သတင်းပျံ့နှံ့မှု
Vol. 7 Ch. 654
ချန်းဖန်တို့ ဓားနန်းတော် အတွင်း ဝင်ရောက် နေချိန်၌ ... ချင်ချန်းတောင် တိုက်ပွဲ အကြောင်းကား ကမ္ဘာတစ်ခုလုံးသို့ စတင်ကာ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။
ခွန်းလွန်သည် တိုက်ပွဲသတင်းကို မပျံ့အောင် ကြိုးစား၍ ထိန်းသိမ်းသည့်တိုင် အပြည့်အဝ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။
"ကောင်းကင်တံခါး…"
"ခွန်ရှု့နယ်မြေ…"
"တန်ခိုးရှင် အဆင့်…"
"မြေကမ္ဘာ နတ်ဘုရား…"
"ချန်းပေ့ရွှမ်း…"
စသည့် နာမည်များသည် အချိန်တို အတွင်းမှာပင် ကမ္ဘာ့အမှောင်ကမ္ဘာ ရပ်ဝန်းသို့ ပလူပျံအောင် ပျံ့နှံ့သွားနေခဲ့သည်။
"နေဦး ... ကမ္ဘာနဲ့ အခြားကမ္ဘာ တစ်ခုကို ဆက်သွယ်ထားတဲ့ ဟင်းလင်းပြင် တစ်ခု ရှိတာလား ... နောက်ပြီး အဲဒီကမ္ဘာမှာက တန်ခိုးရှင်နဲ့ မြေကမ္ဘာ အဆင့်တွေ အများကြီး ရှိနေတယ်ပေါ့ ... နောက်ပြီး အဲဒီကမ္ဘာရဲ့ မြေကမ္ဘာ အဆင့်တွေက ချန်းပေ့ရွှမ်းကို လက်စားချေဖို့ ကမ္ဘာမြေကို လာတော့မယ် ... ဟုတ်လား"
မရေမတွက်နိုင်သော လူများမှာ မယုံကြည်နိုင်အောင် ဖြစ်နေမိကြသည်။
ထိုအရာကား လူသားတို့၏ တွေးတော ဆင်ခြင်နိုင်စွမ်းထက် ကျော်လွန်သော အရာ ဖြစ်သည်။ ကမ္ဘာပေါ်၌ အခြား ဟင်းလင်းပြင် နယ်မြေ တစ်ခု ရှိသည် ဆိုခြင်းမှာ ဂြိုဟ်သားများ အရေးထက်ပင် ပို၍ လျှို့ဝှက် ဆန်းကြယ်လွန်းသည်။
"တကယ်ကြီးလား ... ကမ္ဘာပေါ်မှာတောင် နှစ်ထောင်ချီ အတွင်း မြေကမ္ဘာအဆင့် ဆိုလို့ ရဲ့ချင်စန်း တစ်ယောက်ပဲ ရှိခဲ့တာလေ ... တကယ်လို့ ခွန်ရှု့နယ်မြေမှာ အခြား မြေကမ္ဘာ အဆင့်တွေ ရှိတယ်ဆိုရင် ငါတို့ ဘာလို့ တစ်ခါမှ မတွေ့ရလဲ"
တစ်ယောက်က နားမလည်စွာဖြင့် မေးသည်။
"ချင်ချန်းတောင်မှာ ငါကိုယ်တိုင် တွေ့ခဲ့ရတာ ... အဲဒီ ကောင်းကင်တံခါးက လာတဲ့ ကျင့်ကြံသူတွေက လူငယ်မျိုးဆက်တွေ ဆိုပေမဲ့ ... သူတို့က တန်ခိုးရှင် အဆင့်တွေ ဖြစ်တဲ့အပြင် အရမ်းကို အစွမ်းထက်ကြတယ် ... သူတို့ထဲက ထျန်းမင်ကျီ ရွှမ်လော့ ချမ်ရဲ့ရွှယ် တို့ဆို အမှောင်မြို့စား ထက်တောင် ပိုပြီး အစွမ်းထက်ကြတယ် ... မြေကမ္ဘာ အဆင့်တွေကလွဲလို့ ဘယ်လို ကျင့်ကြံသူမျိုးက ဒီလောက် အစွမ်းထက်တဲ့ တပည့်တွေ မွေးထုတ်ပေးနိုင်မှာလဲ"
အမည်နာမ ဖော်ပြထားခြင်း မရှိသူ တစ်ယောက်က တိကျခိုင်မာစွာ ပြောသည်။
