ပေါက်ကွဲမှုများ
Vol. 111 Ch. 1554
ဟိုဟိုသည်သည် အကဲခတ်ရင်း အလွန်ဝေးကွားသည့် နေရာတစ်ခုမှ နေ၍ သေမျိုးအဆင့် စွမ်းအင် အနည်းငယ် ပေါ်ထွက်လာသည်ကို ဝေ့ဝူယင် သတိထားမိခဲ့သည်။ သူ ချက်ချင်းပင် ထိုနေရာကို အာရုံစိုက်လိုက်၏။ ထိုအခါ တစ်စုံတစ်ယောက်သည် အာရုဏ်ဦး လေပွေဇုံ ဆေးတောင့်၏ အာနိသင်များနှင့် ဆင်တူသည့် အဆောင်တစ်ခုကို အသုံးပြုနေကြောင်း တွေ့ရှိလိုက်ရသည်။ အာကာသနှင့် အချိန် လမ်းစဉ်များ အပေါ် နက်ရှိုင်းစွာ နားလည်ထားသည့် မြေကြီးရှန့်ထိုတစ်ဦးက ၎င်းအား ဖန်တီးထားသည့်ပုံ ရသည်။
ဝေ့ဝူယင် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ သို့သော်လည်း အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန်များကို ရှစ်ဆယ့်လေးနာရီ (ခုနစ်ရက်) အတွင်း ပြီးမြောက်ရန် သေမျိုး အာဏာရှင် အဂ္ဂိရတ်ပညာရှင်များအတွက်ပင် ခက်ခဲကြောင်း သူ သိလိုက်ပေသည်။ ထို့အပြင်... ပြိုင်ပွဲဝင်တစ်ဦးချင်းစီကို ဆေးဖော်စပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများအား တစ်သုတ်တည်းသာ ခွဲဝေပေးထားသောကြောင့် ဖြစ်သည်။
ရုတ်တရက် သူ့ထံသို့ ဝိညာဉ်အာရုံ တစ်ခု ရစ်သိုင်းလာသည်ကို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ၎င်းမှာ ဖိနှိပ် ချုပ်ချယ်လိုသည့် ဆန္ဒကို သယ်ဆောင်ထားကာ ဝေ့တူယင်ထံမှ ဖုန်းကွယ်ရန်ပင် မကြိုးစားခဲ့ပေ။ ဝေ့ဝူယင် လှည့်ကြည့်လိုက်သောအခါ ဝိညာဉ်အာရုံပိုင်ရှင်မှာ လျှို့ဝှက် အာဏာရှင်တစ်ဦးဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် သူ့ထံတွင် အဂ္ဂိရတ် သင်္ကေတ တစ်ခု ပါရှိသည်။
ထိုပုဂ္ဂိုလ်မှာ လူသားမျိုးနွယ်ဝင် တစ်ဦး ဖြစ်သည်။ ပိန်ပိန်ရှည်ရှည်နှင့် မျက်လုံးများက စူးရှသည်။ မျက်လုံးများက မှေးစင်းနေကာ သူ့ဘက်သို့ လှမ်း၍ ကြည့်နေခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ ခန့်ညားသူလည်းမဟုတ်၊ ရုပ်ဆိုးသူလည်းမဟုတ်ပေ။
