ထျန်းရှောင်လော့နှင့် ချင်ကူးယဉ်
Vol. 111 Ch. 1551
"ရှင်..."
ချင်ကူးယဉ်မှာ ရုတ်တရက် ပေါ်လာသည့် ဝေ့ဝူယင်ကို ကြည့်ကာ ထိတ်လန့်တကြား ထအော်လုနီးပါးပင် ဖြစ်သွာခဲ့သည်။
"ရှင် ဘာလုပ်လိုက်တာလဲ"
ထျန်းရှောင်လော့ကလည်း အထိတ်တလန့် မေးလိုက်၏။
"နည်းနည်းလောက် ပိုတရားမျှတအောင် လုပ်လိုက်တာပါ"
ဝေ့ဝူယင်က အဆင့်မြင့် မျိုးနွယ်ဝင် မဟုတ်သည့် အဂ္ဂိရတ် အာဏာရှင်များကို တစ်ချက် ဝှေ့ကြည့်ရင်း ပြောလိုက်သည်။ သူ့နှုတ်ခမ်းထက်တွင်တော့ ကျေနပ်သည့် အပြုံးတစ်ခု ရှိနေခဲ့၏။
"တရားမျှတအောင် ဟုတ်လား... ရှင် ဒီမှာရှိနေတာနဲ့တင် တရားမျှတဦးမှာလား"
ထျန်းရှောင်လော့က ဖြူရော်စွာ ပြုံးရင်း ပြောလိုက်၏။ ဝေ့ဝူယင်သာ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ရလဒ်ကို ယခုကတည်းက သူမ ခန့်မှန်းနေနိုင်ပြီ ဖြစ်သည်။ ၎င်းအား တရားမျှတသည့် ပြိုင်ပွဲတစ်ခုဟု မဆိုနိုင်တော့ချေ။
"ဘယ်သူ သိမလဲ"
ဝေ့ဝူယင်က ပခုံးတွန့်ပြလိုက်၏။ ဤသည်မှာ အလွှာအပြင်က လောကမှ အဂ္ဂိရတ် ပညာရှင်များနှင့် ချိပ်ပိတ်နယ်မြေ၏ လူငယ်မျိုးဆက်တို့ လွန်ဆွဲသော ပြိုင်ပွဲ ဖြစ်သည်။ ထို့အပြင်... တရားမျှတမှု ဆိုသည့် အရာမှာ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် ယခင်ကတည်းက မရှိခဲ့ခြင်း ဖြစ်သည်။ သူက ထိုစကားများကို ဟာသ အနေဖြင့်သာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“နေဦး... ရှင် မသေသေးဘူးလား...”
ချင်ကူးယဉ်က ကြားဖြတ်ကာ မေးလိုက်၏။ သူမ သိထားသလောက် ဝေ့ဝူယင်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ ကတည်း အချိန်လေပွေထဲတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ မြို့တော်သခင်များ ကိုယ်တိုင်က ထိုအချက်ကို အတည်ပြု ကြေညာခဲ့သည်။ ယခု သူက မည်ကဲ့သို့ အသက်ရှင်နေရသနည်း။
ဝေ့ဝူယင် မိန်းကလေးကို ကြည့်ရင်း ဖြူရော်စွာ ပြုံးလိုက်မိသည်။
“မင်း ငါ့ကို ကျိန်နေတာလား...”
“မဟုတ်... မဟုတ်ပါဘူး... ကျွန်မ... ကျွန်မ အဲဒီလို ပြောတာ မဟုတ်ဘူးလေ”
ချင်ကူးယဉ်မှာ သူမ၏ မေးခွန်းက မည်မျှ လွန်သွားကြောင်း သဘောပေါက်လိုက်ရာ ကပျာကယာပင် တောင်းပန်လိုက်သည်။
"ဟား ဟား..."
ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်၏။
"ရပါတယ်... ဘာပဲဖြစ်ဖြစ် ငါ အသက်ရှင်နေတယ်လေ... အဲဒါကပဲ အရေးအကြီးဆုံး ဟုတ်တယ်မလား"
"ဟုတ်တယ်..."
