ပြင်ဆင်မှုများ
Vol. 111 Ch. 1553
လူအိုကြီး၏ ကြေညာသံ ပဲ့တင်ထပ်သွားသည်နှင့် တစ်ပြိုင်နက် ချင်ကူးယဉ်၊ ထျန်းရှောင်လော့နှင့် သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် ဌာန ကျင့်ကြံသူများ အပါအဝင် အလွှာအပြင်က လောကမှ အဂ္ဂိရတ်ပညာရှင်များမှာ ပြင်ဆင်မှုများကို စတင် ပြုလုပ်ကြသည်။ အလွှာ အပြင်က လောကရှိ အဂ္ဂိရတ် တာအို ပါရမီရှင်အများအပြားမှာ သူတို့၏ ကျော်ကြားသည့် နောက်ခံကြောင့် ပြိုင်ပွဲ၌ ဘာလုပ်ရမည်ကို ကောင်းစွာ သိရှိထားကြကာ အဆင့်အတန်းနှင့် နောက်ခံ နိမ့်သူများကတော့ သူတို့၏ လှုပ်ရှားမှုတိုင်းကို သတိထားကာ စောင့်ကြည့်နေကြသည်။
အလွှာအပြင်က လောကမှ အဂ္ဂိရတ် ပညာရှင် အများအပြား အတွက် ထာဝရတိုက်ပွဲမှာ ရင်းနှီးပြီးသား စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှသည်။ သူတို့၏ ကနဦးလှုပ်ရှားမှုများသည် ကွဲပြားကြသော်လည်း ပြင်ဆင်မှုများကတော့ စေ့စပ်လှသည်။ ဝေ့ဝူယင်မှာ သူတို့ အားလုံးကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေခဲ့၏။ သူသည် ထာဝရ တိုက်ပွဲတွင် တစ်ကြိမ် ပါဝင်ခဲ့ဖူးသော်လည်း ၎င်းမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ၏ လူကြီး မျိုးဆက်များကြားတွင် ဖြစ်ပြီး အရည်အသွေးနှင့် ကျွမ်းကျင်မှုပိုင်းတွင် သိသာထင်ရှားသော ကွာခြားမှုများ ရှိပေသည်။
ထို့အပြင် ဝေ့ဝူယင်သည် ဘဝနှစ်ခုစလုံးတွင် တိုက်တန်များ ဆေးဖော်စပ်နေသည်ကို ကိုယ်တိုင်ကိုယ်ကျ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ အလွှာကြားက လောကတွင် တိုက်တန် မျိုးနွယ်များ ရှားပါးသော်လည်း ယခု ထာဝရတိုက်ပွဲတွင်တော့ အများအပြား ပါဝင်လာခဲ့သည်။ သူတို့က ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးများဖြင့်ပင် အလွန် လျှင်မြန် ချောမွေ့စွာ လှုပ်ရှား နေကြ၏။ ဝေ့ဝူယင် တရှန်း၏ မကြာသေးခင်က ပြောင်းလဲမှုများကိုပင် ပြန်လည် အမှတ်ရလိုက်မိသည်။ တိုက်တန် မျိုးနွယ်ဝင်များမှာ သူတို့၏ အရိုးအဆစ်များမှ တစ်ဆင့် စွမ်းအင်များကို လှည့်ပတ်ကြပုံ ပေါ်သည်။
အဂ္ဂိရတ်ပညာရှင်များမှာ ကျပန်း နေရာချထားခြင်း ခံခဲ့ရသော်လည်း သူတို့က အလွန်အစွမ်းထက်သည့် နေရာရွှေ့ပြောင်းခြင်း အဆောင်များကို အသုံးပြုကာ သတိထားပြီး လှုပ်ရှား နေကြသည်။ အာကာသ လှိုင်းဂယက်များ တလှုပ်လှုပ် ရွေ့လျားနေသည်ကို ဝေ့ဝူယင် ရှင်းလင်းစွာပင် အာရုံခံ နေမိခဲ့၏။
“အစ်ကို တုံးကွမ်... အဆောင်က အစ်ကိုပြောသလို အလုပ်ဖြစ်တယ်”
အဂ္ဂိရတ် ဝိညာဉ် ပိုင်ရှင် မိန်းကလေးတစ်ဦး၏ ပျော်ရွှင် ဝမ်းမြောက်နေသော အသံက ဝိညာဉ်လွှဲပြောင်းမှုဖြင့် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင် အတွက်တော့ ထိုအသံက အော်ပြောနေသလို ရှင်းလင်းလှပေသည်။
မိန်းကလေးမှာ ကောင်းကင်မျိုးနွယ် တစ်ယောက် ဖြစ်သည်။ သူမ၏ အမွေး ခပ်ပွပွ အမြီးက ချစ်စဖွယ် လှုပ်ရှားနေကာ ကြယ်တာရာ သဖွယ် မျက်ဝန်းလေးများမှာလည်း ရွှင်လန်းမှုများ ပြည့်လျှံနေ၏။
“ဟုတ်တာပေါ့... ညီမလေး ယွီကျင်း.... အာကာသ ချည်နှောင် ရွေ့လျားခြင်း အဆောင်တွေက ထာဝရတိုက်ပွဲမှာတောင် အလုပ်ဖြစ်တယ်... အဆင့်တူနေသရွေ့ ငါတို့တွေ အတူတူရှိနေနိုင်မှာပါ...”
