← Chapters

လိုက်ပွဲပြေးပွဲ (၃)

Vol. 111 Ch. 1543

လိုက်ပွဲပြေးပွဲ (၃)

Vol. 111 Ch. 1543

လေထုမှာ သွေးရနံ့များဖြင့် ထူမွှန်နေ၏။ စိတ်ပျက် အားငယ်မှု၊ မလိုလားမှု၊ စိတ်ဆိုး ဒေါသထွက်မှုနှင့် မုန်းတီးမှုတို့ ပြည့်နှက်နေသည့် အော်ဟစ်သံများမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့ နေခဲ့သည်။

ယီယွင်မှာ ဒူးထောက် ထိုင်နေခဲ့ကာ သူ၏ လက်ချောင်းများက စကျင်ကျောက်သား ကြမ်းပြင်ကို တုန်ယင်စွာ ထိနေခဲ့သည်။ သူ့ မျက်လုံးများ အတွင်းမှ မျှော်လင့်ချက်များမှာ ပျောက်ဆုံး သွားခဲ့၏။ သူ၏ နှုတ်ခမ်းများမှ သွေးများ ယိုစိမ့်နေကာ နှာခေါင်းမှလည်း သွေးများမှာ စီးကျနေသည်။ မျက်ရည်များမှာ သူ့ မျက်ဝန်းများ အတွင်း ပိုးပိုးပေါက်ပေါက် ကျဆင်းနေ၏။ အော်ဟစ်သံများမှာ သူ့ နှလုံးသား အတွင်း မိုးကြိုး ထစ်ချုန်း နေသကဲ့သို့ ထွက်ပေါ် နေခဲ့သည်။

သူနှင့် မီတာ အနည်းငယ်ခန့် အကွာတွင်တော့ ပုံရိပ် နှစ်ခုမှာ အလွန် နီးကပ်စွာ ရှိနေခဲ့သည်။ သူတို့၏ ပတ်လည်ရှိ လေထုက အလွန်ပင် အေးစက်နေကာ ပွက်ပွက်ဆူနေသည့် အလား ထူးဆန်းသည့် အသံများကို ထုတ်လွှတ် နေခဲ့၏။

အဝေးတစ်နေရာတွင်တော့ ပုံရိပ် နှစ်ခုမှာ ၁၂ ခုမြောက် နံရံ အပေါက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ တစ်ချိန်တည်း၌ အခြား ပုံရိပ် နှစ်ခုမှာ ကောင်းကင်ယံတွင် ပျံသန်းလျှက် ရှိ၏။

ထိုပုံရိပ်အားလုံး၏ အထက်ကောင်းကင်တွင်တော့ အခြား ပုံရိပ် တစ်ခုမှာ တည်ငြိမ်စွာ ရပ်ရင်း ဖြစ်ပျက်ခဲ့သမျှကို စောင့်ကြည့် နေခဲ့သည်။ သူက လေးပင်ရှည်လျားသည့် သက်ပြင်းတစ်ချက်ကို ချလိုက်၏။

“အမှားတစ်ခုက အကျိုးဆက် အားလုံးကို ဖြစ်လာစေခဲ့တာပဲ... နောင်တနဲ့ အတူ ဘဝတစ်ခု အဆုံးသတ်ကိုတောင် ဦးတည် သွားစေခဲ့တယ်”

သူက တီးတိုး ရေရွတ်လိုက်၏။ သူ၏ လေသံက သံဝေဂတရားများနှင့် ပြည့်နှက် နေခဲ့သည်။ ထိုအရာ အားလုံးမှာ လွန်ခဲ့သည့် လေးဆယ့်ကိုး စက္ကန့်က စတင်ခဲ့ခြင်း ဖြစ်ပေသည်။

...

လွန်ခဲ့သည့် လေးဆယ့်ကိုး စက္ကန့်က...

“ရပ်လိုက်...”

လင်းမင် စိုးရိမ်တကြီး အော်ဟစ်လိုက်၏။ အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေသည့် သူ၏ ဝိညာဉ် အမြုတေမှာ ပြင်းထန်စွာ ခုန်နေခဲ့သည်။ လင်းမင် ကျင့်ကြံခြင်း အခြေခံကို အရှိန်အဟုန် ပြင်းစွာ လှည့်ပတ်လိက်ရင်း ဝိညာဉ် စွမ်းအားများကို ရှေ့သို့ တွန်းပို့လိုက်၏။ စိတ်ကူးပင် မယဉ်နိုင်လောက်သည့် ကြောက်မက်ဖွယ် ခွန်အား တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာကာ လောက တစ်ခုလုံးကို တုန်ဟီး သွားစေခဲ့သည်။

