← Chapters

သွေးဘိုးဘေး ရောက်ရှိလာမှု

Vol. 7 Ch. 656

သွေးဘိုးဘေး ရောက်ရှိလာမှု

Vol. 7 Ch. 656

"သွေးဘိုးဘေး ရောက်လာပြီလား…"

လူများသည် ချင်ချန်းတောင်ခြေတွင် စုကာ တီးတိုးပြောဆို နေကြသည်။

မကြာခင်မှာပင် ... အနီရောင် လျှို့ဝှက် သင်္ကေတများ ရေးထိုးထားသည့် အနောက်တိုင်း ဝတ်စုံကို ဝတ်ထားသော လူငယ် တစ်ယောက်သည် လူတိုင်း၏ မြင်ကွင်း၌ ပေါ်လာခဲ့၏။

ထိုလူငယ်သည် ချောမွေ့သော အသားအရေ၊ နက်မှောင်သော ဆံပင်နှင့် ခန့်ညားသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သူ၏ ဘေးတွင်မူ မဟာအင်အားကြီး နိုင်ငံများ၏ ခေါင်းဆောင်များက ဝန်းရံ၍ လိုက်လာပါ၏။

"သွေးဘိုးဘေးလား…"

လူတိုင်းသည် လူငယ်အား ကြည့်ရင်း ဆွံ့အမိသွားကြသည်။

သူတို့၏ အတွေးထဲမှ ပုံဖော်ထားသော သွေးဘိုးဘေးသည် ဖြူစုတ်စုတ် မျက်နှာ၊ ရှည်လျားသော အစွယ်များနှင့် လင်းနို့ တောင်ပံများ ရှိသည့် သွေးစုတ်ဖုတ်ကောင်ကြီး ဖြစ်သည်။

သို့သော်လည်း ထိုချောမော ခန့်ညားသည့် လူငယ်သည် သွေးဘိုးဘေး ဖြစ်မည်မှာ သေချာသည်။ မဟာအင်အားကြီး နိုင်ငံများ၏ ကိုယ်စားလှယ်များကိုပင် ခြံရံနိုင်သည့် အဆင့်အတန်းကား သွေးဘိုးဘေးမှ လွဲ၍ အခြားလူများ၌ မရှိနိုင်သော အရာ ဖြစ်ပေသည်။

"သူက လူထောင်ပေါင်း များစွာကို သတ်ခဲ့တဲ့ နတ်ဆိုးပဲ ... သူနဲ့ ယှဉ်ရင် သွေးမိစ္ဆာ ဒမွန်တောင် ဖြူစင်တဲ့ နတ်သူငယ်လေး သာသာပဲ ရှိတယ် ... သူ့ရဲ့ လက်တွေက လူတွေရဲ့ သွေးတွေ စွန်းထင်းနေတာ"

တစ်ယောက်က တီးတိုး ရေရွတ်သည်။ သူ၏ လက်များက တဆတ်ဆတ် တုန်ရီ၍ နေ၏။

သို့သော်လည်း ပတ်ဝန်းကျင်သည် ဆူညံ ပွက်လောရိုက်နေရာ အခြားလူများမှာ သူ၏ အသံကို မကြားကြချေ။

သွေးဘိုးဘေးသည် အသက် ရှင်သန်ရန် အတွက် လူ၏ သွေးကို မှီခိုနေရသော သွေးစုပ်ဖုတ်ကောင် ဖြစ်ကြောင်းမှာ လူတိုင်း သိပြီးသော အရာ ဖြစ်သည်။

သို့သော်လည်း ယခု၌ ကမ္ဘာကြီးသည် ခွန်ရှု့ နယ်မြေနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် ကမ္ဘာသည် သူ၏ စွမ်းအားကို မှီခိုရန် လိုအပ်သည်။

မည်သို့ပင် ဆိုစေ ထိုသွေးဘိုးဘေးသည် သက်တော်ရှည် မြေကမ္ဘာအဆင့် တစ်ယောက် မဟုတ်ပါလား။

တောင်ခြေသို့ ရောက်သည်နှင့် အင်္ဂလိပ် ကိုယ်စားလှယ်က ခေါင်းငုံ့ရင်း လူငယ်အား ပြောလိုက်၏။

