ကောင်းကင်ပြစ်ဒဏ်
Vol. 111 Ch. 1548
တစ်ဖက်တွင်မူ...
သီးခြား အာကာသ အလွှာ တစ်ခုတွင် ခေါင်းစွပ်ပါ ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ခုမှာ ငွေရောင် မျက်လုံးများနှင့် ကျူးဟိုင်ကို လှမ်းကြည့် နေခဲ့၏။
“မင်းကိုယ်မင်း ကောင်းကောင်း ရွေးနုတ်နိုင်လိုက်ပြီပဲ...”
သူက အနည်းငယ် ပြုံးလိုက်ရင်း ရေရွတ်လိုက်လေ၏။ ထိုအခိုက်တွင်ပင် ရင်းနှီးပြီးသား အသံတစ်ခုမှာ အာကာသ အသွင်း ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
“ထာဝရတိုက်ပွဲက နောက်ဆယ်မိနစ် အတွင်း စမယ်... အဂ္ဂိရတ် ပညာရှင်တွေ ကိုယ့်ကိုယ်ကို အဆင်သင့်ပြင်ဆင်ထားကြပါ...”
...
“အမှားတစ်ခုက အကျိုးဆက် အားလုံးကို ဖြစ်လာစေခဲ့တာပဲ... နောင်တနဲ့ အတူ ဘဝတစ်ခု အဆုံးသတ်ကိုတောင် ဦးတည် သွားစေခဲ့တယ်”
၁၂ ခုမြောက် နံရံ၊ ခါးသီး ပင်လယ်ပြင် အတွင်းရှိ ဖြစ်ရပ်များကို အထက်စီးမှ လေ့လာနေသည့် မှိန်ဖျော့ဖျော့ ပုံရိပ်မှာ သိသိသာသာပင် ပုံစံ ပျက်ယွင်းသွားကာ တဖျပ်ဖျပ် တောက်ပလာ၏။ နောက်ဆုံးတွင်တော့ ၎င်းမှာ လုံးဝ ပျောက်ကွယ်သွားကာ ခြားနားသည့် အာကာသ ဒိုင်မန်းရှင်းများ တစ်လျှောက် အလင်းစီးကြောင်းများ အဖြစ် စီးဆင်းရင်း လုံးဝ မတူညီသည့် အခြား နေရာတစ်ခုသို့ ရောက်ရှိသွားခဲ့လေ၏။
သူ ရောက်ရှိလာသည့် နေရာက အပျက်အစီးနှင့် တည်ငြိမ် အာကာသတို့ ပေါင်းစပ်ထားသည့် ထူးခြားသော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် အလွန်တရာ ကြီးမားလှသည့် စက်လုံး ပုံသဏ္ဌာန် အဆောက်အအုံကြီး တစ်ခု ရှိနေခဲ့ကာ အရောင်ခုနစ်မျိုးပါ ကွင်းများက ၎င်း၏ ပတ်လည်တွင် လျှင်မြန်စွာ လှည့်ပတ် နေခဲ့သည်။ ၎င်း၏ အလယ်ဗဟိုမျဉ်းတွင်တော့ အဖြူရောင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် စင်မြင့်တစ်ခု ရှိနေခဲ့၏။ ထိုစင်မြင့်မှာ အလွန်ပင် ကြီးမား ကျယ်ပြန့်လွန်းလှကာ အလျား၊ အနံတိုင်းက မိုင်တစ်ထောင်ခန့် ရှည်လျားပေသည်။
အဆိုပါ စင်မြင့်ကြီးထက်တွင် ခြားနားသည့် အဂ္ဂိရတ် ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူ ထောင်ပေါင်းများစွာ ရှိနေခဲ့၏။ သူတို့ထဲမှ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ လူများ ပါဝင်သလို မဟာ စက်ဝန်း ကြယ်ကွင်းပြင်နှင့် ရင်းနှီးခြင်း မရှိသူများလည်း ပါဝင်သည်။ သို့သော်လည်း သူတို့ အားလုံး၌ တူညီသည့် လက္ခဏာ တစ်ခုစီ ရှိကြပေသည်။ ၎င်းကား သူတို့၏ မျက်ဝန်းအိမ်များ တစ်ခုချင်းစီတွင် အလွန်တရာ လှပလှသည့် ကြယ်ခုနစ်ပွင့်စီ ရှိနေကြခြင်း ဖြစ်သည်။
သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများပင်...။
ထိုထောင်ပေါင်းများစွာသော ပုဂ္ဂိုလ်များမှာ အဂ္ဂိရတ် တာအို ကိုယ်တိုင် အသိအမှတ်ပြုထားကြသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ဖြစ်ကြပေသည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် အလွန်တရာ ကြီးကျယ် ခမ်းနားလှကာ ထရီလျံပေါင်း များစွာသော ကျင့်ကြံသူများကြားတွင် မြင့်မြတ် ထည်ဝါလွန်းလှသည်ဟု သတ်မှတ်ခံထားရသော ထိုပညာရှင်များမှာ ဤနေရာတွင်တော့ အံ့ဩစရာ ကောင်းလောက်အောင်ပင် အလွန် များပြားစွာ ရှိနေခဲ့သည်။
အကယ်၍ ထိုအကြောင်းသာ ကောလာဟလ အဖြစ် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ပျံ့နှံ့သွားပါက မည်သူမဆို လက်မခံနိုင်ပဲ ငြင်းချက်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... သူတို့မှာ အမှန်တကယ် တည်ရှိ နေကြသည်။ ဤနေရာတွင် ရှိနေခဲ့ပေသည်။
ဝှစ်...
အလင်းတန်းမှာ ဖန်သားစက်လုံးထဲ အလွန် အလွန်လွယ်ကူစွာ ထိုးဖောက်ဝင်ရောက်သွားကာ တိတ်တဆိတ်ပင် နစ်မြုပ်သွားခဲ့သည်။ ထို့နောက် ၎င်းမှာ ပစ်မှတ်ထံ အလွန် လျှင်မြန်စွာပင် ရောက်ရှိသွားခဲ့၏။ လူ့ပုံသဏ္ဌာန်တစ်ခုဖြစ်သည့် သူ၏ ပစ်မှတ်ကို ရှာတွေ့သည်အထိ ဖြစ်သည်။ သူက ခေါင်းကို မော့လိုက်ရင်း တဖိတ်ဖိတ် တောက်ပနေသည့် ငွေရောင် မျက်လုံးများနှင့် နတ်ဘုရားတို့ပင် ဝန်တိုမှု ဖြစ်စေနိုင်သည့် ရုပ်ရည်တို့ကို ထုတ်ဖော်ပြသလိုက်သည်။ ထျန်းရီဝူ၏ ချောမောမှုနှင့် ခြားနားစွာပင် လူငယ်မှာ ယောက်ျား ပီသခြင်း ဆိုသော ဝေါဟာရ၏ အမြင့်ဆုံးသော အကန့်အသတ်ကို ကိုယ်စားပြုပေသည်။
ဝေ့ဝူယင်...
မှန်ပေ၏။ သူက တစ်ဦးတည်းသော အာရုဏ်ဦး အာဏာရှင် အင်ပါယာ ဝေ့ဝူယင်ပင် ဖြစ်လေတော့သည်။
"ထာဝရတိုက်ပွဲက ဆယ်မိနစ်အတွင်း စတင်တော့မယ်...အဂ္ဂိရတ်ပညာရှင်တွေ ကိုယ့်ကိုယ်ကို အဆင်သင့်ပြင်ထားကြ..."
ရုတ်တရက် ရင်းနှီးထားပြီးသား အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ပတ်ဝန်းကျင်၌ စိမ့်ဝင်နေကာ လေထုကို လေးလံ နက်ရှိုင်းအောင် ဖန်တီးပေးထားသည်။ ဝေ့ဝူယင် ထိုအသံကို အလွယ်တကူပင် မှတ်မိပေသည်။ သို့သော်လည်း... ဤနေရာတွင် ပြန်လည် တွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့် မထားခဲ့ပါချေ။
ဝမ်ယုထျန်း...
