ပြန်လည် တွေ့ဆုံခြင်း
Vol. 111 Ch. 1549
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃
စတုတ္ထ ကပ်ဘေး တားဆီခြင်း... ၁၉ နှစ်
ကမ္မ တန်ဖိုး... ၁၉၅၇၅၃.၁
“...”
ဝေ့ဝူယင် အပြစ်သား တက်တူးကို အသေအချာပင် စစ်ဆေးလိုက်၏။ စတုတ္ထမြောက် ကပ်ဘေး၏ ရက်စွဲက အပြောင်းမလဲ မရှိပါချေ။ လ၊ ရက်၊ နာရီနှင့် မိနစ်များ ပင်လျှင် လုံးဝ မပြောင်းချေ။ သူ ဆုံးရှုံးခဲ့သမျှသာ ကမ္မတန်ဖိုး ၀.၉ မျှသာ ဖြစ်သည်။ ၎င်းက မကြုံစဖူး ဖြစ်ရပ် တစ်ခု ဖြစ်သည်။
ပထမ၌ ၎င်းက အလွန် ထူးဆန်းသည်ဟု ဝေ့ဝူယင် ခံစားနေခဲ့ရသော်လည်း သေသေချာချာ စဉ်းစားလိုက်တော့ အချက်တစ်ချက်ကို သဘောပေါက် လာခဲ့သည်။ လင်းမင် သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ သူ ကမ္မတန်ဖိုး တစ်ခုကိုမှ လက်ခံ ရရှိခဲ့ခြင်း မရှိခဲ့ချေ။
“လင်းမင်ရဲ့ ကမ္မ တန်ဖိုးတွေက ကုန်သွားလို့လား..."
အပြစ်သား တက်တူး၏ လှုပ်ရှားမှုကို ထောက်ချင့်ရပါက ကောင်းကင်တာအိုမှာ ကျူးဟိုင်ကို စစ်သည်၊ သူ့ကို စစ်သူကြီးဟု ယူဆခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ထိုကဲ့သို့ ဆိုလျှင်... ကျူးဟိုင်က အဘယ်ကြောင့် အပြစ်ဒဏ်ကို ခံရမည်နည်း။ ကောင်းကင်ပြစ်ဒဏ်က သူ့ အပေါ် တိုက်ရိုက် ကျဆင်းလာသင့်သည်။ ယခုမူ ထိုကဲ့သို့ မဟုတ်ချေ။ ကောင်းကင်ပြစ်ဒဏ်မှာ ကျူးဟိုင်ကိုသာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ဝေ့ဝူယင် တွေးတော နေခဲ့မိ၏။ ထိုအတွက် များပြားလှသော စိတ်စွမ်းအင်များကို အသုံးပြုခဲ့သော်လည်း သူ အမှန်တရားကို ကောင်းစွာ ခန့်မှန်းနိုင်ခဲ့ခြင်း မရှိချေ။ ထိုအတွက် ဆန်းစစ်စရာ အချက်အလက်များမှာလည်း နည်းပါးလွန်းလှပေသည်။ ဤသည်မှာ သူနှင့် ကမ္မ ဆက်စပ်မှု ရှိသူ တစ်ဦးက ကောင်းချီးခံ တစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပထမဆုံး အကြိမ်လည်း ဖြစ်ပေသည်။
"ဖြစ်နိုင်ခြေ အရှိဆုံး တစ်ခုကို ကောက်ချက် ချရမယ် ဆိုရင် အပြစ်သား တက်တူးက ကမ္မ တန်ဖိုးကို သုံးပြီး ကောင်းကင်ပြစ်ဒဏ်ကို ပျက်ပြယ်စေနိုင်တယ်...”