သို့သော်လည်း... ပုံမှန် အစားအသောက် မမှန်ခြင်းကြောင့်လား၊ အာဟာရချို့တဲ့ခြင်းကြောင့်လား မသိ...။ မျက်တွင်းများက ချိုင့်ကျနေသည်။ သူ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသည့် အလင်းရောင် တစ်ချို့ ပါရှိနေသည်ကို ဝေ့ဝူယင် သတိထားလိုက်မိသည်။ ထိုပုဂ္ဂိုလ်မှာ ဝေ့ဝူယင်ကို အကြီးမားဆုံးသော ခြိမ်းခြောက်မှု အဖြစ် ဆုံးဖြတ်လိုက်သည်မှာ ရှင်းပါသည်။
ထို့အပြင် ဝေ့ဝူယင်၏ ရှေ့၌ ရှိနေခဲ့သည့် အာရုဏ်ဦး ခြေချခြင်း မှော်ဆေးအိုးကို ကြည့်ကာ လောဘ အလင်းရောင်တစ်ချက်က သူ့မျက်လုံးများ အတွင်း ဖြတ်ပြေးသွားသည်။ သူက ဝေ့ဝူယင်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ကာ သေမျိုး အဆင့် ဟုတ်၊ မဟုတ် စစ်ဆေးလိုက်သည်။ ဝေ့ဝူယင်မှာ အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလေရာ သူ၏ ကျင့်ကြံခြင်း အခြေခံကို ဖော်ထုတ်ရန် ခက်ခဲလှသော်လည်း ယခုတွင်တော့ သေမျိုးအော်ရာကို ရှင်းလင်းစွာပင် ဖော်ပြထားသည်။ သူ၏ ငွေရောင် မျက်ဝန်းများကလည်း အတွက် လုံးဝ စိုးရိမ် ပူပန်မှု မရှိသည့်ဟန် ရသည်။
ပိန်လှီလှီလူ၏ မျက်လုံးများက သိသိသာသာ တောက်ပလာ၏။ သူ၏ မျက်နှာ အမူအရာထက်၌ တွက်ချက်မှုအလင်းရောင်များက ခပ်မြန်မြန်ပင် ဖြတ်ပြေးသွားလေသည်။
ဝေ့ဝူယင် စိတ်ထဲမှ ရယ်မောလိုက်မိ၏။ ကြည့်ရသည်က ထိုကဲ့သို့သော လူများကြောင့်ပင် အဂ္ဂိရတ် ပညာရှင်များစွာ အမျိုးမျိုးသော အကာအကွယ် ဝင်္ကပါများကို တည်ဆောက်နေကြခြင်း ဖြစ်ကြောင်း သဘောပေါက် သွားခဲ့သည်။
ထိုပုဂ္ဂိုလ်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦး ဖြစ်သလို လျှို့ဝှက် အာဏာရှင်တစ်ဦးလည်း ဖြစ်သည်။ သို့သော်လည်း... အဂ္ဂိရတ် လမ်းစဉ်တွင် အလွန် ကျွမ်းကျင်ပုံတော့ မပေါ်ချေ။ တစ်ချက် ကြည့်ရုံဖြင့်ပင် သူက အသက်ငါးရာ နီးပါး ရှိကာ လွန်ခဲ့သော ခြောက်နှစ်၊ ခုနစ်နှစ်ခန့်ကမှ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို ရောက်ရှိခဲ့ကြောင်း ပြောနိုင်ပေသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံကတော့ လျှို့ဝှက် ဝိညာဉ် အဆင့်၌ ရှိပေသည်။
“အချိုအချောင်သမားလား...”