"ဒါဆို ... ချန်းပေ့ရွှမ်းတော့ ဒုက္ခ ရောက်ပြီပေါ့"
ချန်းဖန်အား မုန်းတီးသူများက နှာခေါင်းရှုံ့ကြသည်။
"သူက ကောင်းကင်တံခါး တပည့်တွေကို သတ်ပစ်လိုက်တာ ဆိုတော့ ... မြေကမ္ဘာ အဆင့်တွေ ထွက်လာတော့မှာ သေချာတယ် ... သူက ကျားမြီးကိုမှ သွားဆွဲလိုက်တာပဲ"
"တကယ်လို မြေကမ္ဘာ အဆင့်တွေက မကျေနပ်လို့ ငါတို့ ကမ္ဘာကိုပါ ရန်ပြုလာမယ် ဆိုရင်ရော…"
တစ်ယောက်က စိုးရိမ်တကြီး မေးသည်။ ထိုမေးခွန်းက များစွာသော လူများအား ချောက်ချားစေသည်။
"အစတုန်းက ကောင်းကင်တံခါးရဲ့ မြေကမ္ဘာ အဆင့်တွေက ငါတို့ ကမ္ဘာကိုလာဖို့ အစီအစဉ် ရှိပုံ မရဘူး ... ဒါပေမဲ့ ချန်းပေ့ရွှမ်းက သူတို့ကို ရန်စလိုက်ပြီတော့ ... ဒီမီးက လွယ်လွယ်နဲ့ ငြိမ်းတော့မယ် မထင်ဘူး…"
"တကယ်လို့ မြေကမ္ဘာ အဆင့်တွေ ဝင်လာတဲ့ အချိန်မှာ ငါတို့က ချန်းပေ့ရွှမ်းကို လက်လွှဲပေးလိုက်မယ် ဆိုရင်ရော…"
တစ်ယောက်က အကြံပြုသည်။
တစ်ခဏ အတွင်းမှာပင် သူ၏ အကြံပြုချက်က များစွာသော လူများ၏ ထောက်ခံ အားပေးမှုကို ရရှိခဲ့သည်။ အချို့ အမှောင်ကမ္ဘာ ခေါင်းဆောင်များ ဆိုလျှင် မြောက်ပိုင်းချုံး ဂိုဏ်းအား အညံ့ခံရန် ဖိအားပေးလာကြသည်။
"ဒါက လူသားမျိုးနွယ်ရဲ့ ကပ်ဘေးကြီး တစ်ခုပဲ ... ချန်းပေ့ရွှမ်း ... မင်းမှာသာ လူစိတ် ရှိမယ် ဆိုရင် ... လူသားမျိုးနွယ်ရဲ့ လုံခြုံမှု အတွက် မင်းကိုမင်း စတေးပေးပါ"
အချို့က မြောက်ပိုင်းချုံးကို ဆက်သွယ်၍ တောင်းဆိုကြသည်။
"အရူးတွေ ... နင်တို့ဘာသာ စကားကြီး စကားကျယ် ပြောပြီး စတေးကြပါလား"
အားရှို့က အားလုံးကို ဒေါသတကြီး တုံ့ပြန်သည်။
"တကယ်လို့ ခွန်ရှု့နယ်မြေက လူသားမျိုးနွယ် အတွက် ငါ့ကို အလိုရှိရင် စတေးဖို့ အဆင်သင့်ပဲ ... ချန်းပေ့ရွှမ်း ... မင်းက ငါတို့လိုပဲ ဒီကမ္ဘာမှာ မွေးပြီး ဒီကမ္ဘာမှာ ကြီးတဲ့လူ ... ဒီတော့ ငါတို့ ကမ္ဘာ ငါတို့ဂြိုဟ် ငါတို့ လူသားမျိုးနွယ် အတွက် မင်း တာဝန်ယူသင့်တယ်"
ဆံပင်ဖြူ အကြီးအကဲ တစ်ယောက်က ပြောသည်။
ထိုဆံပင်ဖြူ အကြီးအကဲသည် ခရစ်ယာန် ဘုရားကျောင်း၏ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် ရှေးဟောင်း သူတော်စင် ပြန်လည်ဝင်စားသူ အဖြစ် ကျော်ကြားပြီး ကမ္ဘာပေါ်၌ လူအများ၏ လေးစားမှုကို ရရှိထားသူ ဖြစ်သည်။
"နင်ကနင် ... ဆရာက ဆရာပဲ ... နင့်မှာ ငါတို့ ဆရာ့အတွက် ဝင်ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူး... နားလည်လား"
