← Chapters

လိုက်ပွဲပြေးပွဲ

Vol. 111 Ch. 1541

လိုက်ပွဲပြေးပွဲ

Vol. 111 Ch. 1541

လှည့်စားထားသည့် ပုံရိပ်နှစ်ခုကို လျစ်လျူရှုကာ နောက်မှ လိုက်လာသည့် ထျန်းရီဝူကို ကြည့်ရင်း နာရှင်းရီ စိတ်အတွင်းမှ ညည်းတွားလိုက်မိသည်။ လင်းမင်၏ လွတ်မြောက်အောင် ထွက်ပြေးနိုင်စွမ်း၊ ကျူးဟိုင်၏ ကြောက်မက်ဖွယ် ခွန်အားနှင့် ထျန်းရီဝူ၏ ဉာဏ်ရည်ဉာဏ်သွေးတို့ကြောင့် သူမ မယုံကြည်နိုင်လောက်အောင် စိတ်တိုနေခဲ့သည်။ သို့သော်လည်း... သူမ၏ စိတ်အနှောင့်အယှက်ဖြစ်မှု အများစုက ထျန်းရီဝူကြောင့်ပင် ဖြစ်သည်။

မိန်းကလေးမှာ ပုံရိပ်ယောင်များကို ဆက်လက် ထိန်းသိမ်းရန် စွမ်းအင် အကုန် မခံတော့ချေ။ ၎င်းတို့မှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားကာ ယင်စွမ်းအင်များက တစ်ခဏ အတွင်း အချိန်နှင့် အာကာသကို ဖြတ်ကျော်ရင်း သူမထံသို့ ရောက်ရှိလာခဲ့၏။

ဝှစ်...

နာ့ရှင်းရီ၏ ခါးရှိ မမြင်နိုင်သည့် ကြိုးက အနည်းငယ် တုန်ခါသွားခဲ့သည်။ နာ့ရှင်းရီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ပုံသေ၊ တည်ငြိမ်နှင့် အပျက်အစီး အာကာသကို ဖြတ်သန်း၍ ရွေ့လျားလာသည့် လှိုင်းတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းက ထန်ရှင်းယွင်နှင့် လင်းကျိရန်တို့ နှစ်ဦးစလုံးကို ထုတ်ဖော် ပြသလိုက်သည်။ ထိုနှစ်ယောက်မှာ သူမနှင့်အတူ လှုပ်ရှားနေ၏။ သူတို့၏ ခါးများတွင်လည်း ကြိုးကဲ့သို့ ယင်မြူခိုးများ ပတ်ချည်ထားခဲ့သည်။

ရွှစ်...

ရုတ်တရက်... ရွှေရောင် မြူခိုး ဓားရောင်ခြည် တစ်ခုမှာ ကြိုးထံ ဝင်ရောက်လာကာ လှီးဖြတ်လိုက်၏။ ကြိုးမှာ ကြာရှည်ခံခြင်း မရှိပဲ ပြတ်တောက် သွားခဲ့သည်။ နာ့ရှင်းရီ၏ အမူအရာက ပြောင်းလဲသွားခဲ့ကာ လက်နှစ်ဖက်ကို ဆန့်တန်းရင်း ခန္ဓာကိုယ်ကို တစ်ချက် လှည့်ကာ ထန်ရှင်းယွင်ထံ ဦးတည်၍ ညင်သာစွာ ရိုက်ချလိုက်သည်။

ထန်ရှင်းယွင်မှာ လက်ရှိ အချိန်အထိ ဝေဝေဝါးဝါး အခြေအနေ အတွင်းမှာပင် ရှိနေသေးဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးများက လင်းမင်၏ အော်ရာအပေါ်တွင်သာ ကပ်ညိနေပြီး သူ၏ ပြန်လည် အသက်ဝင်လာမှုက စိတ်သက်သာရာ ရသည့် ခံစားချက် တစ်ခု ရရှိစေရန် ကြိုးစား စီမံနေသည်။ မသိလိုက်ခင်မှာပင် မိန်းကလေးမှာ နောက်ထပ် အသက်ဘေး အန္တရာယ် တစ်ခုနှင့် ရင်ဆိုင် နေခဲ့ရပြန်ပြီ ဖြစ်သည်။

ရွှမ်း...