ဝေ့ဝူယင် ချက်ချင်းပင် သတိပြုလိုက်မိ၏။ ထိုအဂ္ဂိရတ်ပညာရှင်သည် အခြားသူများကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ရှိရှိ ဤနေရာသို့ ရောက်ရှိလာခြင်းသာ ဖြစ်သည်။
“မင်း ဘယ်သူလဲ”
ပိန်ပိန်ရှည်ရှည်လူက ဝေ့ဝူယင်ထံ ဦးတည်၍ ရွေ့လျားလာရင်း မေးလိုက်၏။ သူ၏ လျှို့ဝှက် စွမ်းအင်က ပတ်ဝန်းကျင် အတွင်း စတင် စိမ့်ဝင်ပျံ့နှံ့လာသည်။
ဝေ့ဝူယင်မှာ ထိုပုဂ္ဂိုလ်ထံမှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များကို ခံစားလိုက်ရသည်။ သို့သော်လည်း သူက တည်ငြိမ်စွာဖြင့် ဝမ်ယုထျန်းကို ကြည့်လိုက်၏။ ဝေ့ဝူယင်၏ မေးခွန်းကို မှန်းဆမိသကဲ့သို့ ဝမ်ယုထျန်းက လေထဲတွင် ရေးလိုက်သည်။
“ပထမတစ်မိနစ် ပြီးမှ”
ဝေ့ဝူယင်သည် စိတ်ထဲမှ ရယ်မောလိုက်၏။ အခြားတစ်ယောက်အား တိုက်ခိုက်နိုင်ရန် အတွက် တစ်မိနစ် အချိန် ကန့်သတ်ချက် ရှိပေသည်။
လူအများစုက သူတို့ အတွက် သူတို့ ပြင်ဆင်နေကြချိန်တွင် ဝေ့ဝူယင်ကတော့ အခြားသူများကို နားထောင်ရင်းဖြင့် ထိုအချိန်ကို အလဟဿကုန်ဆုံးစေခဲ့သည်။ သူသည် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ လျှို့ဝှက် အာဏာရှင်အချို့မှာ အကာအကွယ် ဝင်္ကပါ တစ်ချို့ကို အကာအကွယ် ပေးထားကြောင်း သတိပြုလိုက်မိသည်။ သူတို့ အားလုံးမှာ မျက်ဝန်းများထဲတွင် အဂ္ဂိရတ် ကြယ်တာရာများကို ပိုင်ဆိုင်ထားကာ လျှို့ဝှက် ဝိညာဉ် အဆင့်၌ ရှိနေကြပေသည်။
“မင်း ဘယ်သူလဲဆိုတာ ပြောစမ်း”
ဝေ့ဝူယင်ထံမှ ထူးခြားသည် ခံစားချက် တစ်ခုကိုရရှိနေသည့်တိုင် ပိန်လှီလှီ လျှို့ဝှက် အာဏာရှင်မှာ နောက်သို့ မဆုတ်ပဲ ရှေ့သို့ ဆက်လက် တိုးလာနေခဲ့သည်။ နောက်ဆုံး၌ ပတ်ဝန်းကျင်ကို သတိထား စောင့်ကြပ် နေကြသည့် အခြား လျှို့ဝှက် အာဏာရှင် အဆင့်များမှာ စတင် သတိပြုမိလာကြကာ ဝေ့ဝူယင်၏ မှော်သန့်စင် ဆေးအိုးကို မြင်တွေ့လိုက်ကြရလေသည်။
“ရပ်စမ်း...”
မိန်းကလေး တစ်ဦး၏ အသံက ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ၎င်းက ပြင်းထန်ကာ အစွမ်းထက်သည်။ သူမ၏ လျှို့ဝှက် စွမ်းအင်သည်မှာ လေထု အတွင်း စတင် စိမ့်ဝင် ပျံ့နှံလာခဲ့၏။ ၎င်းက အားနည်းသည့် အကာအကွယ် ဝင်္ကပါ တစ်ချို့ကို ပုံပျက်သွားစေခဲ့သည်။
မိန်းကလေး စတင် လှုပ်ရှားလိုက်သည့် အချိန်တွင်ပင် ပတ်ဝန်းကျင်မှ အခြားသူများမှာလည်း အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုး၏ ထူးခြားသော အရည်အသွေးများနှင့် ဝေ့ဝူယင်၏ သေမျိုးအဆင့် စွမ်းအင်တို့ကို သတိပြုမိသွားကြသည်။ သူတို့မှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်လာကြ၏။
ဝေ့ဝူယင်၏ မျက်လုံးများက တလက်လက် တောက်ပလာခဲ့သည်။
“အဆောင်တွေ သုံးလို့ရလား...”
