← Chapters

ရှေးခေတ်ဟောင်း၏ လျှို့ဝှက်ချက်များ

Vol. 7 Ch. 653

ရှေးခေတ်ဟောင်း၏ လျှို့ဝှက်ချက်များ

Vol. 7 Ch. 653

"ဆရာ ... အဲဒါက ဘာကြီးလဲ"

အားရှို့က ချန်းဖန်၏ အနားသို့ တိုးကပ်ကာ စာအုပ်အား ကြည့်လိုက်သည်။ သို့သော်လည်း စာအုပ်အထဲရှိ ရှုပ်ထွေးသော သင်္ကေတများကို သူမ နားမလည်ချေ။

"ဒီစာအုပ်က ရှေးခေတ်ဟောင်း အချိန်တွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို မှတ်တမ်းတင်ထားတာ ... ဓားနန်းတော် အကြောင်းကတော့ အများဆုံးပေါ့"

ချန်းဖန်က ပြန်ဖြန်ရင်း စာအုပ်ကို ဆက်လက် ဖတ်လိုက်သည်။

ထိုစာအုပ်ကို ရေးသားသူမှာ လီရှန်း အမည်ရှိသည့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။

သူရေးသားထားသော စကားလုံး တစ်ခုချင်းစီသည် ပြင်းထန်သော စိတ်ဆန္ဒဖြင့် ဖုံးလွှမ်းနေကာ စာဖတ်သူအား လွန်ခဲ့သည့် နှစ်ထောင်ချီ ခေတ်များသို့ ပြန်လည် ဆွဲခေါ်နိုင်စွမ်း ရှိသည်။

ဓားနန်းတော်သည် တပည့်ပေါင်း သုံးထောင်ကျော် ရှိခဲ့သော်လည်း အဆုံး၌ သူ တစ်ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ထိုကဲ့သို့သော အဖြစ်အပျက်၌ လီရှန်း မည်မျှ ခံစားရမည်က ခန့်မှန်း၍ပင် ရသည်။

"သူက ကောင်းကင်တန်ခိုးရှင် လီရှန်းတဲ့ ... ဓားနန်းတော်ရဲ့ နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ ဓားတန်ခိုးရှင် ဆိုပါစို့ ... သူက ရှေးခေတ် နတ်ဘုရားတွေရဲ့ လမ်းစဉ်ကို လိုက်ပြီး ကမ္ဘာကနေ ထွက်ခွာသွားခဲ့ပြီ ... သူ့ရဲ့ နောက်ဆုံး အမှာစာအုပ်က ဒီမှာ ရှိနေမယ်လို့ မထင်ခဲ့ဘူး…"

ချမ်ရဲ့ရွှယ်က ချန်းဖန်၏ အနားသို့ လျှောက်လာရင်း အံ့အားသင့်စွာ ဆိုလိုက်သည်။

"ကောင်းကင် လမ်းကြောင်းက ဘာလဲ ဆိုတာ နင်သိလား"

ချန်းဖန်က မေးလိုက်သည်။

"ကောင်းကင်လမ်းကြောင်း…"

ချမ်ရဲ့ရွှယ်က မျက်မှောင်ကြုတ်ရင်း ခေါင်းခါ လိုက်သည်။

"နှင်းနတ်ဘုရား နန်းတော်မှာ ရှိတဲ့ ရှေးဟောင်းစာအုပ် အားလုံးနီးပါးကို ကျွန်မ ဖတ်ဖူးတယ် ... ဒါပေမဲ့ ကောင်းကင် လမ်းကြောင်း ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးဘူး…"

"အင်း…"

ချန်းဖန်က ခေါင်းညိတ်ရင်း စာအုပ်အား ဆက်ဖတ်လိုက်သည်။

မည်သို့ပင်ဆိုစေ ချမ်ရဲ့ရွှယ်သည် ခွန်ရှု့နယ်မြေ၏ လူငယ်မျိုးဆက် တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် "ကောင်းကင် လမ်းကြောင်း" ကို သူမ မသိခြင်းက မထူးဆန်းချေ။

စာအုပ် နောက်ပိုင်း၌ ရေးသားထားသော အကြောင်းအရာ အများစုမှာ ဓားနန်းတော် အကြောင်းများသာ ဖြစ်သည်။

