ထျန်းရီဝူ၏ ဂရုဏာ
Vol. 111 Ch. 1546
"မင်း..."
လင်းမင်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှု၊ ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက် သွားခဲ့တော့၏။ နာ့ရှင်းရီမှာ စကားတစ်ခွန်းမှ မပြောပဲ သူ့ထံမှ ယုံကြည်မှု ရရှိစေရန် လှည့်ဖြား ရယူသွားခြင်း ဖြစ်ကြောင်း လင်းမင် နောက်ဆုံး၌ သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။
မည်မျှ ကောက်ကျစ်စဉ်းလဲလိုက်သနည်း။ မည်မျှ ရက်စက် ကြမ်းကြုတ်လိုက်သနည်း။ ရှေးဟောင်း ရွေးချယ်၏ မျက်ဝန်းများမှာ ထန်ရှင်းယွင်နှင့် ထျန်းရီဝူတို့ ဝင်ရောက်သွားခဲ့သည့် အပေါက်ကို လှမ်းကြည့်လိုက်သည်။ သူမ လုံခြုံပါ၏လော။ သူနှင့် တွေ့ဆုံချိန်တိုင်း အမြဲတမ်း နှစ်လိုဖွယ် ပြုံးနေတတ်သည့် သူမ၏ မျက်နှာလေးကို သူ ပြန်လည် မြင်ယောင်လာမိသည်။
သူမ လုံခြုံရမည်။ သူမ လုံခြုံမှ ဖြစ်ပေလိမ့်မည်။
လင်းမင်၏ အတွေးများမှာ မယုံနိုင်စရာ ကောင်းလောက်အောင် အရှိန်အဟုန်ဖြင့် ပြေးလွှား နေခဲ့သည်။ သို့သော်လည်း... ၎င်းမှာ အချိန်ကို ရပ်တန့်စေဖို့ အတွက်တော့ အထောက်အကူ မဖြစ်ခဲ့ပါချေ။ နာ့ရှင်းရီ၏ လက်ချောင်းများမှာ သူ့ရင်ဘတ်ထဲမှ ဝိညာဉ် အမြုတေကို ကြမ်းတမ်းစွာ ဆွဲထုတ်လိုက်၏။
လင်းမင်၏ မျက်လုံးများက အလင်းရောင်များနှင့် တောက်ပနေသည့် ဝိညာဉ် အမြုတေ အပေါ် ကျရောက် သွားခဲ့သည်။ သူ၏ ခြေလှမ်းများမှာ ယိုင်နဲ့ သွားခဲ့၏။ ဝိညာဉ် အမြုတေ ထုတ်ယူခံလိုက်ရပြီ ဖြစ်လေရာ မကြာခင် မိုင်မိုက်သည့် သေခြင်းတရား ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သူ သိပေသည်။ ခံပြင်းခြင်း၊ ဒေါသထွက်ခြင်း၊ မချင့်မရဲ ဖြစ်ခြင်း စသည့် ခံစားချက် မျိုးစံက လင်းမင်၏ စိတ်တစ်ခုလုံးကို လွှမ်းခြုံ လာခဲ့၏။
သို့သော်လည်း...
နာ့ရှင်းရီမှာ ဝိညာဉ် အမြုတေကို ထုတ်ယူပြီးနောက် လင်းမင်ကို စူးစမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများက မနှိုင်းယှဉ်သာလောက်အောင် တည်ငြိမ် နေခဲ့၏။
“နင့်ရဲ့ ဝိညာဉ် အမြုတေက နင့်ရဲ့ဟာ မဟုတ်ဘူး... မဟုတ်သေးဘူး အဲဒီလို ပြောရင် အတိအကျတော့ မမှန်ဘူး... နင်က အစစ်အမှန် ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူး”
နာ့ရှင်းရီက စဉ်းစဉ်းစားစားဖြင့် ပြောလိုက်၏။
“ဘာလဲ...”