ယုဝမ်ကျင်းက တုံ့ပြန်သည်။
"ဟဟ ... လူသားမျိုးနွယ် တစ်ခုလုံးနဲ့ ယှဉ်ရင် ချန်းပေ့ရွှမ်းရဲ့ စတေးမှုက ဘယ်လောက် ကြီးကျယ်မှာ မလို့လဲ ... ဘယ်အရာက ပိုအရေးကြီးလဲ ဆိုတာကို နားမလည်ဘူးလား"
ဆံပင် ရွှေရောင် အမျိုးသမီး တစ်ဦးက ပြောသည်။ သူမသည် အနောက်တိုင်း ဂျာနယ် တစ်ခု၏ ဂျာနယ်လစ် တစ်ယောက် ဖြစ်ပြီး လူသားဝါဒီ တစ်ဦး အဖြစ် ကျော်ကြားသည်။
"ဟုတ်တယ် ... ချန်းပေ့ရွှမ်း တာဝန်ယူသင့်တယ် ... သူက မြေကမ္ဘာ အဆင့်တွေကို ရန်စပြီးတော့ ဖိတ်ခေါ်ခဲ့တဲ့ လူပဲဟာ"
တရုတ်၏ ဂိုဏ်းများ၊ မိသားစုများ ပင်လျှင် ချန်းဖန်အား စတေးရန် သဘောတူညီ ကြသည်။
"ဝမ်မိသားစုရဲ့ မျိုးဆက် တစ်ယောက် အနေနဲ့ ချန်းဖန်က သူလုပ်ခဲ့တာကို တာဝန်ယူ သင့်တယ်"
ဝမ်ကဲ့ချင်က သူနှင့် ဝမ်မိသားစု၏ ရပ်တည်မှုကို အတိအလင်း ကြေညာသည်။
ဖခင်၏ ဆုံးဖြတ်ချက်ကို ကြားသည်နှင့် ဝမ်ရှောင်ယွင်သည် အိပ်ခန်း အတွင်း၌ သုံးရက်တိတိ တံခါးပိတ် နေခဲ့သည်။ ထို့နောက် သူမက သူမနှင့် ဝမ်မိသား အကြားမှ ဆက်ဆံရေးသည် အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။
"ဆရာသာ ရွှမ်လော့နဲ့ အခြား တပည့်တွေကို မသတ်ခဲ့ရင်ရော ... ခွန်ရှု့နယ်မြေရဲ့ မြေကမ္ဘာ အဆင့်တွေ မလာတော့ဘူးလား ... ကောင်းကင် တံခါးက နောက်ခြောက်လ နေရင် အပြည့်အဝ ဖွင့်တော့မယ် ... မြေကမ္ဘာ အဆင့်တွေက ဘာပဲဖြစ်ဖြစ် ဝင်လာမှာ အသေအချာပဲ ... လွန်ခဲ့တဲ့ ရာစုနှစ် ကောင်းကင်တံခါး ပွင့်တုန်းက ကမ္ဘာကြီးက စွန့်ပစ်မြေ သာသာပဲ ရှိခဲ့တာ ... ဒီတော့ သူတို့က စိတ်ဝင်စားခဲ့မှာ မဟုတ်ဘူး ... ဒါပေမဲ့ အခု ကမ္ဘာကြီးရဲ့ နည်းပညာက အရမ်းကို တိုးတက်နေပြီ ... နောက်ပြီး နျူးကလိယလို အင်အားကြီး လက်နက်တွေလည်း ပေါ်နေပြီ ဆိုတော့... သူတို့က ကမ္ဘာကို ဒီအတိုင်းပဲ အလှကြည့်နေတော့မယ် မထင်ဘူး"
ယူကီရှီရိုဆာက တည်ငြိမ်စွာဖြင့် ကြေညာသည်။
သို့သော်လည်း ကံမကောင်းစွာပင် လူများသည် သူမ၏ စကားကို နားမဝင်ကြချေ။ ပြဿနာ အားလုံးမှာ ချန်းဖန် ကြောင့်သာ ဟူ၍ သူတို့က စွပ်စွဲကြသည်။
"အိပ်ချင်ယောင် ဆောင်နေတဲ့ လူကို နှိုးဖို့ ဖြစ်နိုင်မယ် မထင်ဘူး…"
ဖန့်ချုံးက နှာခေါင်းရှုံ့ရင်း ပြော၏။