အသိစိတ် ပင်လယ်၊ ဧဒင် နန်းတော် အတွင်းရှိ ဝေ့ဝူယင်၏ ဒုတိယစိတ်က ပြောလိုက်၏။ အသိပညာ ဗဟုသုတချင်း တူသော်လည်း ဝေ့ဝူယင်၏ စိတ်နှစ်ခုမှာ မကြာခဏ ဆိုသလို ကွဲပြားသည့် အတွေးများ ရှိတတ်ကြသည်။ အထူးသဖြင့်... အသိဉာဏ်အား ပေါင်းစည်းခြင်း မပြုရသေသည့် အချိန်မျိုးတွင် ဖြစ်သည်။ အရေးတကြီး စစ်ထုတ်ထားသည့် အချက်အလက်များမှ အပ အခြား အကြောင်းအရာ အများစုကို ပေါင်းစည်းခြင်း မပြုသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်လေရာ ထိုအရာကပင် စိတ်နှစ်ခုကြား ကွာခြားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း... သူတို့က တစ်ယောက်တည်းသာ ဖြစ်ပေသည်။
"အပြစ်သား တက်တူးက ကိုယ်နဲ့ ကမ္မတန်ဖိုးချင်း ဆက်စပ်နေတဲ့ လူတွေရဲ့ ကောင်းကင်ပြစ်ဒဏ်တွေကို ကာကွယ်ပေးနိုင်တယ်... ဒါက ပိုပြီး ဖြစ်နိုင်ခြေရှိတယ်"
ပထမစိတ်က ဆိုလိုက်သည်။ ကျိန်းသေကြီး မဟုတ်သော်လည်း ထိုရှာဖွေတွေ့ရှိမှုက ဖြစ်နိုင်ခြေရှိသည့် တံခါးတစ်ခုကို ဖွင့်ပေးခဲ့သလို ဝေ့ဝူယင် ခံစားရသည်။ အနက်ရောင် အရိုးစု ဆိုသည့် အတိုင်း သူက အမွေခံ အပြစ်သားများ၌ အနိမ့်ဆုံး အဆင့်ပင်။
ထိုအထိ တွေးတောပြီးနောက် ဝေ့ဝူယင် စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဤသို့ဆိုလျှင် သူနှင့် ကမ္မတန်ဖိုးချင်း ဆက်စပ်နေသူတိုင်း အပြစ်သားများ ဖြစ်လာမည်ကို စိုးရိမ်စရာ မလိုပါတော့ချေ။ ပိုမို၍ တွေးလေလေ ထိုဖြစ်နိုင်ချေက အလွန် မြင့်မားသည်ဟု သူ ခံစားလိုက်ရသည်။
"ထာဝရတိုက်ပွဲက ငါးမိနစ်အတွင်း စတင်တော့မယ်... အဂ္ဂိရတ် ပညာရှင်တွေ ကိုယ့်ကိုယ်ကို အဆင်သင့်ပြင်ထားကြ..."
ဝမ်ယုထျန်းထံမှ ကြေညာချက် နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသော အခိုက်၌ ဝေ့ဝူယင် ရှုပ်ထွေးနေသော အတွေးများကို အပြီးတိုင် ရပ်တန့်လိုက်သည်။ ထိုအခိုက်တွင်ပင် ဝိညာဉ်အာရုံ ဆက်သွယ်မှုမှ တစ်ဆင့် ဝမ်ယုထျန်း၏ အသံကို သူ ကြားလိုက်ရသည်။
"နောက်ဆုံးတော့ နိုးပြီပေါ့... ဟား ဟား... မတွေ့ရတာ ကြာပြီ..."
ဝေ့ဝူယင်သည် ပြုံးလိုက်ရင်း ပျံဝဲနေသည့် ဝမ်ယုထျန်းကို ခေါင်းမော့ ကြည့်လိုက်သည်။ ဝမ်ယုထျန်းမှာ ယန္တရား တစ်ခုနှယ် ပြုမူနေသော်လည်း သူ့ မျက်ဝန်းများ အတွင်း၌ စိတ်ခံစားမှုနှင့် ဉာဏ်ရည် အလင်းရောင်များကို သူ မြင်တွေ့ရပေသည်။ ဝေ့ဝူယင် ပြန်ဖြေဖို့ ဟန်ပြင်လိုက်စဉ်မှာပင် များလှစွာသော အဂ္ဂိရတ် အာဏာရှင်များထဲမှ ရင်းနှီးထားပြီးသား အသံ တစ်ခုကို ကြားလိုက်ရသည်။
"တကယ်ပဲ ရှင်လား..."
ဝေ့ဝူယင် အသံလာရာသို့ လှမ်းကြည့်လိုက်ရာ အပြာရောင် ဆံနွယ်များနှင့ ထူးကဲစွာ လှပသည့် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများက အံ့ဩမှု၊ မသေချာမှုတို့ဖြင့် အနည်းငယ် ကျဉ်းမြောင်း နေခဲ့၏။
ထျန်းရှောင်လော့...
အင်ပါယာကလန်၏ ကောင်းချီးခံ၊ ထျန်းမူယန်၏ တူမ၊ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို၏ တပည့်...