"ဆရာ ... ချန်းပေ့ရွှမ်းက တောင်ထိပ် တိမ်တွေကြားမှာ ရှိနေတာတဲ့ ... ကျွန်တော်တို့ စုံစမ်းရထားတဲ့ အတိုင်းဆို အဲဒီ တိမ်တွေကြားမှာ လျှို့ဝှက် နန်းတော်တစ်ခု ရှိတယ်တဲ့ ... ခေတ်မီ နည်းပညာတွေနဲ့ ထောက်လှမ်းလို့ မရတဲ့ နန်းတော်ပေါ့"

အမှောင်ခုံရုံးသည် ဗြိတိသျှ အင်ပါယာ အတွက် အလုပ်လုပ်ပေးခဲ့ဖူးရာ အင်္ဂလန်နှင့် သွေးမျိုးဆက်များ၏ အကြား၌ နီးစပ်သော ဆက်ဆံရေး ရှိသည်။ ထို့အပြင် သွေးဘိုးဘေးအား ဖိတ်ကြားခဲ့သူများ မှာလည်း အင်္ဂလန်နှင့် အမေရိကန်တို့ ဖြစ်သည်။

"အဲဒါက ... လွန်ခဲ့တဲ့ နှစ်ထောင်ချီတုန်းက သူတော်စင် တစ်ယောက် ချန်ထားခဲ့တဲ့ ဓားနန်းတော် ဖြစ်တယ် ... ငါတို့ ဒီမှာပဲ စောင့်ကြမယ်"

သွေးဘိုးဘေးက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ၏ လေသံသည် ကဗျာတစ်ပုဒ် ရွတ်ဖတ်နေဟန် ရှေးဟောင်း ဗြိတိသျှ အသံထွက်နှင့် ဆင်တူသည်။

ထို့နောက် သွေးဘိုးဘေးက လူအများဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်သည်။

"ကျွန်ုပ်က ချန်းပေ့ရွှမ်းကို နှုတ်ဆက်ဖို့ ဒီနေရာကို ရောက်ရှိနေခြင်း ဖြစ်တယ် ... ကျွန်ုပ်ဟာ မျိုးနွယ်ခြား တစ်ယောက် ဆိုပေမဲ့ ဒီကမ္ဘာဟာ ကျွန်ုပ်ရဲ့ အိမ်ပါပဲ ... ဒီတော့ ကျွန်ုပ်ဟာ လူသားတွေကို ကာကွယ်ဖို့ ဆန္ဒ ရှိပါတယ်"

လူများစွာက ငြိမ်သက်စွာ နားထောင် နားထောင် နေကြသည်။ သို့သော်လည်း သူတို့သည် စိတ်ထဲမှ နေ၍ ထိုစကားများအား ကျိတ်လှောင်ပြောင် နေမိသည်။

လူ သွေးကိုသောက်၊ လူ အသားကို စား၍ လူ အရေခွံကို ဝတ်ဆင်ထားသော နတ်ဆိုး တစ်ယောက်က လူ မျိုးနွယ်ကို ကာကွယ်ပေးချင်သည် ဟု ဆိုသည်။ ထိုအရာက ဟာသပြက်လုံး တစ်ခုနှင့် မခြားနားပေ။

"ဟမ့် ... သူက ကိုယ့်ကိုယ်ကိုယ် စတေးဖို့ ချန်းပေ့ရွှမ်းကို တွန်းအားပေး ရအောင် ရောက်လာတာ ... ချန်းပေ့ရွှမ်းက အရူး မဟုတ်ဘူး ... သူ့စကားကို နားထောင်မှာ မဟုတ်ဘူး"

အရှေ့တိုင်း ကျင့်ကြံသူများက နှာခေါင်းရှုံ့ကြ၏။

ချန်းဖန် ခွန်ရှု့နယ်မြေမှ လူများကို သတ်ခဲ့ခြင်းမှာ သူတို့ကို ကာကွယ်ပေးရန် အတွက် ဖြစ်သည်။ ချန်းဖန်ကြောင့်သာ မဟုတ်လျှင် ခွန်ရှု့နယ်မြေမှ လူများ၏ လက်၌ သူတို့ သေသွားသည်မှာ ကြာလောက်ပြီ ဖြစ်သည်။

သို့သော်လည်း အနောက်တိုင်း ကျင့်ကြံသူများ၏ အမြင်များမှာမူ ခြားနား၏။ သူတို့သည် ချန်းဖန်ကို ကမ္ဘာ၏ အန္တရာယ်ကောင် အဖြစ်သာ မြင်ကြသည်။