"ရှောင်ဖန်ကို ကာကွယ်ချင်တယ် ဆိုရင် ... ငါတို့ မြောက်ပိုင်းချုံး အနေနဲ့ ပိုပြီး အင်အား တောင့်တင်းအောင် လုပ်သင့်တယ် လို့ ငါထင်တယ်"
မကြာခင်မှာပင် မြောက်ပိုင်းချုံးက ဆုံးဖြတ်ချက် တစ်ခုကို တညီတညွှတ်တည်း ချလိုက်ကြသည်။
ဖန့်ချုံး၏ ဦးဆောင်မှုတွင် နဂါးခန်းမသည် အရှေ့တောင် အာရှနှင့် မြန်မာမှ တပည့်များကို စုစည်းကာ ရိုးရှင်းသော ကျင့်စဉ်များ လက်ဆင့်ကမ်း ပေးသည်။
ထို့အပြင် သူတို့က ဓားနန်းတော်နှင့် အစိမ်းရောင် နဂါး အစီအရင်တို့ကို ဖွင့်လှစ်ကာ ကျင့်ကြံစေသည်။ ဆေးဝါးနှင့် ဓမ္မ ရတနာများကိုလည်း လက်ဆင့်ကမ်း ပေးသည်။
မြောက်ပိုင်းချုံး၏ ကျင့်ကြံခြင်း အရင်းအမြစ် များကား အလွန်ပင် များပြားလှသည်။
သူတို့သည် ဝိညာဉ်ရေနှင့် ဆေးပင် အလျှံပယ် ထုတ်ပေးနိုင်သည့် အစိမ်းရောင် နဂါး အစီအရင်ကို ပိုင်ဆိုင်ထားသည့် အပြင် ဓားနန်းတော်၊ အမှောင်ခုံရုံးတို့မှလည်း ရတနာ များစွာကို ရှိရှိ ထားသေးသည်။
"မြောက်ပိုင်းချုံးက ချန်းပေ့ရွှမ်းကို ကူညီဖို့ သိန်းချီတဲ့ တပည့်တွေကို စုစည်းပြီး လေ့ကျင့်ပေးနေတယ်တဲ့"
များစွာသော လူများက မြောက်ပိုင်းချုံး၏ ဆုံးဖြတ်ချက်ကို အံ့အားသင့်၍ နေမိကြသည်။ အချို့ကမူ နှာခေါင်းရှုံ့ ကြသည်။
"ဟမ့် ... အဲဒီတော့ရော ဘာဖြစ်လဲ ... သူတို့ ဂိုဏ်းက တစ်ကိုယ်တည်းနဲ့ ကမ္ဘာကို ဆန့်ကျင်နိုင်မှာလား"
"မြောက်ပိုင်းချုံးဂိုဏ်းက ဘာလုပ်ချင် နေတာလဲ ... သူတို့က လူသားမျိုးနွယ်ရဲ့ ရန်သူ ဖြစ်ချင်တာလား"
အင်္ဂလန်နှင့် ပြင်သစ်တို့က မေးခွန်း ထုတ်သည်။
နှစ်ပေါင်းများစွာ ပုန်းကွယ်နေသည့် ခရစ်ယာန် ဘုရားကျောင်း ပင်လျှင် ဤကဲ့သို့ ကြေညာသည်။
"လူသားမျိုးနွယ် အတွက် စတေးရတာဟာ ဂုဏ်ယူစရာပါ ... ခရစ်ယာန် ဘုရားကျောင်း အနေနဲ့ ချန်းပေ့ရွှမ်းကို ကိုယ့်တာဝန် ကိုယ်ယဖို့ တိုက်တွန်းတယ်"
"ကျွန်တော်တို့ အမေရိကန် အနေနဲ့လည်း ချန်းပေ့ရွှမ်း တာဝန်ယူမှာကို စောင့်ကြည့် နေပါတယ်"
အမေရိကန် သမ္မတ အိမ်ဖြူတော်၏ ပြောရေးဆိုခွင့် ရှိသူကလည်း သတင်းထောက်များကို ပြောသည်။
မဟာ အင်အားကြီး နိုင်ငံများ၏ အဖက်ဖက်မှ ဖိအားပေးမှုများ အောက်၌ မြောက်ပိုင်းချုံး၏ အခြေအနေမှာ တစ်စထက်တစ်စ ပိုမိုကျပ်တည်း လာနေခဲ့သည်။
တစ်လကြာပြီးနောက် ... ကမ္ဘာ ပျက်မတတ် တုန်လှုပ်စေသည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့ ပြန်သည်။
ထိုသတင်းကား ...
