← Chapters

ကောင်းချီးခံတစ်ပါး၏ အဆုံးသတ်

Vol. 111 Ch. 1547

ကောင်းချီးခံတစ်ပါး၏ အဆုံးသတ်

Vol. 111 Ch. 1547

ထျန်းရီဝူ၏ လက်ထဲရှိ ဓားမှာ တိုးတိတ်သည့် ဆူပွက်သံများကို ထုတ်လွှတ်နေကာ စွမ်းအားမှာ မြင့်တက် လာနေခဲ့၏။

"မလုပ်ပါနဲ့... ရပ်လိုက်..."

ထန်ရှင်းယွင်မှာ နောက်သို့ ဆုတ်ခွာရန် အပူတပြင်း ကြိုးစား နေခဲ့၏။ သို့သော်လည်း... ထျန်းရီဝူ၏ အမူအရာက ပြေင်းလဲခြင်း မရှိချေ။ သူက ဖြည်းညင်းစွာပင် လက်ကို မြှောက်လိုက်သည်။

“လင်းမင်...”

ထန်ရှင်းယွင် ငိုသံနှင့် အတူ အော်ဟစ်လိုက်၏။

ရွှစ်...

ထျန်းရီဝူ၏ ဓားက သူမ၏ ရင်ဘတ်အတွင်း ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ သွေးများမှာ ရေလှိုင်းပမာ ပန်းထွက်လာခဲ့၏။

ပြင်းထန်သော စွမ်းအားက သူမ၏ ခန္ဓာကိုယ် အတွင်းပိုင်းကို တိုးဝင်ကာ နှလုံး၊ အဆုတ်၊ ကြယ်တာရာ ဝိညာဉ်နှင့် မျက်လုံးများကိုပင် ဖျက်ဆီးလိုက်သလို သူမ ခံစားလိုက်ရသည်။ မိန်းကလေး၏ မျက်လုံးများမှာ ပြူးကျယ် လာခဲ့၏။ ထိုအခိုက်၌ သူမ၏ ဖြစ်တည်မှု မှန်သမျှ အရာအားလုံး အပိုင်းပိုင်း အပြတ်ပြတ် အဖြစ် လှီးဖြတ်ခံနေရသလိုပင်။

နာကျင်မှု...

သူမ နာကျင်မှုကို ခံစားရသည်။ ၎င်းက သည်းမခံနိုင်လောက်အောင် နာကျင်လွန်းလှသည်။ သို့သော်လည်း... ထိုနာကျင်မှုက ဦးနှောက်အတွင်း ရောက်ရှိလာခဲ့သော အခါတွင်တော့ အမှောင်ထုက မင်းမူ စိုးမိုး သွားခဲ့တော့သည်။

"ပြီးပြီ"

ထျန်းရီဝူက တည်ငြိမ်စွာပင် ပြောလိုက်၏။

ရုတ်တရက်ဆိုသလိုပင်...

ဂီး...

ကျယ်လောင်သည့် ဖီးနစ်တွန်သံ တစ်ချက်ကို ကြားလိုက်ရ၏။ ထျန်းရီဝူမှာ နားလည်ရ ခက်စွာ မျက်မှောင်ကြုတ် လိုက်သော်လည်း မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။ ထန်ရှင်းယွင်၏ သေဆုံးနေသော ခန္ဓာကိုယ်မှာ အနီရောင် ရွှေမီးတောက်များအဖြစ် ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

“နိဗာန မီးတောက်တွေ...”

၎င်းမှာ မီးဖီးနစ်ငှက်၏ မီးတောက်များ ဖြစ်ကြောင်း ထျန်းရီဝူ ချက်ချင်း သတိထားလိုက်မိသည်။ တမုဟုတ်ချင်းပင် မိန်းကလေး၏ ခန္ဓာကိုယ်မှာ ပြာဖြစ်သည် အထိ စတင် လောင်ကြွမ်းလာခဲ့၏။

"မီးဖီးနစ် တစ်ကောင်က မင်းကို မူလကောင်းချီးနဲ့ အမှတ်အသားပြုထားတယ်ပေါ့... မင်းက ဒီလိုနည်းနဲ့ ထွက်ပြေးချင်တာလား...”