"သွေးဘိုးဘေး ... ချန်းပေ့ရွှမ်းကို အညံ့ခံဖို့ တိုက်တွန်းပေးပါ ... တကယ်လို့ သူ နားမထောင်ရင်လည့် သူ့ကို ဖမ်းပြီး ခွန်ရှု့ နယ်မြေရဲ့ လူတွေလက်ကို အပ်ပေးပါ ... ဘာဖြစ်ဖြစ် ကျွန်တော်တို့ ခင်ဗျားကို အစွမ်းကုန် ထောက်ခံပေးမယ်"

အနောက်တိုင်း ကျင့်ကြံသူများက အော်ဟစ်ကြသည်။

ချန်းဖန်သည် မြေကမ္ဘာ အဆင့် ရဲ့ချင်စန်းကို အနိုင်ယူခဲ့ဖူးသော်လည်း သွေးဘိုးဘေးသည် ရဲ့ချင်စန်းကဲ့သို့ မြေကမ္ဘာ အဆင့်ပေါက်စ မဟုတ်ချေ။ နှစ်ထောင်ချီ အသက်ရှည်သော သွေးမျိုးဆက် မြေကမ္ဘာ အဆင့် ဖြစ်သည်။

လူများစွာ၏ မျက်လုံး၌ ချန်းဖန်သည် သွေးဘိုးဘေးနှင့် ယှဉ်ပါက ကြက်ပေါက်လေး တစ်ကောင်သာ ဖြစ်သည်။

သွေးဘိုးဘေးသည် ချင်ချန်းတောင်ထိပ်၌ပင် ချန်းဖန်ကို စိတ်ရှည် လက်ရှည် စောင့်ဆိုင်းသည်။

"တစ်ရက်…"

"နှစ်ရက်…"

"သုံးရက်…"

ထိုအတောအတွင်း ကမ္ဘာ အရပ်ရပ်ရှိ လူများသည် ချင်ချန်း တောင်ခြေသို့ တဖွဲဖွဲ ရောက်ရှိ လာကြသည်။ ထိုအထဲ၌ အာဖရိက၊ တောင်အမေရိက၊ မိုးသစ်တော ဒေသမှ တန်ခိုးရှင်များပင် ပါဝင်နေသည်။

"သွေးဘိုးဘေး စောင့်နေတာ ငါးရက်တောင် ရှိသွားပြီ ... ဆရာ ထွက်မလာမချင်း သူက ပြန်မယ့်ပုံ မရဘူး"

ဓားနန်းတော်၌…

ဝမ်ရှောက်ယွင်၊ အားရှို့၊ အန်ရာ၊ ဖန့်ချုံးနှင့် ချမ်ရဲ့ရွှယ် တို့သည် လျှို့ဝှက်ခန်း အရှေ့တွင် ရပ်ကာ အပြင်မှ အခြေအနေများကို လေ့လာနေခဲ့ကြသည်။

သူတို့သည် လျှို့ဝှက်ရတနာ တစ်ခုဖြင့် အပြင်ရှိ အဖြစ်အပျက်များကို မြင်နိုင်ကြသည်။

ချင်ချန်းတောင်ခြေတွင် ရောက်နေသော လူများကား အနည်းဆုံး သောင်းဂဏန်းပင် ရှိလောက်သည်။ ထိုပမာဏကား တစ်ကမ္ဘာလုံးရှိ အမှောင်ကမ္ဘာ အင်အား ထက်ဝက်ခန့်ပင် ရှိသည်။

"သူတို့က ရှောင်ဖန်ကို အပြင်ကို ထွက်ပြီး သွေးဘိုးဘေးနဲ့ တွေ့စေချင်နေကြတာ ... ကျွန်မတို့ မြောက်ပိုင်းချုံးကလည်း အခုဆို ဘေးကျပ်နံကျပ် အခြေအနေကို ရောက်နေပြီ ... ကမ္ဘာ့ နိုင်ငံတွေကလည်း မြောက်ပိုင်းချုံးကို စီးပွားရေးအရ ပိတ်ဆို့မှုတွေ လုပ်ပြီး အညံ့ခံဖို့ ဖိအားပေး နေကြတယ်"

ဖန့်ချုံးက ပြောလိုက်သည်။

"စီးပွားရေး ပိတ်ဆို့လည်း ငါတို့အတွက် ထိခိုက်မှု သိပ်မရှိပါဘူး ... နောက်ပြီး သူတို့တွေ နျူကလိယကို သုံးရင်တောင် ဓားနန်းတော် အစီအရင်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး ... သူတို့ စောင့်နိုင်ရင်လည်း စောင့်ပါစေ ... ဆယ်နှစ် စောင့်နိုင်မလား ကြည့်ရတာပေါ့"

