← Chapters

သွေးဘိုးဘေးကို သတ်ဖြတ်ခြင်း

Vol. 7 Ch. 658

သွေးဘိုးဘေးကို သတ်ဖြတ်ခြင်း

Vol. 7 Ch. 658

"သွေးဘိုးဘေး ဘယ်ရောက် သွားတာလဲ ... သေသွားတာလား"

နိုင်ငံ ကိုယ်စားလှယ်များက တုန်ရီစွာဖြင့် ရေရွတ် လိုက်ကြသည်။

"သခင်ကြီးက လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး ... စောင့်ကြည့်နေကြ"

အမှောင်မြို့စားက ယုံကြည်ချက် ရှိစွာ ဆိုလိုက်၏။

အားလုံး၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင်ပင်…

"ဘုန်း…"

ကြီးမားသော ပေါက်ကွဲသံ တစ်ခုနှင့် အတူ မြေတွင်းထဲမှ အနက်ရောင် အလင်းတစ်ခု ထိုးတက်လာ၏။

ထိုအလင်းကား အမှောင်စွမ်းအားများဖြင့် ဖွဲ့စည်းထားကာ ငရဲပြည်မှလာသော မီးကဲ့သို့ အလျှံတငြီးငြီး တောက်လောင်နေသည်။ ထိုအလင်း ထွက်ပေါ်လာသည်နှင့် ကောင်းကင်က မိုးကြိုးတိမ်တိုက်များဖြင့် ပြည့်နှက်လာကာ အမှောင်ကို ယူဆောင်လာ၏။

"ဘာဖြစ်နေတာလဲ…"

လူများ၏ အကြည့်များ အောက်တွင်ပင် အနက်ရောင် အလင်းမှ အရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုအရိပ်၏ ခန္ဓာကိုယ် ထုထည် တစ်ခုလုံးသည် နက်မှောင်နေပြီး ထိုခန္ဓာ တစ်ခုလုံး၌ လျှို့ဝှက် ဆန်းကြယ်သော တက်တူးများက ဖုံးလွှမ်းနေသည်။

သူ၏ မျက်လုံးများသည် သွေးအလား နီရဲနေပြီး သူ၏ ထက်ရှသော လက်သည်းများကလည်း ပေချီ၍ ရှည်လျားနေသည်။ တစ်ချိန်တည်းတွင် သူသည် သူ၏ အတောင်ပံကို ငရဲပြည်မှ မိစ္ဆာ တစ်ကောင်အလား ဖြန့်ကြက်ထားသည်။

"ချန်းပေ့ရွှမ်း ... သင်က ငါ့ကို တွန်းအားပေး တာပဲ ... ငါ သင့်ရဲ့ နှလုံးကို ထုတ်ပြီး ... သင့်ရဲ့ သွေးတွေကို သောက်မယ် ... နောက်ပြီး သင့်ရဲ့ ခန္ဓာကို အရသာအရှိဆုံး ညစာအဖြစ်နဲ့ ငါ သုံးဆောင်မယ်"

ရိန်းဟာ့က ကဗျာရွတ်သည့် လေသံဖြင့် ပြောရင်း သူ၏ ရှည်လျားသော လျှာကြီးဖြင့် နှုတ်ခမ်းအား ပွတ်သပ်လိုက်သည်။ သူ၏ ပုံသဏ္ဌာန်ကား နတ်ဆိုးအသွင်သို့ လုံးလုံး ပြောင်းလဲနေခဲ့ချေပြီ ဖြစ်သည်။

"ဒါကမှ ... ငါတို့ သွေးမျိုးဆက်တွေရဲ့ အစစ်အမှန် သခင်ကြီးပဲ"

အမှောင်မြို့စားက အဝေးမှ နေ၍ ဒူးထောက်ချကာ ဂါဝရ ပြုလိုက်၏။

အခြားသော ပညာရှင်များမှာမူ သွေးဘိုးဘေး၏ ချောက်ချားဖွယ် ပုံသဏ္ဌာန်ကို ကြည့်ရင်း လန့်ဖျပ်ကာ နောက်သို့ ဆုတ်လိုက်မိကြသည်။