မှန်ပေ၏။ သူမက ထျန်းရှောင်လော့ပင်...။
မိန်းကလေးမှာ ယခင်ကအတိုင်း အံ့မခန်း လှပနေဆဲပင် ဖြစ်သည်။ ဘေးနားရှိ မိန်းကလေး၊ ယောက်ျားလေး များစွာမှာ မိန်းကလေး၏ အသံကြောင့် လှည့်ကြည့်လိုက်ကြကာ အံ့ဩ မှင်သက် သွားကြ၏။ သူတို့၏ မျက်လုံးများက ဝိညာဉ်အလင်းများနှင့် တဖျပ်ဖျပ် တောက်ပလှကာ ထိုပြစ်မျိုးမှဲ့မထင် ရုပ်ရည်တွင် ဖုံးကွယ်ထားတာ တစ်ခုခု ရှိ၊ မရှိ ရှာဖွေဖို့ ကြိုးစားနေကြသည်။
ထျန်းရှောင်လော့က သက်တောင့်သက်သာပင် ထိုစိတ်အနှောင့်အယှက်ဖြစ်ဖွယ် အကြည့်များကို လျစ်လျူရှုလိုက်၏။ ၎င်းတို့ကို သူမ အကျင့်ဖြစ်နေခဲ့သည်မှာ ကြာခဲ့လေပြီ။ မိန်းကလေးက သူမ၏ တောက်ပလှသော အပြာရောင်မျက်လုံးများကို ဝေ့ဝူယင် တစ်ဦးတည်း အပေါ်တွင်သာ အာရုံစိုက်လိုက်သည်။ သူမ အတွက် ဝေ့ဝူယင်၏ တည်ရှိမှုက တိုင်းတာ၍ မရနိုင်ပေ။
"ရှင် ဘာလို့ ဒီမှာ ရောက်နေတာလဲ"
သူမ၏ လေသံက ထူးဆန်းမှုများနှင့် ပြည့်နှက်နေ၏။
"မင်း ဟိုတစ်ဖက်ကနေ လာတာလား..."
ဝေ့ဝူယင်က အဖြေအစား မေးခွန်းတစ်ခုဖြင့် တုန့်ပြန်လိုက်သည်။ သူ တကယ်ပင် စိတ်ရှုပ်ထွေး နေခဲ့ခြင်း ဖြစ်သည်။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲမှာတုန်းက မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ထျန်းတင်းကျန့်နှင့် အတူ ထျန်းရှောင်လော့လည်း ရောက်ရှိလာသည်ကို သူ အာရုံခံမိခဲ့သည်။ သူမက ချိပ်ပိတ်နယ်မြေကို ပြန်ရောက်လာခဲ့တာ သေချာသည်။
သို့သော်လည်း... ထာဝရ စွန့်စားခြင်း အဆင့်တွင် မတွေ့ရပဲ ယခုမှ ပေါ်လာသည်ကို ထောက်ချင့်လျှင် မိန်းကလေးမှာ အလွှာကြားက လောကမှ နေ၍ ဤနေရာကို ဝင်ခဲ့ဟန် ရသည်။ သူမက ထိုနေရာသို့ ပြန်သွားသည့် ပြိုင်စံရှား ပိတ်ဆို့မှုကို မည်ကဲ့သို့ ကျော်ဖြတ်လာသနည်း။
မဟုတ်သေး... ပိုမို၍ အရေးပြီးသည့် အရာက အဘယ်ကြောင့် ထိုကဲ့သို့ လုပ်ဖို့ လိုအပ်မည်နည်း။
သူမမှာ မည်သည့် လမ်းကြောင်းမှ မဆို ဤနေရာသို့ ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မှီပြီး ဖြစ်သည်။ အဘယ်ကြောင့် အလွှာကြားက လောကကို ပြန်သွားဖို့ လိုမည်နည်း။
ထျန်းရှောငလော့မှာ ဝေ့ဝူယင်ထံမှ မေးခွန်ကို မျှော်လင့် မထားလေရာ အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် သူတို့ နှစ်ယောက်စလုံးမှာ အခြားလူများ အတွက် အာရုံစိုက်စရာ ဖြစ်သွားခဲ့သည်။ အထူးသဖြင့် သူတို့၏ ရုပ်ရည်... ဝေ့ဝူယင်နှင့် ထျန်းရှောင်လော့တို့ နှစ်ယောက်စလုံးမှာ အလွန်တရာပင် ချောမောလွန်းလှသည့် ပြိုင်စံရှား ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ စကားသံများကြောင့် မဟုတ်လျှင်ပင် သူတို့မှာ လူတိုင်း၏ အာရုံစိုက်မှုကို အလွယ်တကူ ရရှိနိုင်သည်။
