← Chapters

လိုက်ပွဲပြေးပွဲ (၂)

Vol. 111 Ch. 1542

လိုက်ပွဲပြေးပွဲ (၂)

Vol. 111 Ch. 1542

ကျူးဟိုင်မှာ လင်းမင်၏ နောက်မှ အမဲလိုက်နေခဲ့ကာ နာ့ရှင်းရီနှင့် ထျန်းရီဝူတို့မှာလည်း ပြင်းထန်စွာ တိုက်ခိုက်နေသည်။ ဒုတိယမြောက် တစ်ဦးက ထန်ရှင်းယွင်ကို ပစ်မှတ်ထားပြီး ပထမ တစ်ဦးက ခုခံကာကွယ်နေသည့် မြင်ကွင်းမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် စိုးထိတ်လဖွယ် ကောင်းလှသည်။ သူတို့၏ တိုက်ပွဲက အလွန်ပင် လျင်မြန်ကာ ပြင်းထန်လွန်းလှသည်။ တစ်ချက်တစ်ချက်၌ အစွန်းရောက်ယင် နတ်မိမယ်နှင့် သတ္တမမြောက် မင်းသားတို့မှာ ကျူးဟိုင်အား အတားအဆီး ဖြစ်စေမည့် တိုက်ခိုက်မှုများကို လှမ်း၍ ပစ်လွှတ်ကြလေ့ ရှိသည်။ ကျူးဟိုင်ကတော့ သူတို့ကို လုံးဝ လျစ်လျူရှု ထားခဲ့၏။

သို့သော်လည်း... ထိုလျင်မြန်သည့် တိုက်ပွဲမှာ ၁၂ ခုမြောက် နံရံနားသို့ ရောက်ရှိလာသည်နှင့် အမျှ အရှိန်လျှော့ လာခဲ့ကြသည်။

ကျောင်းရှုလင်းမှာ သူတို့၏ တိုက်ပွဲများကို တစ်ချက်တစ်ချက်မှသာ ဖျပ်ခနဲ မြင်ရသည်။ တိုက်ပွဲ အဟုန်ကို ကြည့်ရင်း သူမ၏ အသက်ရှူသံများမှာ လေးလံနေခဲ့၏။ မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို စဉ်းစားရင်း သူမ၏ စိတ်က တုန်ရီနေခဲ့သည်။

ဝှစ်...

ကျောင်းရှုလင်း သူမ၏ လှုပ်ရှားမှု ကျင့်စဉ်ကို အစွမ်းကုန် အသုံးချဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း သူမ၏ အချိန်သခင် အဆင့် ကျင့်ကြံခြင်း အခြေခံမှာ ကြယ်တာရာ သခင် လေးဦး၏ တိုက်ပွဲ အတွင်း ဝင်ရောက် စွက်ဖက်ရန် အားနည်းလွန်းလှသည်။ သို့တိုင်... မိန်းကလေးမှာ အံကို တင်းတင်းကြိတ်ကာ ရွေ့လျားသွားခဲ့၏။

“အမကျောင်း...”

အခြားတစ်ဖက်၌ ယီယွင်မှာ ကျောင်းရှုလင်းကို တားဆီးရန် ကြိုးပမ်း နေခဲ့သည့်တိုင် ပြင်းထန်လွန်းလှသည့် အော်ရာများကြောင့် သူ လှုပ်ရှားဖို့ ခက်ခဲနေခဲ့သည်။ ပြင်းထန်သော လေက သူ့ အရေပြားကို လှီးဖြတ်နေလေရာ မျက်ရည်များပင် စီးထွက်လာခဲ့သည်။ သို့စေကာမူ... အရှိန်အဟုန် ပြင်းစွာ ရွေ့လျားရန် ကြိုးပမ်းနေသည့် အဝေးဆီမှ ကျောင်းရှုလင်း၏ မှုန်ဝါးဝါး ပုံရိပ်ကို ကြည့်ကာ သူ ရှေ့ဆက် တိုးနေခဲ့၏။

"အမကျောင်း... အမကျောင်း..."