ရွှေရောင် မြူခိုး ဓားအလင်း ပင်လယ် တစ်ခုမှာ ထန်ရှင်းယွင်ကို ရိုက်ခတ် သွားခဲ့၏။ မိန်းကလေးမှာ အနည်းငယ် တုန်ခါသွားကာ လည်ပင်း နေရာတွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုခံစားမှုကြောင့် သူမ၏ မျက်လုံးများမှာ ပြူးကျယ် သွားခဲ့ကာ လည်ပင်းကို အလိုလို ထိကြည့် လိုက်မိသည်။ ထိုအခါ သူမ၏ လည်ပင်းတွင် ရှရာလေး တစ်ခုကို တွ့လိုက်ရ၏။ ထိုနေရာတွင် သွေးစသွေးနများ မရှိပဲ ပျက်စီးနေသည့် ရွှေရောင် မြူခိုးဓားအလင်း အရိပ်အငွေ့တစ်ချို့ကိုသာ တွေ့ရှိရသည်။

“...”

ထျန်းရီဝူ၏ မျက်လုံးများမှာ နောက်တစ်ကြိမ် တောက်ပလာပြန်၏။ ထိုမိန်းမ...

သူမက အစွန်းရောက်ယန်ကို ထုတ်ဖော်ရန်အတွက် အစွန်းရောက်ယင်ကို အသုံးပြုခဲ့ကာ သူ အသစ်ပုံဖော်ထားသည့် တိုက်ခိုက်မှုကို ပျက်ပြယ်စေခဲ့သည်။ သူမ၏ အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းနှင့် တုံ့ပြန်မှု အရှိန်အဟုန်က ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထိပ်တန်းအဆင့်ဖြစ်သည်။ ထိုမိန်းမကို မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် သူ၊ ဝေ့ဝူယင်တို့နှင့် အဘယ်ကြောင့် နှိုင်းယှဉ်ကြသည်ကို နောက်ဆုံး၌ ထျန်းရီဝူ နားလည် သွားခဲ့ပြီ ဖြစ်သည်။

ထျန်းရီဝူ အံ့ဩနေသည့် တစ်ချိန်တည်းတွင်ပင် နာ့ရှင်းရီမှာလည်း အလားတူပင် တုန်လှုပ်နေခဲ့သည်။ သတ္တမမြောက် မင်းသားမှာ သူမ၏ အစွန်းရောက်ယင် လျှို့ဝှက်ချက် တစ်ပိုင်းတစ်စကို မျက်တောင် တစ်ခပ်စာမျှ မကြာသေးသည့် အချိန် အတွင်းမှာပင် ရှာဖွေ တွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။

အစွန်းရောက်ယင် စွမ်းအားသည် ယန်ကို ပယ်ပျက်စေနိုင်သလို ယန်ကြောင့်လည်း ပျက်ပြယ်နိုင်သည်။ ထို့ကြောင့်ပင် တိုက်ခိုက်လိုပါက ယင်ကို အခြေခံ အဖြစ် အသုံးပြုရန် လိုအပ်သည်။ မဟုတ်ပါက ဒြပ်ထုရှိသည့် သတ္တဝါ တစ်ကောင်ကို သတ်ဖြတ်ရန် ကြိုးစားနေသည့် မထိတွေ့နိုင်သော သရဲတစ္ဆေ တစ်ကောင်နှင့် ဆင်တူ ပေလိမ့်မည်။

နာ့ရှင်းရီထံတွင် ယင်ကို မွေးမြူရန်အတွက် ယန်ကို အတင်းအကြပ် ပေါင်းစပ်သည့် နည်းလမ်းများစွာ ရှိသည်။ ထို့ကြောင့်ပင် ယန်ကို တိုက်ခိုက်မှု အဖြစ် အသုံးပြုခြင်းမှာ သူမကို ကျွေးမွေး နေသကဲ့သို့ပင် ဖြစ်သည်။ ယန်မှာ ကာကွယ်ရေးအတွက် အသုံးပြုရန် အကောင်းဆုံး ဖြစ်သကဲ့သို့ ယင်ကို တိုက်ခိုက်ရေးအတွက် အသုံးပြုခြင်းသည်လည်း အလားတူပင် အကောင်းဆုံး ဖြစ်သည်။

