှဉ်ရင် ဘယ်လို နေလဲ"

ယုဝမ်ကျင်းက ချမ်ရဲ့ရွှယ်ကို ကြည့်ရင်း စိတ်ဝင်တစား မေးလိုက်သည်။

"ငါတို့ နှင်းနတ်ဘုရား နန်းတော်က ဓားနန်းတော်နဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ … မှတ်တမ်းတွေ အရဆို ဓားနန်းတော်က တန်ခိုးရှင် အဆင့် ငါးရာကို ပိုင်ဆိုင်ဖူးတယ်တဲ့ …"

ချမ်ရဲ့ရွှယ်က ခဏမျှ ရပ်နားပြီးနောက် ဆက်ပြော လိုက်သည်။

"ငါတို့ ဂိုဏ်းမှာက တန်ခိုးရှင် လေးဆယ်လောက်ပဲ ရှိတာ … ခွန်ရှု့ နယ်မြေရဲ့ အင်အား အကြီးဆုံး ယွင်ထျန်း ဂိုဏ်းမှာတော့ တန်ခိုးရှင် အဆင့် ခုနစ်ဆယ့် နှစ်ယောက် ရှိတယ်လို့ ငါကြားဖူးတယ်"

"ခွန်ရှု့ နယ်မြေမှာ တန်ခိုးရှင် အဆင့်တွေ အဲလောက်တောင် များတာလား …"

အားရှို့နှင့် အခြားလူများမှာ ချမ်ရဲ့ရွှယ်၏ စကားကို နားထောင်ပြီးနောက် ပါးစပ် အဟောင်းသား ဖြစ်သွားမိသည်။

ကမ္ဘာ၏ စုစုပေါင်း တန်ခိုးရှင် အရေအတွက်မှာ သုံးဆယ်ပင် မပြည့်ချေ။ သို့သော်လည်း ခွန်ရှု့နယ်မြေ၏ ဂိုဏ်းတစ်ဂိုဏ်း၏ တန်ခိုးရှင် အရေအတွက်က ခုနစ်ဆယ်ကျော် အထိ ရှိသည် ဆိုသည်။ ထိုသို့သော ကွာခြားမှုက ထိန်းချုပ်၍ မရသောအရာ ဖြစ်သည်။

တဖြည်းဖြည်း လမ်းလျှောက်လာရင်း သူတို့သည် နောက်ဆုံး အခန်းအထိ ရောက်ရှိ လာကြသည်။

"ဒီအခန်းက အပယ်ခံကိုးယောက် အဘိုးအိုနဲ့ တခြား ဓားသခင်တွေ ကျင့်ကြံတဲ့ နေရာ ဖြစ်ရမယ်"

ဟွာရန်ဖန်းက ရေရွတ်လိုက်၏။ တခြား လူများကလည်း စိတ်ဝင်တစားဖြင့် ခန်းမကို ကြည့်လိုက်သည်။

သူတို့သည် လမ်းတစ်လျှောက်၌ ဓားကျိုးများ၊ ဓမ္မရတနာ များကို တွေ့ခဲ့ရသော်လည်း ထိုအရာများက အဓိက ရတနာ မဟုတ်ချေ။

ဓားနန်းတော်၏ အစစ်အမှန် ဓမ္မ ရတနာများ၊ ဓားကျင့်စဉ်များ၊ လျှို့ဝှက် စာအုပ်များက ထိုအခန်း အတွင်း ရှိနေမည်မှာ သေချာသည်။

"ဂရုစိုက်ကြ … ဒီနေရာမှာ အကာအကွယ် အဆောင် တစ်ခု ရှိနေတယ်"

ချမ်ရဲ့ရွှယ်က ပြောလိုက်သည်။

လူတိုင်းက သေချာစွာ ကြည့်လိုက်ရာ ကျောက်တုံး တံခါးပေါ်၌ အဝါရောင် အဆောင် တစ်ခု အမှန်တကယ် ရှိနေသည်ကို တွေ့ရ၏။ ထိုအဆောင်က တခြား အဆောင်များနှင့် အနည်းငယ် ကွဲပြားကာ ဓားပုံသဏ္ဌာန်နှင့် ဆင်တူသည်။

"ကောင်းကင်ဓား အဆောင် …"

ချမ်ရဲ့ရွှယ်က လေးနက်စွာဖြင့် ဆိုလိုက်သည်။

"ကျွန်မ ကြားဖူးသလောက် ဆိုရင် အဆင့်မြင့် ကျင့်ကြံသူတွေက အဆောင်ထဲမှာ ဓားချီတွေကို သိုလှောင် ထားနိုင်တယ်တဲ့ … တကယ်လို့ တစ်ယောက်ယောက်က ထိတာနဲ့ အဲဒီ အဆောင်က ပေါက်ကွဲလိမ့်မယ် … ဒီကောင်းကင်ဓား အဆောင်က အပယ်ခံ ကိုးယောက် အဘိုးအို လုပ်ခဲ့တာ ဖြစ်နိုင်တယ်"