ယီယွင် အသံပင် ဝင်သည် အထိ အော်ဟစ် နေခဲ့၏။ သို့သော်လည်း... သူ၏ အော်ဟစ်သံက ပြင်းထန်သော ပေါက်ကွဲသံများ ကြားတွင် ပျောက်ရှ သွားနေခဲ့သည်။ ကံဆိုးစွာပင် ဝိညာဉ်အာရုံ ဆက်သွယ်မှုမှာလည်း အလုပ် မဖြစ်ခဲ့ချေ။ လင်းမင်ထံမှ ထွက်ပေါ်နေသည့် အလွန်အမင်း ပြင်းထန်လှသော ဝိညာဉ်လှိုင်းများမှာ မိုင်ပေါင်းများစွာ ဧရိယာ အတွင်း မည်သည့် ဝိညာဉ် ဆက်သွယ်မှုကိုမှ မပြုလုပ်နိုင်အောင် တားဆီး ပိတ်ပင်ထားသည်။

ဘုန်း...

ကျူးဟိုင်မှာ မီးခိုးရောင်နှင့် ရွှေရောင် ဓားအလင်းများကို ရှောင်တိမ်းရန် ကောင်းကင်သို့ မိုင်ပေါင်းများစွာ အထိ ခုန်တက်လိုက်၏။ ထျန်းရီဝူနှင့် နာ့ရှင်းရီတို့နှစ်ဦးစလုံး၏ အမူအရာများက နက်မှောင် နေခဲ့သည်။ ယခုလေးတင် ‌သူတို့ နှစ်ယောက်မှာ ကျူးဟိုင်အား တားဆီးရန် အတူတကွ ပူးပေါင်း လုပ်ဆောင် ခဲ့ရပေသည်။ သူတို့ ဝင်ရောက် မစွက်ဖက် အချိန်က ကျူးဟိုင်မှာ လင်းမင်နှင့် အလွန်ပင် နီးကပ် နေခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်း ရွေးချယ်ခံမှာ ခုခံရန် လှည့်လာခဲ့သော်လည်း... ကျူးဟိုင်၏ အစွယ်များ ပြည့်နှက်နေသော ပါးစပ်မှာ လင်းမင်၏ လည်ပင်းမှ ခြောက်လက်မခန့်မျှသာ ကွာဝေးပေတော့သည်။ ၎င်းက ကြောမက်ဖွယ် ကောင်းလောက်အောင်ပင် နီးစပ်ခဲ့ပေသည်။

"သူက ပိုပြီး အစွမ်းထက်လာနေတယ်..."

သူတို့ နှစ်ဦးစလုံး ထိုအမှန်တရားကို သိရှိလိုက်ကြပြီ ဖြစ်သည်။ သို့ဖြစ်လေရာ သူတို့သည်လည်း စွမ်းအားကို တိုးမြှင့်ခြင်းဖြင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။

ထျန်းရီဝူက လင်းမင်ကို စဉ်းစားဟန်ဖြင့် လှမ်းကြည့်လိုက်ကာ နာ့ရှင်းရီကတော့ ကျူးဟိုင် အပေါ်တွင် အာရုံစိုက် နေခဲ့၏။ သူတို့၏ မျက်လုံးများက တွက်ချက်မှု အလင်းတန်းများနျင့် လင်းလက် နေခဲ့သည်။

ရုတ်တရက်... လေထုမှာ ပိုမို၍ လေးပင်လာခဲ့၏။ သူတို့ နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ထိုအရာများ ဖြစ်ပျက်နေစဉ်တွင် လင်းမင်မှာ ၁၂ ခုမြောက် နံရံနှင့် တစ်မိုင်ခန့် အကွာသို့ ရောက်ရှိ နေခဲံပြီ ဖြစ်သည်။ သူက အရှိန်အဟုန်ဖြင့် ပြေးလွှားနေမှုကို ရပ်တန့်လိုက်ကာ မူလှံတံကို ဝိညာဉ် စွမ်းအင်များနှင့် ဖြည့်သွင်းရင်း ၁၂ ခုမြောက် နံရံဆီသို့ ပစ်ပေါက်လိုက်လေ၏။

ဝှစ်...