ထိုအထဲ၌ အပယ်ခံ ကိုးယောက် အဘိုးအိုက ဓားနန်းတော်ကို မည်သို့ တည်ထောင်ခဲ့ပုံမှ အစပြု၍ နတ်ဘုရား စစ်ပွဲကြီး ဖြစ်ပွား ပြီးဆုံးသည် အထိ ပါဝင်သည်။

"နတ်ဘုရားတို့ရဲ့ စစ်ပွဲ ဆိုတာက ဘာလဲ"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးခွန်းထုတ်လိုက်သည်။

"နတ်ဘုရား စစ်ပွဲ ဆိုနာ ရှေးခေတ်ဟောင်းကို အဆုံးသတ်စေခဲ့တဲ့ စစ်ပွဲပေါ့ ... အဲဒီ စစ်ပွဲမှာ ကမ္ဘာကို မျိုးနွယ်ခြားတွေ ကျူးကျော် ခဲ့ပြီးတော့ နတ်ဘုရားတွေ အများကြီး အသတ်ခံခဲ့ရတယ် ... ကျူးကျော်သူတွေက ခရစ်ယာန် ဘုရားကျောင်းရဲ့ သူတော်စင်တွေ အပါအဝင် အနောက်တိုင်းရဲ့ နတ်ဘုရားတွေ ဖြစ်နေနိုင်တယ်"

ချမ်ရဲ့ရွှယ်က ရှင်းပြလိုက်သည်။

"အနောက်တိုင်းနဲ့  ခရစ်ယာန် ဘုရားကျောင်းရဲ့ နတ်ဘုရားတွေ…"

ချန်းဖန်က ခေါင်းခါလိုက်သည်။

သူ၏ တွေးခေါ်နိုင်စွမ်းသည် ချမ်ရဲ့ရွှယ်ထက် များစွာ မြင့်သည်။ ထို့ကြောင့် သူသည် စကားလုံး အနည်းငယ်ကို အခြေခံ၍ သမိုင်း၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို မြင်နိုင်စွမ်း ရှိ၏။

"လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ တုန်းက ကမ္ဘာကြီးရဲ့ ဝိညာဉ်ချီက စပြီး ခန်းခြောက် လာခဲ့တယ် ... ဒါကြောင့် အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ ကျင့်ကြံသူတွေက နယ်မြေလုဖို့ တိုက်ခိုက်ခဲ့တာ ဖြစ်ရမယ် ... အဲဒီ တိုက်ပွဲတွေမှာ အရှေ့တိုင်းရဲ့ ရွှေအမြုတေ အဆင့်တွေတောင် သေခဲ့တယ် ဆိုတော့ သူတို့မှာ ရွှေအမြုတေ အဆင့်ထက် ပိုတဲ့ ကျင့်ကြံသူတွေတောင် ရှိနေနိုင်တယ်"

ချန်းဖန်က ခေါင်းခါရင်း ထိုအရာကို ဆက်လက် မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်သည်။

"ငါ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်ချက် ရှိနေလို့ မရတော့ဘူး ... ဒီပြဿနာတွေ ပြီးတာနဲ့ မူလအဆင့်ကို အရင် ရောက်အောင် လုပ်ရမယ် ... ပြီးရင် ရွှေအမြုတေ အဆင့်ကို တက်ဖို့နဲ့ ကောင်းကင် လမ်းကြောင်းကို ရှာဖို့ ကြိုးစားရမယ်"

ချန်းဖန်က လက်ထဲရှိ "ရှု့တောင် မှတ်တမ်း" စာအုပ်ကို ပိတ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။

"နေဦး ... ရှင် အပယ်ခံ ကိုးယောက် ဓားကျင့်စဉ်ကို မယူတော့ဘူးလား"

ချမ်ရဲ့ရွှယ်က လှည့်ထွက်ရန် ပြင်နေသော ချန်းဖန်အား ကပျာကယာ မေးလိုက်၏။

ထိုအရာကား ခွန်ရှု့နယ်မြေ၏ ကျင့်ကြံသူတိုင်း အိပ်မက် မက်နေကြသည့် ကောင်းကင်အဆင့် တန်ခိုးရှင် ကျင့်စဉ် ဖြစ်သည်။ နှင်းနတ်ဘုရား နန်းတော်၊ လျှို့ဝှက် အဇူရာ စသည့် ဂိုဏ်းကြီးများပင် ထိုကျင့်စဉ်အား ရရန် အတွက် တိုက်ခိုက်ကြမည်မှာ သေချာသည်။