ဝမ်ရှောက်ယွင်က နှာခေါင်းရှုံ့လိုက်၏။

ထို အသက်ငါးဆယ် အရွယ် အမျိုးသမီးကား အလွန်ပင် စိတ်ဓာတ် ကြံ့ခိုင်သည်။ သူမသည် လူသား မျိုးနွယ်၏ ဘေးကင်းမှု အတွက် စိုးရိမ်သည့်တိုင် သူမ စိတ်ထဲ၌ ချန်းဖန်သည်သာ အရေးကြီးဆုံး ဖြစ်သည်။

"ဟုတ်ကဲ့…"

အားရှို့၊ ဖန့်ချုံးနှင့် အန်ရာတို့က ခေါင်းညိတ် လိုက်ကြသည်။ ချမ်ရဲ့ရွှယ်မှာမူ ဘာမှ ဝင်မပြောပဲ တိတ်ဆိတ်စွာသာ ရပ်နေခဲ့သည်။

"ခရက်…"

ထိုအချိန်မှာပင် ကျောက်တုံး တံခါးက ပွင့်လာကာ ချန်းဖန် ထွက်ပေါ်လာသည်။

"ဟမ် ... အမေတို့ ဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ"

ချန်းဖန်က အနည်းငယ် အံ့အားသင့်နေ၏။

"ရှောင်ဖန် ... တံခါးပိတ် ကျင့်ကြံတာ အောင်မြင်ရဲ့လား"

ဝမ်ရှောက်ယွင်က ဆီးကြိုကာ မေးလိုက်သည်။

"မအောင်မြင်သေးဘူး…"

ချန်းဖန်က နာကျင်စွာဖြင့် ခေါင်းခါ ပြလိုက်သည်။

"တွက်ချက်မှု နည်းနည်း လွဲသွားတယ်လို့ ပြောရမလား ... ဝိညာဉ်ကျောက်တုံးနဲ့ ကောင်းကင် သလင်းကျောက်တွေက မလောက်ဘူး ... နောက်ရက်ကျရင် ချင်တောင်တန်းနဲ့ နတ်ဘုရား သင်္ချိုင်းကို တစ်ချက်လောက် သွားကြည့်ဦးမယ် ... အဲဒီမှာ ဝိညာဉ်ကျောက်တုံးတွေ ရှိချင် ရှိမှာ"

ချန်းဖန်သည် ကောင်းကင် ပန်းချီ ဆယ့်နှစ်ခုမှ ပထမ ပန်းချီကို အောင်မြင်ရန် ဝိညာဉ် ကျောက်တုံး သောင်းဂဏန်းသာ လိုအပ်မည်ဟု ခန့်မှန်းထားခဲ့သည်။

သို့သော်လည်း ကျင့်ကြံနေတုန်း တစ်ဝက် တစ်ပျက်မှာပင် ဝိညာဉ် ကျောက်တုံးများ ကုန်ဆုံးသွားခဲ့သည်။ ထို့ကြောင့် ကျင့်ကြံခြင်း မအောင်မြင်ခင်မှာပင် အပြင်သို့ ထွက်လာခဲ့ရခြင်း ဖြစ်သည်။

"ဆရာ ... သွေးဘိုးဘေး အပြင်မှာ ရောက်နေတယ် ... သူက ဆရာနဲ့ ခွန်ရှု့နယ်မြေ အကြောင်း ပြောရအောင် လာတာတဲ့"

အားရှို့က ပြောလိုက်သည်။

"သွေးဘိုးဘေး ရောက်နေတာလား ... ဒါဆို သွားတွေ့လိုက်ဦးမှာပဲ"

ချန်းဖန်က မျက်ခုံးပင့်ရင်း အပြင်သို့ ဦးတည် လိုက်တော့သည်။

***

ထိုအချိန် ချင်ချန်း တောင်ထိပ်၌…

"ငါတို့ စောင့်နေရတာ ငါးရက် ရှိပြီ ... ချန်းပေ့ရွှမ်းက ထွက်လာဦးမှာလား"

"သူက ကြောက်နေတာလား ... သွေးဘိုးဘေး လာတာက သူ့ကို လက်စားချေဖို့ မဟုတ်ဘူးလေ ... ခွန်ရှု့ နယ်မြေအကြောင်း ဆွေးနွေးဖို့ပဲကို"

