ထာဝရ တိုက်ပွဲ
Vol. 111 Ch. 1552
“ဟား... ဟား...”
ပုံမှန်အားဖြင့် အစဉ်အမြဲ တင်းမာနေတတ်သည့် ထာဝရ တိုက်ပွဲ၏ လေထုမှာ သူ၏ ရယ်မောသံကြောင့် ပျော့ပျောင်းသွားခဲ့၏။
များစွာသော မျက်လုံးများမှာ စိတ်ဝင်တစားဖြင့် လှည့်ကြည့်လာကြသည်။ လူအနည်းငယ်မှာ စကားပြောချင် ကြသော်လည်း ဝေ့ဝူယင်၏ တည်ရှိမှု သက်သက်ကပင် နှောက်ယှက်ရန် မသင့်တော်သည့် လူတစ်ယောက် ဖြစ်ကြောင်း သိသာစေသည့် အော်ရာတစ်မျိုးကို ထုတ်လွှတ်နေသည်ဟု ခံစားလိုက်ရသည်။ ထိုခံစားချက်ကို ရှင်းပြ၍ မရနိုင်သော်လည်း သူတို့အားလုံးမှာ ရိုးရှင်းစွာပင် မသိစိတ်၏ စေစားမှု အတိုင်း လျှာများကို ထိန်းချုပ် ထားခဲ့ကြသည်။ သူတို့၏
ဝေ့ဝူယင်အား ကြည့်နေသည့် အမျိုးသမီး အဂ္ဂိရတ် အာဏာရှင် အချို့၏ မျက်ဝန်းများထဲတွင် လောင်ကြွမ်းနေသည့် ဆန္ဒများကို အကဲခတ်လိုက်မိရာ ထျန်းရှောင်လော့ မျက်မှောင်ကြုတ် သွားခဲ့၏။ တစ်ချိန်တည်း၌ မောက်မာပါသည် ဆိုသည့် ထိပ်သီး သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ ဝေ့ဝူယင် အပေါ် မလေးမစား ပြုမိမည်ကို ကြောက်ရွံ့နေသည့် အလား သတိထားနေကြသည်ကို သူမ သတိပြုလိုက်မိသည်။
ပထမတုန်းက ဝေ့ဝူယင်၏ ရယ်မောသံကြောင့် ထိုမာနခဲများမှာ ရန်ပြု ဆူပူကြိမ်းမောင်း ကြလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ခုမှ ဖြစ်မလာခဲ့ချေ။
"ဆယ်စက္ကန့်..."
ဝမ်ယုထျန်း၏ အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ် လာခဲ့၏။ လေထုက တဖြည်းဖြည်း ပြန်လည်၍ တင်းမာလာခဲ့သည်။
"ထာဝရတိုက်ပွဲအကြောင်း ရှင် သိထားလား”
ချင်ကူးယဉ်က ဝေ့ဝူယင် အနားကို အနည်းငယ် တိုးကပ်ရင်း မေးလိုက်၏။ ထျန်းရှောင်လော့မှာ ထိုအချင်းအရာကို သတိထားမိသည်နှင့် ချက်ချင်းပင် လှမ်းကြည့်လိုက်သည်။
မိန်းကလေး၏ သတိအပြည့် ဖြစ်နေပုံကို ကြည့်ကာ ဝေ့ဝူယင် ရယ်ချင်စိတ်ကို မနည်း ထိန်းထားရ၏။ သူ့ နှလုံးသားအတွင်း၌ စချင်စိတ်က ပေါ်လာခဲ့သည်။
“ငါ နည်းနည်းတော့ သိတယ်... ဒါပေမဲ့ အားလုံးတော့ မဟုတ်ဘူး... မင်း ပြောပြပေးလို့ ရမလား”
