သွေးဘိုးဘေး
Vol. 7 Ch. 657
"ကမ္ဘာနဲ့ လူသားမျိုးနွယ် အတွက်…"
ချန်းဖန်သည် ထိုမျှ ရယ်စရာကောင်းသည့် လိမ်ညာမှုမျိုးအား တစ်ကြိမ်မျှ မကြားခဲ့ဖူးချေ။
သွေးဘိုးဘေး ရိန်းဟာ့ကား သန့်စင်သော အမှောင် သွေးမျိုးဆက် တစ်ယောက် ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အမှောင် စွမ်းအားများနှင့် သူ၏ နာမည်ရှိ "ဘွန်" ဟူသော စကားလုံးသည် သွေးမျိုးဆက် ဖြစ်ကြောင်းကို သက်သေခံနေ၏။
"အမှောင် သွေးမျိုးဆက်တွေက လူသားမျိုးနွယ်ရဲ့ ရန်သူပဲ ... မင်းက အသက်ရှင်သန်ဖို့ အတွက် လူသားတွေကို စားသောက်ရတယ် ... ဟမ့် ဒါတောင် လူသားမျိုး အတွက်ဆိုပြီး ပြောရဲသေးတယ်"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
ရိန်းဟာ့၏ နှုတ်ခမ်းမှ ဖော်ရွေသော အပြုံးများက ပျောက်ကွယ် သွားကာ သွေးရောင် မျက်လုံးများက မှေးစင်းသွား၏။
"ချန်းပေ့ရွှမ်း.. သင်ရွေးကို ရွေးချယ်ရမယ် ... နေမလား သေမလား"
ရိန်းဟာ့က ချန်းဖန်အား စူးစိုက်ကြည့်ရင်း အေးစက်စွာ ဆိုလိုက်၏။ ထို့နောက် သူက ခေါင်းကို မော့ရင်း တရှုံ့ရှုံ့ အနံ့ခံလိုက်သည်။
"အနံ့လေးက မွှေးနေတာပဲ ... ဝိညာဉ်ချီနဲ့ စွမ်းအား ... ဒါက မြေကမ္ဘာ အဆင့်ရဲ့ သွေးလား ... ဒီသွေးကိုသာ သောက်လိုက်ရရင် ငါက ဒဏ္ဌာရီထဲက သွေးနတ်ဘုရား အဆင့်ကို ရောက်သွားမှာ သေချာတယ်"
ရိန်းဟာ့သည် တံတွေးပင် မျိုချလိုက်မိ၏။ သို့သော်လည်း သူသည် ချန်းဖန်က သူ့အား တူညီသော အတွေးဖြင့် ပြန်ကြည့် နေသည်ကိုမူ မမြင်နိုင်ခဲ့ချေ။
"ချန်းပေ့ရွှမ်း ... မစ္စတာ ရိန်းဟာ့ကတောင် ငါတို့ ဂြိုဟ်ကို ကာကွယ်ပေးဖို့ ဆန္ဒရှိတယ် ... နင်က လူသား တစ်ယောက် လုပ်နေပြီးတော့ ခေါင်းရှောင်နေတာ အရှက် မရှိဘူးလား"
အနောက်တိုင်းမှ ရွှေရောင်ဆံပင် ပိုင်ရှင် နိုင်ငံရေး အကြံပေး တစ်ယောက်က ချန်းဖန်အား ဖိအားပေးရန် ကြိုးစားသည်။
သို့သော်လည်း ချန်းဖန်က ထိုမိန်းမကို အဇူရာ ဓားနှင့် ထက်ပိုင်းပိုင်း၍သာ မိတ်ဆက် ပေးလိုက်သည်။ သူမ၏ မျက်လုံးများကား သေသည့်တိုင် အံ့အားသင့်ခြင်းဖြင့် ပြူးကျယ်နေဆဲ ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်းမှာ တိတ်ဆိတ် သွားကြသည်။ သူတို့သည် ချန်းဖန် ထိုသို့ ပြုလုပ်မည်ဟု လုံးဝ မထင်ထားခဲ့ကြချေ။
သူကား မိန်းမ တစ်ယောက်ကို တုံ့ဆိုင်းခြင်း မရှိ သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း သူ့တွင် ထိုကဲ့သို့ လုပ်ရန် စွမ်းအား ရှိသည်။ မည်သူမျှ မေးခွန်း မထုတ်ဝံ့ကြချေ။
"မစ္စတာ ချန်းပေ့ရွှမ်း…"
