ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု ကျင့်စဉ်
Vol. 7 Ch. 655
အပြင်ကမ္ဘာရှိ လူများ သွေးဘိုးဘေးကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်၌ ချန်းဖန်ကမူ ဓားနန်းတော် အတွင်းတွင်သာ ရှိနေသေးသည်။
ဓားနန်းတော်၏ အဓိက ခန်းမအတွင်း…
ချန်းဖန်သည် ခြေထောက်ကို ချိတ်ကာ ထိုင်လျက်ရှိ၏။ သူ၏ အရှေ့တွင်မူ ဝိညာဉ် ကျောက်တုံးပုံ တစ်ခု ရှိနေခဲ့သည်။
"ပြန်လည် မွေးဖွားပြီးနောက် ငါးနှစ် အကြာမှာ ... ငါ ဘာမှကိုမှ နှမြောစရာ မလိုပဲ ကျင့်ကြံနိုင်ပြီ"
ချန်းဖန်က ဝိညာဉ်ကျောက်တုံးပုံကို ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်သည်။
ကမ္ဘာမြေ၏ ကျင့်ကြံသူများ အတွက် ကျင့်ကြံခြင်း လမ်းစဉ်မှာ ခက်ခဲလှသည်။ ဝိညာဉ်ချီ အလွန်အမင်း ရှားပါးမှုတွင် ကျင့်ကြံသူ တစ်ဦးသည် မူလအဆင့်သို့ တက်ရောက်ရန်ပင် မလွယ်ကူချေ။
အလွန် ပါရမီပါသော ရဲ့ချင်စန်းပင်လျှင် နတ်ဘုရား သင်္ချိုင်းမှ ရသော အမွေအနှစ်များနှင့် ချန်းဖန်၏ ကူညီမှုတို့ကြောင့်သာ မြေကမ္ဘာ အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
"ဒီနေရာမှာ ဝိညာဉ်ကျောက်တုံးပေါင်း ငါးသောင်း ရှစ်ထောင် ရှိတယ် ... ရင်ကျိုးကျွန်းက ရတဲ့ ဝိညာဉ်ကျောက်တုံး သုံးထောင်ရယ် ငါရှာတွေ့ထားတဲ့ ကောင်းကင် သလင်းကျောက် တစ်ထောင်ရယ်နဲ့ ဆိုရင် ... ငါ့မှာ ဝိညာဉ် ကျောက်တုံးပေါင်း ခြောက်သောင်း ကျော်နေပြီလို့ ဆိုင်နိုင်တယ်"
ချန်းဖန်က တွက်ချက် နေမိသည်။
သူသည် လတ်တလော၌ မူလအဆင့်ကို ဝင်ရောက်ရန် ခြေလှမ်း တစ်ဝက်သာ လိုတော့ပြီး ထိုအတွက် ဝိညာဉ်ကျောက်တုံး သုံးထောင်ခန့်သာ လိုအပ်သည်။ ထို့ကြောင့် သူတွင် ဝိညာဉ်ကျောက်တုံး များစွာပင် ပိုလျှံ နေသေးသည်။
"ငါက အတိတ်ဘဝမှာ အတိဒုက္ခ အဆင့်အထိ ရောက်ခဲ့တာ ဆိုတော့ ... မူလအဆင့်ကို ခုချက်ချင်း ဝင်လိုက်လို့ ရတယ် ... ငါသာ ဆန္ဒရှိရင် ရွှေအမြုတေ အဆင့်ကိုပါ လျှို့ဝှက် နည်းလမ်းသုံးပြီး ဝင်လို့ရတယ် ... ဒါပေမဲ့ ရွှေအမြုတေ အဆင့်မှာလိုပဲ မူလအဆင့်မှာ အဆင့်တွေ ခွဲခြားထားတယ်"
"ကောင်းကင်သားရဲ မျိုးဆက်တွေ အဆင့်မြင့် ကျင့်ကြံသူတွေရဲ့ ရင်သွေးတွေက ... မူလ အဆင့်ကို ဝင်တာနဲ့ ရွှေအမြုတေ အဆင့်တွေကိုတောင် အနိုင်ယူနိုင်ကြတယ် ... ဒါပေမဲ့ ငါကတော့ ခုထိ မူလအဆင့်ကို ခြေမချရသေးဘူး"