လင်းမင်မှာ နာ့ရှင်းရီ ပြောနေသည့် အရာကို နားလည်နိုင်စွမ်း မရှိပါချေ။ သို့သော်လည်း... မိမိကိုယ်ကို သေဆုံးတေ့မည်ဟု ယုံကြည်နေလေရာ သူ၏ စိတ်က အလွန်ပင် ကြည်လင် ရှင်းလင်း နေခဲ့သည်။ ရုတ်တရက် နှလုံးသား နေရာကို အစားထိုးထားသည့် ဝိညာဉ် အမြုတေ ထုတ်ယူခံခဲ့ရပြီး ဖြစ်သည့်တိုင် သူ မသေသေးကြောင်း သဘောပေါက်လိုက်သည်။ မည်ကဲ့သို့နည်း။
ထိုအချက်ကို သဘောပေါက်သွားခဲ့သော်လည်း နာ့ရှင်းရီ ဘာကိုဆိုလိုကြောင်း သူ နားမလည်နိုင်ပါသေးချေ။ သို့သော်လည်း နာ့ရှင်းရီ၏ မျက်ခုံးများကတော့ အနည်းငယ် တွန့်ကွေးသွားခဲ့၏။
"ငါ နားလည်ပြီ..."
သူမ ခေါင်းကို လှည့်ရင်း ကျူးဟိုင်ကို ကြည့်လိုက်သည်။ လင်းမင် ရှုလင်း ဟု ခေါ်ခဲ့သည့် မိန်းကလေးကတော့ သွေးမှုန်များ အဖြစ် ပြောင်းလဲကာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ အာဏာရှင် အင်ပါယာ၏ လက်သည်းနှင့် အစွယ်များမှာ မီလီစက္ကန့်တိုင်း၌ ကောင်းကင်ကိုပင် တုန်လှုပ်စေသည့် အသွင်ပြောင်းလဲမှုများကို ခံစားနေရသည့်ဟန် ရသည်။
နာ့ရှင်းရီက ဝိညာဉ် အမြုတေကို လင်းမင် မြင်သာအောင် ပြလိုက်၏။ ထို့နောက် သူမက ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ ခပ်မြန်မြန်ပင် ပြောလိုက်သည်။
"တစ်ယောက်ယောက် သူ့ရဲ့ ကိုယ်ပိုင်အကျိုးအတွက် နင့်ကို ဝိညာဉ်မီးဖို အဖြစ် ပြောင်းလဲပစ်ခဲ့တယ်...အဲဒါရဲ့ အဓိပ္ပာယ်ကို နင် သိလား"
လင်းမင်မှာ စိတ်ရှုပ်ထွေး သွားခဲ့၏။ နာ့ရှင်းရီက အဘယ်ကြောင့် ထိုစကားများကို ပြောနေရသနည်း။ သူမက ဝိညာဉ် အမြုတေကို လိုချင်ခဲ့တာ မဟုတ်လော။ ယခု လိုချင်သည့် အရာကိုလည်း ရရှိခဲ့ပြီ မဟုတ်ပါလော။ သူမက အဘယ်ကြောင့် ဤနေရာတွင် ဆက်ရှိနေရသနည်း။
လင်းမင်၏ မျက်ဝန်းများ အတွင်းရှိ စိတ်ရှုပ်ထွေးမှုနှင့် ဒေါသများကို ကြည့်ရင်း နာ့ရှင်းရီ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“နင် မသိလည်း ကိစ္စ မရှိပါဘူး... ဒါက ပိုကောင်းတဲ့ ကိစ္စတောင် ဖြစ်ချင်ဖြစ်မှာပါ... အခု နင်က လူပုံစံ ရှိတဲ့ ကျင့်ကြံခြင်း ဝိညာဉ် တစ်မျိုး ဖြစ်နေပြီ... ဝိညာဉ် အမြုတေ မရှိရင်တောင် နင် သေနိုင်မှာ မဟုတ်ဘူး... ငါ စကားတွေ အများကြီး ပြောနေမိပြီ”
မိန်းကလေးက စကားကို ဖြတ်လိုက်၏။ ရှေးဟောင်း ရွေးချယ်ခံ လင်းမင်မှာ တစ်စုံတစ်ယောက်၏ ဝိညာဉ်မီးဖို ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ မိန်းကလေးက နောက်တစ်ကြိမ် သက်ပြင်းတစ်ချက် ချလိုက်ရင်း ဝိညာဉ် အမြုတေကို ယင်အလင်း မြူနှင်း အကာအရံ တစ်ခုနှင့် ချိတ်ပိတ်လိုက်သည်။
“မလုပ်နဲ့.. နင် ခွေးမ...”
