မျှတအောင် ပြုလုပ်ခြင်း
Vol. 111 Ch. 1550
ထျန်းရှောင်လော့ ချင်ကူးယဉ်အား အပူတပြင်း ရှာဖွေနေစဉ်တွင် ဝေ့ဝူယင်ကတော့ သူ့ထံ စိတ်ဝင်တစား ကြည့်နေကြသည့် အခြားလူများကိုသာ ပြန်လည် လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့ ရောက်ရှိနေသည့် နေရာမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ လျှို့ဝှက်ချက် တစ်ခု ဖြစ်သည့် ထာဝရတိုက်ပွဲ စင်မြင့်ပင် ဖြစ်သည်။ ဤနေရာကို အဂ္ဂိရတ် တာအို၏ အသိအမှတ် ပြုမှု ဖြစ်သည့် သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာ ပိုင်ဆိုင်ထားသူများသာ ရောက်ရှိနိုင်သည်။ တစ်နည်း ဆိုရသော်... သေမျိုး အဂ္ဂိရတ် အာဏာရှင်များသာ ရောက်ရှိနိုင်ပေသည်။
ထို့အပြင်... ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲမှာ အသက် ငါးရာအောက် လူများကိုသာ ကန့်သတ်ထားလေရာ ရောက်ရှိလာသည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်တိုင်းမှာ ချိပ်ပိတ် နယ်မြေ တစ်ခုလုံးကို တုန်ဟီးသွားအောင် စွမ်းဆောင်နိုင်သည့် ပါရမီရှင်များသာ ဖြစ်သည်။
သူတို့အားလုံးမှာ အလွှာအပြင်က လောကမှ ဖြစ်ကြသည်။ လူသားများ အပြင် ကောင်းကင် မျိုးနွယ်များနှင့် တိုက်တန်များကိုလည်း သူ တွေ့ရှိရသည်။ ထိုမျိုးနွယ်စု သုံးခုမှာ အဇူရာ မူလ ကြယ်စင်စုတွင် ထိပ်သီး မျိုးနွယ် အဖြစ် ကာလကြာရှည် ရပ်တည်ခဲ့ကြသူများ ဖြစ်ပေသည်။ ဝေ့ဝူယင်မှာ အာကာက ဝေဟင်ဂိုဏ်းချုပ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို ရရှိထားလေရာ... တိုက်တန်နှင့် ကောင်းကင် မျိုးနွယ်များတွင်လည်း သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ရှိနေခြင်း အပေါ် အံ့ဩမှင်သက်မိခြင်း မရှိပါချေ။
ရုတ်တရက် ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်မိ၏။ အဘယ်ကြောင့်နည်း။ လူသား၊ တိုက်တန်နှင့် ကောင်းကင် မျိုးနွယ်များမှ အပ အခြားလူများကို မတွေ့မြင်ရခြင်းကြောင့် ဖြစ်သည်။ သူ့ နောက်လိုက် မျိုးနွယ်ကွဲ အဂ္ဂိရတ် အာဏာရှင် အချို့မှာ ပျောက်ဆုံးနေပေသည်။
"သူ ဘယ်ရောက်နေတာလဲ...”