မှန်ပေ၏။ အသံပိုင်ရှင်မှာ ထာဝရ ဧကရာဇ် ၏ တိုက်ရိုက်အမိန့်အောက်တွင် အနနန္တ တာအို နန်းတော်များကို ကိုင်တွယ်ရန် တာဝန်ပေးအပ်ခံရသည့် စိမ်းပြာရောင် ဝိညာဉ်အသွင်တစ်ဖြစ်လည်း ဝမ်ယုထျန်းပင် ဖြစ်သည်။ ဝမ်ယုထျန်း၏ အဆိုအရ ဆိုလျှင်.. ထာဝရ ဧကရာဇ်မှာ သူ၏ အသက်ကို ကယ်တင်ခဲ့ကာ ဝိညာဉ်အသွင် အဖြစ် ပြောင်းလဲခဲ့သည်။
ဝေ့ဝူယင် နုငယ်စဉ် အခါက ထာဝရ ဧကရာဇ်၏ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများ အပေါ် အံ့ဩမှင်သက် ခဲ့ရသည်။ သို့သော်လည်း... လက်ရှိ ကျင့်ကြံခြင်း အခြေခံ၊ ဗဟုသုတနှင့် အတွေ့အကြုံတို့ကို ရရှိပြီးနောက်တွင် သူ၏ အံ့ဩမှုများမှာ အလွန်တရာ လျော့ပါးသွားခဲ့သည်။
ဟူး... ဟူး...
ဝမ်ယုထျန်းမှာ အဂ္ဂိရတ် အာဏာရှင်များ၏ အထက်တွင် ပျံဝဲရင်း ခံစားချက်မဲ့သည့် အကြည့်တစ်ခုကို ပုံဖော် ထားခဲ့၏။ အဂ္ဂိရတ် အာဏာရှင် အချို့မှာ စကားပြောရန် ကြိုးစားခဲ့သော်လည်း ဝမ်ယုထျန်း၏ အမူအရာနှင့် လေသံတို့က ပြောင်းလဲမှု မရှိပဲ မူလ ကြေညာချက်ကိုသာ ထပ်ခါတလဲလဲ ပြောဆိုနေခဲ့သည်။
ထူးကဲ့သည့် အသိဉာဏ် မရှိသလို ဟန်ဆောင်နေသည့် ဝမ်ယုထျန်းကို ကြည့်ရင်း ဝေ့ဝူယင် အတိတ်ကို ပြန်လည် သတိရမိသွားခဲ့သည်။ အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက ဝေ့ဝူယင်မှာ ရွှေရောင်နို့နှစ် မြို့တော်ကို လျှောက်လည်ရင်း လင်းမင်နှင့် တွေ့ဆုံခဲ့သည်။ လင်းမင် နောက်ကို လိုက်ရင်း အနန္တ စစ်ပွဲ တာအို နန်းတော်ကို ရောက်ရှိခဲ့သည်။ ထိုနေရာတွင် သူ ဆေဘာ ရည်ရွယ်ချက်ကို နားလည်ခဲ့ကာ အခြေတည် ဆေဘာဝိညာဉ် ဖြစ်သည့် ဒြပ်စင်ကို ရရှိခဲ့သည်။
ဤသည်က ဝမ်ယုထျန်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယခု သူ ဝမ်ယုထျန်းနှင့် နောက်တစ်ကြိမ် ထပ်မံ တွေ့ဆုံခဲ့ပြန်ပြီ ဖြစ်သည်။ ထူးထူးခြားခြား တိုက်ဆိုင်မှု တစ်ခုက လင်းမင်၏ နောက်ဆုံးနေ့ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ၏ ကံကြမ္မာမှာ ပြီးပြည့်စုံသည့် စက်ဝိုင်း တစ်ခုလိုပင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ထားသလို သူ ခံစားလိုက်ရသည်။
ဘုန်း...