"သူက တကယ့် မိစ္ဆာပဲ…"

ကိုရီးယား တိုက်ကွမ်ဒို ပညာရှင် တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သွေးဘိုးဘေးက မျက်ထောင့်နီဖြင့် တိုက်ကွမ်ဒို ပညာရှင်အား ကြည့်လိုက်သည်။ ထို့နောက် သူက ပါးစပ်ကိုဟ၍ အနက်ရောင် အခိုးအငွေ့များကို မှုတ်ထုတ်လိုက်သည်။

"ဟူး…"

အနက်ရောင် အခိုးအငွေ့များက သင်္ကေတ တစ်ခုအသွင် ပြောင်းလဲ၍ တိုက်ကွမ်ဒို ပညာရှင်၏ အထက်၌ ပေါ်လာသည်။

တိုက်ကွမ်ဒို ပညာရှင်က ကြောက်လန့်တကြား ထွက်ပြေးရန် ပြင်လိုက်သော်လည်း မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အရိုးစု တစ်ခုအဖြစ် ခြောက်သွေ့သွားသည်။

"ခြောက်သွေ့ခြင်း ကျိန်စာ…"

တစ်စုံတစ်ယောက်က တုန်တုန်ရီရီ ရေရွတ်လိုက်၏။ ထိုအရာကား စက္ကန့်ပိုင်း အတွင်းမှာပင် ထိပ်တန်း ပညာရှင် တစ်ယောက်ကို သတ်နိုင်သည့် ကျိန်စာမျိုး ဖြစ်သည်။

"သူက သွေးစုပ်ဖုတ်ကောင် သွေးဘိုးဘေးပဲ ... လူသားမျိုးနွယ်နဲ့ ကမ္ဘာအတွက်လို့ ပါးစပ်က မနားတမ်း ပြောနေလည်း ... သူက မိစ္ဆာ တစ်ကောင်ပဲ ... ဒါတောင် ရှင်တို့က သူ့ကို ယုံကြည်နေတုန်းလား"

ယုဝမ်ကျင်းက အော်ဟစ် ပြောလိုက်သည်။

"ဒါက…"

အနောက်တိုင်း ပညာရှင်များက သူတို့၏ ခေါင်းများကို ငုံ့လိုက်မိကြသည်။ နိုင်ငံ ကိုယ်စားလှယ် များပင်လျှင် ရှက်ရွံ့နေကြပုံ ပေါ်သည်။

"ချန်းပေ့ရွှမ်း ... သင်က မြေကမ္ဘာ အဆင့်ကို မရောက်သေးဘူး ... ဒီတော့ မြေကမ္ဘာ အဆင့်တွေ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သင်မသိသေးဘူး"

သွေးဘိုးဘေးက အတောင်ပံများကို ခတ်ရင်း ကောင်းကင်တွင် ရပ်တည်နေ၏။

"ဒါက ငါ တိတိကျကျ လိုချင်နေတဲ့ သန့်စင်တဲ့ သွေးမျိုးဆက်ပဲ"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း သွေးဘိုးဘေးအား သေချာစွာ အကဲခတ်လိုက်သည်။

"ဘုန်း…"

သွေးဘိုးဘေးက မည်သို့မှ ပြန်မပြောတော့ပဲ ရုတ်တရက် စတင် တိုက်ခိုက်လိုက်သည်။

"ဟူး ... ဟူး…"

သူ၏ လက်သည်းများက ကမ္ဘာ တစ်ခုလုံးမှ အမှောင်စွမ်းအားများကို စတင်စုစည်း၏။ တစ်ချိန်တည်းတွင်ပင် သူ၏ သွေးရောင် လက်သည်းများက သုံးပေခန့်အထိ ရှည်လျားလာသည်။

"ဝေါ ... ဝေါ…"

ကောင်းကင်ရှိ မိုးကြိုး တိမ်တိုက်များက ရုတ်ခြည်းပင် ပြိုကျ၍ မိုးသည်းထန်စွာ ရွာသွန်း၏။ လေများကလည် မုန်တိုင်းတစ်ခု အလား စတင်၍ တိုက်ခတ်လာသည်။