သို့သော်လည်း ချန်းဖန်ကမူ ရောက်ကတည်းက ထိုအရာကို အမှိုက်စ တစ်ခုအလား သဘောထား၍ တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။

"အပယ်ခံ ကိုးယောက်ရဲ့ဓား ကျင့်စဉ်"

ချန်းဖန်က ပြုံးရင်း ဓားကျင့်စဉ်ကို ကောက်ယူလိုက်သည်။ ထို့နောက် သူက တစ်ချက်မျှ ကြည့်ကာ ရှဲ့ရန်အား ပစ်ပေးလိုက်၏။

"မင်းယူလိုက် ... ဒီကျင့်စဉ်နဲ့ ဆိုရင် ရွှေအမြုတေ အဆင့်အထိတော့ အလွယ်လေး ရောက်နိုင်တယ်"

"ကျေးဇူးပါ ဆရာ…"

ရှဲ့ရန်သည် အားနာ မနေတော့ချေ။ သူက ချန်းဖန်အား တစ်ချက် ဦးညွှတ်ကာ ကျင့်စဉ် စာအုပ်ကို သူ့လွယ်အိတ်အတွင်း ထည့်ထားလိုက်သည်။

ချန်းဖန်၏ ဂရုမစိုက်သော အပြုအမူအရ ရှဲ့ရန်သည် "အပယ်ခံ ကိုးယောက် ဓားကျင့်စဉ်" မှာ သာမန် ကျင့်စဉ် တစ်ခုသာ ဖြစ်ကြောင်း ခန့်မှန်းမိသည်။

အကယ်၍ မြောက်ပိုင်းချုံးအား သစ္စာရှိစွာ အမှုထမ်းပါက ယခုထက် ပိုမို အဆင့်မြင့်သော ကျင့်စဉ်များ ချန်းဖန်ထံမှ ရနိုင်ကြောင်း သူ ကောင်းစွာ သဘောပေါက်သည်။

"ရှင်က အပယ်ခံ ကိုးယောက် ဓားကျင့်စဉ်ကို အစေခံ တစ်ယောက်ကို ဒီအတိုင်းကြီး ပေးလိုက်တာလား…"

ချမ်ရဲ့ရွှယ်က ချန်းဖန်အား အံ့အားသင့်စွာ မေးလိုက်သည်။

"ရှဲ့ရန်က မြောက်ပိုင်းချုံးရဲ့ ကာကွယ်သူ တစ်ယောက်ပဲ ... လေးလေးစားစား ဆက်ဆံပါ"

ချန်းဖန်က ချမ်ရဲ့ရွှယ်အား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ…"

ချမ်ရဲ့ရွှယ်က လေသံတိုးတိုးဖြင့် ပြောရင်း ခေါင်းအား ငုံ့လိုက်သည်။

သို့သော်လည်း သူမသည် ချန်းဖန်မှာ ထိုလုပ်ရပ်ကို သူမတို့၏ အရှေ့၌ ရည်ရွယ်ချက်ဖြင့် လုပ်ခြင်း ဖြစ်ရမည်ဟု တွေးနေမိသည်။ အကယ်၍ နောက်ကွယ်သို့ ရောက်သည်နှင့် ထိုကျင့်စဉ်အား ပြန်တောင်း ပေလိမ့်မည်။

ထို့နောက် ချန်းဖန်နှင့် အခြားလူများသည် ဓားနန်းတော် တစ်ခုလုံးကို လှန်ပြန်ကာ ရှာဖွေကြသည်။

သို့သော်လည်း ကံဆိုးစွာပင် ကောင်းကင် တန်ခိုးရှင် လီရှန်းသည် ကမ္ဘာမြေမှ ထွက်ခွာချိန်၌ ရတနာ အားလုံးကို ယူသွားခဲ့ဟန် ရသည်။

ဓားနန်းတော်၌ မပြည့်စုံသေးသော ဓားကိုးလက်နှင့် ဝိညာဉ်ဆေးဝါး အချို့သာ ကျန်ရစ်ခဲ့သည်။