ကံကောင်းထောက်မစွာပင်... ထောင်ပေါင်းများစွာသော အဂ္ဂိရတ် အာဏာရှင်များထဲမှ အများစုမှာ မဟာ စက်ဝန်ကြယ်ကွင်းပြင်သားများ မဟုတ်လေရာ ဝေ့ဝူယင် မည်သူ ဖြစ်ကြောင်း မသိကြပါချေ။
ဝိညာဉ်အာရုံ ဖလှယ်များမှာ ရောယှက်သွားကြ၏။ သို့သော်လည်း ငွေရောင် မျက်ဝန်းများနှင့် လူငယ် မည်သူ ဖြစ်ကြောင်း ဖော်ထုတ်နိုင်သူ မရှိပါချေ။ ထို့အပြင်... လူငယ်ထံတွင် မည်သည့် ဖုံးကွယ်မှုလှိုင်းမှ မရှိလေရာ သူက ရုပ်ဖျက်ထားခြင်း မရှိကြောင်း ထင်ရှားပေသည်။ သူက မည်သူနည်း။
ထျန်းရှောင်လော့ကိုတော့ သူတို့ သိကြပေသည်။ သူမမှာ အနန္တ အသွင်ပြောင်းခြင်း နန်းတော်၏ တာအို လမ်းညွှန်သူ တစ်ယောက် ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များမှာတုန်းက ထိုမိန်းကလေးမှာ အနန္တ အသွင်ပြောင်းခြင်း အဂ္ဂိရတ် ရှန့်ထို၏ အမွေအနှစ်ကို အယ်ဗန်မျိုးနွယ်ဝင် တစ်ဦးနှင့် အတူ မျှဝေ ရယူခဲ့သည်။ သူတို့ နှစ်ယောက်စလုံးမှာ အလွှာကြားက လောကတွင် ထိပ်သီး အဂ္ဂိရတ် ပါရမီရှင်များ အဖြစ် ကျော်ကြားပေသည်။ သို့သော်လည်း... ထျန်းရှောင်လော့မှာ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းကြောင်း သူတို့ သိထားကြသည်။ ထာဝရ တိုက်ပွဲ အတွက်ပင် သူမက အလားအလာ ရှိသည့် စိန်ခေါ်သူ တစ်ဦး ဖြစ်သည်။
ဝေ့ဝူယင်အား ရှာဖွေ တွေ့ရှိသွားခြင်းနှင့် အတူ ထောင်ပေါင်းများစွာသော အဂ္ဂိရတ် အာဏာရှင်များကြား၌ သူတို့ တစ်ခါမှ မမြင်ဖူးသည့် ပုဂ္ဂိုလ် တစ်ချို့လည်း ရှိနေကြောင်းကို သတိထားလိုက်မိသည်။ သူတို့က မည်သူများနည်း။
အဂ္ဂိရတ် အာဏာရှင်များ တီးတိုး ဆွေးနွေး နေကြစဉ်မှာပင် ဝေ့ဝူယင်က ထျန်းရှောင်လော့ကို မေးလိုက်၏။
“ချင်ကူးယဉ်ရော...”
သူ နားလည်ထားသလောက် ပထမ၌ ကောင်းကင် တာအိုမှာ ထိုမိန်းကလေးကို လုံချန် သို့မဟုတ် လင်းမင် တစ်ယောက်ယောက် အတွက် ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်တော့ အစီအစဉ် ပြောင်းလဲကာ ထျန်းရှောင်လော့ထံ ပို့ဆောင်ခဲ့သည်။
“သူ ဒီမှာ ရှိတယ်...”
ထျန်းရှောင်လော့က မျက်မှောင်ကြုတ်ရင်း ရှာဖွေ လိုက်၏။ နေရာ ရွှေ့ပြောင်းစဉ် အခါက သူတို့ကို ကျပန်း နေရာများထံ ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။ ဤနေရာက အလွန်ပင် ကျယ်ပြန့်လွန်းလှသည်။ ချင်ကူးယဉ်မှာ အစွန်အဖျား တစ်နေရာရာသို့ ရောက်ရှိသွားခြင်းလည်း ဖြစ်နိုင်ပေသည်။
တစ်ချက် ဖြန့်ကျက်ကြည့်လိုက်ပြီးနောက် ချင်ကူးယဉ်အား ရှာမတွေ့ကြောင်း ထျန်းရှောင်လော့ သတိပြုမိလိုက်၏။ ချက်ချင်းပင်... သူမ စိုးရိမ် ပူပန်လာခဲ့သည်။ မိန်းကလေးမှာ ဝေ့ဝူယင်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ နောက်တစ်ကြိမ် သေချာစွာ ထပ်မံ ရှာဖွေတော့သည်။
***