ကံမကောင်း အကြောင်းမလှစွာပင် သူ ရွေ့လျားရန် ကြိုးပမ်းလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်း အခြေခံက အေးခဲသွား၏။ ခန္ဓာကိုယ်မှာလည်း ရပ်တန့်သွားခဲ့သည်။ ရုတ်ချည်းပင် ကြောက်မက်ဖွယ် ဝိညာဉ် အလင်းများမှာ သူ့ ဝိညာဉ် အမြုတေမှ ပန်းထွက်လာခဲ့သည်။ ထိုအလင်းများက အေးခဲနေကာ ဖိနှိပ်မှု၊ ထိန်းချုပ်မှု စွမ်းအားများနှင့် ပြည့်နှက် နေခဲ့၏။

"ဘာလဲ..."

ခန္ဓာကိုယ် အတွင်းရှိ ဆန်းကြယ် မူလ လှည့်ပတ်မှုက ရပ်တန့်သွားသည်ကို လင်းမင် ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ ဝိညာဉ် အမြုတေနှင့် အပြန်အလှန် တုန့်ပြန်ကာ လေင်ကြွမ်းခြင်း လုပ်ငန်းစဉ်ကို တင်းအကြပ်ပင် ရပ်တန့် လိုက်သည်။ ၎င်းအား အသိစိတ်ဖြင့်ပင် တွန်းလှန်လို့ မရလေရာ လင်းမင် အရူးတစ်ပိုင်း ဒေါသထွက် လာခဲ့၏။

နာ့ရှင်းရီမှာ ဝိညာဉ်၏ ဝိညာဉ် အမြုတေ ငြိမ်းသတ်ခံလိုက်ရကြောင်း တွေ့မြင် သွားခဲ့၏။ သူမ၏ လှပသည့် မီးခိုးရောင် မျက်လုံးများမှာ လျှို့ဝှက် ဆန်းကြယ်သည့် အလင်း တစ်ချို့ဖြင့် တောက်ပလာခဲ့သည်။ သူမ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ ထန်ရှင်းယွင်ကို ပိုမို နီးကပ်သည် အထိ ဆွဲခေါ်လိုက်၏။ ထို့နောက် သူမကို ပခုံးမှ တစ်ဆင့် ဆုပ်ကိုင်လိုက်သည်။

ထန်ရှင်းယွင်မှာ ပြန်လည် သတိရခါစ အခြေအနေ တစ်ခုသို့ ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ နာ့ရှင်းရီက သူမ၏ ခန္ဓာကိုယ်ကို ယင်ဝတ်ရုံ တစ်ခုဖြင့် လွှမ်းခြုံလိုက်၏။ ထို့နောက် သူမ၏ အာကာသ ပဲ့တင်သံလှိုင်းများကို ထိတွေ့လိုက်သည်။

နာ့ရှင်းရီ၏ လုပ်ဆောင်ချက်များကို လှမ်းကြည့်ရင်း ထျန်းရီဝူ၏ မျက်လုံးများမှာ ထိတ်လန့်မှုဖြင့် လင်းလက်သွားခဲ့၏။

မဟာ အာကာသ ပေါင်းစည်းခြင်း...

ဝိညာဉ်ဆင်တု အဆင့် တစ်ယောက် အတွက် ကွင်းဆယ့်သုံးကွင်မှာ အကန့်အသတ် ဖြစ်သည် ဆိုလျှင် အာကာသ ပဲ့တင်သံ အဆင့်အတွက် မဟာ အာကာသ ပေါင်းစည်းခြင်းမှာလည်း အထွတ်အထိပ်ဟု ဆိုနိုင်ပေသည်။ ၎င်းကို ရရှိရန် အတွက် အကြွင်းမဲ့ ခိုင်မာသည့် အခြေခံ အုတ်မြစ် တစ်ခုကို လိုအပ်သည်။ နာ့ရှင်းရီ ၎င်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။

မဟာ အာကာသ ပေါင်းစည်းခြင်းမှာ အာကာသ ဥပဒေသ မျိုးစေ့ကို သဘာဝ အတိုင်း ဖန်တီး ပုံဖော်နိုင်ရန် အဓိက လိုအပ်ချက်များထဲမှ တစ်ခု ဖြစ်သည်။ နာ့ရှင်းရီ အနေဖြင့် အာကာသ ဥပဒေသ မျိုးစေ့ကို မဖန်တီးနိုင်သေးလျှင်ပင် အနာဂတ်၌ အလားအလာ များစွာ ရှိနေခဲ့ပြီ ဖြစ်သည်။

“နင် ဒီကနေ ထွက်သွားတော့...”