ဘုန်း...

လှံမှာ ၉၆ ခုမြောက် နံရံနှင့် အလားတူ ခိုင်ခံ့မှုရှိသည့် ၁၂ ခုမြောက် နံရံ အတွင်း ဝင်ရောက်သွားခဲ့သည်။ အခိုင်မာဆုံးသော ခရမ်းရောင် နံရံမှာ လင်းမင်၏ စွမ်းအားကို မခံနိုင်ဘဲ လုံးဝ ကွဲအက်သွားခဲ့၏။ သူ ၁၂ ခုမြောက် နံရံကို ချိုးဖျက်ခဲ့ပြီ ဖြစ်သည်။

မကြာခင် နေရာ ရွှေ့ပြောင်းခြင်း အာကာသ စွမ်းအားများ ရောက်ရှိလာကာ သူ့ကို နားခိုခြင်း ဆိပ်ကမ်းထံ ပြန်လည် ပို့ဆောင် ပေးလိမ့်မည်ဟု လင်းမင် မျှော်လင့် ထားခဲ့သည်။ သို့သော်လည်း...

“...”

ဘာမှ ဖြစ်မလာခဲ့ချေ။

"ဘာလဲ..."

လင်းမင် စိတ်ရှုပ်ထွေးသွားကာ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့သည်။ တစ်စုံတစ်ရာက အနက်ရောင် ခါးသီးမှု လမ်းကြောင်း၏ အာကာသ စွမ်းအင်များကို ဟန့်တားနေပြီ ဖြစ်ကြောင်း လင်းမင် ချက်ချင်း သိလိုက်ပြီ ဖြစ်သည်။ မည်ကဲ့သို့ တည်ရှိမှုမျိုးက အလားတူ လုပ်ဆောင်နိုင်သနည်း။ သူ ဝေ့ဝူယင်ကိုသာ ဖျပ်ခနဲ သတိရလိုက်မိသည်။

ဖြစ်နိုင်ပေသည်။ သူ့ကို နောက်မှ အမဲလိုက်နေသည့် သူမှာလည်း ထိုသတ္တဝါ၏ နောက်လိုက်ခွေးပင် ဖြစ်သည်။ စိတ်အတွင်း ပွက်ပွက်ဆူလာသည့် ဒေါသများကို ဘေးဖယ်ရင်း လင်မင် မူလလှံတံကို ပြန်လည်၍ ဆင့်ခေါ်လိုက်၏။

"သတိထား..."

ရုတ်တရက်... ရင်းနှီးသည့် အသံတစ်ခု ပဲ့တင်ထပ်လာခဲ့၏။ လင်းမင် ခပ်မြန်မြန်ပင် အသံလာရာသို့ လှည့်ကြည့်လိုက်သည်။

“ရှုလင်း...”

သူ အံ့ဩဝမ်းသာ သွားခဲ့သည်။ သို့သော်လည်း... ကျူးဟိုင် နောက်နားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကြောင်းကိုတော့ သူ သတိမပြုလိုက်မိပါချေ။

ကျူးဟိုင်မှာ ထိပ်တန်း သားရဲမျိုးဆက် တစ်ယောက် ဖြစ်သည်။ သူက ငွေရောင် ဝံပုလွေ ဆီးရီးယပ်မှ ဆင်းသက်လာသည့် ရှို့ရန်တစ်ဦး ဖြစ်သည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် သူ ဘိုးဘေးများထံမှ မျိုးဆက်သွေး အမွေများကို နှိုးထနိုင်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ကိုယ့်ကိုယ်ကို ဖုံးကွယ်ခြင်းနှင့် သားကောင်နောက်မှ ချောင်းမြောင်း လိုက်ခြင်းတို့ပင် ဖြစ်လေ၏။