ချန်းဖန်က တွေးနေမိသည်။
သာမန် မူလအဆင့်များမှာ ရဲ့ချင်စန်း ကဲ့သို့ မြေကမ္ဘာ အဆင့်များ ဖြစ်ကြသည်။ သူတို့သည် အဆင့်နိမ့် ကျင့်စဉ်ကို ကျင့်ကြံကြပြီး အစစ်အမှန် ကျင့်စဉ်များကိုပင် မတွေ့ဖူးကြချေ။
ရဲ့ချင်စန်းနှင့် ယှဉ်ပါက ခွန်ရှု့နယ်မြေ၏ ကျင့်ကြံသူများမှာ ပို၍ အစွမ်းထက် ကြသည်။ သူတို့သည် သေးငယ်သော ကျင့်ကြံခြင်း ဂိုဏ်းလေးများ၏ ကျင့်စဉ်များကို ရရှိထားကာ အားနည်းသော နတ်ဘုရား စွမ်းအားကိုပင် ပိုင်ဆိုင်ကြသည်။
သို့သော်လည်း သူတို့သည် ကျင့်ကြံခြင်း လောကတွင်မူ အခြေခံ လူတန်းစားများသာ ဖြစ်သည်။ ပိုမိုမြင့်မားသော အဆင့်များ မဆိုထားနှင့် သူတို့သည် ရွှေအမြုတေ အဆင့်ကိုပင် ဝင်ရောက်နိုင်ကြမည် မဟုတ်ချေ။
ထိုအခြေခံ ကျင့်ကြံသူတို့၏ အထက်တွင်မူ သာမန် ကျင့်ကြံခြင်း ဂိုဏ်းများနှင့် မျိုးနွယ်စုများ ရှိကြသည်။ သူတို့သည် သူတို့ ဂိုဏ်းများ၏ ထိပ်တန်း ကျင့်စဉ်များကို ကျင့်ကြံကြကာ သင့်လျော်သော နတ်ဘုရား စွမ်းအားနှင့် ဓမ္မ စွမ်းအားများကို ကျင့်ကြံကြသည်။
ဂိုဏ်း၏ အထောက်အပံ့ဖြင့် ထိုကျင့်ကြံသူများသည် ရွှေအမြုတေ အဆင့်၊ ဝိညာဉ် အခြေတည် အဆင့်တို့အထိ တက်ရောက် နိုင်ကြသည်။ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်သို့ ရောက်ရန်မှာမူ သူတို့၏ ကံတရားနှင့်သာ သက်ဆိုင်သည်။
"အဲဒီ အုပ်စုသုံးခုက ကျင့်ကြံခြင်း လောကရဲ့ သာမန် လူတန်းစားတွေလို့ ပြောလို့ရတယ် ... သူတို့အတွက် တာအိုဖွဲ့ခြင်း အဆင့်လို ကျင့်ကြံခြင်း လမ်းစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ချန်းဖန်က သက်ပြင်းချလိုက်သည်။
အတိတ်ဘဝ၌ ချန်းဖန်သည်လည်း သာမန် မူလကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း သူသည် စိတ်ဓာတ် ကြံ့ခိုင်ခြင်းဖြင့် ရန်သူများစွာကို သတ်ဖြတ်ကာ ကျင့်ကြံခြင်း လောက၏ အထွတ်အထိပ် နေရာအထိ တက်လှမ်းခဲ့သည်။ ထိုအရာကပင် အကြောင်းပြချက် ဖြစ်လာကာ အဆုံး၌ သူ သေဆုံးခဲ့ရသည်။
"အတိတ်ဘဝမှာ ငါသေရတဲ့ အကြောင်းရင်းက ... အခြေခံ မခိုင်မာမှုနဲ့ ငါ့ စိတ်ထဲက နတ်ဆိုးကြောင့်ပဲ ... အခု ငါက အတိတ်ဘဝရဲ့ နောင်တတွေကို ပြန်ပြင်ဆင်ပြီးတဲ့ စိတ်ကို စင်ကြယ်ထားတဲ့ အပြင် အခြေခံကိုလည်း ခိုင်မာအောင် ကျင့်ကြံခဲ့တယ်"