နာရှင်းရီ လှည့်ထွက်လိုက်စဉ်မှာပင် ဟင်းလင်းပြင် အတွင်း လှိုင်းထန်နေသည့် အော်ဟစ်သံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ နာ့ရှင်းရီ၏ မီးခိုးရောင် မျက်လုံးများမှာ ကောင်းကင်သို့ မော့ကြည့်ရင်း တဖျပ်ဖျပ် တောက်ပ လာခဲ့သည်။ ဝိညာဉ် အမြုတေတွင် အာရုံခံနိုင်စွမ်းနှင့် အတူ အသံကိုပါ ပို့လွှတ်နိုင်သည့် ထူးဆန်းသည့် ဖြစ်တည်မှု တစ်ခု တည်ရှိနေသည်။ နာ့ရှင်းရီမှာ ထိုဆက်သွယ်မှုကို ဖြတ်တောက်ပစ်ကာ ၎င်း၏ အခြေအနေ လေ့လာနိုင်စွမ်းကိုပါ ရပ်တန့် ပစ်ခဲ့ခြင်း ဖြစ်သည်။
မထွက်ခွာခင် သူမက လင်းမင်ကို တစ်ချက် လှည့်ကြည့်လိုက်၏။
“အဲဒီလူက ဘယ်သူပဲ ဖြစ်ဖြစ်... နင်ရဲ့ ရင်းနှီးပြီး နင်ကိုယ်တိုင် ပူးပေါင်း လုပ်ဆောင်ခဲ့တဲ့လူ ဖြစ်နိုင်တယ်”
ထိုကဲ့သို့ ပြောပြီးနောက် သူမမှာ ပျံသန်းထွက်ခွာ သွားခဲ့တော့၏။ မိန်းကလေး၏ စကားလုံးများကို ပြန်လည် ဆန်းစစ်ရင်း လင်းမင်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ သူ၏ မွေးရာပါ စွမ်းအင်များမှာ သဘာဝအတိုင်း လည်ပတ်နေလေရာ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းကို ပြန်လည် ရရှိလာခဲ့၏။ နှလုံးသားနှင့် ဝိညာဉ် အမြုတေ မရှိသော်လည်း သူက အသက်ရှင်ဆဲ ဖြစ်သည်။ ကျင့်ကြံခြင်း လမ်းစဉ် သွေဖီသည့် လက္ခဏာ တစ်ခုတစ်လေမှ သူ့ထံတွင် မရှိချေ။
နာ့ရှင်းရီ၏ စကားလုံးများမှာ သူ့စိတ်အတွင်း ပဲ့တင်ထပ် နေခဲ့၏။ သူက အမှန်တကယ်ပင် လူသားအသွင် ရှိသည့် ကျင့်ကြံခြင်း ဝိညာဉ်တစ်မျိုးလော။ တစ်စုံတစ်ယောက်၏ ဝိညာဉ်မီးဖို ဖြစ်နေသည်လော။ ထိုအယူအဆများ အပေါ် အပြည့်အဝ နားမလည်နိုင်သည့်တိုင် နောက်ကွယ်တွင် လက်မည်းတစ်စုံရှိနေကြောင်း သူ သဘောပေါက် လိုက်သည်။ ပျံသန်း ထွက်ခွာသွားသည့် နာ့ရှင်းရီကို ကြည့်ရင်း သူ အံတင်းတင်းကြိတ်ကာ အော်ဟစ်လိုက်လေ၏။
“ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့က ငါ့အတွက် လက်စားချေပေးလိမ့်မယ်..."
“...”
နာ့ရှင်းရီ တစ်ခဏမျှ ရပ်တန့်သွား၏။ ထူးဆန်းသော အလင်းတန်းတစ်ခုက သူမ၏ မျက်ဝန်းများ အတွင်း လင်းလက် သွားခဲ့သည်။ ထို့နောက် သူမ ဆက်လက်၍ ပျံသန်းထွက်ခွာသွားတော့၏။
"နင် ပြေးသင့်နေပြီ"
ထိုအရာက သူမ လင်းမင်အား ပြောခဲ့သည့် နောက်ဆုံး စကားလုံးများပင် ဖြစ်လေသည်။
ဟူး...