အခြားတစ်ဖက်၌ ထျန်းရှောင်လော့မှာ ချင်ကူးယဉ်ကို ရှာဖွေရန် ဆက်လက် လုပ်ဆောင် နေခဲ့သည်။ သူမက လက်ဟန် ချိပ်စည်း တစ်ခုကိုပင် ဖော်ထုတ်ကာ ယင်ပေါင်းစည်းခြင်းကိုပင် အသက်သွင်းလိုက်၏။
တစ်ချိန်တည်း၌ ဝေ့ဝူယင်ကလည်း သူ့ နောက်လိုက် မျိုးနွယ်ကွဲများ၏ အာကာသ လက်စွပ်များကို အာရုံခံရင်း စစ်ဆေးလိုက်သည်။ သူတို့မှာ ထာဝရတိုက်ပွဲ စင်မြင့်တွင်ပင် ရှိနေခြင်း ဖြစ်သော်လည်း မတူညီသည့် ဒိုင်မန်းရှင်း အလွှာတစ်ခု၌ ရောက်ရှိနေခြင်း ဖြစ်သည်။ ဝေ့ဝူယင် အောက်ကို ငုံကြည့်လိုက်ရာ အရွယ်အစား ပိုမို သေးငယ်သည့် ဖန်စက်လုံးတစ်ခုကို တွေ့လိုက်ရ၏။ ထိုနေရာ၌ မျိုးနွယ်ကွဲ သေမျိုး အဂ္ဂိရတ် အာဏာရှင် များစွာကို သူ တွေ့မြင်ရပေသည်။
သူတို့ထဲ၌ ယင်ပေါင်းစည်းခြင်းကို အသက်သွင်းရင်း စိုးရိမ်ပူပန်စွာဖြင့် အပေါ်ကို မော့ကြည့်နေသည့် အယ်ဗန် မျိုးနွယ်ဝင် မိန်းကလေးလည်း အပါအဝင်ပင် ဖြစ်သည်။
အချိန်အတန်ကြာပြီးနောက်... ထျန်းရှောင်လော့၏ မျက်မှောင်က ပြေလျော့သွားကာ သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။
လူသား၊ တိုက်တန်နှင့် ကောင်းကင် မျိုးနွယ်ဝင် သုံးခုကို သီးသန့် ခွဲခြားထားခြင်းမှာ အခြား မျိုးနွယ်ဝင်များ အပေါ် မည်ကဲ့သို့ သဘောထားကြောင်း ရှင်းလင်းစွာ ဖော်ပြထားခြင်း ဖြစ်သည်။ ထျန်းရှောင်လော့မှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှုတို့ အသားကျနေသည့် နေရာ၌ ကြီးပြင်းလာခဲ့သူ တစ်ယောက် ဖြစ်သည်။ ယခင်က ထိုကဲ့သို့ လုပ်ရပ်မျိုးနှင့် ကြုံတွေ့ရလျှင် သူမ များစွာ တွေးတောမိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း... အယ်ဗန်မျိုးနွယ်ဝင် တစ်ယောက်နှင့် ယင်ပေါင်းစည်းဖက် ဖြစ်လာခဲ့ပြီး နောက်တွင်တော့ သူမ၏အမြင်များက များစွာ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ၎င်းက တိုက်ရိုက် ခွဲခြားကာ စော်ကားနေခြင်း ဖြစ်သည်။
အလားတူပင် ဝေ့ဝူယင်သည်လည်း ဒေါသထွက် နေခဲ့၏။ သူ ဝမ်ယုထျန်းကို မော့ကြည့်လိုက်သည်။ ဝိညာဉ်အသွင်အိုကြီး၏ ယန္တရား ဆန်သော မျက်လုံးများမှာ အကူအညီမဲ့သည့် အရိပ်အငွေ့အချို့နှင့် ဖြတ်ပြေးသွား၏။
ဝေ့ဝူယင်၏ သဘောထားကို သူ သိပေသည်။ သူက ကိုယ်ပိုင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေကိုပင် တန်းတူ ညီမျှမှုကို စံနှုန်းအဖြစ် ထားကာ ပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်က ယခုလို ဖြစ်ရပ်မျိုးအား မည်ကဲ့သို့ ရှုမြင်မည်ကို သူအကဲခတ်မိသည်။
"စိတ်မကောင်းပါဘူး... ထာဝရတိုက်ပွဲကို ဒီလိုမျိုး ခွဲခြားဖို့ အစတည်းက သတ်မှတ်ထားတာ...”
ဝမ်ယုထျန်းက ဝေ့ဝူယင်ကို ဝိညာဉ်အာရုံဖြင့် ဆက်သွယ်ကာ ရှင်းပြလိုက်၏။ ထာဝရ တိုက်ပွဲတွင် အဆင့်နိမ့်နှင့် အဆင့်မြင့် မျိုးနွယ်များ အတွက် စိန်ခေါ်မှု နယ်ပယ်နှစ်ခု ရှိကာ အလားအလာရှိသော ဆုလာဒ်များကိုလည်း ထပ်မံ၍ ခွဲခြားထားသည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။
"ထာဝရ ဧကရာဇ်ကလား..."