ချင်ကူးယဉ်မှာလည်း ဖြည်းဖြည်းချင်း အပျော် ကူးစက်လာာ လှပစွာ ပြုံးလိုက်၏။ တစ်ခဏ အတွင်းမှာပင် ဝေ့ဝူယင်နှင့် ချင်ကူးယဉ်တို့ တရင်းတနှီး စကားပြောနေသည်ကို ကြည့်ရင်း ထျန်းရှောင်လော့ တစ်ယောက် စိတ်ထဲမှ ခေါင်းခါလိုက်မိသည်။ ယင်ပေါင်းစည်းခြင်း၏ ထူးခြားသေ ဝိသေသ လက္ခဏာများကို ထည့်သွင်း စဉ်းစားရပါက ၎င်းမှာ ခေါင်းခဲစရာ ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... လှည့်စား ခံရခြင်း မရှိစေဖို့ အထူး အာရုံစိုက်ရမည် ဖြစ်သည်။ မိန်းကလေးက အတွေးများကို ဖြတ်တောက်လိုက်ရင်း အကြည့်များကို ဝမ်ယုထျန်းဘက်သို့ လှည့်လိုက်၏။
"ထာဝရ တိုက်ပွဲက စက္ကန့်ခြောက်ဆယ်အတွင်း စတင်တော့မယ်... အဂ္ဂိရတ်ပညာရှင်တွေ၊ ကိုယ့်ကိုယ်ကို အဆင်သင့်ပြင်ထားကြ..."
ဝမ်ယုထျန်းမှာ သူ့ တာဝန်များအား မေ့လုနီးပါး ဖြစ်သွားခဲ့သည်ကို သဘောပေါက်သွားကာ အလျင်အမြန်ပင် ကြေညာလိုက်လေသည်။ အလွှာအပြင်က လောကမှ ကျင့်ကြံသူများမှာ အသစ် ရောက်ရှိလာသူများကြောင့် အံ့ဩနေကြသော်လည်း ထိုအခြေအနေကို လက်ခံရုံမှ အပ သူတို့တွင် အခြား ရွေးချယ်စရာ မရှိပါချေ။ ထို့အပြင် မြေခွေးအိုကြီးများက ဤတစ်ကြိမ် ထာဝရ တိုက်ပွဲမှာ ယခင်ကနှင့် ခြားနားလိမ့်မည်ဟု သူတို့ကို သတိပေးခဲ့သည်။ ထိုအရာက အကြောင်းရင်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ... ထာဝရတိုက်ပွဲက ထိုအရေးမပါသည့် အကြောင်းအရာများထက် ပိုမို၍ အရေးကြီးသည်။
ထာဝရတိုက်ပွဲ...
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း၌ ထာဝရ တိုက်ပွဲ ပါဝင်နေကြောင်း ချိပ်ပိတ်နယ်မြေမှ ကျင့်ကြံသူ အများစု မသိကြပါချေ။ ၎င်းမှာ တိုက်ခိုက်ရေး လမ်းစဉ်ကို စိတ်မပါပဲ အဂ္ဂိရတ် တာအိုကို အာရုံစိုက်ထားသည့်သူများ အတွက် ရည်ရွယ်ပေသည်။ ထာဝရ တိုက်ပွဲမှာ လူတစ်ဦးချင်းစီ၏ မွေးရာပါ ပါရမီ၊ ထိုးထွင်းဉာဏ်နှင့် အဂ္ဂိရတ် တာအိုတွင် အောင်မြင်မှုများကို စိန်ခေါ်သည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။ ထို့အပြင် ၎င်းမှာ ပုံမှန် မြင်တွေ့နေကျ အဂ္ဂိရတ် တိုက်ပွဲ တစ်ခု မဟုတ်ပေ။