သူက ဝမ်ယုထျန်းထံ ဆက်သွယ်ရင်း မေးလိုက်၏။ စိမ်းပြာရောင် လူအိုကြီးက အပေါ်စီးမှ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ ဝံပုလွေနှင့်တူသည့် လျှို့ဝှက် အာဏာရှင်အချို့မှာ လူငယ်ထံ နေရာအနှံ့အပြားမှ ပြေးလာကြသည်ကို သူမြင်လိုက်ရသည်။ သူ့အမြင်တွင်တော့ ထိုပုဂ္ဂိုလ်များမှာ ကိုယ့်သေလမ်း ကိုယ်ရှာ နေကြခြင်းသာ ဖြစ်သည်။
ဝိညာဉ်အသွင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်၏။
“မင်းရဲ့ကိုယ်ပိုင်စွမ်းအား ဒါမှမဟုတ် မင်း ဖော်စပ်ထားတဲ့ ဆေးတောင့်တွေနဲ့ ပံ့ပိုးပေးထားတဲ့ အဆောင်တွေကိုပဲ သုံးလို့ရတယ်... ပြင်ပစွမ်းအားတွေ၊ တိုက်ခိုက်ရေးအဆောင်တွေ၊ လက်နက်ကိရိယာတွေကို ခွင့်မပြုဘူး...”
သူက လေထဲတွင် ရေးပြလိုက်၏။ နောက်ဆုံး၌ ထိုအဂ္ဂိရတ် စွမ်းရည်နိမ့် လျှို့ဝှက် အာဏာရှင် အဆင့်များ တိုက်ပွဲ အတွင်း အဘယ်ကြောင့် ပါဝင်လာရသည်ကို ဝေ့ဝူယင် နားလည် သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ၎င်းမှာ အကာအကွယ် ဝင်္ကပါများ ရှိနေရသည့် အကြောင်းရင်းကိုလည်း ထပ်မံ၍ ရှင်းပြခဲ့သည်။ မည်မျှ ရက်စက်ကြမ်းကြုတ်လိုက်သနည်း။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ထာဝရတိုက်ပွဲမှာ ရက်စက်ကြမ်းကြုတ်ကြောင်း သူ ကြားခဲ့ဖူးသော်လည်း ယခုလို ဖြစ်ရပ်မျိုးကိုတော့ ထင်မှတ် မထားခဲ့ပါချေ။
၎င်းက ထာဝရတိုက်ပွဲလော သို့မဟုတ် ပါရမီရှင်များကို အမဲလိုက်ခြင်းလော။ အလွှာ အပြင်က လောကသားများပင် တက်တက်ကြွကြွ ပြင်ဆင် ပါဝင်လာသည်ကို ကြည့်ကာ ဆုလာဘ်များနှင့်ပတ်သက်၍ ဝေ့ဝူယင်၏ စိတ်ဝင်စားမှုများက သိသိသာသာ မြင့်တက်လာခဲ့သည်။
“ငါ့ကို ပေးစမ်း”
ပိန်ပိန်ရှည်ရှည်လူ၏ အရှိန်က အဆပေါင်းများစွာ တိုးမြင့်လာခဲ့၏။
“ရပ်စမ်း...”