ရုတ်တရက် လေအေးတစ်ချက် တိုက်ခတ်သွားသလို လင်းမင် ခံစားလိုက်ရ၏။ ပြင်းထန်သည့် ကြောက်ရွံ့ တုန်လှုပ်မှု လှိုင်းတစ်ခုက သူ့စိတ်ကို တိုက်စား သွားခဲ့သည်။ လင်းမင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားကာ ကျူးဟိုင် သူ့ထံ တစ်လှမ်းချင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုသတ္တဝါ၏ သွေးနီရောင် မျက်လုံးများက သားကောင်အား စစ်ဆေးနေသည့် သားရဲ တစ်ကောင် အလား ရိုင်းစိုင်း ခက်ထန်ကာ ကြမ်းကြုတ်လွန်းလှသည်။
ဖျပ်... ဖျပ်... ဖျပ်...
သူက ခြေတစ်လှမ်းချင်းစီ ရှေ့သို့ ဆက်လျှောက်လာနေခဲ့လေ၏။
...
"အချိန်တန်ပြီ…"
ထျန်းရီဝူ၏ စကားလုံးများက ထန်ရှင်းယွင်ကို ကျောရိုးတစ်လျှောက် စိမ့်ဝင် တုန်ယင်သွားစေခဲ့သည်။ ပြင်းထန်သည့် ကြောက်ရွံ့စိတ်က သူမ၏ ဦးနှောက် တစ်ခုကို ထုံထိုင်း သွားစေခဲ့၏။
“နေဦး...”
သူမက လက်များကို ကာရင်း အော်ဟစ်လိုက်သည်။
"ရှင် ဒီလိုလုပ်စရာ မလိုပါဘူး..."
အသက်ရှင်သန်ရေး နည်းလမ်းတစ်ခုကို ရှာဖွေရန် အတွက် သူမ ဉာဏ်ရည်နှင့် ဝီရိယတို့ကို အစွမ်းကုန် အသုံးချရန် ကြိုးစားခဲ့သည်။
"မင်း တကယ် နားမလည်ဘူးပဲ..."
ထျန်းရီဝူက ခေါင်းခါလိုက်ရင်း လက်ညိုးနှစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ တောက်ပသည့် ရွှေရောင်ဓားအလင်း တစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ အစောပိုင်းက ဖော်ထုတ်ခဲ့သည့် သာမန် တိုက်ခိုက်မှုများနှင့် လုံးဝ ခြားနားပေသည်။ ဓားအလင်းမှာ ပတ်ဝန်းကျင်၌ စိမ့်ဝင်နေသည့် အာကာသ၊ အချိန်၊ အမတေ၊ အလင်းနှင့် ဆွဲငင်အား တို့ကိုပါ လှီးဖြတ် သွားခဲ့၏။
ဓားရည်ရွယ်ချက်...
“ဟုတ်တယ်... ကျွန်မ... ကျွန် နားမလည်ဘူး...”
ထန်ရှင်းယွင်က မူလအဆင့် မန်နာ လွှမ်းမိုးနိုင်စွမ်းကို သုံးရင်း နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ ထို့နောက် သူမက ကယောင်ကတမ်းနှင့် ပါးစပ်ထဲရှိသည့် စကားလုံးများကို ပြောလိုက်လေ၏။
“ရှင် ကျွန်မကို သတ်တယ်လို့သာ လူတွေ သိသွားရင် ဘယ်လိုထင်ကြမလဲ... ရှင် ကျွန်မနောက်ကို လိုက်နေတာ မြင်လိုက်တဲ့လူတွေမှ အများကြီးပဲ... ကျွန်မက ရှင်နဲ့ စေ့စပ်ထားတဲ့လေ...”
"..."