ထိုအရာက အဓိပ္ပာယ်မရှိပေ။ ဝူယု ပြောခဲ့သည့် အတိုင်း ဆိုလျှင် ထာဝရ ဧကရာဇ်ထံ၌ ထူးခြားချက်များ ရှိသော်လည်း သူက ဘယ်တုန်းကမှ ခွဲခြားဆက်ဆံတတ်သူ တစ်ယောက် မဟုတ်ခဲ့ပေ။ ဝမ်ယုထျန်းက အလျင်အမြန် တုံ့ပြန်လိုက်၏။
"မဟုတ်ပါဘူး... နောက်မှ ရောက်လာတဲ့လူတွေ"
ထိုကဲ့သို့ ပြောပြီးနောက် ဝမ်ယုထျန်း၏ ပုံရိပ်မှာ အနည်းငယ် ပုံပျက်သွားခဲ့၏။ သူ ပြောဆိုလို့ မရသည့် အကြောင်းအရာ အချို့ ရှိနေပေသည်။
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ထျန်းရှောင်လော့ဘက်ကို လှည့်ကာ ပြုံးပြလိုက်သည်။
“ငါ ပြန်လာခဲ့မယ်...”
ဝေ့ဝူယင် စကားလုံးများက မိန်းကလေးကို အံ့ဩသွားစေခဲ့၏။
"ပြန်လာခဲ့မယ် ဟုတ်လား... ရှင် ဘယ်ကိုသွားမလို့လဲ... သွားလို့ရော ရလို့လား..”
သူမက ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ချင်ကူးယဉ်နဲ့ ငါ့ရဲ့ အဂ္ဂိရတ်ပညာရှင်တွေကို သွားခေါ်မလို့"
ဝေ့ဝူယင်က အပြုံဖြင့် ပြောလိုက်၏။ ထို့နောက်တွင်တော့ သူ၏ ခန္ဓာကိုယ်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ စင်မြင့်အတွင်း နစ်ဝင်ကာ ပျောက်ကွယ်သွားခဲ့တော့သည်။ ထျန်းရှောင်လော့နှင့် အခြားသူများမှာ ဝေ့ဝူယင် ပျောက်ကွယ်သွားသည့် ပုံကို ကြည့်ကာ ကြောင်တောင်တောင်နှင့် ကျန်ရစ်ခဲ့ကြတော့၏။
...
စက္ကန့် အနည်းငယ် ကြာပြီးနောက်...
“...”
ဝမ်ယုထျန်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး ခံစားချက်မဲ့သည့် ယန္တရားရုပ် ပုံရိပ်ပင်လျှင် လွင့်စဉ် သွားခဲ့သည်။ အဘယ်ကြောင့်နည်း။ ထာဝရတိုက်ပွဲ စင်မြင့်တစ်လျှောက် ဥပဒေသ အပေါ် သာမည အာဏာ အော်ရာများ ခုန်ပေါက်နေသည်ကို ခံစားလိုက်မိသောကြောင့် ဖြစ်သည်။ ၎င်းတို့က ရှုပ်ထွေးသည့် ဝင်္ကပါများကို လျှင်မြန်စွာ၊ ချောမွေ့စွာနှင့် အတားအဆီးမဲ့စွာ ပြောင်းလဲ နေခဲ့သည်။
ဝမ်... ဝမ်...
ရုတ်တရက် အဆင့်မြင့် မျိုးနွယ်များ၏ စင်မြင့်မှာ ပြင်းပြင်းထန်ထန် စတင် တုန်ခါစပြုလာခဲ့၏။ များစွာသော ကျင့်ကြံသူများမှာ ထိပ်တန်း အဆင့် ကျင့်ကြံခြင်း အခြေခံများကို ပိုင်ဆိုင်ထားခြင်း မရှိသည့်တိုင် ခြေထောက်များကို မြဲမြံအောင် မထိန်းသိမ်း နိုင်ခဲ့ချေ။ အောက်ရှိ ပိုမို သေးငယ်သည့် စက်လုံးမှာ အပေါ် စက်လုံးဆီသို့ လျှင်မြန်စွာ မြင့်တက်လာခဲ့၏။
"ဥပဒေသ စွမ်းအားက တကယ် ကြောက်စရာကောင်းတာပဲ..."