သူ ချင်ကူးယဉ် အနားသို့ တိုးကပ်ရင်း မေးလိုက်သည်။ ထိုအခိုက်၌ သူတို့ နှစ်ဦးကြားတွင် ခြေတစ်လှမ်းလောက်သာ ကွာဝေးပေတော့သည်။ ဝေ့ဝူယင်၏ ချောမောသည့် ရုပ်ရည်ကို မော့ကြည့်ရင်း ချင်ကူးယဉ်မှာ ခံစားချက် ပေါင်းစုံနှင့် ပြည့်နှက်လာခဲ့တော့သည်။
အတိတ်မှာတုန်းက သူတို့ နှစ်ယောက်မှာ ထာဝရ ကြယ်တာရာ နယ်မြေတွင် ခေတ်ပြိုင်ဆိုသလို ကျော်ကြားခဲ့သည်။ ထာဝရ ဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံမည့် မင်းသားနှင့် မင်းသမီးလေး အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဝေ့ဝူယင် သေဆုံးသွားခဲ့ကြောင်း ကြားသိခဲ့ရချိန်က ချင်ကူးယဉ် အချိန် အကြာကြီး ဝမ်းနည်း နေခဲ့သည်။ ထို့နောက် သူမ အဂ္ဂိရတ် တာအိုပေါ်တွင် နှစ်မြှုပ်ခဲ့သည်။
သို့သော်လည်း... ယခု သူ အသက်ရှင်သန်ကာ ကောင်းကောင်းမွန်မွန်ပင် ရှိနေသေးကြောင်း တွေ့ရှိလိုက်ရချိန်၌ သူမ၏ ခံစားများမှာ သပွတ်အူလိုပင် ရှုပ်ထွေး ပွေလီ နေခဲ့သည်။ ဝေ့ဝူယင်က “ကျိန်နေတာလား” ဟု စနောက်လိုက်ပြီး နောက်တွင်တော့ သူမ၏ ခံစားချက်များက ပြန်လည် ရှင်းလင်း သွားခဲ့သည်။ နှလုံးသား အတွင်းမှ လေးလံသော ခံစားချက်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။
ထာဝရ တိုက်ပွဲ စတင်ရန် စက္ကန့် အနည်းငယ်သာ လိုတော့လေရာ မိန်းကလေးမှာ ဝိညာဉ် ဆက်သွယ်မှုမှ တစ်ဆင့် သတင်းစကားများကို ပေးပို့လိုက်လေတော့၏။
“ထာဝရတိုက်ပွဲက ထူးခြားတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး အသက်နဲ့ကိုယ် အိုးစားကွဲရတဲ့ အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်... ရှင်းရှင်းပြောရရင် ဒါက ကျွမ်းကျင်မှု၊ ဗဟုသုတ၊ သတ္တိ၊ စွမ်းဆောင်ရည်၊ ပါရမီ၊ အမြန်နှုန်းနဲ့ ခွန်အား စတဲ့ အရည်အချင်းတွေကို စိန်ခေါ်တာပဲ... ဒီပြိုင်ပွဲကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ထာဝရ ဧကရာဇ်က တီထွင်ခဲ့တာ... ဒီနေ့ခေတ် အထိတောင်မှ ထာဝရတိုက်ပွဲဟာ အဂ္ဂိရတ် တာအိုမှာ ကြောက်စရာ အကောင်းဆုံး စိန်ခေါ်မှုလို့ သတ်မှတ်ကြထားတယ်”
ဝေ့ဝူယင်က အလွန်စိတ်ဝင်တစား နားထောင်နေသည့်အတွက် ချင်ကူးယဉ်၏ မျက်နှာအမူအရာကလည်း ပို၍တက်ကြွလာခဲ့သည်။