ထျန်းရီဝူက တည်ငြိမ်စွာပင် မှတ်ချက်ချလိုက်၏။ သူ၏ ထင်မြင်ချက်က အတိုင်းအဆမရှိ တိကျပေသည်။ ပိုင်လင်းမှာ ထျန်းကလန်၏ အဖွဲ့ဝင် တစ်ဦးချင်းစီကို မူလ ကောင်းချီးနှင့် မှတ်သားထားခဲ့သည်။ အကယ်၍ သူမသာ သူတို့ကို မသေဆုံးစေလိုလျှင် သူတို့ သေဆုံးနိုင်မည် မဟုတ်ပါချေ။ မူလကောင်းချီးများကို မူလသားရဲများ အတွက်သာ သီးသန့်ထားလေ့ ရှိသော်လည်း... ပိုင်လင်ကတော့ သူမ၏ အစေခံ အားလုံးကို ပေါ့ပေါ့ပါးပါးင် မှတ်သားထားခဲ့သည်။

သာမန်အားဖြင့် ၎င်းမှာ မဖြစ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်နည်း။ တစ်ဦးတစ်ယောက်ချင်းစီ အတွက် စွမ်းအင် ကုန်ကျစရိတ်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် များပြားသောကြောင့် ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်သည် မည်သူနည်း။ ပိုင်လင် ပြန်လည် နလံထူရန် အတွက် သူ့ထံတွင် နည်းလမ်း ထောင်ပေါင်းများစွာ ရှိသည်။

အမှတ်အသားပြုထားသည့် မီးဖီးနစ်မှာ အနည်းဆုံး မြေကြီး ရှန့်ထို အဆင့်တွင် ရှိနေကြောင်း သဘောပေါက်သည့်တိုင် ထျန်းရီဝူမှာ တည်ငြိမ်စွာ ရှိနေသေးဆဲ ဖြစ်သည်။ ထိုနိဗာန ဖြစ်စဉ်ကို ဝင်ရောက် စွက်ဖက်ရန် သူ့ထံ၌ စွမ်းအား မရှိသည့်တိုင် အခြားအရာ တစ်ခုကိုတော့ သူ လုပ်ဆောင်နိုင်ဆဲ ဖြစ်သည်။

ရုတ်တရက်... သူက နားထင်ကို ထိလိုက်ရာ တစ်လက်မ အရွယ် ဓားတစ်ချောင်း ပေါ်လာခဲ့၏။ ၎င်းသည် ဝိညာဉ်နှင့် အလွန်ဆင်တူသော လျှို့ဝှက် အော်ရာတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

"သွား..."

ထျန်းရီဝူက ဓားကို ထန်ရှင်းယွင်၏ လောင်ကြွမ်းနေဆဲ ဖြစ်သည့် ခေါင်းထံ ဦးတည်ကာ ပို့လွှတ်လိုက်သည်။ ခန္ဓာကိုယ်က ပြာမဖြစ်ခင်မှာပင် ၎င်းမှာ ခေါင်းထဲကို အချိန်မီ ဝင်ရောက် လှီးဖြတ်သွားခဲ့၏။ ထို့နောက်တွင်တော့ မိန်းကလေး၏ ခန္ဓာကိုယ်မှာ လုံးဝ ပြာအတိ ဖြစ်သည် အထိ လောင်ကြွမ်းသွားခဲ့ကာ အမှုန်အမွှားများမှာ ထိုထူးဆန်းသည့် နေရာအနှံ့ ပျံ့လွင့် သွားခဲ့တော့သည်။

ဝှစ်...

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ဓားမှာ ပြန်လာ ပျံသန်းလာခဲ့၏။ ၎င်းက ထျန်းရီဝူ၏ နားထင်ထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားခဲ့သည်။ ထျန်းရီဝူ၏ မျက်လုံးများမှာ ချက်ချင်းဆိုသလို မှေးမှိန်သွားခဲ့သည်။ ဓားကို အသုံးပြုရန် အတွက် သူ အလွန်များပြားလှသည့် စွမ်းအင်များကို အသုံးပြုခဲ့ရသည်မှာ ရှင်းလင်းပေသည်။

ဂီး...

ပြင်းထန်သော တွန်ကြူးသံတစ်ခုမှာ ကမ္ဘာတစ်ဝှမ်းလုံးတွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံအတွင်း လောင်ကြွမ်းနေသည့် ဒေါသတရားက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

အာကာသစွမ်းအင်များမှာ ချက်ချင်းပင် ပုံပျက်သွားကာ လောင်ကြွမ်းခံလိုက်ရ၏။ ပတ်ဝန်းကျင် တစ်ခုလုံး၏ အပူချိန်က မနှိုင်းယှဉ်သာအောင် မြင့်တက်လာခဲ့သည်။

ထျန်းရီဝူမှာ အားနည်းသလို ခံစားလိုက်ရကာ ခေါင်းကို ခါရင်း သက်ပြင်းတစ်ချက် ချလိုက်၏။