နာ့ရှင်းရီက ပြောလိုက်၏။ အာကာသ ပဲ့တင်သံလှိုင်း ယင်စွမ်းအင် တစ်ခုက ထန်ရှင်းယွင်၏ ကိုယ်ခန္ဓာ အတွင်း တိုးဝင်သွားခဲ့သည်။

နာ့ရှင်းရီ ထျန်းရီဝူကို တစ်ချက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက နှိုင်းယှဉ်၍မရနိုင်အောင် တည်ငြိမ်လာကာ ထန်ရှင်းယွင်ကို လင်းမင် ဖွင့်ထားသည့် ၁၂ ခုမြောက် နံရံ အပေါက် အတွင်း ပစ်လွှတ်လိုက်လေသည်။

ထျန်းရီဝူ နာ့ရှင်းရီကို လှမ်းကြည့်ရင်း လျှင်မြန်စွာ တွက်ချက်လိုက်၏။ ကြည့်ရသည်က အစွန်းရောက်ယင် နတ်မိမယ်ထံတွင် လင်းမင်၊ ထန်ရှင်းယွင်တို့နှစ်ဦးစလုံးနှင့် နက်ရှိုင်းသော ဆက်ဆံရေး တစ်ခု ရှိနေသည့်ပုံ ရသည်။ ထို့ကြောင့်ပင် သူတို့ နှစ်ဦး စလုံးကို ပြင်းပြင်းထန်ထန် ကာကွယ်နေခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် အင်ပါယာ ကလန်မှာတုန်းကလည်း နာ့ရှင်းရီမှာ ထန်ရှင်းယွင်၏ မူလယင် ပျက်စီးမှုကို ဖုံးဖိရန် ကူညီပေးခဲ့သေးသည်။

ကျူးဟိုင်၏ တိုက်ခိုက်မှုကို တားဆီးရင်း နာ့ရှင်းရီ၏ မျက်နှာ ဖြူရော် သွားခဲ့သည်ကို ထျန်းရီဝူ ပြန်လည် အမှတ်ရလိုက်မိသည်။ အကယ်၍ သူမ အနေဖြင့် ကျူးဟိုင်၏ ကြမ်းတမ်း ခက်ထန်သော ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို တားဆီးလိုလျှင် များစွာ ရုန်းကန်ရပေလိမ့်မည်။ သူတို့၏ တိုက်ပွဲက အချိန်ကြာမြင့်နိုင်ပေသည်။

လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ မျက်တောင်တစ်ခပ်စာမျှ အချိန် အတွင်းမှာပင် ထျန်းရီဝူမှာ အခြေအနေများကို သုံးသပ်ရင်း အလျှင်အမြန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထန်ရှင်းယွင်သာ အနက်ရောင် လမ်းကြောင်းမှ ထွက်ခွာကာ နားခိုမှု ဆိပ်ကမ်းကို ပြန်လည် ရောက်ရှိသွားခဲ့ပါက သူမက လုံခြုံ သွားလိမ့်မည် ဖြစ်သည်။ နောက်တစ်ကြိမ် အခွင့်အရေး ရဖို့အတွက်လည်း သူမက တတိယမြောက် အဆင့်ကို ရောက်ရှိနိုင်လိမ့်မည်ဟု သူ မထင်ချေ။

စဉ်းစားနေသည့် တစ်ချိန်တည်းတွင်ပင် ထျန်းရီဝူ ကျင့်ကြံခြင်း အခြေခံကို လှည့်ပတ်လိုက်၏။ ရွှေရောင်နှင့် ငွေရောင် အလင်းများမှာ သူ့ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် လျင်မြန်မှုနှင့် အတူ ထန်ရှင်းယွင်နောက်သို့ လိုက်ပါသွားခဲ့လေသည်။

နာ့ရှင်းရီမှာ ထျန်းရီဝူကို အမှုမထားပါချေ။ သူမက သူ့ ဆုံးဖြတ်ချက်ကို ကြိုးတင် ခန့်မှန်း ထားခဲ့ပြီး ဖြစ်ပုံ ပေါ်သည်။ မိန်းကလေးက လင်းကျိရန်ကို အတူ ခေါ်ဆောင်ရင်း အားပြတ်နေသည့် လင်းမင်ဆီသို့ ပျံသန်းသွားခဲ့၏။

လင်းကျိရန်၏ မျက်ဝန်းများမှာ ၁၂ ခုမြောက် နံရံဆီ ဦးတည် ရွေ့လျားနေသည့် ထန်ရှင်းယွင်ကို လှမ်းကြည့်နေခဲ့၏။ ထို့နောက် သူမ ခါးသီးစွာ ပြုံးလိုက်လေသည်။