"သွေးဘိုးဘေး ... ချန်းပေ့ရွှမ်း ထွက်မလာရင် အကြမ်းဖက်ဖို့ အားနာ မနေနဲ့တော့"

အနောက်တိုင်း ကျင့်ကြံသူများက မကျေမနပ်ဖြင့် တစ်ယောက် တစ်ပေါက် ပြောဆို နေကြသည်။

အရှေ့တိုင်း ကျင့်ကြံသူများကမူ အနည်းငယ် ရှက်ရွံ့နေမိသည်။

ချန်းဖန် အနေဖြင့် ခွန်ရှု့ နယ်မြေထံ အညံ့မခံရန် ငြင်းဆိုနိုင်သည်။ သို့သော်လည်း ယခုကဲ့သို့ တကူးတက လာတွေ့သည့် သွေးဘိုးဘေးကို လျစ်လျူထားခြင်းက အနည်းငယ် မောက်မာလွန်းသည်။

"သူက တကယ်ပဲ ကြောက်နေတာလား"

အချို့က တွေးမိကြသည်။

"အရှင်ချန်းက တစ်ခုခု အရေးကြီးတာ လုပ်နေတာ ဖြစ်ရမယ်"

ကောရှောင်မန်ကဲ့သို့ ချန်းဖန်၏ အမာခံ ပရိသတ်များကသာ ထိုအရာကို ဖြည့်တွေး ပေးကြသည်။

ထိုအချိန်၌ နိုင်ငံများစွာ၏ ကိုယ်စားလှယ် များမှာမူ စိတ်မရှည် ကြတော့ချေ။

"မိန်းကလေး ယူကီရှီရိုဆာ ... မစ္စတာ ချန်းပေ့ရွှမ်းက ဘယ်တော့မှ ထွက်လာမှာလဲ"

"ချန်းပေ့ရွှမ်း ထွက်မလာရင် ကျွန်တော်တို့ အင်အားသုံးပြီး ဝင်ရပါမယ်"

"ဒီပြဿနာက လူသားမျိုးနွယ်ရဲ့ အသက်တွေနဲ့ သက်ဆိုင် နေပါတယ် ... ချန်းပေ့ရွှမ်းမှာ ဘာမှလုပ်ဖို့ အစီအစဉ် မရှိဘူးလား"

ပြင်သစ်၊ အင်္ဂလန်နှင့် အမေရိကန် ကိုယ်စားလှယ်များက ယူကီရှီရိုဆာကို ဖိအား ပေးကြသည်။

မြောက်ပိုင်းချုံး၏ ပြောရေးဆိုခွင့် ရှိသူအနေဖြင့် ယူကီရှီရိုဆာက ထိုလူများအား ဤကဲ့သို့သာ တုံ့ပြန်သည်။

"ဘာဖြစ်ဖြစ် ... နင်တို့ ကိစ္စ မဟုတ်ဘူး"

"ဒါဆို ဓားနန်းတော်ကို ငါတို့ အင်အားသုံး ချိုးဖျက်ရင် အပြစ် မတင်နဲ့တော့"

အမှောင်မြို့စားက နှာခေါင်းရှုံ့ရင်း ဝင်ရောက် ပြောဆိုသည်။

ချန်းဖန်သည် သူ၏ အပေါင်းအသင်းများကို သတ်ခဲ့သည့် အပြင် အမှောင်ခုံရုံးကိုပါ ဖျက်ဆီးပစ်ခဲ့သည်။ ချန်းဖန် အပေါ် အမှောင်မြို့စား၏ အမုန်းက အဆုံးမရှိချေ။

"နင် လုပ်ရဲရင် လုပ်ကြည့်လေ"

ယူကီရှီရိုဆာက အေးစက်စွာဖြင့် အမှောင် မြို့စားအား ကြည့်လိုက်၏။

"ဘယ်သူက ဓားနန်းတော်ကို အင်အားသုံး ဝင်ချင်နေတာလဲ…"

ရုတ်တရက် အသံတစ်ခုနှင့် အတူ လူရိပ်တစ်ခု တိမ်များအကြားမှ တရွေ့ရွေ့ ထွက်ပေါ်လာ၏။ သူကား ချန်းဖန်ပင် ဖြစ်သည်။

"ချန်းပေ့ရွှမ်း ထွက်လာပြီလား…"

လူများက ချန်းဖန်အား ကြည့်ရင်း အံ့ဩသွားကြသည်။ သူတို့သည် ချန်းဖန် ထွက်ပေါ်လာမည်ဟု မထင်မှတ် ကြချေ။