ဗြိတိသျှ ကိုယ်စားလှယ်က ချန်းဖန်အား တစ်ခုခု ပြောရန် ပြင်လိုက်၏။
ချမ်းဖန်က သူ့အား ဂရုမစိုက်ပဲ လက်နှစ်ဖက်ကိုသာ နောက်သို့ ပစ်လိုက်သည်။
"မင်း စကားတစ်ခွန်း ပြောရင် ငါ မင်းရဲ့ မိသားစုနဲ့ ဗြိတိသျှ အစိုးရဝင်တွေ အားလုံးကို သတ်မယ်"
ဗြိတိသျှ ကိုယ်စားလှယ်၏ မျက်နှာက ဖြူရော်သွားသည်။ သူ၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ရီနေသော်လည်း စကားလုံး တစ်လုံးမှ ထပ်မံ ထွက်မလာခဲ့ချေ။
လူများစွာသည် ချန်းဖန်မှာ မည်ကဲ့သို့ လူစားဖြစ်ကြောင်း အမှန်ပင် မေ့လျော့ နေကြသည်။ ချန်းဖန်သည် ထောင်ပေါင်း များစွာသော လူသွေးများဖြင့် ပေကျံနေသော လက်များ၏ ပိုင်ရှင် ဖြစ်သည်။
ထိုသို့သော လူမျိုးက အဘယ်သို့ အကြောင်းပြချက်ဖြင့် လူသားမျိုးနွယ်၏ အန္တရာယ်ကို ဂရုစိုက်မည်နည်း။ ထိုသို့သော လူမျိုးက အဘယ်သို့ အကြောင်းပြချက်ဖြင့် လူသားမျိုးနွယ် အတွက် ကိုယ့်ကိုယ်ကိုယ် စတေးမည်နည်း။
လူတိုင်းက ရိန်းဟာ့အား ကြည့်လိုက်ကြသည်။ ယခု အချိန်၌ ရိန်းဟာ့သည်သာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။
"ချန်းပေ့ရွှမ်း သင်က အနောက်တိုင်းရဲ့ နိုင်ငံရေး အကြံပေး တစ်ယောက်ကို သတ်ခဲ့တဲ့ အပြင် ငါတို့ရဲ့ အကြံပြုချက်ကိုပါ လျစ်လျူခဲ့တယ် ... ငါတို့ဘက်က အစွမ်းကုန် လိုက်လျော့ပြီးပြီ ... သင့်ကို ဖမ်းပြီး ခွန်ရှု့ နယ်မြေရဲ့ လူတွေလက်ကို လွှဲပေးဖို့ပဲ ကျန်တော့တယ်"
ရိန်းဟာ့က ရွေးချယ်စရာ မရှိတော့ဟန် သက်ပြင်း တစ်ချက် ချလိုက်သည်။
"သတ်…"
ချန်းဖန်သည် ထိုသွေးမျိုးဆက်ကို ဂရုမစိုက်ချေ။ သူသည် ကောင်းကင် ဝါးမျိုခြင်း ပန်းချီကို မလေ့ကျင့်ခင်ကပင် ထိုမိစ္ဆာကို အလွယ်လေး အနိုင်ယူနိုင်သည်။
"ဘုန်း…"
ချန်းဖန်က သူ၏ လက်ကို ဆန့်ထုတ်ကာ ရိန်းဟာ့ဆီသို့ ရိုက်ချလိုက်၏။
"ဟူး…"
ရိန်းဟာ့ကလည်း သွေးရောင် အလင်းတန်း အသွင်သို့ ပြောင်းလဲကာ အသံထက် သုံးဆ မြန်သော နှုန်းဖြင့် ချန်းဖန်ကို တုံ့ပြန်သည်။
သွေးရောဖြစ်သော အမှောင်မြို့စား ပင်လျှင် အသံ၏ အမြန်နှုန်းကို ချိုးဖျက်နိုင်ရာ ... ရာစုနှစ်များစွာ ရှင်သန်ခဲ့သည့် သန့်စင်သော သွေးမျိုးဆက် တစ်ယောက် အနေဖြင့် ရိန်းဟာ့၏ ခန္ဓာကိုယ်မှာ အလွန်ပင် အစွမ်းထက်သည်။
"သေလိုက်တော့…"
သွေးရောင် အလင်းက ရိန်းဟာ့၏ မျက်လုံး၌ လင်းလက်လာကာ သူ၏ ပါးစပ်တွင်လည်း သူ၏ ဖြူဖွေးသော အစွယ် နှစ်ချောင်းကလည်း ပေါ်ထွက်လာ၏။
သူ၏ နူးညံ့ညင်သာသော လက်များကလည်း ရုတ်တရက် ကြွက်သား အပြိုင်းပြိုင်းဖြင့် ကြီးထွားလာကာ လက်သည်း များကလည်း ရှည်လျား ချွန်ထက်လာသည်။