ကျောင်းရှုလင်းမှာ အလွန်ပင် အားနည်းနေသည်။ သူမမှာ ခွန်အားကို တိုးမြှင့်ရန် အတွက် ကျင့်ကြံခြင်း အခြေခံအား လောင်ကြွမ်းပစ်သည့် နည်းလမ်း တစ်မျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သူမ၌ ရှိသမျှ အရာ အားလုံးကို ရင်းနှီးကာ မြှားတစ်စင်းကို ပစ်လွှတ်ခဲ့သည်။ ထိုမြှားက လင်းမင်ကို ကယ်တင်နိုင်ခဲ့ကြောင်း သူမ သိသည်။ မြှားမှာ ရိုင်းစိုင်း ရက်စက် လွန်းလှသည့် ရှို့ရန်ကို ဘာမှ မလုပ်နိုင်ခဲ့သည့်တိုင် ကျေနပ်မှု လှိုင်းတစ်ခုမှာ သူမ၏ နှလုံးသား အတွင်း တိုးဝင်လာခဲ့သည်။

ကံဆိုးစွာပင် ထိုအခိုက်၌ ကျူးဟိုင်မှာ ဘိုးဘေး ဆန္ဒနှင့် ရောနှောကာ ထုံထိုင်းသည့် အခြေအနေ တစ်ခုတွင် တည်ရှိနေခဲ့သည်။ သူ၏ ရည်ရွယ်ချက်က သားကောင်ကို သတ်ဖြတ်ရန် ဖြစ်သည်။ သားရဲတို့၏ ဗီဇအတိုင်းပင် သူ့ထံ ဦးတည်နေသည့် သတ်ဖြတ်လိုမှု အငွေ့အသက်များကို ခံစားမိသည်နှင့် ကျူးဟိုင်မှာ အလိုအလျောက်ပင် တုန့်ပြန်လာခဲ့သည်။ သူက ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီ ဖြစ်သည်။

သူမထံ ခုန်ဝင်လာသည့် ကျူးဟိုင်ကို ကြည့်ရင်း‌ ကျောင်းရှုလင်း၏ ခန္ဓာကိုယ်မှာ အေးခဲ သွားခဲ့၏။ အသက်စွမ်းအင်ကိုပင် လောင်ကြွမ်း၍ မြှင့်တင်ထားသည့် ဝိညာဉ်အာရုံနှင့် အတူ ကျူးဟိုင် ရွေ့လျားလာသည်ကို သူမ ရှင်းလင်းစွာ တွေ့မြင်နေရပေသည်။

လူများမှာ သေဆုံးခြင်းကို ခံစားရသည့် အခိုက်၌ အရာအားလုံးကို နှေးကွေးစွာ မြင်လာနိုင်သည်ဟု ယုံကြည်မှု တစ်ခု ရှိသည်။ ယခု ထိုအချင်းအရာကို ကျောင်းရှုလင်း ကိုယ်တိုင် ခံစားနေခဲ့ရပြီ ဖြစ်သည်။

သွေးများအလား ရဲရဲနီနေသည့် မျက်လုံးများနှင့် ရက်စက် ရိုင်းစိုင်းလှသော ရှို့ရန်မှာ သူမထံ အလွန် နှေးကွေးသည့် အရှိန်ဖြင့် ရွေ့လျား လာနေသည်။ သူမ စိတ်ထဲမှ အကြိမ်ကြိမ် ဘေးသို့ ခုန်ရှောင် နေမိ၏။ သို့သော်လည်း... ခန္ဓာကိုယ်က မလှုပ်။

တကယ် လက်တွေ့၌ ထိုအရာ အားလုံးက မျက်တောင်တစ်ခပ်၊ လျှပ်တစ်ပြက်စာ၏ ဆယ်ပုံပုံ တစ်ပုံမျှ အတွင်း ဖြစ်ပျက် နေခဲ့ခြင်း ဖြစ်ပေသည်။ အားအင် ကုန်ခမ်းနေသည့် အချိန်သခင် တစ်ယောက် မဆိုထားနှင့်...။ ထိပ်တန်း အဆင့် ကြယ်တာရာ သခင် တစ်ယောက်ပင် အချိန်မှီ တုန့်ပြန်ဖို့ မဖြစ်နိုင်ပါချေ။

"ငါ..."

ကျောင်းရှုလင်း သူမ ဘဝ၏ နောက်ဆုံးသော ဝါကျကို ပြောဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း... ကျူးဟိုင်မှာ ထိုအရာကို ခွင့်မပြုပါချေ။

ရွှမ်း...

***

All Chapters