တိုက်ကွက် အနည်းငယ်အတွင်းမှာပင် ထျန်းရီဝူမှာ သူမ၏ အားသာချက်များနှင့် အားနည်းချက်များကို တိကျစွာ သိရှိသွားခဲ့သည်။ ထိုအချက်က သူ၏ ကျင့်ကြံခြင်း အပေါ် နားလည်ထားမှုများနှင့် ထိုးထွင်း သိမြင်နိုင်စွမ်းတို့ မည်မျှ မြင့်မားလှကြောင်း ဖော်ပြ နေခဲ့သည်။ ဘယ်လောက်တောင် ထူးဆန်းလိုက်သည့် မိစ္ဆာနည်း။

သူတို့ နှစ်ဦး တစ်ယောက်၏ နည်းလမ်းများ အပေါ် အခြားတစ်ယောက်က ထိတ်လန့် အံ့ဩနေစဉ်မှာပင် လင်းမင်မှာ အရှိန်အဟုန်ဖြင့် ထွက်ပြေး နေခဲ့ပြီ ဖြစ်သည်။

"ချီးပဲ..."

ရှေးဟောင်း ရွေးချယ်ခံ စိတ်ထဲမှ အော်ဆဲ လိုက်မိ၏။ လက်ရှိ သူ၏ အခြေအနေက အားနည်းချက် များစွာ ရှိကြောင်း သဘောပေါက် ပေသည်။

“တစ်ယောက်ချင်း ဆိုရင်တောင် ငါ သူတို့ကို ပြန်တိုက်နိုင်လိမ့်ဦးမယ်... အခု သူတို့က သုံးယောက်... ငါက တစ်ယောက်တည်း... နောက်ပြီး ငါက ဝိညာဉ်လမ်းစဉ်နဲ့ လုံးဝ သဟဇာတ ဖြစ်သေးတာ မဟုတ်ဘူး...”

လင်းမင် နံရံထံသို့ အရှိန်အဟုန် ပြင်းစွာ ပြေးလွှားရင်း တွေးတော နေမိ၏။ သူက လက်ရှိအခြေအနေကို သုံးယောက်တစ်ယောက်ကြောင့်ဟု သတ်မှတ်ကာ အကြောင်းပြ နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း နာ့ရှင်းရီ၏ လှပသော ပုံရိပ်ကို တွေးလိုက်မိသော အခိုက်၌ သူ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လာခဲ့ကာ အပူဓာတ် တစ်မျိုးကို ခံစားလိုက်ရသည်။ မသိစိတ်မှ အပူတစ်မျိုးသည် ထိုနေရာတွင် မြင့်တက်လာခဲ့သည်။

ထျန်းရီဝူ၏ ဓားအလင်းနှင့် ထိတွေ့လုနီးပါး အချိန်တွင် ထိုမိန်းကလေး၏ ယင်စွမ်းအင်များက သူ့ကို ကယ်တင်ပေးခဲ့သည်။ ထို့အပြင်... သူမမှာ ထန်ရှင်းယွင်ကို ထျန်းရီဝူ၏ တိုက်ခိုက်မှုများမှ အဆက်မပြတ် ကာကွယ်ပေးခဲ့သည်။ လင်းမင်၏ လက်သည်းချက်ကို တားဆီးကာ သူ့ကို အဝေးသို့ ပစ်လွှတ်လိုက်သည့် တစ်ကြိမ်လည်း ရှိပေသေးသည်။ သူမက သူ့ဘက်တော်သား တစ်ယောက်လော။

ရုတ်တရက် ထာဝရကမ္ဘာ စွန့်စားခန်း အဆင့်တွင် ထန်ရှင်းယွင် ပြောပြခဲ့သည့် အချက်တစ်ချက်ကို လင်းမင် ပြန်လည် သတိရလိုက်မိသည်။ အစွန်းရောက်ယင် နတ်မိမယ်မှာ သူမ၏ မူလယင် ပျက်စီးမှုကို ဖုံးကွယ်ပေးရန် အတွက် များစွာ ကူညီပေးခဲ့သည်ဟု ဆိုသည်။

လင်းမင် ကိုယ့်ဘာသာ လိုရာ ဆွဲတွေးရင်း စိတ်သက်သာရာ ရသွားခဲ့၏။ ထန်ရှင်းယွင်ကို နာ့ရှင်းရီက ကာကွယ်ပေးနေခဲ့ပြီ ဖြစ်လေရာ သူက ကျူးဟိုင်နှင့် ထျန်းရီဝူတို့ကိုသာ အဝေးသို့ ခေါ်ဆောင်သွားဖို့ လိုအပ်ပေသည်။ နာ့ရှင်းရီကိုတော့ နောက်မှ သူ ကျေးဇူးပြန်ဆပ်ရပေမည်။ သူ့ဘဝတစ်ခုလုံး ပေးဆပ်၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ထိုအတွေးနှင့် အတူ လင်းမင်၏ မျက်လုံးများမှာ လင်းလက် လာခဲ့လေ၏။

ဝေါင်း...