ကောင်းကင်မျိုးနွယ်ဝင် လူငယ် တစ်ယောက်က ပြန်လည် ဖြေကြားလိုက်၏။ ပြီးနောက် သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ အကဲခတ်လိုက်သည်။ အချို့သော ပုဂ္ဂိုလ်များကို မြင်လိုက်ရသော အခိုက်၌ သူ၏ မျက်နှာအမူအရာက ပြောင်းလဲသွားကာ ပြင်းထန်သော သတိထားမှုများနှင့် ပြည့်နှက်လာခဲ့သည်။
“အစ်ကို တုံးကွမ်... အကာအကွယ်တွေကို အခုပဲ စတည်ဆောက်ကြမလား... စောင့်ဦးမလား”
ယွီကျင်းဟု ခေါ်သည့် မိန်းကလေးက စိတ်မလုံခြုံသလို ခံစားလိုက်ရကာ မေးမြန်းလိုက်သည်။
“အခုပဲ စကြမယ်…”
ရန်တုံးကွမ်က လျှို့ဝှက်အလင်းရောင်များဖြင့် တောက်ပနေသည့် သံချွန်တစ်ချို့ကို အလျင်အမြန်ပင် ထုတ်ယူကာ လေးထောင့် ဝင်္ကပါ တစ်ခုကို စတင် တပ်ဆင်လိုက်သည်။ ဝေ့ဝူယင်မှာ သာမန် မျက်လုံးများဖြင့်ပင် ထိုသံချွန်တိုင်များ အပေါ်၌ လှပစွာ ထွင်းထုထားသည့် လျှို့ဝှက် သင်္ကေတများ ကို မြင်နိုင်ခဲ့၏။ တစ်ချိန်တည်း၌ ယွီကျင်းကလည်း လက်ဟန်ချိပ်စည်းအချို့ကို ဖန်တီးလိုက်သည်။ ထိုစုံတွဲမှာ ဤအရာကို အချိန်များစွာ လေ့ကျင့်ထားသည်မှာ သိသာထင်ရှားသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ အချင်းပေသုံးဆယ်ရှိသည့် အကာအကွယ် ဝင်္ကပါ တစ်ခုကို တည်ဆောက်ခဲ့ကြပြီ ဖြစ်ကာ ၎င်းကို နှစ်ပိုင်းပိုင်းရင်း တစ်ဖက်စီ၌ နေရာယူလိုက်ကြသည်။ သူတို့ နှစ်ယောက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ မိန်းကလေးက အကာအကွယ် ဝင်္ကပါအား တည်ဆောက်ပြီးဆုံးသွားသည့်အတွက် ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။
ဝေ့ဝူယင် သူတို့ကို အဝေးမှ စောင့်ကြည့်နေခဲ့သည်။ တဖန် ကောင်းကင်မျိုးနွယ်များ၏ ထူးခြားသော အမည်ပေးမှုကို စိတ်ဝင်စားသွားမိပြန်သည်။ သူတို့၏ အမည်များက ကျိထူ၊ ကျွင်းတာကျူးနှင့် ကျိဖူတို့ကဲ့သို့သော တိုက်တန်များလောက် သိပ်မထူးဆန်းချေ။ ထူးဆန်းမှုနည်းသည်။ တိုက်တန် မျိုးနွယ်ဝင်များ အမည်ပေးသည့် ပုံစံမှာ ထာဝရ ကြယ်တာရာ နယ်မြေ၏ နတ်ဆိုးများနှင့် ဆင်တူပေသည်။