ချန်းဖန်က အသက်ကို ပြင်းထန်စွာ ရှူရှိုက်လိုက်သည်။
"ဒါပေမဲ့ ငါ့ရဲ့ အခြေခံက မလုံလောက်သေးဘူး ... နတ်ဘုရားတွေရဲ့ သားသမီးတွေဆို ကောင်းကင်ခန္ဓာ လေးမျိုးကိုတောင် တစ်ပြိုင်နက်တည်း ကျင့်ကြံကြတယ် ... ဒီလိုနည်းနဲ့ သူတို့က အထွတ်အမြတ် ခန္ဓာကိုယ်ကို ပိုင်ဆိုင် လာကြတယ် ... သူတို့နဲ့ ယှဉ်ရင် ငါက အရမ်း အားနည်းနေတုန်းပဲ ... အနာဂတ်မှာ သူတို့နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါ့အနေနဲ့ ပိုပြီး အစွမ်းထက်ဖို့ လိုတယ်"
ချန်းဖန်သည် ကျင့်ကြံခြင်း လောက၏ ထိပ်တန်း ကျင့်စဉ်များ၊ နတ်ဘုရား စွမ်းအားများကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံခြင်း ရင်းမြစ် ရှားပါးမှုကြောင့် လွန်ခဲ့သည့် ငါးနှစ် အတွင်း၌ သူသည် ထိုကျင့်စဉ်များကို မကျင့်ကြံနိုင်ခဲ့ချေ။
ထို့ကြောင့်ပင် နှစ်ပေါင်းများစွာ အတွင်း အဇူရာ သက်ရှည် ခန္ဓာကိုယ် တစ်ခုကိုသာ သူ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
"ငါ့ရဲ့ ကောင်းကင်ခန္ဓာ စဦးအောင်မြင်ခြင်း အဆင့်က အကန့်အသတ်ကို ရောက်နေပြီ ... ပိုပြီး အစွမ်းထက်ချင်တယ် ဆိုရင် သွေးမျိုးဆက် နတ်ဘုရားစွမ်းအား နတ်ဘုရား စိတ်ဝိညာဉ် ဒါမှမဟုတ် ကျင့်စဉ် နည်းစနစ်တွေကို အသုံးပြုရမယ်"
ချန်းဖန်က မေးစေ့ကို ပွတ်သပ်လိုက်သည်။
နတ်ဘုရား စွမ်းအားအတွက် သူသည် လီရွှေရောင် မီးတောက် မျက်လုံးနှင့် အချိန် ကုန်လွန်ခြင်းဓားကို လေ့ကျင့်သည်။
အချိန် ကုန်လွန်ခြင်းဓားသည် ထုတ်သုံးရန် အတွက် အရင်းအနှီး ကြီးမားသော်လည်း ရွှေအမြုတေ အဆင့်အောက် ကျင့်ကြံသူကို အလွယ်လေး သတ်ဖြတ် ပစ်နိုင်သည်။
သွေးမျိုးဆက် အတွက်မူ သူလုပ်နိုင်သော အရာမရှိချေ။ သူသည် သာမန် လူသား တစ်ယောက်သာ ဖြစ်ရာ ကောင်းကင် သားရဲ၏ သွေးမရှိသည့်အပြင် နတ်ဘုရား တစ်ပါး၏ မျိုးဆက်လည်း မဟုတ်ချေ။
"ထားလိုက်ပါ ... ဒါက ထည့်တွေးစရာကို မလိုတာ"
ချန်းဖန်က ခေါင်းကို ခါရင်း နတ်ဘုရား စိတ်ဝိညာဉ်နှင့် ကျင့်စဉ်များကိုသာ အာရုံစိုက်လိုက်သည်။
"နတ်ဘုရား စိတ်ဝိညာဉ်က ကျင့်ကြံရတာ အခက်ခဲဆုံးပဲ ... ဒါထက် ကျင့်စဉ်တွေကို အရင် လေ့ကျင့်ရမယ်"
ချန်းဖန်က လေထုကို ငေးမောရင်း တွေးတောလိုက်သည်။