ရုတ်တရက်... လင်းမင်၏ ဝိညာဉ် အမြုတေမှာ ပြင်းထန်စွာ ခုန်လာခဲ့ကာ သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။ သူ မူလလှံတံကို ခိုင်မြဲစွာ ဆုပ်ကိုင်ရင်း ဝိညာဉ်အာရုံမှ တစ်ဆင့် ကျူးဟိုင် သူ့အပေါ်သို့ ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။ ထိုဆီးရီးယပ် မျိုးနွယ် ဝံပုလွေမှာ ရိုင်းစိုင်း ခက်ထန်လှည့် အစွယ်နှင့် လက်သည်များကို အသင့်ပြင်ကာ သူ့အပေါ် ခုန်အုပ် နေခဲ့ပြီ ဖြစ်သည်။

လင်းမင် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ ကျူးဟိုင်ကို ရင်ဆိုင်လိုက်၏။ သူက တန်ပြန် တိုက်ခိုက်မှု တစ်ခုကို လုပ်ဆောင်တော့မည် ဖြစ်သည်။ သူ့ ခန္ဓာကိုယ် အတွင်းရှိ ဆန်းကြယ်မူလမှာ လှည့်ပတ်သွားခဲ့ကာ ဝိညာဉ် စွမ်းအင် တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းက မူလလှံတံထဲသို့ တိုးလျှိုးဝင်ရောက်သွားကာ လျှို့ဝှက် ဝိညာဉ်များကိုပင် တုန်လှုပ်စေသည့် အော်ရာ တစ်မျိုးကို ထုတ်လွှတ် လိုက်လေသည်။

ရွှမ်း...

ထိုအခိုက်တွင်ပင် ဓားဟိန်းသံ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာကာ ခါးသီးမှုပင်လယ်ကို ရွှေရောင်အလင်းဖြင့် စွန်းထင်းသွားစေ၏။

ကျူးဟိုင်၏ လက်သည်းများမှာ ဘုရားသခင်၏ ခွန်အားဖြင့် လင်းမင်ထံ ဦးတည်ကာ ရိုက်ချလိုက်သည်။ သို့သော်လည်း... လက်သည်းနှင့် လှံတို့ ထိပ်တိုက် တွေ့တော့မည့် အချိန်တွင်ပင် နူးညံ့၊ သိမ်မွေ့၍ မြူခိုးများ အလား ထင်ရသည့် ရွှေရောင် ဓားအလင်းမှာ စိတ်ကူးမယဉ်နိုင်လောက်သော အရှိန်ဖြင့် ကျူးဟိုင်ကို ဖုံးအုပ်သွားခဲ့သည်။

ဝှစ်...

လင်းမင်ကတော့ လျှပ်စီး အလင်းတစ်ချက်ကိုသာ မြင်လိုက်ရကာ ကျူးဟိုင်မှာ သူ့ အာရုံခံစားမှုများမှ ပျောက်ကွယ်သွားခဲ့၏။ သူ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ ကျူးဟိုင်မှာ မိုင်ဒါဇင်ပေါင်း များစွာ အကွာအဝေး၌ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများက သွေးမီးတောက် မီးလျှံများနှင့် ပြည့်နှက်နေကာ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ပြန်လာ နေခဲ့၏။

လင်းမင် အခြား တစ်ဖက်သို့ ပြန်လည် ကြည့်လိုက်ရာ ထျန်းရီဝူနှင့် နာ့ရှင်းရီတို့ တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ ပထမတစ်ဦးက ထန်ရှင်းယွင်ဆီသို့ ဓားအလင်းများ ပစ်လွှတ်၍ သတ်ဖြတ်ဖို့ ကြိုးစားနေကာ နာ့ရှင်းရီက ၎င်းကို ကာကွယ်နေသည်။