လူတိုင်းက တိတ်ဆိတ် နေမိကြသည်။

ကောင်းကင်တန်ခိုးရှင် ထားခဲ့သော အဆောင်သည် အလွန် အစွမ်းထက်မည်မှာ သေချာ၏။ မြေကမ္ဘာ အဆင့်ပင် လွတ်မြောက်လိမ့်မည် မဟုတ်ချေ။

"ဒါဆို … ဘယ်လို လုပ်သင့်လဲ … အဆောင်ကို မထိပဲနဲ့ တံခါးကို ဖွင့်ရင်ရော"

အဇူရာ နဂါးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"မဖြစ်နိုင်ဘူး … ဂိုဏ်းချုပ်တိုင်းရဲ့ ကျင့်ကြံခြင်း အခန်းတွေက ဂိုဏ်းတစ်ဂိုဏ်းရဲ့ အမတေလို့ ပြောလို့ရတယ် … အဲဒီအထဲကို ဝင်ချင်ရင် လျှို့ဝှက် နည်းလမ်း ဒါမှမဟုတ် အထူး အစီအရင်နဲ့မှ ဖြစ်နိုင်လိမ့်မယ် … ကျွန်မအထင် ပြောရရင် ဓားနန်းတော်ရဲ့ ဂိုဏ်းချုပ်တွေ လောက်ပဲ လွတ်လွတ်လပ်လပ် ဝင်လို့ရလိမ့်မယ်"

ချမ်ရဲ့ရွှယ် ပြောနေချိန်မှာပင် …

ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ကို ထုတ်ယူကာ ကောင်းကင်ဓား အဆောင်ကို သိမ်းဆည်း လိုက်သည်။

"ရှင် …"

ချမ်ရဲ့ရွှယ်က ဖြူရော်စွာ ပြုံးလိုက်မိသည်။ သူမကား ချန်းဖန်၏ အရှေ့၌ ဘာမှအသုံးမကျသည့် ကလေးသဖွယ် ခံစား နေမိသည်။

ထိုကောင်းကင်ဓား အဆောင်သည် အပယ်ခံကိုးယောက် အဘိုးအို ချန်ရစ်ခဲ့သည့် အရာ ဖြစ်သည်။ ခွန်ရှု့နယ်မြေမှ မြေကမ္ဘာ အဆင့်များပင်လျှင် ထိုအဆောင်ကို ချိုးဖျက်ရန် မဖြစ်နိုင်ချေ။

သို့သော်လည်း ချန်းဖန်အတွက်မူ ထိုအဆောင်က နိမ့်ကျသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ချန်ရစ်ခဲ့သည့် အဆောင်လေးသာ ဖြစ်သည်။ ထိုအရာကို ထိန်းချုပ်ရန် သူ့အတွက် အားစိုက်ထုတ်စရာပင် မလိုချေ။

ထို့နောက် ချန်းဖန်က ကျောက်တံခါးအား တွန်းဖွင့်ကာ အခန်းအတွင်း ဝင်လာခဲ့သည်။

ချမ်ရဲ့ရွှယ်က စကားတစ်ခွန်းမှ မပြောတော့ပဲ ချန်းဖန်၏ နောက်မှ ကပ်လိုက်လာခဲ့သည်။ သူမသည် ယခုအထိ ကောင်းကင်ဓား အဆောင်အား ချန်းဖန် မည်ကဲ့သို့ ဖယ်ရှားခဲ့သည်ကို နားမလည် နိုင်သေးချေ။

"ဖြစ်နိုင်တာက … သူက ဓားနန်းတော်ရဲ့ ဆက်ခံသူတင် မကလောက်ဘူး … အပယ်ခံ ကိုးယောက် အဘိုးရဲ့ မျိုးဆက်ပါ ဖြစ်မယ် ထင်တယ်"

ကျောက်တံခါးအား ဖြတ်သန်းပြီးနောက် ဆယ်ပေခန့် ကျယ်ဝန်းသော ကျောက်တုံး အခန်း တစ်ခုကို သူတို့ တွေ့လိုက်ရသည်။ မြင်ရသည့် အတိုင်းဆိုလျှင် အပယ်ခံ ကိုးယောက် အဘိုးအိုနှင့် ဓားနန်းတော်၏ ဂိုဏ်းခေါင်းဆောင်များကား ရိုးရှင်းစွာ နေတတ်ပုံ ရသည်။

"ရတနာတွေ အများကြီး ရှိနေတာပါလား"