"ဓားနန်းတော်က ကောင်းကင် တန်ခိုးရှင် နေခဲ့တဲ့ နေရာလေ ... ရတနာတွေက ဒီထက်ပိုပြီး ရှိသင့်တယ် မဟုတ်ဘူးလား"

အားရှို့က မကျေမနပ် ပြောလိုက်သည်။

"ဒီဓားနန်းတော်က လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကတည်းက ဆောက်လုပ်ခဲ့တာလေ ... ငါတို့ မတိုင်ခင် မြေကမ္ဘာအဆင့် အချို့က ဒီအထဲကို ဝင်ပြီး နေလောက်ပြီ ... ကြယ်ဓား ဝင်္ကပါက အစွမ်းထက်တယ် ဆိုပေမဲ့ မြေကမ္ဘာ အဆင့်တွေမှာလည်း ကိုယ်ပိုင် နည်းလမ်းတော့ ရှိမှာပဲ ... ဒီနောက်ဆုံး အခန်းတောင် အကာအကွယ် အဆောင်ကြောင့် အကောင်းအတိုင်း ကျန်နေသေးတာ ဖြစ်ရမယ်"

ချမ်ရဲ့ရွှယ်က ရှင်းပြလိုက်သည်။

"အဲဒီလိုကိုး…"

အားရှို့နှင့် အခြားလူများမှာ စိတ်ပျက် လက်ပျက် ခေါင်းခါမိကြသည်။ ကောင်းကင် တန်ခိုးရှင် နေခဲ့သော ဓားနန်းတော်ကား မြေကမ္ဘာ အဆင့်၏ ရတနာသိုက်လောက်ပင် ချမ်းသာခြင်း မရှိချေ။

ထိုအချိန်၌ ချန်းဖန်သည် ဓားနန်းတော်၏ ဗဟိုချက် နေရာသို့ သွားနေခဲ့သည်။

ထိုနေရာတွင် အနက်ရောင် မီးတောက်များဖြင့် ပြည့်နှက်နေသော ရေတွင်း တစ်ခု ရှိနေ၏။ ထိုရေတွင်းသည် ကမ္ဘာချီများကို စုပ်ယူကာ လောင်စာအဖြစ် အသုံးပြုပြီး ဓားနန်းတော်ကို တိမ်များအထက်၌ ရပ်တည်စေခြင်း ဖြစ်သည်။

ရှင်းရှင်းပြောရမည် ဆိုလျှင် ထိုရေတွင်းသည် ဓားနန်တော်၏ အမတေ ဖြစ်ကာ မြေဆွဲအားကို ဆန့်ကျင်စေသည့် အဓိက အင်ဂျင်ဟုလည်း ဆိုနိုင်သည်။

"သူ ဘာလုပ်နေတာလဲ…"

ချမ်ရဲ့ရွှယ်က ချန်းဖန်အား နားမလည်စွာ ကြည့်လိုက်သည်။

ထိုအချိန်မှာပင် ချန်းဖန်က "ရှု့တောင် မှတ်တမ်း" စာအုပ်ကို ထုတ်ယူ၍ ဖြည်းညင်းစွာ ပွတ်သပ်လိုက်သည်။

"ကလန့်…"

ရုတ်တရက် အဖြူရောင် အလင်းများ တောက်ပလာကာ "ရှု့ တောင် မှတ် တမ်း" ဟူသော စကားလုံး လေးလုံးက ဓားတစ်ချောင်း အသွင်သို့ ပြောင်းလဲသွားသည်။

"သွား…"

ချန်းဖန်က စာအုပ်ကို ဆန့်ထုတ်ရင်း ရေရွတ်လိုက်သည်။

"ကလန့်…"

ဓားက စာအုပ်ထဲမှ တိုးထွက်လာကာ ရေတွင်းအား ခုတ်ပိုင်းလိုက်သည်။

"ဘုန်း…"

ရေတွင်းက စတင်ကာ ဆူပွက်လာ၏။ တစ်ချိန်တည်းတွင် လေထုက လှုပ်ရှားလာကာ ဓားနန်းတော် တစ်ခုလုံး တဆတ်ဆတ် တုန်လာ၏။

"အရှင်ချန်း ... နန်းတော်ကြီးက ပြိုကျတော့မယ် ထင်တယ်နော်"