လင်းမင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သို့သော်လည်း... ထျန်းရီဝူမှာ ကျူးဟိုင်နှင့် အဘယ်ကြောင့် တိုက်ခိုက်ဖို့ ကြိုးပမ်းနေသည်ကို သူ မသေချာပေ။ သတ္တမမြောက် မင်းသားမှာ ကျူးဟိုင် သူ့အား သတ်ဖြတ်သွားမည်ကို မလိုလားသည်လော။ သို့မဟုတ်... သူ ကိုယ်တိုင် သတ်ဖြတ်ချင်သည်လော။

ထိုကဲ့သို့ဆိုလျှင်တော့ သူ သတ္တမမြောက် မင်းသားကိုရော၊ ဆီးရီးယပ် ငွေရောင် ဝံပုလွေတို့ပါ စိတ်ပျက်စေရတော့မည် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူက ဤနေရာတွင် အသက် သေဆုံးရန် ရည်ရွယ်ချက် မရှိသောကြောင့်ပင်။

ဝှစ်...

လင်းမင် သူ၏ အစွမ်း အထက်ဆုံးသော လှုပ်ရှားမှု ကျင့်စဉ်ကို ဖော်ထုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်က လျှပ်စီး အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲသွားကာ ခါးသီးမှု ပင်လယ်ကို အရှိန်အဟုန်နှင့် ဖြတ်ကျော် သွားခဲ့တော့သည်။

ထျန်းရီဝူက နာ့ရှင်းရီနှင့် တိုက်ခိုက်နေရင်း ကျူးဟိုင်နှင့် လင်းမင်တို့ကို လှမ်းကြည့်လိုက်ည်။ ထိုနှစ်ယောက် ပိုင်ဆိုင်ထားသည့် စွမ်းအားများကို သူ တိကျစွာ ခံစားနိုင်သည်။ လင်းမင်မှာ သေမျိုး အကန့်အသတ်ထက် ကျော်လွန်နေသည့် ဝိညာဉ်လမ်းစဉ် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူက ဆန်းကြယ်မူလနှင့် ဝိညာဉ် အမြုတေတို့၏ စွမ်းအားများကို နားလည်စွာ အသုံးမချနိုင်သည်မှာ အလွန် ရှင်းလင်း လှပေသည်။

သူ့ကို ဝိညာဉ်သခင် တစ်ဦး ဖြစ်လာစေရန် လမ်းပြပေးခဲ့သူမှာ ရည်ရွယ်ချက် သန္ဓေ မမှန်ကန်ခြင်း ဖြစ်နိုင်သလို သူ ကိုယ်တိုင် မသိနားမလည်ပဲ သင်ကြားပေးခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ ဝိညာဉ် သခင် တစ်ဦး အနေဖြင့် ဝိညာဉ်လမ်းစဉ် အပေါ် အာရုံစိုက်ရန် အဘယ်ကြောင့် သင်ကြား မပေးခဲ့သနည်း။

လင်းမင်၏ လှုပ်ရှားမှုတိုင်းမှာ သာမန် ကျင့်စဉ်ခြင်း လမ်းစဉ်နှင့် ရုပ်ခန္ဓာ စွမ်းအင်များ အပေါ်တွင်သာ အခြေခံ နေခဲ့သည်။ တစ်တောက်လျှောက်လုံး၌ သူက ဝိညာဉ်ကျင့်စဉ် နည်းလမ်းတစ်ခုကိုမျှ အသုံးပြု မသွားခဲ့ပါချေ။

အကယ်၍ သူတို့ နှစ်ဦး ထိပ်တိုက် ရင်ဆိုင်ခဲ့လျှင် ကျူးဟိုင်မှာ လင်းမင်ကို တစ်ခဏ အတွင်းမှာပင် သတ်ပစ်လိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် လင်းမင်၏ ဝိညာဉ် အမြုတေနှင့် ဆန်းကြယ်မူလကို မပျက်အစီး ရယူပိုင်ဆိုင်နိုင်ခွင့် ဆုံးရှုံးသွားပေလိမ့်မည်။ ထိုအရာက နာ့ရှင်းရီနှင့် ထျန်းရီဝူတို့ နှစ်ဦးစလုံး စိုးရိမ် ပူပန်သည့် အရာ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ နှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက် ဝင်ရောက် တားဆီးခဲ့ကြခြင်း ဖြစ်သည်။

***

All Chapters