ကမ္ဘာကြီး၏ အံ့အားသင့်မှု
Vol. 7 Ch. 659
"သွေးဘိုးဘေး အဖမ်းခံလိုက်ရပြီ…"
ထိုသတင်းအား ကြားသည်နှင့် ကမ္ဘာအနှံ့ရှိ မရေမတွက်နိုင်သော မိသားစုများ၊ ဂိုဏ်းများ၊ အမှောင် အင်အားစုများမှာ ဆွံ့ကြမိသွားကြသည်။
သွေးဘိုးဘေးသည် ဒဏ္ဍာရီများထဲမှ နတ်ဆိုးကြီး ဖြစ်သည်။ သူသည် မွေးဖွားလာချိန်မှ စကာ ကမ္ဘာအနှံ့အပြားမှ လူများကို သတ်ဖြတ်ပစ်ခဲ့သည်။ အလွန် အစွမ်းထက်သော တန်ခိုးရှင် အဆင့်များပင် သူ၏ အရှေ့၌ ပုရွက်ဆိတ်များ အလား ချနင်းခံရသည်။
သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းသည် သွေးဘိုးဘေးကို ယုန်ငယ်လေး တစ်ကောင် အလား ဖမ်းဆီးခဲ့သည်။
"ချန်းပေ့ရွှမ်းက ဘာလို့ ဒီလောက်တောင် အစွမ်းထက် နေရတာလဲ ... ဒါက သိပ်တော့ အဓိပ္ပာယ် မရှိလှဘူး…"
"သွေးဘိုးဘေးက ရဲ့ချင်စန်းထက် အများကြီး ပိုပြီး အစွမ်းထက်တယ် ... ဒါတောင် သူက ချန်းပေ့ရွှမ်းရဲ့ လက်တစ်တည်းနဲ့ ဖမ်းတာကို ခံလိုက်ရတယ်တဲ့"
လူများစွာက တွေးတောကြသည်။
"ငါတို့တော့ ဘယ်တော့မှ ပြန်ပြီး လက်စားချေနိုင်တော့မယ် မထင်ဘူး…"
ဂျပန် သိုင်းပညာရှင်များမှာ သက်ပြင်း ချမိကြသည်။ အီရီကာနှင့် အိုင်းမဟာ ဘုရားကျောင်း၏ ကောင်းကင်သခင် တို့မှာမူ လုံးဝ တုန်လှုပ်နေကြပြီ ဖြစ်သည်။
***
ထိုအချိန် ဆိုက်ဘေးရီးယန်း ဝင်ရိုးစွန်း ဒေသ၌…
အမှောင်ဝံပုလွေများသည် စုရုံး၍ အောင်ပွဲခံ နေကြသည်။
"သွေးဘိုးဘေး သေပြီတဲ့ ... ငါတို့ရဲ့ လက်စားခြေမှုက တစ်ဝက် အောင်မြင်ပြီလို့ ဆိုနိုင်တယ်"
"ငါတို့တွေ ခရစ်ယာန် ဘုရားကျောင်းကို ရှုံးနိမ့်ပြီး အထိနာနေတဲ့ အချိန်မှာ သွေးဘိုးဘေးက အလစ်ဝင် တိုက်ခိုက်ခဲ့တယ် ... နောက်ပြီး အမှောင်မြို့စားတို့ အဖွဲ့ကလည်း ငါတို့ကို နှစ်သုံးရာလုံးလုံး နောက်ကလိုက်ပြီး သတ်ဖြတ်နေခဲ့တယ် ... ဒါကြောင့်မလို့ပဲ ငါတို့ အမှောင်ဝံပုလွေတွေဟာ ကျဆင်းလာခဲ့ရတာ ... ဒီနေ့တော့ ငါတို့ရဲ့ ရန်သူတော်ကြီး သွေးဘိုးဘေးဟာ ချန်းပေ့ရွှမ်းရဲ့ လက်အောက်မှာ ကျရှုံးသွားခဲ့ရပြီ"
အမှောင် ဝံပုလွေများသည် မီးဖိုကြီး တစ်ခု၏ ဘေးတွင် စုရုံးကာ ဆွေးနွေးနေကြသည်။
"အားလုံးပဲ ... အရှင် ချန်းပေ့ရွှမ်းကို ဂုဏ်ပြုလိုက်ကြစို့"
ဝံပုလွေ အုပ်စု၏ ခေါင်းဆောင်များက ခွက်များကို မြှောက်ရင်း သံပြိုင်အော်ဟစ် လိုက်ကြသည်။
"အရှင် ချန်းပေ့ရွှမ်း အတွက်…"