သို့သော်လည်း ဝေ့ဝူယင်မှာ ထာဝရတိုက်ပွဲ အကြောင်း အသေးစိတ်အချက်အလက်အားလုံးကို သိပြီးဖြစ်သည်။ အမှန်တကယ်အားဖြင့် သူကိုယ်တိုင် ပင်လျှင် ယခင်က တစ်ကြိမ် ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးသည်။ ဝတ်စုံနက် ဝေ့ဝူယင်မှာ အဂ္ဂိရတ် တာအိုကို အဓိကလမ်းစဉ် အဖြစ် မဟုတ်ဘဲ အရန်လမ်းစဉ်အဖြစ်သာ သဘောထားခဲ့သည့်တိုင် ထာဝရ တိုက်ပွဲတစ်ခုတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။ သို့သော်လည်း ၎င်းမှာ ယခုလို လူငယ်များ၏ ပြိုင်ပွဲ မဟုတ်ပဲ အဆုံးမဲ့ ခရီးသွား နယ်မြေ လူကြီး မျိုးဆက်များကြား ကျင်းပသည့် ပြိုင်ပွဲတစ်ခု ဖြစ်ပေသည်။
ထာဝရတိုက်ပွဲမှာ သာမန် အဂ္ဂိရတ် တိုက်ပွဲ၊ ရွှင်းစု တာအို တိုက်ပွဲများထက် ပိုမိုပြင်းထန်ပြီး အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။ သို့သော်လည်း ယင်းပြိုင်ပွဲတွင် လက်တွေ့နှင့် ရေရှည်အတွက် အကျိုးရှိသည့် လောင်းကြေးများ ပါဝင်နေပေသည်။ အထင်ရှားဆုံးအနေဖြင့် သင့်အသက်ပင်လျှင် လောင်းကြေးတစ်ခု ဖြစ်နိုင်သည်။
ထာဝရ ဧကရာဇ်မှာ ထာဝရတိုက်ပွဲကို အသက်အရွယ်တူ၊ အဆင့်အတန်းတူ အဂ္ဂိရတ်ပညာရှင်များစွာ အချင်းချင်း ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကြရသည့် တိုက်ပွဲ အမျိုးအစား တစ်ခုအဖြစ် ပုံဖော် ထုဆစ်ထားသည်။
ထာဝရတိုက်ပွဲတွင် အဆင့်ကိုးခု ပါဝင်သည်။ အဆင့်တစ်ခုစီတွင် အဆင့်ခွဲ ကိုးခုစီ ထပ်မံ ပါဝင်သည်။ သို့ဖြစ်လေရာ စုစုပေါင်း အဆင့်ခွဲရှစ်ဆယ့်တစ်ဆင့် ပါဝင်သည်ဟု ဆိုနိုင်ပေသည်။
အဆင့်တစ်ခုချင်းစီကို သေမျိုး အဂ္ဂိရတ် တာအို အတွင်း အဆင့်တစ်၊ အဆင့်ကိုး စသည်ဖြင့် အဆင့်အတန်းတစ်ခု သတ်မှတ်ထားကာ အဂ္ဂိရတ်ပညာရှင် တစ်ဦးစီက မဲနှိုက်၍ အဆင့်နိမ့်၊ အဆင့်မြင့်နှင့် အထွတ်အထိပ် အဆင့် အရည်အသွေးများနှင့ အတူ ဆေးလုံး၊ ဆေးနှစ်၊ ဆေးရည်၊ ဆေးတောင့်ဟူသည့် ထုတ်ကုန်လေးမျိုးထဲမှ တစ်မျိုးကို ဖော်စပ်ရမည်ဖြစ်သည်။
တစ်ဦးချင်းစီအတွက် မဲနှိုက်ရွေးချယ်ခြင်းမှာ လုံးဝကျပန်းဖြစ်သည်။ သို့သော်လည်း အဂ္ဂိရတ် ပညာရှင်တစ်ဦးသည် ပထမအဆင့်တွင် ဆေးလုံး အမျိုးအစား တစ်ခုကို ရရှိခဲ့ပါက ဒုတိယနှင့် တတိယအဆင့်များတွင် အခြားအမျိုးအစားနှစ်ခု ရရှိပြီးမှသာ ထိုဆေးလုံးအမျိုးအစားကို နောက်တစ်ကြိမ် ထပ်မံရရှိနိုင်သည်။
