ဝိညာဉ်မှတ်တမ်း
Vol. 111 Ch. 1545
ထျန်းရီဝူ၏ မျက်လုံးများမှာ ဒေါသ အငွေ့အသက်များနှင့် လင်းလက် သွားခဲ့သော်လည်း နောက်ဆုံး၌ သူ ဒေါသကို ထိန်းချုပ်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ခေါင်းခါလိုက်၏။
“မင်း လုပ်ခဲ့တာကို ငါ သိတယ်...”
သူက ပြောလိုက်၏။ ထန်ရှင်းယွင် မျက်ခုံးများကို ပင့်လိုက်မိသည်။
“ကျွန်မ ဘာလုပ်ခဲ့လို့လဲ...”
“...”
ထျန်းရီဝူက ဘာမှ ပြန်မပြောပဲ ကြယ်တရာ အလင်းများနှင့် တောက်ပနေသည့် ရွှေရောင် ပုရပိုက် တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ဧကရာဇ် တစ်ပါး၏ အမိန့် အာဏာစက်နှင့် သန့်စင်ထား သကဲ့သို့ သန့်စင်သည့် အော်ရာကို ထုတ်လွှတ် နေခဲ့၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်သားတို့ အတွက်တော့ ၎င်းက သံသယ ဖြစ်စရာ မလိုပါချေ။
ဧကရာဇ် အမိန့်တော်...။
မှန်ပေ၏။ ၎င်းမှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ နှုတ်ထွက် စကားလုံးများကို ကိုယ်စားပြုနေသည့် ဧကရာဇ် အမိန့်တော်ပင်။
"ခမည်းတော်က ငါတို့ရဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းခိုင်းခဲ့တယ်... အတည်ပြု ရက်စွဲကိုလည်း အမှတ်အသားပြုထားတယ်"
သူက ပြောလိုက်ရင်း ပရပိုက်ကို ထန်ရှင်းယွင် လက်ထဲ ထည့်ပေးလိုက်သည်။ မိန်းကလေးမှာ မယုံကြည်နိုင်စွာဖြင့် ၎င်းကို လှမ်းယူလိုက်၏။ ရက်စွဲကို ကြည့်လိုက်သော အခိုက်၌ သူမ၏ အမူအရာက အလွန် ဖြူရော်သွားခဲ့သည်။ ၎င်းမှာ လင်းမင်နှင့် သူမ၏ ဆက်ဆံရေးတို့ မတိုင်မီ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဖြစ်သည်။
ထျန်းရီဝူက ရှင်းပြလိုက်၏။
"ခမည်းတော်က ငါနဲ့ မင်း ပထမဆုံး တွေ့ပြီး သိပ်မကြာခင်မှာပဲ ဒါကို ရေးခဲ့တာ... နောက်ပြီး သူက ငါ့ကို တာဝန်တစ်ခု ပေးခဲ့တယ်... အဲဒီ တာဝန် ပြီးမြောက်ရင် ဒါကို ကြေညာနိုင်တယ်လို့ ပြောခဲ့တယ်"
"တာဝန်ဟုတ်လား"
ထန်ရှင်းယွင်က မေးလိုက်၏။
"သိပ်အရေးကြီးတဲ့ တာဝန် မဟုတ်ပါဘူး... မျှော်လင့် မထားတဲ့ အတားအဆီးတွေ ကြုံခဲ့ရပေမဲ့ ဆယ်စုနှစ်နဲ့ချီ အားထုတ်ပြီးတဲ့နောက်မှာ ငါ အဲဒါကို ပြီးမြောက်ခဲ့တယ်... အချိန်မီ အဆုံးသတ်နိုင်တဲ့ အတွက်လည်း ငါ စိတ်သက်သာရာ ရခဲ့တယ်... ဒါပေမဲ့ ငါ တာဝန် ပြီးမြောက်တဲ့ အကြောင်း အစီရင်ခံချိန်မှာ မင်းရဲ့ လုပ်ရပ်တွေကို ပြန်ပြီး ကြားခဲ့ရတယ်... ပထမတော့ ငါ မယုံခဲ့ဘူး... ဒါပေမဲ့ အင်ပါယာ အကြံပေးက ငါ့ကို ဝိညာဉ်ကျောက်စိမ်း မှတ်တမ်းတစ်ခု ပြခဲ့တယ်"
"ဝိညာဉ်မှတ်တမ်း..."