"ဘုန်း…"

ချန်းဖန်က ရှေ့သို့ တစ်လှမ်းတိုးရင်း လက်ဝါးကို မလိုက်သည်။ လက်ဝါး တစ်ခုက အဇူရာ အလင်းဖြင့် ဖွဲ့စည်းလာကာ လေထဲ၌ မြောပါသည်။

"ဘုန်း…"

အဇူရာ လက်ဝါးက သွေးရောင် လက်သည်းများ ထံသို့ တိုးဝင်ကာ အပိုင်းပိုင်း ဖျက်ဆီးပစ်၏။ လက်သည်းများ ပျက်စီး သွားသည့်တိုင် လက်ဝါးက ရပ်တန့်ခြင်း မရှိပဲ သွေးဘိုးဘေးထံသို့ ဆက်လက် တိုးဝင်သည်။

သွေးဘိုးဘေးက ထိုလက်ဝါးကို ရှောင်တိမ်းရန် ကြိုးစား လိုက်သော်လည်း အချိန်မမီတော့ချေ။

"ဘုန်း…"

လက်ဝါးက သွေးဘိုးဘေး၏ ပခုံးကို ထိရာ အရိုးများအားလုံး ကျိုးကြေသွားသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း နောက်သို့ လွင့်စဉ်သွားကာ မီတာပေါင်းများစွာ အကွအဝေးသို့ ရောက်မှ အရှိန်သတ် နိုင်တော့သည်။

"သူက ဘာလို့ ဒီလောက် အစွမ်းထက် နေရတာလဲ"

သွေးဘိုးဘေး၏ အနီရောင် တောက်ပနေသော မျက်လုံးများ၌ နားမလည်ခြင်းများ ဖြစ်ပေါ်လာ၏။

သူသည် နှစ်ထောင်ချီ၍ အသက်ရှင် နေထိုင်ခဲ့သည့်တိုင် ယခုကဲ့သို့ တစ်ဖက်သတ် တိုက်ခိုက် ခံရခြင်းမျိုး မကြုံခဲ့ဖူးချေ။

"ဟူး ... ဟူး…"

သွေးဘိုးဘေးက အတောင်များကို ခတ်၍ အသံ၏ ငါးဆနှုန်းဖြင့် ချန်းဖန်ထံ တိုးဝင်လာပြန်၏။ သူ၏ ကျိုးကြေနေသော လက်သည်းများကလည်း တစ်ခဏ အတွင်းမှာပင် ပြန်လည် ကောင်းမွန်လာကာ နောက်တစ်ကြိမ် တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဘုန်း…"

သွေးဘိုးဘေးက မီတာထောင်ချီ အကွာအဝေးကို မျက်တောင် တစ်ခတ်စာအတွင်း ဖြတ်သန်း၍ ချန်းဖန်၏ အရှေ့၌ ပြန်ပေါ်လာ၏။

ထို့နောက် သူက သူ၏ လက်များကို မြှောက်လိုက်သည်။ သွေးဘိုးဘေး၏ လက်ချောင်း တစ်ခုချင်းစီသည် ကြောက်မက်ဖွယ် ကျိန်စာ တစ်ခုကို ကိုယ်စားပြုနေ၏။

"ခြောက်သွေ့ကျိန်စာ…"

"အိုမင်းခြင်း ကျိန်စာ…"

"  ... "

"သွေးအဆိပ် ကျိန်စာ…"

မျက်တောင် တစ်ခတ်စွာ အတွင်းမှာပင် ကျိန်စာ ဆယ်ခုက သွေးဘိုးဘေး၏ လက်ချောင်းများမှ ထွက်ပေါ်လာကာ ချန်းဖန်အား ဖမ်းစား၏။ ထိုကျိန်စာ တစ်ခုချင်းစီကား သေမျိုး နတ်ဘုရား အဆင့် တစ်ယောက်ကိုပင် အလွယ်လေး သတ်ဖြတ်နိုင်စွမ်း ရှိသည်။