တစ်စုံတစ်ယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

သို့သော်လည်း ချန်းဖန်သည် သူ့အား ပြန်မဖြေအားချေ။ သူက ချီစွမ်းအားများကိုသာ စာအုပ် အတွင်းသို့ အဆက်မပြတ် ဖြည့်သွင်းကာ ဓားအား အားဖြည့်ပေးနေခဲ့သည်။

"ဘုန်း ... ဘုန်း…"

မကြာခင်မှာပင် ဓား၏ အဆက်မပြတ် တိုက်ခိုက်မှုများ အောက်၌ ရေတွင်းထဲမှ အနက်ရောင် မီးတောက်များ ဖြစ်ပေါ်လာကာ တံခါး ပုံသဏ္ဌာန် အပေါ်တစ်ပေါက် ဖွဲ့စည်းလာသည်။

"ငါသာ မမှားရင် ... ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်က ဟင်းလင်းပြင် သလင်းကျောက် ဒါမှမဟုတ် အခြား စွမ်းအား တစ်ခုကို သုံးပြီး ဟင်းလင်းပြင် တစ်ခုကို အက်ကွဲစေတာ ဖြစ်ရမယ် ... နောက်ပြီး မြေကမ္ဘာချီက လွဲရင် ဟင်းလင်းပြင်ကို ထိန်းသိမ်းနိုင်မယ့် အခြားနည်းလမ်း မရှိဘူး"

ချန်းဖန်က အနည်းငယ် ပြုံးလိုက်သည်။

ထိုအချိန်၌ အခြားလူများမှာမူ တံခါးပေါက်ကို ကြည့်၍ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

"ဆရာ ... ဒါက ဓားနန်းတော်ရဲ့ အစစ်အမှန် ရတနာ သိုက်လား"

အားရှို့က မေးလိုက်သည်။

"ထင်တာပဲ…"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း တံခါးအတွင်းသို့ ဝင်လိုက်၏။

ထိုအရာကား အမှန်တကယ်ပင် ဟင်းလင်းပြင် ရတနာသိုက် တစ်ခု ဖြစ်သည်။ ရွှေအမြုတေ အဆင့်တစ်ယောက် ဖန်တီးထားခဲ့သော ထိုဟင်းလင်းပြင်သည် ဓားအားဖြည့် ကျောက်မျက် အတွင်းရှိ ဟင်းလင်းပြင်ထက် ပိုမို၍ ကြီးသည်။

ထိုအရာသည် ဘတ်စကက်ဘောကွင်း တစ်ကွင်းစာလောက် ကြီးမားပြီး အထဲ၌ များစွာသော ဆေးများ၊ ဓမ္မ ရတနာများ အလျှံပယ် ရှိနေ၏။ ချန်းဖန်သည် ထိုအထဲ၌ ကောင်းကင် သလင်းကျောက်ပုံ များကိုပင် တွေ့ရသည်။

သို့သော်လည်း တန်ဖိုး အရှိဆုံး အရာကား အနက်ရောင် ကျောက်တုံးပုံကြီး ဖြစ်သည်။

"ဝိညာဉ်ကျောက်တုံးတွေ အများကြီးပါလား ... အနည်းဆုံး အရေအတွက် သောင်းချီရှိမှာ သေချာတယ်"

ချမ်ရဲ့ရွှယ်က ပါးစပ်ကို သူမ၏ လက်ကလေးများဖြင့် အုပ်လိုက်မိသည်။ နှစ်ထောင်ချီ သမိုင်းကြောင်း ရှိသော နှင်းနတ်ဘုရား နန်းတော်ပင်လျှင် ထိုပမာဏ ရှိသည့် ဝိညာဉ် ကျောက်တုံးများကို မစုစည်း နိုင်ခဲ့ချေ။

"အင်း ... ဒါကမှ ဓားနန်းတော်ရဲ့ တကယ့် ရတနာတွေလေ"

ချန်းဖန်က ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ ထိုဝိညာဉ် ကျောက်တုံးများဖြင့် ဆိုလျှင် မူလအဆင့်သို့ ဝင်ရောက်ရန်မှာ သူ့အတွက် ထမင်းစား ရေသောက်ကဲ့သို့ လွယ်ကူ သွားပြီ ဖြစ်သည်။

***

All Chapters