သူသည် ယခုအထိ ကျင့်စဉ် နှစ်ခုကိုသာ လေ့ကျင့်ရသေးသည်။ တစ်ခုမှာ အခြေခံ တည်ဆောက်ခြင်း အဆင့်၌ လေ့ကျင့်ခဲ့သည့် "အာကာသ မွမ်းမံ သန့်စင်ခြင်း ကျင့်စဉ်" ဖြစ်ပြီး အခြား တစ်ခုမှာ ဉာဏ်အလင်း စုဆောင်းခြင်း အဆင့်၌ စတင် ကျင့်ကြံခဲ့သည့် "အဇူရာ သက်ရှည်ခန္ဓာ ကျင့်စဉ်" ဖြစ်သည်။
ထိုကျင့်စဉ် နှစ်ခုသည် ခန္ဓာကိုယ် သန့်စင်ခြင်းကို အလေးပေးသည့် ကျင့်စဉ်များ ဖြစ်ကာ အစစ်အမှန် ကျင့်ကြံခြင်း ကျင့်စဉ်များဟု မဆိုနိုင်ချေ။ ထိုကျင့်စဉ် နှစ်ခုမှာ ချီသန့်စင်ခြင်း အဆင့် အတွက် လုံလောက်ရာ ချန်းဖန်က အခြား ကျင့်စဉ်များကို မကျင့်ကြံခဲ့ချေ။
"ငါ့မှာ ကျင့်ကြံခြင်း ရင်းမြစ်တွေ အများကြီး ရှိနေပြီ ဆိုတော့ ... အစစ်အမှန် ကျင့်ကြံခြင်း ကျင့်စဉ် တစ်ခုလောက် လေ့ကျင့်ရမယ်"
ချန်းဖန်က တွေးလိုက်သည်။
"နတ်ဘုရား ကျင့်စဉ်တွေ အထွတ်အမြတ် ကျင့်စဉ်တွေ ကောင်းကင် ကျင့်စဉ်တွေက သာမန် ကျင့်စဉ်တွေထက် အများကြီး ပိုပြီး အဆင့်မြင့်တယ် ... နောက်ပြီး အဲဒီ ကျင့်စဉ်တွေကြောင့်ပဲ လူသားမျိုးနွယ်က စကြဝဠာရဲ့ ထိပ်ဆုံးမှာ ရပ်တည် နိုင်ကြတာ"
ချန်းဖန်၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများက ဖြတ်ပြေးနေသည်။
သူသည် အတိတ်ဘဝ၌ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း၏ အထွတ်အမြတ် ကျင့်စဉ် ဖြစ်သည့် "ကောင်းကင်နှင့် တိုက်ခိုက်ခြင်း ကျင့်စဉ်" ကို ကျင့်ကြံခဲ့သည်။
ထိုအရာသည် အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ အစွမ်းအထက်ဆုံး ကျင့်စဉ် ဖြစ်ပြီး ဂိုဏ်း၏ ပထမမျိုးဆက် ဘိုးဘေးက တီထွင်ခဲ့သည်။ ထိုကျင့်စဉ်၏ ကျေးဇူးကြောင့် ချန်းဖန်သည် အတိတ်ဘဝ၌ တိုက်ပွဲ တစ်ပွဲပင် မရှုံးနိမ့်ခဲ့ချေ။
"ကောင်းကင်နဲ့ တိုက်ခိုက်ခြင်း ကျင့်စဉ်ကို စပြီး လေ့ကျင့်မယ်ဆိုရင် ဝိညာဉ်အခြေတည် အဆင့်ကို ရောက်နေဖို့ လိုတယ် ... ငါ့ အနေနဲ့က အဲဒီအဆင့်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ် ဆိုတော့ ခု လေ့ကျင့်လို့ မရနိုင်သေးဘူး…"
"အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ အခြား ကျင့်စဉ်တွေကို လေ့ကျင့်ဖို့ ကျတော့လည်း ငါ့မှာ ခုရှိတဲ့ အရင်းအမြစ်တွေနဲ့ လုံလောက်မှာ မဟုတ်ဘူး"
ချန်းဖန်က မျက်မှောင်ကြုတ် နေမိသည်။