"ချန်းပေ့ရွှမ်း ... သင် ငါ့ရဲ့ ကျိန်စာ ဆယ်ခုကို ခုခံနိုင်ရင် ငါ ခုချက်ချင်း ထွက်သွားပေးမယ်... ဟားဟား…"

သွေးဘိုးဘေးက အော်ဟစ် ရယ်မောလိုက်သည်။ အသံလှိုင်းနှင့် အတူ သူ၏ ဝိညာဉ်စွမ်းအားက ချန်းဖန်၏ စိတ်အတွင်း ဝင်ရောက်ကာ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖျက်ဆီးရန် ကြိုးစားသည်။

"ပျော့လိုက်တဲ့ ကျိန်စာလေးတွေ…"

ချန်းဖန်က အမူအရာ ကင်းမဲ့စွာဖြင့် သူ၏ လက်ဝါးကို မြှောက်လိုက်သည်။

ထိုအချိန်၌ သွေးဘိုးဘေး၏ လက်သည်းများကား ချန်းဖန်၏ နှလုံးသားနှင့် သုံးလက်မခန့်သာ ကွာဝေးတော့သည်။ သို့သော်လည်း သွေးဘိုးဘေး အတွက် ထိုသုံးလက်မ ဟူသော အကွာအဝေးသည် အလွန်ပင် ဝေးကွာလွန်းလှသည်။

သူ၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ လက်ဝါးက ကျိန်စာများကို လျစ်လျူကာ သူ၏ ဘယ်ဘက်လက်ကို လာရောက် ဆုပ်ကိုင်သည်။

"မလုပ်နဲ့…"

သွေးဘိုးဘေးက သူ၏ လက်ကို ရုပ်သိမ်းကာ နောက်ဆုတ် ပျံပြေးသည်။ သူ၏ စိတ်တွင်မူ အလွန်အမင်း ချောက်ချားနေခဲ့ပြီ ဖြစ်သည်။

"သူက မွန်းစတား တကယ့် မွန်းစတားပဲ ... သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကို အစွမ်းထက် လွန်းတယ် ... သူက ငါ့ကျိန်စာတွေကိုတောင် မကြောက်ဘူး ... နောက်ပြီး သူက အချိန်ကိုတောင် ထိန်းချုပ်နိုင်တယ် ... ငါတို့ သွေးမျိုးဆက်မှာတောင် ဘိုးဘေးတွေပဲ သူ့ကို ယှဉ်နိုင်လိမ့်မယ်"

သွေးဘိုးဘေးကား တိုး၍ တိုး၍ ကြောက်လန့်လာခဲ့သည်။

သူက ချက်ချင်းပင် အတောင်ပံကို ပြင်းထန်စွာ ခတ်ရင်း သွေးအလင်းတန်း တစ်ခု အသွင်ဖြင့် ထွက်ပြေးရန် ကြိုးစား၏။ သို့သော်လည်း အချိန်၏ ထိန်းချုပ်မှု၌ သူ၏ လှုပ်ရှားမှုများက နှေးကွေးလေးလံ နေသည်။

"သွေးဘိုးဘေး ထွက်ပြေးနေတာလား…"

လူများက ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ကြသည်။

အမှောင်မြို့စားပင် ဆွံ့အနေခဲ့၏။ သူသည် သူ မြင်တွေ့နေရသည့် မြင်ကွင်းကို လုံးဝ မယုံကြည်နိုင်ချေ။

"မင်းက ထွက်ပြေးချင်တာလား"

ချန်းဖန်က သွေးဘိုးဘေး၏ နောက်ကျောတွင် ရပ်ကာ လက်ကို ဆန့်ထုတ်လိုက်၏။

"ခရက်…"

ချန်းဖန်က လက်သက်သက်ဖြင့်ပင် သွေးဘိုးဘေး၏ အတောင်ပံ နှစ်ဖက်ကို ဆွဲချိုးလိုက်သည်။

"ဝူး…"