"သွေးဘိုးဘေး သို့မဟုတ် သွေးမျိုးဆက် သခင်ကြီး ပြန်လည် နိုးထလာပြီ"
ဟူ၍ပင်။
သွေးဘိုးဘေး…
ထိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးကား နှစ်ထောင်ချီ၍ အသက်ရှင်ခဲ့သူ ဖြစ်သည်။ သူကား အလွန်ပင် အစွမ်းထက်ကာ ခရစ်ယာန် ဘုရားကျောင်း သူတော်စင်များ၏ လက်မှပင် အကြိမ်ကြိမ် လွတ်မြောက်ခဲ့သည်။
သူ၏ သွေးအစောင့်အရှောက် ငါးယောက် ဆိုလျှင် အမှောင်ခုံရုံအား တည်ထောင်ကာ ကမ္ဘာကို ရာစုနှစ်ချီ၍ စိုးမိုး အုပ်ချုပ်ခဲ့ဖူးသည်။
"တကယ်ကြီးလား ... သွေးဘိုးဘေးက တကယ် ပြန်လာတာပေါ့"
"ဟုတ်တယ် ... ရိုမေးနီးယား သွေးပင်လယ်မှာ တွေ့ခဲ့ရတာတဲ့ ... အမှောင်မြို့စား ကတောင် သူ့ရှေ့မှာ ဒူးထောက်ရတယ်တဲ့"
"ဒီလိုဆို ကမ္ဘာကြီးတော့ အကြီးအကျယ် ပြောင်းလဲတော့မှာပဲ"
များစွာသော လူများက သွေးဘိုးဘေး သတင်းကို အာရုံစိုက် လာကြသည်။
ချန်းဖန်၊ ရဲ့ချင်စန်းတို့နှင့် ယှဉ်ပါက သွေးဘိုးဘေးသည် အစစ်အမှန် ဒဏ္ဍာရီ ဖြစ်သည်။ လူများသည် သူ အသက်ရှင် နေလိမ့်ဦးမည်ဟုပင် တွေးမထားခဲ့ကြချေ။
"သွေးဘိုးဘေးက ချန်းပေ့ရွှမ်းကို လက်စား ချေတော့မှာလား"
များစွာသော လူများက စိတ်ဝင်တစား ဆွေးနွေးကြသည်။
မြောက်ပိုင်းချုံးဂိုဏ်း၏ လူများမှာမူ ခေါင်းပူနေကြပြီ ဖြစ်သည်။ ခွန်ရှု့နယ်မြေ၏ ပြဿနာ မပြီးခင်မှာပင် သွေးဘိုးဘေးက တစ်ခါ ပေါ်လာပြန်သည်။ ကမ္ဘာ ကံအဆိုးဆုံး လူပင်လျှင် သူတို့လောက် ကံဆိုးမည် မထင်ချေ။
သို့သော်လည်း သွေးဘိုးဘေးက အံ့အားသင့်ဖွယ် ကြေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။
ထို့ကြေညာချက်တွင် ကမ္ဘာသားများ စုစည်း၍ ခွန်ရှု့နယ်မြေ၏ ရန်သူများအား တိုက်ထုတ်ရန်၊ ကမ္ဘာ၏ လုံခြုံရေးကို ဦစားပေးရန် စသည်တို့ ပါရှိသည်။ ထို့အပြင် သူသည် ရန်စများကို ပြည်ဖုံးကားချကာ ချန်းဖန်နှင့် ငြိမ်းချမ်းရေး ယူရန်ပင် ဆန္ဒရှိသည်။
ထိုသတင်းက မရေမတွက်နိုင်သော လူများကို အံ့အားသင့်စေသည်။ သူတို့က သွေးဘိုးဘေး၏ ခွင့်လွှတ်နိုင်မှု၊ တရားမျှတမှု တို့အတွက် ချီးကျူးကြသည်။
***