"ငါ ကောင်းကင် ကျင့်စဉ် တစ်ခုကို လေ့ကျင့်သင့်လား ... ဒါပေမဲ့ အခု ငါပိုင်ထားတဲ့ အဇူရာ သက်ရှည် ခန္ဓာကိုယ်က ကောင်းကင် ကျင့်စဉ် တစ်ခုနဲ့ နှိုင်းယှဉ်နိုင်တယ် ဆိုတော့ ... ခုနေ ကောင်းကင် ကျင့်စဉ် တစ်ခုကို ကျင့်လည်း ထူးပြီး အစွမ်းထက်လာမှာ မဟုတ်ဘူး"
ချန်းဖန်က ခေါင်းကို ခါလိုက်မိစဉ်မှာပင် အိုမင်းသော မှတ်ဉာဏ်တစ်ခုက ရုတ်တရက် ပြန်ပေါ်လာခဲ့၏။
သူသည် အတိတ်ဘဝ၌ အတိဒုက္ခ အဆင့်ကို ရောက်ရှိပြီးနောက် ... စကြဝဠာတစ်ခွင် ဖြတ်သန်း၍ ခရီးနှင်ခဲ့သည်။ စကြဝဠာ အစွန်အဖျား တစ်နေရာသို့ အရောက်၌ ရှေးဟောင်း နန်းတော်တစ်ခုကို သူ မတော်တဆ တွေ့ခဲ့သည်။
ထိုနန်းတော်တွင် ချန်းဖန်သည် နံရံ ပန်းချီကား ဆယ့်နှစ်ချပ်ကို တွေ့ခဲ့ရသည်။ ထိုပန်းချီကားများသည် အလွန်ပင် ထူးဆန်းကာ စကြဝဠာ၏ အစွမ်း အထက်ဆုံး လက်နက်ပင်လျှင် ထိုအရာများကို မဖျက်ဆီး နိုင်ခဲ့ချေ။
"ပန်းချီကား နံရံ ဆယ့်နှစ်ခု ရှေ့မှာ ဆယ်နှစ်တိတိ ထိုင်ပြီးတဲ့နောက် ... ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု ကျင့်စဉ်ကို ငါ ဖန်တီးနိုင်ခဲ့တယ် ... အဲဒီ ကျင့်စဉ်က "ကောင်ကင်နှင့် တိုက်ခိုက်ခြင်း" နဲ့ ယှဉ်နိုင်တဲ့ အပြင် ပိုပြီးတော့တောင် အဆင့်မြင့်သေးတယ် ... ကံမကောင်းတာက ငါက အတိဒုက္ခ အဆင့် ဖြစ်နေတော့ အဲဒီ ကျင့်စဉ်ကို ကျင့်လို့ မရတော့ဘူး ... ဒါပေမဲ့ အဲဒီကျင့်စဉ်ကို ငါ အခု လေ့ကျင့်လို့ ရပြီ"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
"ငါ့အနေနဲ့ ပထမ ပန်းချီကို အောင်မြင်ဖို့ဆိုရင် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလောက်ပဲ လိုအပ်လိမ့်မယ် ... ဒါပေမဲ့ ဒုတိယ ပန်းချီကို အောင်မြင်ဖို့ ဆိုရင်တော့ ပထမ ပန်းချီထက် အဆထောင်ချီတဲ့ အရင်းအမြစ်တွေ လိုမှာ ... ဆယ့်နှစ်ခုမြောက် ပန်းချီကို ရောက်ရင်တော့ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်း တစ်ခုလုံးရဲ့ အရင်းအမြစ်တွေတောင် လောက်မှာ မဟုတ်တော့ဘူး"
"ဒါပေမဲ့ ပန်းချီကား ဆယ့်ခုနစ်လုံး အောင်မြင်ပြီးတာနဲ့ ... ငါက စကြဝဠာရဲ့ အစွမ်း အထက်ဆုံး ဖြစ်လာမှာ သေချာတယ်"
ချန်းဖန်က အလေးအနက် အမူအရာဖြင့် ခေါင်းအား ညိတ်လိုက်သည်။
"ပထမ ပန်းချီကို ခုချက်ချင်းပဲ စပြီး လေ့ကျင့်လိုက်တော့မယ် ... ငါ့မှာ ရှိတဲ့ ဝိညာဉ် ကျောက်တုံးတွေက လုံလောက်မှာပါလေ"
ချန်းဖန်က မျက်လုံးကို စုံမှိတ်လိုက်သည်။