ထန်ရှင်းယွင်၏ ဖျော့တော့နေသော အသားအရည်မှာ လုံးဝ ဖြူဖွေးသွားတော့၏။ သူတို့က ၎င်းကို မည်ကဲ့သို့ ရရှိခဲ့သနည်း။ တစ်ချိန်လုံး သူတို့က သူမ နောက်ကို လိုက်နေခဲ့သလော။ သို့မဟုတ်... လင်းမင် နောက်ကို လိုက်နေခဲ့ကြသလော။
အမှန်တကယ်တွင်တော့ ၎င်းမှာ တိုက်ဆိုင်မှု တစ်ခုမျှသာ ဖြစ်သည်။ ထိုအချိန်က အင်ပါယာ မျိုးနွယ်မှာ ဝေ့ဝူယင်နှင့် ပတ်သက်သည့် အင်အားစုများ၊ အထူးသဖြင့် အာဏာရှင် အဖွဲ့ဝင်များ အကြောင်း အချက်အလက်များကို စုဆောင်းရန် ကြိုးပမ်း နေခဲ့သည်။ ၎င်းက ပုံမှန် ထောက်လှမ်းရေး လုပ်ငန်းတစ်ခုသာ ဖြစ်သည်။ ဤသို့နှင့် အာဏာရှင် အဖွဲ့ဝင်များ အများဆုံး သွားရောက်ရာ ရွှေရောင်စစ်ပွဲ လောကနယ်မြေမှာ သူတို့ အတွက် စိတ်ဝင်စားစရာ နယ်မြေတစ်ခု ဖြစ်လာကာ ထိုနေရာရှိ ဖြစ်ရပ်တိုင်းကို မှတ်တမ်းတင်ခဲ့ကြသည်။
"ကျွန်မ..."
ထန်ရှင်းယွင်မှာ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့ကြ၏။ သို့သော်လည်း ထျန်းရီဝူမှာ ထိုမျှနှင့် ရပ်တန့် မသွားခဲ့ချေ။ သူက ဝိညာဉ်ကျောက်စိမ်းတစ်ခုကို ထုတ်ယူကာ သိမ်းဆည်းထားသည့် ပုံရိပ်ကို ပြသလိုက်၏။ ၎င်းသည် လင်းမင်နှင့် ထန်ရှင်းယွင်တို့ နှစ်ယောက် အလင်းရောင် မှိန်မှိန် ဂူတစ်ခုထဲတွင် စိတ်အားထက်သန်စွာ သက်ဝင်လှုပ်ရှား နေသည့် ပုံရိပ်များကို ပြသထားခဲ့သည်။ ဝိညာဉ်ကျောက်စိမ်းမှာ မည်သည်ကိုမှ ဖုံးကွယ် မထားပဲ အရာအားလုံးကို ပြသခဲ့နေခဲ့၏။
ယောက်ျားသား တစ်ဦး အတွက် သူနှင့် စေ့စပ်ထားသည့် မိန်းကလေးကို အခြား အမျိုးသားတစ်ဦးနှင့် ထိုကဲ့သို့ တွေ့မြင်ရခြင်းကား စကားလုံးများဖြင့် ဖော်ပြ၍မရသည့် ကိစ္စတစ်ခု ဖြစ်သည်။ အဆိုးထဲမှ အကောင်း တစ်ခုက ထန်ရှင်းယွင်မှာ လက်ရှိ အချိန်အထိ သူ၏ ဇနီးဖြစ်မလာသေးခြင်း ဖြစ်သည်။ ထို့အပြင်... သူတို့ကြား၌ ရင်းနှီးသည့် ဆက်ဆံရေးမျိုးလည်း မရှိပါချေ။ သူတို့နှစ်ယောက်မှာ တစ်ကြိမ်သာ ဆုံတွေ့ဖူးသည့် သူစိမ်းများ ဖြစ်ကြသည်။
"ကျွန်မ... ကျွန်မ မသိခဲ့ဘူး"
ထန်ရှင်းယွင်က ပြောလိုက်၏။ ပထမဆုံး တွေ့ဆုံခဲ့ပြီး ကတည်းက ထျန်းရီဝူမှာ စေ့စပ်မှုကို ပယ်ဖျက်ရန် နည်းလမ်း မျိုးစုံဖြင့် တစ်ချိန်လုံး ကြိုးစားနေခဲ့ခြင်း ဖြစ်ကြောင်း သူမ သဘောပေါက် သွားခဲ့သည်။