"ဟူး…"
ရိန်းဟာ့က သူ၏ လက်သည်းများကို လေထဲသို့ မြှောက်ရင်း ချန်းဖန်၏ နှလုံးသား ဆီသို့ ဦးတည်လိုက်သည်။
အမှောင် သွေးမျိုးဆက်များကား မွေးရာပါ သန်မာသော မျိုးနွယ်များ ဖြစ်သည်။ သူတို့သည် မည်သည့် ကျင့်ကြံခြင်း ကျင့်စဉ် နည်းစနစ်ကိုမှ အသုံးပြုစရာ မလိုချေ။
"ရဲ့ချင်စန်းက လမ်းလျှောက်ဖို့ သင်နေတဲ့ လေးဘက်သွား ကလေးပဲ ... သူ့ကို နိုင်ရုံနဲ့ ဘဝင်မြင့် မနေနဲ့ ... အစစ်အမှန် မြေကမ္ဘာ အဆင့်ရဲ့ စွမ်းအားက မင်းသိထားတာထက် အများကြီး ပိုတယ်"
ရန်းဟာ့၏ မျက်လုံးများက ပိုမို၍ တောက်ပလာ၏။ တစ်ချိန်တည်းတွင်ပင် သူ၏ သွေးလက်သည်းများက ချန်းဖန်၏ နှလုံးသားကို ကုတ်ဆွဲသည်။
"ဘုန်း…"
ချန်းဖန်က လက်ဝါးကို မြှောက်လိုက်သည်။ လက်ဝါးက အဇူရာ အလင်းနှင့် ရွှေရောင် သင်္ကေတများကို သယ်ဆောင်ကာ ရိန်းဟာ့၏ လက်သည်းများကို တားဆီး၏။
"ဘုန်း…"
ချန်းဖန်၏ လက်ဝါးနှင့် ထိတွေ့ရာတွင် ရိန်းဟာ့၏ လက်သည်းများက ကျိုးကြေကာ နောက်သို့ မီတာထောင်ချီသည် အထိ ဆုတ်ခွာလိုက်ရသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ ... ဘာလို့ သူ့ ခန္ဓာကိုယ်က အရမ်း အစွမ်းထက် ရတာလဲ"
ရိန်းဟာ့က သူ၏ ကျိုးကြေနေသော လက်သည်းများကို ငုံ့ရင်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
သို့သော်လည်း သူကား ကြောက်ရွံ့စိတ် မဖြစ်မိချေ။
အမှောင် သွေးမျိုးဆက်၏ သန့်စင်သော မျိုးဆက် တစ်ယောက် အနေဖြင့် သူ၏ ပြန်လည် ကုသနိုင်စွမ်းက အမြင့်ဆုံး အဆင့်တွင် ရှိသည်။ ထိုသို့သော ဒဏ်ရာကို ကုသရန်က သူ့အတွက် မျက်တောင် တစ်ခပ်စာသာ လိုသည်။
"ငါ သင့်ကို အထင်သေးမိတာပဲ ... ချန်းပေ့ရွှမ်း ... သင့်မှာ ဒီလောက် အစွမ်းထက်တဲ့ ခန္ဓာကိုယ် ဘယ်လို ရှိနေလဲတော့ ငါမသိဘူး ... ဒါပေမဲ့ သင့်ရဲ့ သွေးကိုသာ သောက်လိုက်ရင်တော့ ငါ သွေးနတ်ဘုရား အဆင့်ကို တက်လှမ်းနိုင်မှာ သေချာတယ် ... ဟားဟား…"
သွေးဘိုးဘေးက နှုတ်ခမ်းကို သပ်ရင်း အော်ဟစ် ရယ်မောလိုက်သည်။
ယခုအချိန်၌ သူ၏ လူကြီးလူကောင်း ဆန်ပြီး ယဉ်ကျေးသော အပြုအမူများကား လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ သူသည် လူသားအရေခွံ ခြုံထားသည့် နတ်ဆိုး တစ်ယောက်ပင် မဟုတ်ပါလား။
"ငါ့အတွက်လည်း ... မင်းကို ဖမ်းနိုင်ရင် ကောင်းကင် ဝါးမျိုခြင်း ပန်းချီကို အောင်မြင်မှာ သေချာတယ်"
ချန်းဖန်က ရိန်းဟာ့အား ကြည့်ရင်း ပြန်လည် ပြောလိုက်၏။
"ဘုန်း ... ဘုန်း ... ဘုန်း…"