“ငါ သူ့ရဲ့ ဝိညာဉ် အပိုင်းအစ တစ်ချို့ကို မင်း အတွက် ချန်ထားပေးခဲ့ပါတယ်... မင်းရဲ့ အကူအညီနဲ့ သူက ဘဝသစ် တစ်ခု ပြန်ပြီး မွေးဖွားနိုင်ပါလိမ့်မယ်... ငါတို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာလည်း ဒီနေရာမှာတင် အဆုံးသတ်သွားပြီလို့ ယူဆလိုက်မယ်... ဒါပေမဲ့ တကယ်လို့ မင်းဘက်က လက်စားချေချင်တယ် ဆိုရင် ဒါမှမဟုတ် ဆုံးရှုံးမှု အတွက် လျော်ကြေး တောင်းချင်တယ် ဆိုရင်တော့ မင်းမှာ လုပ်ပိုင်ခွင့် ရှိပါတယ်”

ထျန်းရီဝူ၏ စကားအဆုံးသတ်၌ စိတ်စွမ်းအင်လှိုင်း တစ်ခုမှာ ထိုထူးခြားသည့် အာကာသ အတွင်း ပေါက်ကွဲ သွားခဲ့၏။

“ငါ လုပ်မယ်...”

ငှက်တွန်သံ ကဲ့သို့ ပီသသည့် အသံတစ်ခုက ပတ်ဝန်းကျင် တစ်ခုလုံးကို ဟိန်းကာ ပျံ့နှံ့ သွားခဲ့လေသည်။ ထို့နောက်တွင်တော့ ၎င်းမှာ ရုတ်တရက်ပင် ပျောက်ကွယ်သွားခဲ့၏။ ထျန်းရီဝူမှာ မူလ နေရာတွင်ပင် ရပ်ရင်း အတွေးများစွာနှင့် ကျန်ရစ်ခဲ့သည်။ စက္ကန့်အနည်းငယ် ကြာမြင့်ပြီးနောက် သူက ပင်ပန်း နွမ်းနယ်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

ထန်ရှင်းယွင်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အသိစိတ် ပင်လယ်၊ မှတ်ဉာဏ်များနှင့် ကျင့်ကြံခြင်း ဝိညာဉ် အာလုံးမှာ သူ၏ စွမ်းအင်များ အောက်တွင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူမ ပြန်လည်၍ အသက်ဝင်လာမည် ဆိုလျှင်ပင် ဘဝသစ် တစ်ခု ပြန်လည် မွေးဖွားခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။ အတိတ်ဘဝရှိ အကြောင်းအရာများကို ဘာတစ်ခုမှ မှတ်မိတော့မည် မဟုတ်ပါချေ။

မကြာခင်မှာပင် ထျန်းရီဝူမှာ လင်းမင် ဖန်တီးထားခဲ့သည့် အပေါက်မှ ပြန်လည်၍ ထွက်ခွာလာခဲ့၏။ ထို့နောက်တွင်တော့ စိတ်ဝင်စားစရာ ကောင်းသည့် မြင်ကွင်းများက သူ့ကို ဆီးကြို နေခဲံသည်။

"ဂလု... ဂလု..."

လည်ချောင်းတစ်လျှောက် သွေးများနှင့် ပြည့်လျှံ နေသော်လည်း အသံထွက် စကားပြောရန် အသည်းအသန် ကြိုးပမ်း နေသကဲ့သို့ အသံများမှာ ပဲ့တင်ထပ် နေခဲ့သည်။

ကျူးဟိုင်မှာ လင်းမင်ကို ဖက်ထားကာ သူက သွေးဆာနေသော အစွယ်များနှင့် လည်ပင်းကို ပြင်းထန်စွာ ကိုက်ခဲ နေခဲ့၏။

"ကျေး...ဇူး...ပြု...ပြီး... ငါ့ကို အသက်ချမ်းသာပေးပါ...”