ထို့ကြောင့်ပင် စတုတ္ထအဆင့် မတိုင်မီ သူတို့မှာ ပထမ အဆင့်၌ ရရှိထားခဲ့သည့် ဆေးလုံးအမျိုးအစားကို ထပ်မံရရှိနိုင်မည်မဟုတ်ပေ။ ကံကောင်းထောက်မတာ တစ်ခုက သတ်မှတ်ထားသည့် အဆင့်အတန်းများမှာ အဂ္ဂိရတ်ပညာရှင် တစ်ဦးချင်းစီတိုင်းအတွက် အဆင့်တိုင်း၌ ကိုက်ညီမှုရှိနေခြင်း ဖြစ်သည်။
ထိုအရာကပင် ကျပန်း မဲခွဲပေးမှုများကို အတန်အသင့် ခန့်မှန်းနိုင်စေသော်လည်း တစ်ချိန်တည်း၌ အဆင့်များမှာလည်း အလွန်ပင် ကွဲပြားလှသည်။ အကယ်၍ အဂ္ဂိရတ်ပညာရှင်တစ်ဦးမှာ ထုတ်ကုန် အမျိုးအစားတစ်ခုတွင် ကျွမ်းကျင်မှုမရှိပါက ၎င်း၏ နောက်ပိုင်းအဆင့်များ၌ မိမိ ကျွမ်းကျင်သည့် ထုတ်ကုန်အမျိုးအစားကျသည့် အခါ အမှတ်ဖြည့်တင်းယူနိုင်သည်။
ထာဝရတိုက်ပွဲတွင် အဂ္ဂိရတ်ပညာရှင်တိုင်းသည် အဆင့်တစ်၊ အဆင့်ခွဲ သုညမှ စတင်ကြရသည်။ ထို့နောက် ထိုအဆင့်အတွက် ကျပန်းထုတ်ကုန်အမျိုးအစားတစ်ခု ရရှိကြသည်။ ထို့နောက် အဂ္ဂိရတ်ပညာရှင် တစ်ဦးချင်းစီမှာ ကျပန်း ရွေးချယ်ထားသည့် အဆင့်နိမ့်၊ အဆင့်မြင့် သို့မဟုတ် အထွတ်အထိပ်အဆင့် ဆေးဖော်စပ်နည်းများကို ဆက်လက်ရရှိကြသည်။ ထိုဆေးဖော်စပ်နည်းမှာ သူတို့ ရင်းနှီးဖူးသည့် နည်းလမ်းတစ်ခုဖြစ်နိုင်သလို မရင်းနှီးသည့် နည်းလမ်းလည်း ဖြစ်နိုင်သည်။
အဆင့်ခွဲများနှင့် အဆင့်များကို ကျော်လွန်နိုင်ရန်အတွက် အဂ္ဂိရတ်ပညာရှင်များမှာ ထုတ်ကုန်ကို လက်ခံနိုင်ဖွယ်ရှိသည့် စံနှုန်းတစ်ခုအထိ အောင်မြင်စွာ ဖော်စပ်နိုင်ရမည်ဖြစ်သည်။ အဆင့်နိမ့် အရည်အသွေးဖြင့် အောင်မြင်စွာ ဖော်စပ်နိုင်ပါက တစ်ဆင့်တက်ပြီး အဆင့်မြင့် အရည်အသွေးဖြင့် အောင်မြင်ပါက နှစ်ဆင့်တက်ကာ အထွတ်အထိပ် အဆင့် အရည်အသွေးဖြင့် အောင်မြင်ပါက သုံးဆင့်တက်မည်ဖြစ်သည်။ အဆင့်ခွဲကိုးဆင့်ကို အောင်မြင်ပြီးသွားပါက အဂ္ဂိရတ်ပညာရှင်တစ်ဦးသည် နောက်တစ်ဆင့်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
သို့သော်လည်း မျှော်လင့်ထားသလောက် မလွယ်ကူပေ။ ဤသည်မှာ ထာဝရ ဧကရာဇ်ကိုယ်တိုင် တည်ထောင်ခဲ့သော ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ထာဝရတိုက်ပွဲဖြစ်ပြီး သာမန် ပြိုင်ပွဲတစ်ခုမဟုတ်ပေ။