စက်လုံးငယ်ကို လက်တစ်ဖက်တည်းဖြင့် ပင့်မနေသည့် ဝေ့ဝူယင်ကို ကြည့်ရင်း ဝမ်ယုထျန်း စိတ်ထဲမှ အာမေဋိတ်သံ ပြုလိုက်မိ၏။
ဘုန်း...
ထို့နောက် စက်လုံး နှစ်ခုမှာ ချက်ချင်းပင် ထိမှန်သွားခဲ့သည်။ တုန်ခါမှုမှာ ပိုမို၍ ပြင်းထန်လာသော်လည်း စက်လုံးများမှာ အမှန်တကယ် ထိမှန်ခြင်း မဟုတ်ချေ။ ထို့အစား... စက်လုံးငယ်မှာ စက်လုံးကြီး အတွင်း တိုးဝင်သွားကာ ပေါင်းစည်းလာခဲ့ခြင်းသာ ဖြစ်သည်။ ထိုနည်းဖြင့် စက်လုံး၏ အရွယ်အစားက ပိုမို၍ ကြီးလာခဲ့လေသည်။
ဘုန်း...
ရုတ်တရက် အလင်းပေါက်ကွဲ မှုတစ်ခုနှင့် အတူ အခြား ဒါဇင်ပေါင်းများစွာသော ပုံရိပ်များမှာ စင်မြင့်တစ်လျှောက် ပေါ်လာခဲ့လေ၏။ သူတို့၏ အသွင်အပြင်များကို ကြည့်ကာ အလွှာအပြင်က လောကမှ လူများမှာ ထိတ်လန့် သွားကြသည်။ သူတို့ထဲ၌ နားရွက်ရှည်ရှည်လူများ ပါဝင်သလို တိရစ္ဆာန် ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့် ပုဂ္ဂိုလ်များလည်း ပါဝင်ပေသည်။ သို့သော်လည်း... တူညီတာ တစ်ခုက သူတို့ အားလုံး၏ မျက်လုံးများထဲတွင် သေမျိုး ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများ ရှိနေကြခြင်း ဖြစ်သည်။
ဝှစ်...
ထျန်းရှောင်လော့၏ နံဘေးတွင်လည်း ရွှေရောင် ဆံပင်များနှင့် အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေး တစ်ဦး ပေါ်လာခဲ့သည်။
သူမကတော့ အခြားလူ မဟုတ်...။ ထာဝရ ကြယ်တာရာ နယ်မြေတွင် ဝေ့ဝူယင်နှင့် ခေတ်ပြိုင် ကျော်ကြားခဲ့သည့် ချင်ကူးယဉ်ပင်။
မိန်းကလေးမှာ စင်မြင့်တစ်ခုလုံး တုန်ရီနေသည်ကို ခံစားမိရာ အနည်းငယ် ကြောက်ရွံ့ နေခဲ့၏။ သို့သော်လည်း ဘေးနားတွင် ထျန်းရှောင်လော့ ပေါ်လာသည်ကို တွေ့မြင်လိုက်ရသော အခါတွင်တော့ ချက်ချင်းဆိုသလို တည်ငြိမ်လာခဲ့သည်။
"ဘာဖြစ်တာလဲ...”
“...”
ထျန်းရှောင်လော့မှာ ပြန်လည် ဖြေဆိုနိုင်ခြင်း မရှိခဲ့ပါချေ။
"ငါ တရားမျှတအောင် လုပ်လိုက်တာ"
ဝေ့ဝူယင်က သူတို့ နှစ်ယောက် နံဘေးတွင် ပေါ်လာကာ ဖြေလိုက်၏။ သူက လှုပ်ရှားမှုများက တစ္ဆေ သရဲ တစ်ကောင်နှင့် ခြားနားမှု မရှိပါချေ။
***