ရိန်းဟာ့က ခန္ဓာကိုယ်အား လှည့်ပတ်လိုက်ရာ လေထဲ၌ သူ၏ ပုံတူ ကိုယ်ပွားများစွာ ပေါ်လာခဲ့သည်။ ထိုကိုယ်ပွား တစ်ခုချင်းစီသည် ကြောက်မက်ဖွယ် စွမ်းအားဖြင့် ပြည့်နှက်နေပြီး မူလခန္ဓာထက် အားနည်းခြင်း မရှိချေ။
"ပုံရိပ်ယောင်လေးတွေနဲ့ ငါ့ကို သတ်ချင်တာလား…"
ချန်းဖန်က နှာခေါင်းရှုံ့ရင်း လက်သီးကို ဆန့်ထုတ်လိုက်သည်။ ထိုလက်သီးသည် မည်သည့် အစီအရင်၊ နည်းနစ်ကိုမှ အသုံးပြုထားခြင်း မရှိသည့် သာမန် လက်သီး တစ်ခုသာ ဖြစ်သည်။
"ဘုန်း…"
အမတေချီက လေထဲ၌ ဖြစ်ပေါ်လာကာ ရွှေရောင် အလင်း အသွင်ဖြင့် သွေးဘိုးဘေး၏ ပုံတူများကို ထိ၏။
"ဘုန်း…"
ထိုလက်သီးချက်သည် ပုံရိပ်ယောင် အားလုံးကို အပိုင်းပိုင်း အစစ ဖျက်ဆီးကာ နောက်ဆုံး၌ ရပ်နေသော သွေးဘိုးဘေးထံ တိုးဝင်သည်။
"သင် ငါ့ရဲ့ သွေးအရိပ်တစ်ထောင် နည်းစနစ်ကို ဘယ်လို ဖြတ်မြင်နိုင်တာလဲ"
သွေးဘိုးဘေးက ချန်းဖန်၏ လက်သီးချက်ကို ပွတ်ကာသီကာ ရှောင်ရင်း အံ့ဩတကြီး မေးလိုက်သည်။
"မင်းက ငယ်ပါသေးတယ်ကွာ…"
ချန်းဖန်၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်ကာ ရိန်းဟာ့၏ အရှေ့၌ ပြန်ပေါ်လာ၏။ ထို့နောက် သူက ပုရွက်ဆိတ် တစ်ကောင်ကို နင်းခြေသည့် အလား ညာခြေထောက်ကို မြှောက်၍ ရိန်းဟာ့အား ကန်လိုက်သည်။
ချန်းဖန်၏ ခြေထောက်မှ အဇူရာ အလင်းများ တောက်ပလာကာ မရေမတွက်နိုင်သော ရွှေရောင် သင်္ကေတများ ဖြစ်ပေါ်လာသည်။
"ဘုန်း…"
ချန်းဖန်၏ ခြေထောက်က တောင်ကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် ရှေးဟောင်း ဆင်ကြီး တစ်ကောင်၏ ခြေထောက်အလား သွေးဘိုးဘေးကို နင်းချေသည်။
"မလုပ်နဲ့…"
ရိန်းဟာ့က သွေးများကို ထွေးထုတ်ရင်း သူ၏ လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ လက်သည်းများက ရှည်လျားလာကာ သံမဏိများ အလား ချွန်ထက်လာသည်။ သူ၏ ထိုလက်သီးများကို အသည်းအသန် မြှောက်ကာ ချန်းဖန်၏ ခြေထောက်အား တားဆီးလိုက်သည်။
"ဘုန်း…"
ချင်ချန်းတောင် တစ်ခုလုံး တဆတ်ဆတ် တုန်ရီသွား၏။ တစ်ချိန်တည်းတွင်ပင် ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်လာ၍ တိုက်ပွဲနေရာ၌ ဖုန်များ၊ မြူမှုန်များဖြင့် ဖုံးလွှမ်းသွားသည်။
"ဘာဖြစ်သွားပြီလဲ…"
လူတိုင်းက စိတ်ဝင်တစားဖြင့် စောင့်ကြည့် နေကြသည်။
မြင်ကွင်း ပြန်လည် ရှင်းလင်းလာသည့် အချိန်၌ ... သူတို့ မြင်တွေ့ရသည့် တစ်ခုတည်းသော အရာအား မတ်တတ် ရပ်နေသည့် ချန်းဖန် ဖြစ်သည်။ သွေးဘိုးဘေးမှာမူ အစအန ရှာမရအောင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေ၏။
***