မူလလှံတံနှင့်အတူ ကျင့်ကြံခြင်း လောက၏ အထွတ်အထိပ်ကို တက်ရောက်လိုခဲ့သည့် တစ်ချိန်တစ်ခါက ဂုဏ်ယူခဲ့ရသော ရှေးဟောင်း ရွေးချယ်ခံမှာ ဘဝ၏ နောက်ဆုံး အခိုက်အတန့်တွင် သူ့အသက် အတွက် အသနား ခံနေခဲ့ရသည်။ သူ၏ မျက်လုံးများက နွံကဲ့သို့ နောက်ကျိနေသည့် မျက်ရည်များဖြင့် ပြည့်လျှံနေကာ လာရောက် ကယ်တင်မည့်လူကို ရှာဖွေ နေခဲ့သည်။

ထျန်းရီဝူ သူ့ကို အေးစက်စွာပင် ကြည့်လိုက်၏။ ထို့နောက် သူက နာ့ရှင်းရီနှင့် လင်းကျိယန်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။ မိန်းကလေးမှာ ကောင်းကင်တွင် တည်ငြိမ်စွာ ရပ်ရင်း ထိုမြင်ကွင်းအား ကြည့်နေသည်ကို မြင်ရ၏။ အကြည့်ချင်း တစ်ချက် ဆုံပြီးနောက် နာ့ရှင်းရီမှာ မည်သည့် စကားကိုမျှ မဆိုပဲ ပျံသန်း ထွက်ခွာသွားခဲ့တော့သည်။ မိန်းကလေး၏ နောက်ကျောကို ကြည့်ရင်း စိတ်ဝင်စားသည့် အပြုံးတစ်ခု ထျန်းရီဝူ၏ နှုတ်ခမ်းထက်၌ ပေါ်လာခဲ့သည်။

“အမကျောင်း...”

အဝေး တစ်နေရာတွင်တော့ ဒူးထောက်ကာ တုန်ရီစွာ ရေရွတ်နေသည့် ပုံရိပ်တစ်ခု ရှိနေခဲ့၏။ ထိုပုဂ္ဂိုလ်က မည်သူ ဖြစ်ကြောင်း သူ မသိသလို ဂရုလည်း မစိုက်ပါချေ။ နောက်ဆုံး၌ ထျန်းရီဝူ ကိုယ်တိုင်သည်လည်း ထိုနေရာမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။

ဂျွတ်... ဂျွတ်...

အခြားတစ်ဖက်တွင်တော့ ကျူးဟိုင်၏ အစွယ်များမှာ သူ၏ ပထမဆုံး သားကောင်ဖြစ်သည့် လင်းမင်ကို ပြင်းထန်စွာ ကိုက်ခဲနေခဲ့သည်။ သူက အခြားလူများ မြင်ရသလို လင်းမင်၏ သွေးများကို စုပ်ယူနေခြင်း မဟုတ်ချေ။ သူ့ ဝိညာဉ်ကို စုပ်ယူနေခြင်း ဖြစ်သည်။

မဟုတ်သေး... သူ့ဝိညာဉ်ကို သိမ်းပိုက်နေခြင်း ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

ကျူးဟိုင် ပိုင်ဆိုင်ထားသည့် ဥပဒေသ မျိုးစေ့မှာ ဘိုးဘေး နိုးထမှုထံမှ အထောက်အပံ့ကို ရရှိပြီး နောက်တွင် ကောင်းကင်၏ လောကသုံးထောင် ပဲ့တင်ထပ်ခြင်းနှင့် အတူတူ ပွင့်လန်းစ ပြုလာခဲ့၏။ သူ လက်သည်းများကို ရှေးဟောင်း ရွေးချယ်ခံ၏ အသားတုံး အလား ခန္ဓာကိုယ်ထဲကို ထိုးစိုက်လိုက်သည်။ ထို့နောက် အပြစ်အနာအဆာ ကင်းသည့် လှုပ်ရှားမှုနှင့် အတူ လင်းမင်၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲ ပစ်လိုက်၏။

စိတ်ဝိညာဉ် သွေးများက ငွေရောင်ဝံပုလွေ၏ ပုံရိပ်ပေါ်သို့ မိုးရွာသကဲ့သို့ ကျဆင်းလာကာ ခေါင်းအစ ခြေအဆုံး အဖြူရောင် အဆင်းဖြင့် ရေးခြယ် သွားခဲ့တော့သည်။

ရိုင်းစိုင်းခြင်း...

ကြမ်းတမ်းခြင်း...

နောက်ပြီး ပြီးပြည့်စုံခြင်း...။

ဝေါင်း...

အော်ဟစ် ဟိန်းဟောက်သံက သားရဲတို့၏ ငရဲဘုံမှ နတ်ဘုရား သီချင်းတစ်ပုဒ်အလား ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်း၌ အနီရောင်နှင့် အဖြူရောင် သွေးများမှာ လောကကို ဆေးခြယ်ထားလေရာ လောကတစ်ခုလုံးမှာ ထိတ်လန့် တုန်လှုပ်စရာ ကောင်းနေခဲ့တော့၏။

***

All Chapters