မရေမတွက်နိုင်သော ဝံပုလွေငယ်များကလည်း အော်ဟစ် လိုက်ကြသည်။
ချန်းဖန်သည် ဂေါ့ဒင်ကို သတ်ဖြတ်ကာ နှင်းဝံပုလွေ ကလန်ကို ဖျက်ဆီးခဲ့သော်လည်း အပြန်အလှန် အနေဖြင့် သူသည်အမှောင်ဝံပုလွေ မျိုးဆက် အတွက် ရန်သူတော် သွေးဘိုးဘေးကို သတ်ဖြတ်ကာ လက်စားချေ ပေးခဲ့သည်။
ထို့ကြောင့် အမှောင် ဝံပုလွေများ၏ စိတ်ထဲမှ ချန်းဖန် အပေါ် အမုန်းတရားနှင့် ရန်ငြိုးများမှာ ပြေလည် သွားခဲ့ပြီ ဖြစ်သည်။
"ဂူဂယ် ... မိတ်ဆွေကြီး မင်း ငါ့ရဲ့ အကြံပေးချက်ကို ဘယ်လို သဘောရလဲ"
အမှောင်ဝံပုလွေများ အောင်ပွဲခံ နေကြချိန်မှာပင် ... အိုလက်က ဝံပုလွေ အုပ်စုထံသို့ လျှောက်လာရင်း မေးလိုက်၏။
"ကမ္ဘာကြီးက အကြီးအကျယ် ပြောင်းလဲနေပြီ ... သွေးဘိုးဘေးလည်း သေပြီဆိုတော့ ... ငါတို့ ကမ္ဘာကြီးကို ပြန်ဝင်ဖို့ အချိန်ရောက်ပြီ ထင်တယ်…"
ဝံပုလွေ အုပ်စု ခေါင်းဆောင် ဂူဂယ်က တဟွတ်ဟွတ် ချောင်းဆိုးရင်း ပြန်လည် ပြောလိုက်သည်။
ထိုစကားအား ကြားသည်နှင့် အိုလက်က ကျေနပ်စွာ ပြုံးလိုက်တော့၏။
"သွေးဝံပုလွေ တပ်ဖွဲ့က ကြိုဆိုပါတယ် မိတ်ဆွေကြီးတို့…"
***
ချင်ချန်းတောင်၌ ဖြစ်ပျက်ခဲ့သော သတင်းများကား ပျံ့နှံ့နေဆဲ ဖြစ်သည်။ လူတိုင်းသည် ချန်းဖန်၏ မောက်မာမှုနှင့် ရက်စက်မှုတို့ အတွက် လက်လျှော့ရသည်။
သူသည် သူ့အား ဖိအားပေးသည် ဆိုသော အကြောင်းပြချက်ဖြင့် မိန်းမ တစ်ယောက်ကိုပင် မညှာတာပဲ သတ်ဖြတ်ခဲ့သည်။
ထိုမိန်းမသည် လောရင့် မိသားစု၏ ခေါင်းဆောင် ဂျနီဖာ ဖြစ်ပြီး အနောက်တိုင်း နိုင်ငံရေး အသိုင်းအဝိုင်း၌ ထင်ရှားသူ ဖြစ်သည်။
ဥရောပ ယူနီယံ၊ အထူး အစည်းအဝေး ခန်းမအတွင်း၌…
"ချန်းပေ့ရွှမ်းက အရမ်းကို မောက်မာလွန်းတယ် ... သူက ငါတို့ အနောက်တိုင်းကို မျက်လုံးထဲကို မထည့်ထားတော့တာ"
ဂျာမန် ခေါင်းဆောင် တစ်ယောက်က စားပွဲအား ဒေါသတကြီး ထုရင်း ဆိုလိုက်သည်။
"ချန်းပေ့ရွှမ်း မောက်မာက အရင်ကတည်းကပါပဲ ... သူက ဥရောပ ကိုယ်စားလှယ်ကို သတ်ပစ်ခဲ့တဲ့အပြင် မြေထဲပင်လယ် ရေတပ်ကိုပါ ဖျက်ဆီးပစ်ခဲ့တာ"
အစည်းအဝေး ခန်းမ အတွင်းရှိ လူများမှာမူ ခေါင်းကိုသာ ခါနေမိကြသည်။
"ငါတို့က ချန်းပေ့ရွှမ်းကို အမြဲတမ်း အထင်သေး နေမိတာပဲ ... ငါတို့ သူ့ကို စောစောစီးစီးတည်းက ရှင်းထုတ် လိုက်သင့်တာ ... တကယ်လို့ သူက နျူကလိယထက်တောင် ပိုပြီး အစွမ်းထက်သွားရင် ကမ္ဘာကြီးတောင် အဆုံးသတ် သွားနိုင်တယ်"