နာကျင်သော အော်ဟစ်သံနှင့် အတူ အတောင်မဲ့သော သွေးဘိုးဘေး၏ ခန္ဓာကိုယ်က မြေပြင်သို့ ပြုတ်ကျသည်။

"ပြေး…"

သွေးဘိုးဘေးသည် ထပ်မံ၍ မတိုက်ခိုက် ဝံ့တော့ချေ။ သူက မြေပြင်သို့ ရောက်သည်နှင့် ခန္ဓာကိုယ်ကို သွေးမြူများ အဖြစ် ဖောက်ခွဲ၍ အလင်း၏ အမြန်နှုန်းဖြင့် ထွက်ပြေးသည်။

"ရပ်စမ်း…"

ချန်းဖန်က အော်ဟစ်ရာတွင် လေထုက သံမဏိပြားအလား သိပ်သည်းလာကာ သွေးဘိုးဘေးကို တားဆီးသည်။

သွေးဘိုးဘေးသည် ကြိုးစား ရုန်းကန်သော်လည်း လေထု၏ ချုပ်နှောင်မှု၌ မည်သို့မျှ လွတ်မြောက်နိုင်စွမ်း မရှိခဲ့ချေ။

"ငါသာ သူ့ကို ကျင့်ကြံခြင်းမှာ သုံးလိုက်ရင် ပထမ ပန်းချီကို အောင်မြင်ပြီး မူလအဆင့်ကို ဝင်ရောက်နိုင်ပြီ"

ချန်းဖန်က တောက်ပစွာ ပြုံးရင်း လေထု၌ လက်ဖြင့် သင်္ကေတများ ရေးဆွဲလိုက်သည်။ တစ်ခဏ အတွင်းမှာပင် သင်္ကေတများက ရွှေရောင် အဆောင်အဖြစ် ပြောင်းလဲကာ သွေးဘိုးဘေးကို ပိတ်လှောင်သည်။

ရွှေရောင်အဆောင်များက သွေးဘိုးဘေးကို ချည်နှောင်ကာ ရွှေရောင် အလင်းလုံး အသွင်ကို ပြောင်းလဲ၏။ ထို့နောက် ရွှေရောင် အလင်းလုံးက လေထဲ၌ ပျံတက်ကာ ချန်းဖန်၏ လက်သို့ ဆင်းသက်သည်။

ချန်းဖန်သည် ရွှေရောင် အလင်းလုံးကို ကိုင်ဆောင်၍ ဓားနန်းတော် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။ ဓားနန်းတော်သို့ ပြန်လည် မဝင်ခင် သူသည် လွတ်မြောက်ရန် ကြိုးစားနေသည့် အမှောင် မြို့စားကိုပါ သတ်ဖြတ်ပစ်ခဲ့သည်။

တောင်ခြေရှိ လူများအားလုံးကား တိတ်ဆိတ်စွာဖြင့်ပင် ထိုမြင်ကွင်းကို ကြည့်နေမိကြသည်။ သူတို့၏ စိတ်များမှာမူ ဗလာဟင်းလင်း ဖြစ်နေခဲ့သည်။

"သွေးဘိုးဘေးက တကယ်ပဲ သေသွားပြီလား…"

တစ်ခဏအကြာ၌ တစ်ယောက်၏ တီးတိုးမေးသံ ထွက်ပေါ်လာ၏။

"ဆရာက သွေးဘိုးဘေးကို ဖမ်းလိုက်ပြီ ... ကဲ ရှင်တို့မှာ ကျွန်မ ဆရာနဲ့ ပတ်သက်ပြီး ဘာပြောချင်တာ ရှိသေးလဲ"

ယူကီရှီရိုဆာက မေးစေ့ကို မော့ရင်း မေးလိုက်၏။

"ဘာမှ မရှိတော့ပါဘူး…"

နိုင်ငံ ကိုယ်စားလှယ်များ အပါအဝင် အနောက်တိုင်း၏ ပညာရှင်များက သူတို့၏ ခေါင်းများကို ငုံ့လိုက်မိကြတော့သည်။

***

All Chapters