မိန်းကလေးကလည်း အော်ဟစ်ရင်း မှော်သန့်စင် ဆေးအိုးကို ဖမ်းဆုပ်ရန် အပြေးလာခဲ့သည်။ ထိုကဲ့သို့ အဖိုးတန် ရတနာ တစ်ခု ပိန်လှီလှီ ရယူသွားမည့် အပေါ် သူမ ခွင့်မပြုနိုင်ပါချေ။
သူတို့က တိုက်ခိုက်ရန် အသင့်ပြင်နေကြပြီ ဖြစ်လေသည်။ အခြားလူများမှာ အနည်းငယ် ပိုမို၍ နှေးကွေးကြသော်လည်း သူတို့မှာ ထိုအခွင့်အရေးကို အရယူရန် အတွက် အမျိုးမျိုးသော လှုပ်ရှားမှု ကျင့်စဉ်များကို သုံးရင်း ပြေးလွှားလာကြသည်။ တစ်ခဏ အတွင်းမှာပင် ဝေ့ဝူယင်မှာ လျှို့ဝှက် အာဏာရှင် အဆင့် များစွာ၏ ဝိညာဉ်အာရုံ ဒါဇင်ပေါင်းများစွာကို ခံစားလိုက်ရ၏။
တိုက်ခိုက်ရေး အဆောင်များကို ခွင့်မပြုထားပါက လျှို့ဝှက် အာဏာရှင် အဆင့်များမှာ အဘယ်ကြောင့် သေမျိုး တစ်ဦးကို ကြောက်ရမည်နည်း။
ဝေ့ဝူယင်၏ ရုပ်ရည်နှင့် အော်ရာတို့မှာ ထူးခြားနေသော်လည်း သူတို့မှာ ဤနေရာကို ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ၎င်းမှာ ရန်သူများ၏ ပါရမီရှင်များကို သတ်ဖြတ်ရန်နှင့် ရတနာများကို သိမ်းယူရန်ဖြစ်သည်။
“စိတ်ဝင်စားစရာပဲ”
ဝေ့ဝူယင်က ရှေ့ဆုံးမှ ပြေးလာနေသည့် ပိန်လှီလှီလူကို ကြည့်ရင်း အသာအယာပင် ပြောလိုက်သည်။ ထို့နောက် သူက လက်ညိုး ထိုးလိုက်၏။ ပြီးနောက် အသာလေး တွန်းလိုက်သည်။
ဘုန်း...
ရုတ်တရက် ခန္ဓာကိုယ်ပေါ်သို့ မယုံကြည်နိုင်လောက်အောင် ကြီးမားသည့် ဖိအားများ ကျဆင်းလာသည်ကို ခံစားလိုက်ရလေရာ ပိန်လှီလှီလူ၏ မျက်လုံးများက မထိန်းနိုင်အောင် ပြူးကျယ်သွားခဲ့သည်။
“မဟူတ်ဘူး...”
သူ ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း... စကားဆုံးအောင်ပင် မပြောနိုင်မီမှာပင်...
ဘုန်း...
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပေါက်ကွဲကာ များလှစွာသော အစိတ်အပိုင်းများက ပတ်ဝန်း ကျင် လေထု အတွင်း ပြန့်ကျဲ သွားခဲ့တော့သည်။
“...”
အနီးဆုံးမှ ပြေးလာနေသည့် တိုက်တန် မျိုးနွယ်ဝင် မိန်းကလေးမှာ ချက်ချင်းပင် ရပ်တန့် သွားခဲ့၏။ သူမ၏ မျက်ဝန်းများက ကြောက်ရွံ့ ထိတ်လန့်မှု၊ မသေချာ မရေရာမှုများနှင့် လွှမ်းခြုံ သွားခဲ့သည်။ မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သနည်း။
တစ်စုံတစ်ရာ တုံ့ပြန်နိုင်ခြင်းပင်မပြုနိုင်မီမှာပင် သူမ အပေါ်သို့ နတ်ဘုရား အလား စွမ်းအားတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ သူမ အော်ဟစ် အကူအညီတောင်းချင်ခဲ့သော်လည်း နှုတ်ခမ်းမှ စကားလုံး တစ်လုံးပင် မထွက်နိုင်ခဲ့ချေ။
ဘုန်း...
ထို့နောက်တွင်တော့ သူမ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့် အလွန်အမင်း သန့်စင်လှသည့် အရိုးများမှာ ဖိအားဒဏ်ကို မခံနိုင်ပဲ ပေါက်ကွဲ သွားခဲ့တော့သည်။
***