ရုတ်တရက် ကောင်းကင်ပြစ်ဒဏ် မကျရောက်ခင် ကြိုတင် နိမိတ်ပြသည့် မိုးခြိမ်းသံ တစ်ခုမှာ ဝေ့ဝူယင်၏ အာရုံများ အတွင်း ပဲ့တင်ထပ် လာခဲ့သည်။ သူ သိလိုက်ချေပြီ။ လင်းမင် တစ်ယောက် လုံးဝ အဆုံးသတ် သွားခဲ့ရပြီ ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်နှာ အမူအရာမှာ ပြောင်းလဲမှု မရှိသော်လည်း အတွင်းစိတ်ကတော့ သိလိုစိတ်များနှင့် ပြည့်နှက် လာခဲ့၏။ သူ အလိုအလျောက်ပင် လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်မိ၏။
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃
စတုတ္ထ ကပ်ဘေး တားဆီခြင်း... ၁၉ နှစ်
ကမ္မ တန်ဖိုး.. ၁၉၅,၇၅၄.၀
သူ့ အတွေ့အကြုံများ အရ ကောင်းချီးခံ တစ်ဦးကို သတ်ဖြတ်ပါက ဆိုးရွားသည့် အပြစ်ဒဏ် တစ်မျိုးနှင့် ရင်ဆိုင်ရသည်။ သို့သော်လည်း အပြစ်သား တက်တူးကို အမွေဆက်ခံထားသူ တစ်ဦး အနေဖြင့် သူ၏ တည်ရှိမှုမှာ ထိုပြစ်ဒဏ်ကို ခုခံနိုင်ရုံမျှသာ မက၊ သေဆုံးသွားသည့် ကောင်းချီးခံ၏ ကျန်ရှိနေသေးသော ကမ္မ ကံကောင်းခြင်းများကိုလည်း အကျိုးအမြတ် အဖြစ် ရှိနိုင်သည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ ကောင်းချီးခံများအား သတ်ဖြတ်ရန် မည်သူ့ကိုမှ တိုက်ရိုက် အမိန့်ပေးခဲ့ဖူးခြင်း မရှိခဲ့ချေ။ ထိုကဲ့သို့ ကျူးလွန်ခြင်းမျိုးအား ရှောင်ရှားရန်ပင် သူ သတိပေးခဲ့သည်။
ကောင်းကင် ပြစ်ဒဏ် ကျဆင်းလာခြင်းမှာ လင်းမင် အမှန်တကယ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သက်သေခံနေသည့် လက္ခဏာ တစ်ခု ဖြစ်သည်။ စောစောက ပြောခဲ့သည့် အတိုင်း ဝေ့ဝူယင်မှာ လင်းမင်ကို သတ်ဖြတ်ရန် ကျူးဟိုင်အား တစ်ခါမှ အမိန့်မပေးခဲ့ချေ။ ထို့အစား ကိုယ့်ကိုယ်ကို ရွေးနုတ်ရန်သာ ညွှန်ကြားခဲ့သည်။
အပြစ်သား တက်တူး၏ ကာကွယ်မှုများ အောက်တွင် ကောင်းကင် တာအို ကိုယ်တိုင်ပင် သူ့ ရည်ရွယ်ချက်များကို အကဲဖြတ်ရန် ခက်ခဲကြောင်း ဝေ့ဝူယင် သိပေသည်။ ထို့ကြောင့်ပင် သူ ပြောဆိုခဲ့သော စကားလုံးများကို ကောင်းကင်တာအိုက စီရင်ချက် ချရာတွင် ထည့်သွင်း စဉ်းစားလိမ့်မည်လား သူ အံ့ဩ နေခဲ့မိသည်။
သို့သော်လည်း... ကောင်းကင်ပြစ်ဒဏ်၏ မိုးခြိမ်းသံမှာ အဝေးတွင် ရှိနေခဲ့ကာ ကျူးဟိုင်အပေါ်တွင်သာ အာရုံစိုက်နေခဲ့သည်။ ၎င်းက သူ့ကို ရည်ရွယ်နေခြင်း မဟုတ်သည်မှာ ရှင်းလင်းသည်။
“ဟမ်...”