ထိုကဲ့သို့ ထူးဆန်းသော နည်းလမ်းများကို သုံး၍ ပြန်လည် စုဝေးလာခဲ့သူက သူတို့ နှစ်ဦးတည်း မဟုတ်ပါချေ။ နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စု၊ ငါးယောက်တစ်စု စသည်ဖြင့် များစွာ ရှိပေသည်။ ထိုအထဲ၌ ဆရာတူ ညီအကို မောင်နှမများ ပါဝင်သလို မိတ်ဆွေ သူငယ်ချင်းများကိုလည်း တွေ့ရသည်။ တာအို လက်တွဲဖော်များကိုပင် ဝေ့ဝူယင် သတိထားမိသည်။ သူတို့က လူချင်း ကွဲသွားမည်ကို လွန်စွာ စိုးရိမ် နေကြသည်မှာ ထင်ရှားသည်။
သို့သော်လည်း ဝေ့ဝူယင် နားမလည်နိုင်သည့် အရာ တစ်ခု ရှိသည်။ ယခင်က အချိန်အလုံအလောက် ရသည့်တိုင် သူတို့က အဘယ်ကြောင့် မလှုပ်ရှားခဲ့ကြသနည်း။ အဘယ်ကြောင့် ယခုမှနည်း။
ဝေ့ဝူယင်မှာ ထာဝရ တိုက်ပွဲ တစ်ခု နွှဲဖူးသော်လည်း ထာဝရ ဧကရာဇ်၏ စည်းမျဉ်းများ အတိုင်း အဂ္ဂိရတ် တာအို၏ ရွေးချယ်ခံများနှင့် ယှဉ်ပြိုင်ရသည့် တိုက်ပွဲမျိုးကိုတော့ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးချေ။ ထို့ကြောင့် သူတို့၏ လုပ်ရပ် အချို့ကို နားလည်နိုင်ခြင်း မရှိပါချေ။ သို့သော်လည်း... တရားမဝင် ခိုးနားထောင်ခြင်း အချို့ ပြုလုပ်ပြီးနောက်တွင်တော့ သူ အဖြေကို ရရှိခဲ့သည်။
ဤသည်မှာ ထာဝရတိုက်ပွဲတွင် သူတို့၏ နည်းလမ်းများ အလုပ်ဖြစ်၊ မဖြစ် စမ်းသပ် နေခြင်းသာဖြစ်သည်။ အဂ္ဂိရတ် အာဏာရှင်များထဲ၌ အဖော်များကို လှမ်းမြင်နေရသော်လည်း မူလ နေရာမှ ရွေ့လျားရန် မဝံ့ရဲပဲ မချင့်မရဲ စိတ်ပျက်ဝမ်းနည်းနေသည့် လူအနည်းငယ်ကိုလည်း သတိပြုမိခဲ့သည်။ သူတို့က စိတ်မပါ့တပါဖြင့် မူလ နေရာများတွင်ပင် တစ်ကိုယ်တော် စတင် ပြင်ဆင်နေကြသည်။
အဂ္ဂိရတ်ပညာရှင်များမှာ သူတို့ အတွက် နေရာများကို သတ်မှတ် နေကြပြီ ဖြစ်လေသည်။ ထျန်းရှောင်လော့နှင့် ချင်ကူးယဉ်တို့သည်လည်း အလားတူပင်။ သူတို့မှာ နှစ်ယောက်အတူရှိနေသောကြောင့် အတူတူ နေကြဖို့ ဆုံးဖြတ်ထားသည်။
“ဝေ့ဝူယင်... ကျွန်မ တောင်းပန်ပါတယ်... ဒါပေမဲ့...”