ထန်ရှင်းယွင် ဘယ်လိုပဲ ကြိုးစားကြိုးစား... ထျန်းရီဝူ၏ ရည်မှန်းချက်များက ပြောင်းလဲသွားခြင်း မရှိပါချေ။ သူက နှလုံးသား ကင်းမဲ့ကာ အေးစက်နေသည့် လူတစ်ယောက်နှင့်ပင် တူ၏။
ထျန်းရီဝူ မမှားပါချေ။ ထန်ရှင်းယွင်မှာ သူမ၏ အမှားကို တစ်စက်မျှ ဝန်ခံခြင်း မပြုခဲ့သည့် အပြင် သေခြင်းတရားနှင့် ရင်ဆိုင် နေရချိန်တွင်ပင် မသက်ဆိုင်သည့် တောင်စဉ်ရေမရ စကားလုံးများကိုသာ လျှောက်ပြော နေခဲ့သည်။ ထိုမိန်းမမှာ တစ်ချိန်လုံး သူ့ ခံစားချက်များကို လုံးဝ ဂရုစိုက်ခဲ့ခြင်း မရှိခဲ့ချေ။
မာ့ဆုကျင်း၊ ကျန်းဖေးလန်နှင့် စန်းယွန်းလီတို့မှာ သူမထက် အဆပေါင်း ထောင်နှင့်ချီ ပိုမို ကောင်းမွန်ကြောင်း ထျန်းရီဝူ မှတ်ချက်ချလိုက်မိသည်။ သွေးရူးသွေးတန်း ဖြစ်နေသည့် မိန်းကလေးကို ထျန်းရီဝူ တစ်ချက် ကြည့်လိုက်၏။ သူ လူမှန်းသိတတ်စ အရွယ်ကလေးက စေ့စပ်ထားသည့် မိန်းကလေး တစ်ဦး ရှိကြောင်း သိခဲ့ရသည်။ အရေးကြီးသည့် အခန်း ကဏ္ဍတစ်ခု၌ မဟုတ်လျှင်ပင် သူမက သူ့ နှလုံးသား၏ တစ်ထောင့် တစ်နေရာ၌ ရှိခဲ့သည်သာ ဖြစ်သည်။ သူမ အတွက် သဘောတူညီမှု ဖျက်သိမ်းရေး စာချုပ်ကိုပင် သူ ရအောင် ယူခဲ့သည်။
သို့သော်လည်း သူမက သူ့နောက်ကွယ်တွင် ဖောက်ပြန်ခဲ့သည်။ သူမနှင့် ထိုပုဂ္ဂိုလ်တို့ စိတ်ပါလက်ရ ပျော်ပါးနေသည်ကို သူ မျက်ဝါးထင်ထင် တွေ့ခဲ့ရသည်။ ၎င်းမှာ သေဆုံးရန် ထိုက်တန်သည့် အပြစ်ပင် ဖြစ်သည်။ သို့သော်လည်း... ယခုအချိန်အထိ ထျန်းရီဝူ ထိုအရာကို လုပ်ရန် တွန့်ဆုတ်နေဆဲ ဖြစ်ပေသည်။
သို့စေကာမူ သူ နှလုံးသား မာကြောရပေမည်။ အင်ပါယာ ကလန်၏ ဂုဏ်သိက္ခာမှာ ထိပါးလို့ ရနိုင်သည့် ဖြစ်တည်မှုမျိုး မဟုတ်ချေ။ ထို့အပြင်... ထိုမိန်းမမှာ သူမ၏ ဖောက်လွှဲဖောက်ပြန် လုပ်ရပ်ကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့သည်။ ၎င်းက ရိုးရိုးရှင်းရှင်း စော်ကားမှုမျို မဟုတ်ပါချေ။ သူက သူတစ်ယောက်တည်းကိုသာ မဟုတ်ပဲ... အင်ပါယာ မျိုးနွယ် တစ်ခုလုံး၏ မျက်နှာကို တံတွေးဖြင့် ထွေးခဲ့ခြင်း ဖြစ်သည်။
၎င်းက သေဒဏ်သာ ဖြစ်သည်။ ပုံမှန် လုပ်ထုံးလုပ်နည်းများ အတိုင်း ဆိုပါက ပထမဆုံး အနေဖြင့် အင်ပါယာ ကလန်မှာ သူမကို ဖောက်ပြန်သူ တစ်ယောက် အဖြစ် ကြေညာပေလိမ့်မည်။ ထို့နောက် ထန်မျိုးနွယ်ကို တစ်ယောက်မှ မကျန်သည် အထိ သုတ်သင်ပေလိမ့်မည်။ ထို့နောက် လင်းမင်နှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်းကိုလည်း ချေမှုန်းပစ်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထျန်းရီဝူမှာ ဖောက်ပြန်သူ စုံတွဲကိုသာ သတ်ဖြတ်ဖို့ ရွေးချယ်ခဲ့သည်။
ဤသည်မှာ သူပြသခဲ့သည့် ကရုဏာပင် ဖြစ်သည်။
***