ပထမအချက်အနေဖြင့်... အဂ္ဂိရတ်ပညာရှင်တစ်ဦးစီကို တစ်ကြိမ် ဆေးဖော်စပ်ရန်အတွက်သာ လုံလောက်သည့် ကုန်ကြမ်းပစ္စည်းများကို ပေးထားသည်။ ဆေးဖော်စပ်မှု တစ်ကြိမ် ရှုံးနိမ့်ခဲ့လျှင် အခြားလူများ ဆေးဖော်စပ် ပြီးစီးချိန် အထိ အတင်းအကြပ် စောင့်ဆိုင်းရမည်ဖြစ်ပြီး ထို့နောက်မှသာ နောက်တစ်ကြိမ် ထပ်မံကြိုးစားရန် ဒုတိယအသုတ်ကို ရရှိမည်ဖြစ်သည်။ ပြိုင်ပွဲတစ်ခုတွင် ဤသည်မှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။
ဒုတိယအချက်အနေဖြင့် ရလာဒ်မည်သို့ပင်ရှိစေကာမူ အဂ္ဂိရတ်ပညာရှင်တစ်ဦးသည် ၎င်း၏ထုတ်ကုန်၏ ရလဒ်ကို လက်ခံရမည်ဖြစ်သည်။
တတိယအချက်အနေဖြင့်... မည်သည့် အဆင့်၌ ဖြစ်စေကာမူ အဂ္ဂိရတ်ပညာရှင်တိုင်းကို ခုနစ်ရက် သို့မဟုတ် ရှစ်ဆယ့်လေးနာရီ အချိန်ကန့်သတ်ချက် ပေးထားသည်။ ပထမ အဆင့် ဖြစ်စေ၊ နဝမ အဆင့် ဖြစ်စေ အချိန်ကန့်သတ်ချက်မှ ကင်းလွတ်ခွင့်မရှိပေ။ ဤသည်မှာ အလွန် ရက်စက်ကြမ်းကြုတ်သော စည်းမျဉ်းတစ်ခုပင်ဖြစ်သည်။ ထိုသို့ဆိုသော်လည်း လူတစ်ဦး၏ ဆေးဖော်စပ်ချိန်ကို တိုးမြှင့်ရန် နည်းလမ်းများစွာရှိသည်။ ထာဝရ တိုက်ပွဲမှာ အမြန်နှုန်းကိုသာ စမ်းသပ်ခြင်းမဟုတ်ဘဲ လူတစ်ဦး၏ ကြိုးစားအားထုတ်မှုနှင့် ကျင့်ကြံခြင်းကိုပါ စမ်းသပ်ခြင်းဖြစ်သည်။
စတုတ္ထအချက်မှာ ကြေညာခြင်းဖြစ်သည်။ ဆေးဖော်စပ်မှုတစ်ခုစီ၏ အစတွင် အဂ္ဂိရတ်ပညာရှင်တိုင်းသည် သူတို့ ဖော်စပ်မည့် ထုတ်ကုန်၏ အရည်အသွေးကို ကြေညာကြရသည်။ ရလဒ်သည် မည်သို့ပင်ဖြစ်စေ... သူတို့ကြေညာထားသည့် အရည်အသွေးနှင့် တူညီပါက သို့မဟုတ် ပိုသာပါက မူလ ကြေညာထားသည့် အရည်အသွေးကိုသာ ရယူပြီး ရှေ့သို့တိုးသွားမည်ဖြစ်သည်။
သို့သော်လည်း ကြေညာထားသည့် အရည်အသွေးအောက် ရောက်ရှိသွားပါက (ဥပမာ- အထွတ်အထိပ် အဆင့် အရည်အသွေးဟု ကြေညာထားပြီး အဆင့်မြင့် အရည်အသွေးသာ ရရှိပါက) သူတို့ ရောက်ရှိနေသည့် နေရာတွင်သာ ဆက်ရှိနေမည်ဖြစ်သည်။ အောင်မြင်မှုမရရှိဘဲ ပစ္စည်းဖျက်ဆီးမိခြင်း သို့မဟုတ် မသန့်စင်သော ထုတ်ကုန်ကို ဖော်စပ်မိခြင်းတို့ ဖြစ်ပေါ်ခဲ့ပါက သူတို့ ကြေညာထားသည့် အရည်အသွေးနှင့်ညီမျှသော အဆင့်ကို နောက်ပြန်ဆုတ်ရမည်ဖြစ်သည်။