သို့သော်လည်း အပြစ်သား တက်တူးက လှုပ်ရှားလာကာ ခန္ဓာကိုယ် တစ်ခုလုံးအား ဖုံးအုပ်သွားသည်ကို တွေ့မြင်လိုက်ရသော အခိုက်၌ ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ အပြစ်သား တက်တူးအား သူ အကဲခတ် နေစဉ်မှာပင် ကျန်လောက တစ်ခုလုံးမှာ ကောင်းကင် တာအို၏ တုနှိုင်းမဲ့ စွမ်းအားများဖြင့် အေးခဲသွားခဲ့သည်။ သို့သော်လည်း... အချိန်မြစ် အတွင်းတွင်ပင် အသက်ရှင်ခဲ့သည့် လူတစ်ဦး အနေဖြင့် ၎င်းက ဝေ့ဝူယင် အပေါ် သက်ရောက်မှု မရှိပါချေ။
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃
စတုတ္ထ ကပ်ဘေး တားဆီခြင်း... ၁၉ နှစ်
ကမ္မ တန်ဖိုး.. ၁၉၅,၇၅၄.၀
အကယ်၍ ကောင်းကင်တာအိုသာ ကျူးဟိုင်၏ ပြစ်ဒဏ်ကို သူ့အမိန့်နှင့် ချိတ်ဆက်နိုင်ပါက စတုတ္ထမြောက် ကပ်ဘေးအား ရင်ဆိုင်ရမည့် နှစ်မှာ ရှေ့တိုးလာနိုင်မည်ဟု သူ ယူဆထားသည်။ အဘယ်ကြောင့်နည်း။ ကောင်းကင် တာအိုမှာ ဘယ်တော့မှ စစ်သည်ကို အပြစ်မပေးပဲ ကျူးလွန်ရန် စေခိုင်းသည့် စစ်သူကြီးများကိုသာ အပြစ်ပေးခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့်အရာများက ဝေ့ဝူယင်ကို အမှန်တကယ် အံ့အားသင့်စေခဲ့လေသည်။
ဟူး... ဟူး...
ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အနီရောင် သင်္ကေတများ၏ လွှမ်းခြုံမှုကို ခံထားရ၏။ အမျိုးမျိုးသော လျှို့ဝှက် သင်္ကေတများဖြင့် ထွင်းထုထားသည့် စက်ဝိုင်း တစ်ခုမှာ ရွှေရောင် အပြစ်သား အလင်းတန်းများကို ထုတ်လွှတ်ရင်း သူ့ ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံထားခဲ့ကြသည်။
အပြစ်သား မျက်လုံးမှာ ဝေ့ဝူယင်ထံမှ ထွက်ခွာပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် အချိန်နှင့် အာကာသကို ဖြတ်ကျော်ကာ ကျူးဟိုင် အပေါ်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းက ကျူးဟိုင် အပေါ်တွင် ထီးတစ်ခုလို အုပ်မိုးလိုက်ကာ ကောင်းကင်ပြစ်ဒဏ်အား ကာကွယ်နိုင်သည့် မှိန်ဖျော့ဖျာ့ အလင်း တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃
စတုတ္ထ ကပ်ဘေး တားဆီခြင်း... ၁၉ နှစ်
ကမ္မ တန်ဖိုး.. ၁၉၅,၇၅၄.၀ -» ၁၉၅၇၅၃.၁
"..."
ထို့နောက်တွင်တော့ ဝေ့ဝူယင် မျှော်လင့်ထားသည်များနှင့် ခြားနားစွာပင် ကောင်းကင်ဘုံ၏ ဆင်းသက်လာမှုမှာ အချိန်စီးဆင်းမှုကို ရပ်တန့်စေသည့် စွမ်းအား တစ်ခုနှင့်အတူ ထူးဆန်းစွာ ပြီးဆုံးသွားခဲ့သည်။ ကမ္ဘာကြီးမှာ ပုံမှန် အချိန် စီးဆင်းမှု အတွင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။ ဝေ့ဝူယင်မှာ အပြစ်သား တက်တူးကို ကြောင်တောင်တောင်ဖြင့် ကြည့်ရင်း ရပ်နေခဲ့မိ၏။
***