အမှန်တကယ်အားဖြင့် အသက် အန္တရာယ်ပင် ရှိသည်။ လေ့လာသူများက ထာဝရ တိုက်ပွဲမှာ ထာဝရ စွန့်စားခန်း အဆင့်ထက်ပင် အန္တရာယ် ပိုများသည်ဟု ဆိုကြသည်။ ထို့အပြင်... ထာဝရ တိုက်ပွဲကို စတင် တည်ထောင်ခဲ့သည့် အချိန်တည်းက စလို့ အလွှာအပြင်က ကျင့်ကြံသူများသာ ပါဝင်ခဲ့ကြသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ထိုနေရာ၌ ရှိနေသည့် အဂ္ဂိရတ် ပညာရှင် တစ်ဦးချင်းစီတိုင်းမှာ ထိပ်တန်း အဆင့် အရည်အချင်းများကို ပိုင်ဆိုင်ထားကြောင်း ဆုံးဖြတ်နိုင်သည်။ သူတို့ထဲမှ အများစုက သန့်စင်သည့် အဂ္ဂိရတ် အော်ရာများကို ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် ဝိညာဉ် ပိုင်ရှင်များ ဖြစ်ကြသည်။
ချိပ်ပိတ်နယ်မြေတွင် ဝေ့ဝူယင် မမွေးဖွားခင်က ကျော်ကြားခဲ့သည့် အဂ္ဂိရတ် ပညာရှင်များမှာ ထာဝရ ဧကရာဇ်နှင့် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုတို့ ဖြစ်သည်။ သူတို့နောက် မျိုးဆက်များတွင် အဂ္ဂိရတ် ဝိညာဉ် ကျင့်ကြံခြင်း လမ်းစဉ်ဖြင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ရောက်သူ မရှိခဲ့ချေ။
အလွှာအပြင်က လောကမှ တက်ရောက်လာသူတိုင်းမှာ အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားကြခြင်း မရှိသော်လည်း အားလုံးမှာ အသက် ငါးရာအောက် ဖြစ်ကာ သေမျိုး အဂ္ဂိရတ် ကြယ်တာရာများကိုတော့ ပိုင်ဆိုင်ထားကြသည်ချည်း ဖြစ်သည်။ သန့်စင်သည့် အဂ္ဂိရတ် အော်ရာ မရှိသည့် လူတစ်ချို့ ကြည့်ရင်း ဝေ့ဝူယင် စဉ်းစားဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်မိသည်။
ထျန်းရှောင်လော့မှာ ဝေ့ဝူယင်ကို တစ်ချိန်လုံး အကဲခတ်နေခြင်း ဖြစ်၏။ မကြာခဏ ဆိုသလို သူမက ချင်ကူးယဉ်ကိုလည်း လှမ်း၍ ကြည့်သည်။
ချင်ကူးယဉ်မှာ လှပသည်။ ထို့အပြင်... အနန္တ အသွင်ပြောင်းခြင်း ရှန့်ထိုနှင့် မျိုးရိုးချင်း ဆက်စပ်မှုလည်း ရှိသည်။ ထို့ကြောင့်ပင် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ အတွင်း သူမကို လိုက်ဖို့ ကြိုးစားခဲ့သည့် ကျင့်ကြံသူ များစွာ ရှိသည်။ သို့သော်လည်း... အများစုမှာ ချင်ကူးယဉ်၏ မျိုးရိုးနိမ့်ပါးမှု အပေါ် အခွင့်ကောင်း ယူလိုကြသူများသာ ဖြစ်သည်။ ထို့ကြောင့်ပင် ထိုလူအားလုံးကို သူမ တားဆီးခဲ့သည်။
ထျန်းရှောင်လော့ စိတ်ထဲမှ နေ၍ ထိုလူများနှင့် ဝေ့ဝူယင်ကို နှိုင်းယှဉ်ကြည့်မိသည်။ ဝေ့ဝူယင်၏ ရုပ်ရည်၊ အဆင့်အတန်း၊ ခွန်အား၊ နည်းလမ်းများ၊ နောက်ပြီး သူ ထောင်ထားသည့် အဖွဲ့အစည်းနှင့် လက်အောက်ငယ်သားများ... အားလုံးက အမြင့်ဆုံး အဆင့်တွင် ရှိနေပေသည်။ ထို့အပြင်... သူ့ချစ်သူများထဲ၌ အယ်ဗန်များ၊ ရှိ့ရန်များ၊ နတ်ဆိုးများ စသည်ဖြင့် မျိုးနွယ်ကွဲ ပေါင်းစုံ ပါဝင်နေပေသည်။ မိန်းမလှများနှင့် ပတ်သက်ပါက သူ့ထံတွင် ခွဲခြားစိတ် မရှိပါချေ။ သူက ချင်ကူးယဉ် အတွက် အကောင်းဆုံးသော ရွေးချယ်စရာ ဖြစ်နိုင်ပေသည်။