ဤသည်မှာ ထာဝရတိုက်ပွဲ၏ အရေးအကြီးဆုံး ကဏ္ဍများထဲမှ တစ်ခုဖြစ်သည်။ ၎င်းမှာ အရည်အချင်းနှင့် ယုံကြည်မှုကိုသာမက သူတို့၏ ကိုယ်ပိုင် စွမ်းရည်ကို သင့်လျော်စွာ ခန့်မှန်းနိုင်စွမ်းကိုလည်း ဆုံးဖြတ်ပေးသည်။ အောင်မြင်မှုအတွက် ထူးခြားမှု ကြီးကြီးမားမား မရှိသော်လည်း ကျရှုံးမှုအတွက်မူ သေလုမျောပါး အပြစ်ပေးခံရမည်ဖြစ်သည်။
နောက်ဆုံးနှင့် အကြောက်မက်ဖွယ်အကောင်းဆုံး အချက်မှာ အဆင့်တစ်၊ အဆင့်ခွဲ သုညမှ စတင်၍ ရှစ်ဆယ့်လေးနာရီကြာတိုင်းတွင် အသက် အန္တရာယ်ရှိသည့် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာမည်ဖြစ်သည်။ နေ့တိုင်း၌ ထိုအဆင့်ခွဲ အပေါ် စွမ်းအင်ပမာဏ မြင့်တက်လာလိမ့်မည် ဖြစ်ကာ ကိုးရက်ကြာပြီးနောက်တွင် မြေကြီးရှန့်ထိုများပင် သေဆုံးနိုင်မည်ဖြစ်သည်။
အလားတူ ဖြစ်ရပ်မျိုးမှာ အဆင့်ခွဲတစ်ခုချင်းစီတိုင်း အတွက် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး တတိယအကြိမ် ပေါက်ကွဲပြီးနောက်တွင် အဆင့်ခွဲသည် လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ ဆိုလိုသည်က ကျန်ရှိသူတိုင်း လုံးဝ သေဆုံးသွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အဆင့်ခွဲအတွင်း နောက်ပြန်ဆုတ်သူတိုင်းလည်း အလားတူ ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည်ဖြစ်သည်။
ဝေ့ဝူယင်မှာ ထိုအသေးစိတ်အချက်အလက်များကို ကောင်းစွာ သိရှိခဲ့ပြီး ဖြစ်သည်။ ချင်ကူးယဉ်မှာလည်း သူမ ကိုယ်တိုင် ပြိုင်ပွဲဝင်မည့်သူ တစ်ယောက် မဟုတ်သည့်အလား တက်ကြွစွာ ပြောဆိုနေခဲ့သည်။ ထာဝရတိုက်ပွဲ၏ နောက်ဆုံးအသေးစိတ်အချက်မှာ အရှုံးပေးနိုင်သည့် စွမ်းရည်ပင်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူတိုင်းမှာ အဆင့်တစ်ခုစီ၏ အစတွင် အရှုံးပေးနိုင်ပြီး ဆုကြေး၏ တစ်ဝက်ကို ရယူနိုင်ကြသည်။ ထိုနည်းဖြင့် အသက် အန္တရာယ်ကင်းစွာဖြင့် ထွက်ခွာနိုင်သည်။
ထိုရက်စက်ကြမ်းကြုတ်သော စည်းမျဉ်းများကို ပထမဆုံးကြားရချိန်၌ ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်၏ သတ်မှတ်ချက်များနှင့်ပတ်သက်၍ အလွန်ပျော်ရွှင်ခဲ့သည်။ သူက လက်အောက်ငယ်သား အဂ္ဂိရတ်ပညာရှင်များကို တစ်ချက်လှမ်းကြည့်လိုက်ရင်း ပြုံးလိုက်၏။
“ထာဝရတိုက်ပွဲ စတင်ပြီ”
ထိုအချိန်တွင်ပင် ဝမ်ယုထျန်းက ကြေညာလိုက်လေသည်။
***