အခန်းအတွင်း ရောက်သည်နှင့် အားရှို့က အံ့အားတကြီး ဆိုလိုက်သည်။

ထိုနေရာ၌ စကျင်ကျောက် သေတ္တာ ကိုးလုံး ရှိနေပြီး တစ်ခုချင်းစီ၏ အထဲ၌ သေးငယ်သော ဓားတစ်ချောင်းစီ ပါရှိသည်။ ထိုဓားများသည် အထူးသတ္တု တစ်မျိုးဖြင့် ပြုလုပ်ထားကာ အဆင့်မြင့် ဝိညာဉ် လက်နက်ဟု ခန့်မှန်းရသည်။

"ဒီဓားတွေက တစ်ဝက်တစ်ပျက်ပဲ ပြီးသေးတဲ့ ဓားတွေပဲ … သူတို့တွေကို အဆင့်မြင့် ဝိညာဉ် လက်နက် ဒါမှမဟုတ် ဝိညာဉ်ရတနာ ဖြစ်တဲ့ အထိ သန့်စင်ချင်တယ် ဆိုရင် နှစ်ဆယ်ချီပြီး လိုလိမ့်မယ်"

ချန်းဖန်က ဓားများကို ကြည့်ရင်း ဆိုလိုက်သည်။

သူ၏ လက်ရှိအဆင့်ဖြင့် အသုံးဝင်သည့် လက်နက်များမှာ အဆင့်မြင့် ဝိညာဉ်လက်နက်၊ သို့မဟုတ် ဝိညာဉ်ရတနာ အဆင့်များသာ ဖြစ်သည်။ ထိုတစ်ဝက် တစ်ပျက်သာ ပြီးသေးသော ဓားများက သူ့အတွက် အသုံး မဝင်ချေ။

"ရှဲ့ရန် ယူကီရှီရိုဆာ … မင်းတို့က ဓားကျင့်ကြံသူတွေ ဆိုတော့ တစ်ခုစီ ယူလိုက်ကြ … စွဲလမ်းမှုက ဓားကျင့်ကြံခြင်းမှာ အရေးကြီးဆုံးအရာပဲ … ကျင့်ကြံခြင်း လောကမှာဆို ဓားကျင့်ကြံသူတွေက သူတို့ မူလအဆင့်မှာ ကိုင်ခဲ့တဲ့ ဓားတွေကို သေတဲ့အထိ မစွန့်လွှတ်ကြဘူး"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ဆိုလိုက်သည်။

"ဟုတ်ကဲ့ … ဆရာ"

ရှဲ့ရန်နှင့် ယူကီရှီရိုဆာတို့က ခေါင်းညိတ်ရင်း ရွေးချယ် လိုက်ကြသည်။

တစ်ချိန်တည်း၌ အခြားလူများမှာမူ အခန်း၏ အလယ် ကျောက်စားပွဲပေါ်၌ တင်ထားသော စာအုပ်နှစ်အုပ်ကိုသာ စိတ်ဝင်စား နေကြသည်။

ဘယ်ဘက်တွင် ရှိသေ စာအုပ်မှာ ခွန်ရှု့ နယ်မြေ၏ ကျင့်ကြံသူများ ရူးမတတ် လိုချင်နေကြသော ကောင်းကင် တန်ခိုးရှင် ကျင့်စဉ် ဖြစ်သည့် "အပယ်ခံ ကိုးယောက် ဓားကျင့်စဉ်" ဖြစ်သည်။

သို့သော်လည်း ချန်းဖန်က ထိုစာအုပ်ကို ဂရုမစိုက်ပဲ ညာဘက်မှ တစ်ခုကို ကောက်ယူလိုက်သည်။

ရှု့တောင် မှတ်တမ်း …

ချန်းဖန်က ခေါင်းစဉ်ကို ဖတ်ရင်း ပထမ စာမျက်နှာအား လှန်လိုက်သည်။

နတ်ဘုရားစစ်ပွဲ စတင်တဲ့ အချိန်က စလို့ ဂြိုဟ်သား မျိုးနွယ်တွေဟာ ကမ္ဘာဂြိုဟ်ကို ကျူးကျော်ခဲ့ကြတယ်...

မိတ်ဆွေတွေ သေဆုံးကုန်တဲ့ အချိန်မှာ ငါဟာ ရှု့တောင်တန်းမှာ ကျန်ခဲ့တဲ့ တစ်ဦးတည်းသော သူပဲ …

ငါ့မှာ ရွေးချယ်စရာ နှစ်ခု မရှိတော့ဘူး။

ငါလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ကောင်းကင်လမ်းကြောင်းကို လျှောက်ပြီး တခြား ဂြိုလ်တစ်ခုကို ရှာဖွေဖို့ပဲ …

စာအုပ်၏ ပထမဆုံး စာကြောင်း အချို့မှာ စိတ်ဝင်စားစရာ အတိပင်။

***

All Chapters