သို့သော်လည်း ယင်ပေါင်းစည်းခြင်းကြောင့် သူမပါ လိုက်လံ ရွေးချယ်ရမည့် အဖြစ်အအပျက်မျိုးကိုတော့ မလိုလားပါချေ။ ၎င်းအား ချေဖျက်နိုင်မည့် နည်းလမ်း တစ်ခုအား ရှာဖွေရန် သူမ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်သည်။
ရုတ်တရက် ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်သည်ကို ထျန်းရှောင်လော့ သတိထားလိုက်မိ၏။ သူမ ချက်ချင်းပင် သူ ကြည့်နေသည့် နေရာကို လိုက်လံ ကြည့်လိုက်သည်။ ထိုအခါ အဂ္ဂိရတ် ဝိညာဉ်အား ကျင့်ကြံထားပုံ မပေါ်သည့် လူငယ် တစ်ယောက်ကို တွေ့လိုက်ရ၏။
အဂ္ဂိရတ် ကုန်စည်ပြပွဲမှာတုန်းက ဝေ့ဝူယင်မှာ ဝိညာဉ်ခွဲ နည်းလမ်း တစ်မျိုးကို သုံး၍ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ကိုပါ ကျင့်ကြံထားကြောင်း ဖော်ထုတ်ခဲ့သည်ကို ထျန်းရှောင်လော့ ပြန်လည် အမှတ်ရ သွားခဲ့သည်။
ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် မရှိပဲ လူငယ် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်လာခြင်း အပေါ် အံ့ဩနေခြင်း ဖြစ်လိမ့်မည်ဟု ကောက်ချက် ချလိုက်မိသည်။
“သူတို့က အဂ္ဂိရတ် ဝိညာဉ်ကို မကျင့်ကြံပေမဲ့ သူတို့ရဲ့ နောက်ခံ အင်အားစုက ချီးမြှင့်ထားတဲ့ အဂ္ဂိရတ် သင်္ကေတတွေကို ပိုင်ထားတယ်လေ... သူတို့ကို ကြည့်ရတာ အန္တရာယ် သိပ်မရှိဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ သူတို့ ပိုင်ထားတဲ့ ခွန်အားကြောင့် ရင်ဆိုင်ဖို့ အခက်ဆုံးပဲ”
ထျန်းရှောင်လော့မှာ ရှင်းပြလိုက်ပြီးမှ ဝေ့ဝူယင်ထံတွင် စကားများသည့် ဝိညာဉ် ပိုင်ရှု ရှိနေသည်ကို ပြန်လည် သတိရလိုက်မိသည်။ သူမပင်လျှင် အဂ္ဂိရတ် သင်္ကေတ အကြောင်းကို သူမထံမှ ပြန်လည် သိရှိထားခဲ့ရခြင်း ဖြစ်သည်။
ထိုထက် ပို၍ ရှက်စရာ ကောင်းသည်က သူမမှာ လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ကို သွား၍ ဆရာလုပ် နေမိခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ ထိုအကြောင်းအရာများကို မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ မိန်းကလေးမှာ နှုတ်ခမ်းစူကာ တိတ်ဆိတ်သွားခဲ့၏။
ဝေ့ဝူယင် ပြုံးရင်း ထျန်းရှောင်လော့ကို လှည့်ကြည့်လိုက်၏။ ထိုအခါ သူမက အကြည့်ချင်း အစုံပင် မခံပဲ အခြားတစ်ဖက်သို့ စူအောင့်အောင့်ဖြင့် လှည့်သွားခဲ့သည်။ ဝေ့ဝူယင် မထိန်းချုပ်တော့ရာ အသံထွက်၍ ရယ်မောလိုက်မိတော့သည်။
“ဟား... ဟား...”
***