ထိုခဏတွင်ပင် သူ၏ အာရုံ၌ ရှေးခေတ်၏ ကြမ်းတမ်းသော အငွေ့အသက်များ ဖုံးလွှမ်းနေသည့် ကျောက်တုံး ပန်းချီကား တစ်ချပ်က ပေါ်လာသည်။ ထိုပန်းချီကား၌ လောကကို မြိုချနေဟန် ကြီးမားသော ပါးစပ်ကြီး တစ်ခု၏ ပုံကို ရေးဆွဲထားသည်။
"ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု…"
"ကောင်းကင် ဝါးမျိုခြင်း ပန်းချီ…"
ချန်းဖန်က ပါးစပ်ကို ဟရင်း တစ်ချိန်တည်း၌ သင်္ကေတများ ရေးဆွဲလိုက်သည်။
"ခရက် ... ခရက်…"
ဝိညာဉ် ကျောက်တုံးများက တစ်ခုပြီး တစ်ခု ကွဲကြေကာ အစိမ်းပုပ်ရောင် ဝိညာဉ်ချီများ အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ဝိညာဉ်ချီများက ဝဲကတော့ တစ်ခုအသွင် ပြောင်းလဲကာ ချန်းဖန်၏ ပါးစပ်အတွင်း စီးဝင်သည်။
"ဖောက် ... ဖောက်…"
တစ်ချိန်တည်းတွင်ပင် အလင်းစက်များက ချန်းဖန်၏ ခန္ဓာကိုယ်၌ တစ်ခုပြီး တစ်ခု ပေါ်လာနေ၏။ ထိုအလင်းစက် တစ်ခုချင်းစီသည် ခန္ဓာကိုယ် အတွင်းရှိ လျှို့ဝှက် ပုန်းကွယ်နေသော စွမ်းအားများကို ကိုယ်စားပြု၏။
ဆက်လက် ကျင့်ကြံနေစဉ်မှာပင် သူ၏ အစစ်အမှန် အမတေများသည် ဆင့်ကဲ ပြောင်းလဲကာ ထူးဆန်းသော အမတေများ အဖြစ် ဖွဲ့စည်းသည်။
ထိုအမတေများသည် သမုဒ္ဒရာများ ကဲ့သို့ နက်ရှိုင်းကာ ကမ္ဘာ ပမာဏခန့် စုပ်ယူပင်လျှင် ခန်းခြောက်သွားမည့်ပုံ မရချေ။
***
ထိုအချိန်၌ အပြင်လောကရှိ မြောက်ပိုင်းချုံး ဂိုဏ်းမှာမူ အမျိုးမျိုးသော ဖိအားများ အကြား၌ နစ်မြုပ်နေခဲ့၏။
ယခုအချိန်၌ သူတို့သည် ခွန်ရှု့နယ်မြေ တစ်ခုတည်းနှင့် ရင်ဆိုင်နေရခြင်း မဟုတ်ချေ။ တစ်ကမ္ဘာလုံးရှိ အင်အားစုများ အပြင် သွေးဘိုးဘေး၏ရန် နှင့်ပါ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
၂၀၁၂၊ ဇွန်လ၊ ၇ ရက် ...
သွေးဘိုးဘေးသည် အင်္ဂလန်၊ ပြင်သစ်၊ ရုရှား နှင့် အမေရိကန်တို့၏ သံတမန်များကို ဦးဆောင်ကာ ချင်ချန်းတောင်သို့ ရောက်ရှိလာခဲ့သည်။
သူ၏ ရည်ရွယ်ချက်မှာ ဓားနန်းတော်သို့ ဝင်၍ ချန်းဖန်နှင့် တွေ့ဆုံကာ လူသားမျိုးနွယ်၏ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးရန် ဟု ဆိုသည်။
ထိုသတင်းအား ကြားသည်နှင့် ကမ္ဘာအရပ်ရပ်ရှိ မရေမတွက်နိုင်သော လူများသည် ဒဏ္ဍာရီလာ သွေးဘိုးဘေးကို တွေ့မြင်ခွင့်ရရန် ချင်ချန်းတောင် ရှိရာဆီသို့ စုရုံး၍ ရောက်လာကြသည်။
***