သေဆုံးခြင်း ရည်ရွယ်ချက်၊ သားကောင်ရှာဖွေမှု ရည်ရွယ်ချက်၊ ဘိုးဘေး ဆန္ဒတို့နှင့် ဖုံးအုပ်ထားသည့် ကျူးဟိုင်မှာ လောကနှင့် တစ်သားတည်း အဖြစ် ပေါင်းစည်း နေခဲ့သည်။ ဝိညာဉ်လမ်းစဉ်၏ ထူးခြားသော အာရုံခံနိုင်စွမ်း ပင်လျှင် သူ့ကို မဖော်ထုတ်နိုင်ခဲ့ပါချေ။ ကျောင်းရှုလင်း ပေါ်လာသည်ကို တွေ့မြင်ပြီးနောက် လင်းမင် သတိလက်လွတ် ဖြစ်သွားသော အခိုက်တွင်ပင် သူက ပင်ကိုယ်ဗီဇ အရ တိုက်ခိုက်လိုက်လေသည်။

ထိုတိုက်ခိုက်မှုက တိကျစွာ ချိန်သားကိုက်ထားသည်။ တစ်စက္ကန့်၏ အပုံတစ်ထောင်ပုံ တစ်ပုံ အတွင်း စီစဉ်ထားသကဲ့သို့ ရှိသည်။ သူ ဖော်ထုတ်ခဲ့သည့် အခြား တိုက်ခိုက်မှု အားလုံးမှာ အာရုံလွှဲရန် သက်သက်သာ ဖြစ်ပြီး ဤသည်ကသာ အမှန်တကယ် တိုက်ခိုက်မှု ဖြစ်ပေသည်။

တိုက်ခိုက်မှု ဆိုသည်ထက် အမဲလိုက်ခြင်းဟု ရည်ညွှန်းလျှင် ပိုမို မှန်ကန်ပေလိမ့်မည်။

ဝှစ်...

လေးညှို့ခတ်သံ တစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ လေထုကို ထွင်းဖောက်လာသည့် မြှားက အချိန်သခင် တစ်ဦး၏ စွမ်းအား အလုံးစုံကို သယ်ဆောင်ထားသည်။ သတ်ဖြတ်လိုသည့် ဆန္ဒက မြှားဦးထိပ်တွင် ပျော်ဝင် ကိန်းအောင်း နေ၏။

မြှား၏ ဦးတည်ရာကို ကြည့်ရင်း လင်းမင်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။

ကျူးဟိုင်...

ရွှစ်...

မြှားက တိကျစွာ ပျံသန်းသွားကာ ကျူးဟိုင်၏ လည်ပင်းကို ထိမှန်သွားခဲ့သည်။ မှန်ပေ၏။ လုံးဝ တိတိကျကျကို ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... ၎င်းက ကျူးဟိုင်၏ တိုက်ခိုက်မှုကို ရပ်တန့်အောင် မလုပ်ဆောင်နိုင်ခဲ့ပါချေ။

လင်းမင်၏ စိတ်တစ်ခုလုံးမှာ အလွန်အမင်း ပြင်ထန်သည့် အန္တရာယ် အချက်ပေးသံများနှင့် ဆူညံ သွားခဲ့၏။

ဘုန်း...

သူ ချက်ချင်းပင် ဝိညာဉ် အမြုတေကို လောင်ကြွမ်း ပစ်လိုက်သည်။ ထို့နောက် ရရှိလာသည့် စွမ်းအင် အလုံးစုံကို သုံးကာ ကျူးဟိုင် ထံပစ်လွှတ်လိုက်သည်။

လင်းမင်၏ ခန္ဓာကိုယ်မှာ ဝိညာဉ်စွမ်းအင်များနှင့် လင်းလက်စွာ တောက်ပနေခဲ့၏။ ယခင်က သူ လျှို့ဝှက်ဝိညာဉ် အဆင့်များကို သတ်နိုင်သည် ဆိုလျှင် ယခုအခါ မြေကြီး ရှန့်ထိုများကိုပင် ရင်ဆိုင်ရန် ယုံကြည်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ စွမ်းအားမျိုးက ဖော်ပြ၍ မရနိုင်လောက်အောင် ခမ်းနားထည်ဝါလှကာ သူ့ကို မရှုံးနိမ့်နိုင်သကဲ့သို့ ခံစားရစေသည်။

“မဟုတ်ဘူး..."