ချင်ကူးယဉ်က ထျန်းရှောင်လော့နှင့်အတူ ကြိုတင် ပြင်ဆင်ထားသည့် အစီအစဉ်အတိုင်း ထွက်ခွာဖို့ ပြင်လိုက်ရင်း တောင်းပန်စကား ဆိုလိုက်သည်။ သို့သော်လည်း... ဝေ့ဝူယင်က ပြုံးပြရင်း လက်ပြကာ သူမစကားကို ဖြတ်ပြောလိုက်သည်။
“မင်းလည်း ပြင်ဆင်လာသလို ငါ လည်း ပြင်ဆင်လာတယ်... စိတ်မပူပါနဲ့... ပြိုင်ပွဲကိုပဲ အာရုံစိုက်ပါ... ငါ အဆင်ပြေမှာပါ...”
သူ၏ အပြုံးက စိတ်လက်ပေါ့ပါးကာ ယုံကြည်မှုများနှင့် ပြည့်လျှံ နေခဲ့၏။ ချင်ကူးယဉ်မှာ ထိုအပြုံးကို ကြည့်ကာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့၏။ ရှင်းပြလို့ မရသည့် အကြောင်းများကြောင့် သူမ ရင်ခုန်သံများပင် မြန်လာခဲ့သည်။
ထျန်းရှောင်လော့၏ မျက်နှာအမူအရာကလည်း တစ်မျိုးပြောင်းလဲသွားခဲ့၏။
“သူ အဆင်ပြေမှာပါ”
သူမက ဝေ့ဝူယင်ကို တစ်ချက် ကြည့်ရင်း ပြောလိုက်သည်။ ဤတစ်ကြိမ် ထာဝရ တိုက်ပွဲဝင်သူများထဲ၌ လုံးဝ စိုးရိမ်စရာမလိုသောသူတစ်ဦး ရှိသည်ဆိုလျှင် ထိုသူမှာ ဝေ့ဝူယင်ပင် ဖြစ်ပေလိမ့်မည်။
ထို့နောက်တွင်တော့ သူမမှာ ချင်ကူးယဉ်ကို အလျင်အမြန် ခေါ်ထုတ်သွားကာ ကာကွယ်ရေး နယ်နိမိတ်တစ်ခု စတင် တည်ဆောက်ရန် အာရုံစိုက်လိုက်သည်။ မကြခင် သုံးရောင်ခြယ် လျှို့ဝှက်အလင်းရောင်များနှင့် စတုဂံ ပုံသဏ္ဍာန် အကာအရံတစ်ခုမှာ သူတို့ နှစ်ဦး၏ ပတ်လည်တွင် ပေါ်လာခဲ့ကာ အပြင်လူများ၏ မျက်လုံးများမှ သူတို့၏ ပုံရိပ်များကို ဖုံးကွယ်ထားလိုက်လေသည်။
နောက်ထပ် မိနစ်အနည်းငယ်မျှကြာအောင် အလွှာအပြင်က လောကမှ အဂ္ဂိရတ်ပညာရှင်များမှာ သူတို့ကိုယ် သူတို့ ကာကွယ်ရန် အကာအကွယ် အစီအရင်များနှင့် ဝင်္ကပါ အမျိုးမျိုးကို တည်ဆောက် နေခဲ့ကြလေသည်။
ဝေ့ဝူယင်ကတော့ မည်သည့် အကာအကွယ်ကိုမှ မတည်ဆောက်ပေ။ သူက မူလ ရပ်နေခဲ့သည့် နေရာတွင်ပင် ရှိနေခဲ့ပြီး အာရုဏ်ဦး ခြေချခြင်း မှော်ဆေးအိုးကို ထုတ်လိုက်သည်။ ၎င်းမှာ စင်ကြယ်သည့် အဖြူရောင် အဆင်း ရှိကာ ကြယ်တာရာ ကြီးကျယ်ခမ်းနားသော ဖြစ်စဉ်မှာ ၎င်း၏ နို့နှစ်ရောင် မျက်နှာပြင်ပေါ်တွင် အဆုံးမဲ့ ဖြစ်ပေါ်နေခ့်သည်။ ၎င်းမှာ စိတ်ကူးယဉ်ဆန်လှကာ အလွန်ပင် ခမ်းနားထည်ဝါသော အလှကို ပေးစွမ်းနေခဲ့လေသည်။
“ဒါ ထာဝရတိုက်ပွဲပေါ့”