သို့သော်လည်း... သူမ၏ စကားလုံးများက ထျန်းရီဝူ အတွက် ငြိမ်းချမ်းရေးကို မဆောင်ကြဉ်း နိုင်ခဲ့ပါချေ။ ထို့အစား... သူ့နှလုံးသား အတွင်းရှိ ဒေါသမီးကျီမီးရဲကိုပင် ပိုမို၍ လှုံ့ဆော်ပေးနေသယောင် ရှိသည်။ မသိခဲ့ဘူး... ဟုတ်သလော။
"ဒါဆို ငါတို့ စေ့စပ်ထားတာကိုရော မင်း မသိခဲ့တာလား.... မင်းက ငါ့ရဲ့ ဇနီး ဖြစ်လာနိုင်တာကို မင်း မသိခဲ့တာလား... ဘာဆိုဘာမှ မသိခဲ့တဲ့ အတွက် အခြား ယောက်ျားတစ်ယောက်ရဲ့ အိပ်ခဲ့တာလား”
ထျန်းရီဝူ၏ သတ်ဖြတ်လိုစိတ်များမှာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ၎င်းက မည်ကဲ့သို့ တုန့်ပြန်မှုမျိုးနည်း။ မပြောပြခဲ့သည့် အတွက် သူ့ကိုပါ ပြန်လည် အပြစ်ဖို့ နေသည်လား။
ထျန်းရီဝူ ထန်ရှင်းယွင်နှင့် အဓိပ္ပာယ်မရှိသော စကားများ ဆက်လက်ပြောဆိုရန် ဆန္ဒမရှိတော့ချေ။ သူက နောက်ဖက်ရှိ နံရံ အပေါက်ဆီ လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးများက ထူးဆန်းသော အလင်းရောင်များဖြင့် လင်းလက်နေကာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ပြုံးလိုက်သည့် အခါတိုင်း ထျန်းရီဝူမှာ ကြယ်တာရာများကိုပင် မှေးမှိန်သွားစေလောက်အောင် ချောမောသူ ဖြစ်သည်။
ထန်ရှင်းယွင်မှာ တိတ်ဆိတ်နေခဲ့၏။ သို့သော်လည်း... သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက ဇောချွေးများနှင့် စိုရွှဲ နေခဲ့သည်။ မိခင် ဖြစ်သူ ပေးလိုက်သည့် ကာကွယ်ရေး အဆောင်ကို သူမ တိတ်တဆိတ် ထုတ်ယူဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း... သိုလှောင် လက်စွပ်နှင့် လုံးဝ ချိတ်ဆက်၍ မရသည်ကို တွေ့ရှိ လိုက်ရသည်။ ထျန်းရီဝူက အပြုံးမပျက်ပါချေ။
“ဒီနေရာက ထူးခြားတယ်... အထဲမှာ ကိုယ်ပိုင် နေရာလွတ် ပါတဲ့ လက်စွပ်တွေက လွဲရင် ဘယ်လို သိုလှောင် လက်စွပ်မျိုးကိုမှ ချိတ်ဆက်လို့ ရမှာ မဟုတ်ဘူး”
မိန်းကလေး၏ အမူအရာက သရဲတစ္ဆေ တစ်ကောင်ကို တွေ့မြင်လိုက်ရသလို ဖြူရော် သွားခဲ့သည်။
"အချိန်တန်ပြီ"
ထျန်းရီဝူက တည်ငြိမ်စွာ ပြောလိုက်၏။ ထို့နောက်တွင်တော့ ဓားဟိန်းသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့တော့သည်။
...