"မစ္စတာ ချန်းပေ့ရွှမ်း ... နောက်ဆုံးတော့ ခင်ဗျား ပေါ်လာပြီပဲ"

နိုင်ငံ ကိုယ်စားလှယ်များက နှုတ်ဆက် လိုက်ကြသည်။

ငါးရက်လုံး ငြိမ်သက်စွာ ထိုင်နေသော သွေးဘိုးဘေးက သူ၏ သွေးရောင် မျက်လုံးများကို ဖွင့်၍ ချန်းဖန်အား ကြည့်လိုက်သည်။ ထို့နောက် သူက မဟာဆန်ဆန် နှုတ်ဆက်လိုက်သည်။

"မစ္စတာ ချန်းပေ့ရွှမ်း ... ကျွန်ုပ်ဟာ သွေးဘိုးဘေး ရိန်းဟာ့ ဘွန်ကမ်မရီလာ ဖြစ်ပါတယ်"

"ကျွန်ုပ် ဒီကို ရောက်လာရတဲ့ အကြောင်းရင်းက သင့်ကို တောင်းပန်ဖို့ ဖြစ်ပါတယ် ... ကျွန်ုပ်ရဲ့ အစောင့်တွေနဲ့ မျိုးဆက်ဟာ သင့်ကို စော်ကားပြီး ဒုက္ခတွေ အများကြီး ပေးခဲ့တယ်လို့ သိရပါတယ်"

သွေးဘိုးဘေးက ဦးညွှတ်ရင်း ယဉ်ကျေးစွာ ပြောလိုက်သည်။ သူ၏ ပုံစံကား နတ်ဆိုးမိစ္ဆာ တစ်ယောက်ထက် လူကြီးလူကောင်း ဆန်သော တော်ဝင်မင်းသား တစ်ပါးနှင့်ပင် တူနေသေး၏။

ချန်းဖန်က တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်၏။ သူ၏ မျက်လုံးများကမူ ရတနာကို တွေ့သည့် မိန်းမငယ်လေး တစ်ယောက် အလား တဖျတ်ဖျတ် လက်နေခဲ့သည်။

သွေးဘိုးဘေးမှာ အနည်းငယ် ထူးဆန်းသလို ခံစားနေရသော်လည်း ယုံကြည်ချက်ရှိစွာ ဆက်ပြောလိုက်သည်။

"ခွန်ရှု့ နယ်မြေရဲ့ ရန်သူတွေဟာ ကျွန်ုပ်တို့ ဂြိုဟ်ကို မကြာခင် ရောက်လာပါတော့မယ် ... ကျွန်ုပ်တို့ဟာ ကမ္ဘာနဲ့ ကမ္ဘာသားတို့ရဲ့ အသက်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်…"

"ဒီတော့ကာ ... သင်သာ ခွန်ရှု့နယ်မြေရဲ့ မြေကမ္ဘာ အဆင့်တွေ ဒေါသပြေဖို့ စတေးပေးမယ် ဆိုရင် ... ကျွန်ုပ် အနေနဲ့ ပြီးခဲ့တဲ့ ရန်ကြွေးတွေကို မေ့ဖျောက်ပြီး မြောက်ပိုင်းချုံးကို စောင့်ရှောက် ပေးပါမယ် ... ကျွန်ုပ်ရဲ့ မျိုးဆက်တွေကို စောင့်ရှောက် ပေးသလိုပေါ့"

"အင်း ... ငါက မလုပ်ချင်ဘူး ဆိုရင်ရင်ရော"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

"ဒါဆို ကျွန်ုပ်မှာ ရွေးချယ်စရာ မရှိတော့ပါဘူး ... သင့်ကို ဖမ်းပြီး ခွန်ရှု့နယ်မြေရဲ့ မြေကမ္ဘာ အဆင့်တွေ လက်ထဲကို အပ်ရတော့မှာပဲ ... ဒါက ကမ္ဘာနဲ့ လူသားမျိုးနွယ်ရဲ့ ငြိမ်းချမ်းမှု အတွက်ပါပဲ"

သွေးဘိုးဘေးက အဖြေပေးလိုက်သည်။

"ဟုတ်တယ်…"

နိုင်ငံ ကိုယ်စားလှယ်များနှင့် အနောက်တိုင်းမှ လူများက သဘောတူစွာ ခေါင်းညိတ် လိုက်ကြသည်။

***

All Chapters