ပိုင်ယု၏ အသံမှာ မှော်သန့်စင် ဆေးအိုးထံမှ ပဲ့တင်ထပ် လာခဲ့၏။ သူမမှာ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့လေသည်။
မှော်သန့်စင် ဆေးအိုး ထွက်ပေါ်လာသည့် အချိန်တွင်ပင် ဝေ့ဝူယင်သည် ဝမ်ယုထျန်းထံမှ သတင်းစကား တစ်ခုကို လက်ခံ ရရှိလိုက်လေသည်။
“ထုတ်ကုန် အမျိုးအစား- ဆေးလုံး
ထုတ်ကုန် အဆင့်- အဆင့်ရှစ်
ထုတ်ကုန် အလွှာ- အဆင့်မြင့်
ထုတ်ကုန်အမည်- မီးတောက် ဘီလူး ဆေးလုံး”
ဝေ့ဝူယင် ဝမ်ယုထျန်း၏ ပုံရိပ်ကို မော့ကြည့်လိုက်၏။
“ထုတ်ကုန်ဆိုတဲ့ စကားလုံးကို အကုန်လုံးမှာ လိုက်မထည့်လို့ ရမလား... အရမ်း စကားလုံး ဖောင်းပွနေတယ်... အမျိုးအစား၊ အဆင့်၊ အလွှာ၊ အမည်ဆို ရပြီလေ”
ဝမ်ယုထျန်းက ဝေ့ဝူယင်ကို ပြန်ကြည့်လိုက်ရင်း တောင်းပန်သည့်အပြုံးလေး ပြုံးပြလိုက်၏။ သို့သော်လည်း အနည်းငယ် ခေါင်းညိတ်ပြမှုအရ သူ ဝေ့ဝူယင်၏ အကြံပြုချက်ကို လက်ခံလိုက်ပုံရသည်။ အကယ်၍ ဝေ့ဝူယင်သာ အခြားသူ တစ်ဦးဦးဆိုပါက မည်သည့် အမြင်မျိုးကို ဖြစ်စေ... သူ လျစ်လျူလိမ့်မည် ဖြစ်ကာ ယန္တရား စက်ရုပ် တစ်ရုပ်လို ဆက်လက်လုပ်ဆောင်နေပေလိမ့်မည်။ သို့သော် ဝေ့ဝူယင်လည်း ဝေ့ဝူယင်မှာ အခြားသူတစ်ဦးဦး မဟုတ်ပါချေ။
ထိုအချိန်၌ အလွှာအပြင်က လောကမှ အဂ္ဂိရတ်ပညာရှင်အများစုမှာ ပြင်ဆင်ခြင်း အဆင့်တွင်သာ ဆက်လက် ရှိနေကြဆဲ ဖြစ်သည်။ ဝေ့ဝူယင်က ထိုဖော်ပြထားသည့် ထုတ်ကုန်မှာ ပြိုင်ပွဲဝင်တိုင်း အတွက် တူညီမှုရှိမရှိကို သိချင်နေခဲ့သည်။
“ထုတ်ကုန်အားလုံးက အတူတူပဲလား...”
ဝမ်ယုထျန်းက ခေါင်းခါလိုက်သည်။ သူက စကားမပြောနိုင်သော်လည်း လေထဲ၌ စကားလုံး တစ်ချို့ကို ရေးပြလိုက်သည်။
“အဆင့်နဲ့ အရည်အသွေးပဲ တူတယ်...”
“အင်း”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်သည်။ ယင်းအချက်က သဘာဝကျသည်။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲဝင် အချင်းချင်း တူညီသည့် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်ကို ရိုးရှင်းစွာ ကူးယူနိုင်ကာ အလွန်ဆင်တူသည့် ရလဒ်များ ရရှိနိုင်သောကြောင့် ဖြစ်သည်။ ယခုတွင်တော့ အဂ္ဂိရတ် ပညာရှင် တစ်ဦးချင်းစီမှာ ကိုယ်ပိုင် တိုက်ပွဲနှင့် ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။
***