သူ ရုတ်တရက်ပင် ပုံပျက်နေသည့် ကြောက်လန့်တကြား အော်သံ တစ်ခုကို ကြားလိုက်ရသည်။ တစ်ချိန်တည်း၌ ထျန်းရီဝူနှင့် နာ့ရှင်းရီတို့ နှစ်ဦးစလုံးမှာ လင်းမင်ဆီသို့ အပြေးအလွှား သွားနေခဲ့ပြီ ဖြစ်သည်။ ပစ္စုပ္ပန်မှာ အကောင်းဆုံး အခွင့်အရေး တစ်ခု ဖြစ်သည့် အလား သူတို့ ပြင်းပြစွာပင် အာရုံစိုက် နေခဲ့သည်။ တစ်ချိန်လုံး တိုက်ခိုက် ကာကွယ်ခဲ့သည့် မိန်းကလေးကိုပင် ထိုအခိုက်၌ သူတို့ နှစ်ဦးစလုံး လျစ်လျူ ထားခဲ့၏။

အရေးကြီးသော အချက်တစ်ချက်မှာ... တိုက်ပွဲ တစ်လျှောက်လုံး၌ ထျန်းရီဝူနှင့် နာ့ရှင်းရီတို့ နှစ်ဦး စလုံးမှာ ကျူးဟိုင်ကို တစ်ကြိမ်တစ်ခါမျှ တိုက်ရိုက် တိုက်ခိုက်မှု မပြုလုပ်ခဲ့ကြခြင်းပင် ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုများက သူ နောက်ဆုတ်သွားစေရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုရှို့ရန် အပေါ် အန္တရာယ် ပြုလိုသည့် ရည်ရွယ်ချက်များ မပါရှိပါချေ။ ထိုအချက်ကိုလည်း သူတို့က ထင်ထင်ရှားရှား ဖော်ပြထားသည်။ ထို့ကြောင့်ပင် ကျူးဟိုင်မှာ သူတို့ကို မတွေ့မမြင် သကဲ့သို့ လျစ်လျူခဲ့ခြင်း ဖြစ်သည်။

ကံမကောင်းစွာပင်... ထိုနေရာ၌ ကျူးဟိုင်ကို အန္တရာယ် ပေးလိုသည့်၊ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ခဲ့သူ တစ်ဦး ရှိနေခဲ့ပေသည်။

ဝေါင်း...

ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည့် ကျူးဟိုင်၏ မျက်လုံးများသည် စက္ကူတစ်စ အလား ဖြူရော်နေသည့် ကျောင်းရှုလင်းဘက်သို့ လှည့်လာခဲ့၏။ မိန်းကလေး၏ အသက်ရှူသံများက လေးလံနေကာ သူမ၏ ခြေထောက်များမှာလည်း တုန်ယင်နေခဲ့သည်။ ခန္ဓာကိုယ် တစ်ခုလုံး တဖြည်းဖြည်း အေးခဲလာသလိုပင် သူမ ခံစားရသည်။

အဝေးတစ်နေရာတွင်တော့ ယီယွင်မှာ အော်ဟစ်ကာ ပြေးဝင်လာနေဆဲ ဖြစ်လေ၏။

ဘုန်း...

ကျူးဟိုင်၏ ခန္ဓာကိုယ်က လေးကိုင်း သဏ္ဌာန် ရွေ့လျားသွားကာ ကျောင်းရှုလင်း အပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားခဲ့သည်။

လင်းမင်၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။

"ရပ်လိုက်..."

သူ အသံကုန် အော်ဟစ်လိုက်လေတော့သည်။

***

All Chapters