ထိုအရာများ ဖြစ်ပျက်နေစဉ်တွင် နာ့ရှင်းရီမှာ လင်းမင်အနားသို့ ရောက်ရှိလာခဲ့သည်။ ရှေးဟောင်း ရွေးချယ်ခံမှာ အံ့အားသင့်သွားခဲ့သော်လည်း နာ့ရှင်းရီ ဖြစ်သည်ကို သဘောပေါက်လိုက်သော အခါ စိတ်သက်သာရာ ရသွားခဲ့၏။ နာ့ရှင်းရီမှာ ထန်ရှင်းယွင်ကို အာကာသ ကျင့်စဉ် တစ်ခု အသုံးပြု၍ အပြင်သို့ ပို့လွှတ်ပေးခဲ့သည်။ ထို့အပြင်... သူ့ကို ထျန်းရီဝူနှင့် ကျူးဟိုင်တို့၏ တိုက်ခိုက်မှုများမှ အကြိမ်ကြိမ် ကာကွယ်ပေးခဲ့သည် အကယ်၍ သူမသာ မရှိခဲ့ပါက သူ အခြေအနေမှာ ပိုမို ကြောက်စရာကောင်းလိမ့်မည်။
နာ့ရှင်းရီက လင်းမင်နှင့် အလွန် နီးကပ်လာခဲ့၏။ သူတို့ နှစ်ယောက်ကြားတွင် တစ်ပေခန့်သာ ကွာဝေးပေတော့သည်။ သူမ၏ လှပသော မျက်လုံးများက လင်းမင်၏ ကျင့်ကြံခြင်း အခြေခံကို အသေးစိတ် စစ်ဆေး နေခဲ့၏။
လင်းမင်မှာ နာ့ရှင်းရီ၏ အလှကြောင့် တစ်ခဏမျှ မှင်သက်သွားခဲ့သည်။ မိန်းကလေးမှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်းအောင် လှသည်။ ထို့အပြင် ထူးခြားသည့် ကိုယ်သင်းနံ့ တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ လင်းမင် ရင်တဒိတ်ဒိတ် ခုန်လာကာ သွေးစီးဆင်းမှုများမှာ ပိုမို မြန်ဆန်လာခဲ့၏။
"ရှုလင်းကို ကယ်ပေးပါ..."
သူက ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ တောင်းဆိုလိုက်သည်။ နာ့ရှင်းရီက ဘေးကို တစ်ချက်မျှ စောင်းကြည့်လိုက်၏။ ထိုအခိုက်၌ ကျူးဟိုင်မှာ ကျောင်းရှုလင်းထံသို့ ခုန်ဝင်နေဆဲ ရှိသေးသည်။ ထို့နောက် သူမက လင်းမင်ဘက်သို့ ပြန်လှည့်လိုက်၏။
"ကောင်းပြီ"
စကားတစ်လုံးတည်း...။ သို့သော်လည်း နတ်ဘုရားမ တစ်ပါး ကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ကြီးမားသည်။ နာ့ရှင်းရီ၏ ယင်စွမ်းအင် အော်ရာက လှည့်ပတ်လာကာ ထွက်ခွာရန် အဆင်သင့် ပြင်နေသကဲ့သို့ ခံစားရ၏။
လင်းမင် အလွန် စိတ်သက်သာရာ ရသွားခဲ့သည်။ နာ့ရှင်းရီမှာ သူမ၏ ယင်ဓားအလင်းကို အသုံးပြု၍ ကျောင်းရှုလင်းထံ ရောက်ရှိကာ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် သူမကို ကယ်တင်နိုင်တော့မည် ဖြစ်သည်။
ဝှစ်...
ရုတ်တရက် လင်းမင်မှာ ရင်ဘတ်ဆီမှ အေးမြသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရသည်။ သူ အောက်ကို ငုံ့ကြည့်လိုက်၏။ ထိုအခါ အပြစ်အနာအဆာ ကင်းမဲ့လှသည့် လက်တစ်ဖက်မှာ သူ၏ ရင်ဘတ် အတွင်း တိုးဝင်ကာ ဝိညာဉ် အမြုတေကို ဆုပ်ကိုင်ထားကြောင်း မြင်တွေ့လိုက်ရတော့သည်။
***