လူအို ဗိုလ်ချုပ် တစ်ယောက်က ဆိုလိုက်သည်။
"ဟုတ်ပါတယ် ဆရာ ... ကျွန်တော်တို့လည်း အခု အမေရိကန်နဲ့ ပူးပေါင်းပြီး တိုက်ပွဲ သုံးသပ်ချက် အမြန်ဆုံးရဖို့ တွက်ချက် နေပါတယ်"
ဗြိတိသျှ ဗိုလ်မှူးကြီး တစ်ယောက်က ထိုင်ရာမှ ထရင်း တင်ပြလိုက်သည်။
လူတိုင်းမှာ သက်ပြင်းချရင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
ယခု ပြဿနာကား ဥရောပ ယူနီယံ အနေဖြင့် ကိုင်တွယ်နိုင်သော အရာ မဟုတ်တော့ချေ။ အမေရိကန်ကိုသာ တာဝန် အားလုံး ပုံအပ်ရတော့မည် ဖြစ်ပေသည်။
***
"ယန်နာ ... ငါ အဲဒီတိုက်ပွဲကို မျက်မြင် တွေ့ခဲ့ရတာ သိလား ... အဲဒီ တိုက်ပွဲမှာ အရှင်ချန်းက သွေးဘိုးဘေးကို ဘောလုံး တစ်လုံးကို လုံးပြီး ဖမ်းသွားခဲ့တာ ... သွေးဘိုးဘေး ခမျာ တစ်ချက်တောင် ပြန်မတိုက်နိုင်လိုက်ဘူး"
ရဲ့ရီရန်က သူမ၏ အချစ်ဆုံး သူငယ်ချင်း ထံသို့ တကူးတက အလည်သွားကာ တိုက်ပွဲ အကြောင်းကို ပြောပြနေခဲ့သည်။
ချင်ယန်နာကမူ တိတ်ဆိတ်စွာဖြင့်ပင် မြောက်အရပ် တောင်တန်း ရှိရာ အရပ်သို့ ငေးမော ကြည့်နေခဲ့၏။
"ဒီတိုက်ပွဲ အပြီးမှာ ကမ္ဘာပေါ်က ဘယ်သူကမှ အရှင်ချန်းကို ခွန်ရှု့နယ်မြေဆီမှာ စတေးဖို့ တွန်းအား ပေးရဲတော့မှာ မဟုတ်ဘူး"
ရဲ့ရီရန်၏ ပုံစံက အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။
"ခွန်ရှု့နယ်မြေရဲ့ လူတွေ ဘယ်လောက်ပဲ အစွမ်းထက်ထက် အရှင်ချန်းက နိုင်မှာ သေချာတယ် ... နောက်ပြီး ငါတို့မှာ ခေတ်မီ နည်းပညာတွေ ရှိတယ် ... အဲဒီမြေကမ္ဘာ အဆင့်တွေက နျူကလိယကို ခုခံနိုင်မှာလား ... ပေါက်ကွဲမှု တန်ချိန် သောင်းဂဏန်းက မလုံလောက်ရင်တောင် ... ငါတို့မှာ တန်ချိန် သိန်းချီ သန်းချီ တိုက်ခိုက်ဖို့ အလုံအလောက် ရှိတယ်"
ရဲ့ရီရန်က လက်သီးကို တင်းတင်းဆုပ်ရင်း ခိုင်မာစွာ ဆိုလိုက်၏။
မြေကမ္ဘာ အဆင့်များသည် အစွမ်းထက်သည် ဆိုသော်လည်း ရွှေအမြုတေ အဆင့်များနှင့် မနှိုင်းယှဉ် နိုင်ကြချေ။ သွေးဘိုးဘေး ကဲ့သို့ အလွန် အစွမ်းထက်သော အမှောင် သွေးမျိုးဆက် ပင်လျှင် နျူကလိယကို မခုခံ နိုင်ချေ။
"တကယ်လို့ စစ်ပွဲ ဖြစ်ရင် ကမ္ဘာကြီး အဆုံးသတ်တော့မှာလား…"
ချင်ယန်နာက သက်ပြင်းချရင်း မေးလိုက်သည်။
"ဟုတ်တယ် ယန်နာ…"
ရဲရီရန်က ခေါင်းညိတ်လိုက်သည်။
"ဒါနဲ့ ... နင့် မိသားစုက နင့်ကို အရှင်ချန်းရဲ့ ဒုတိယ ဇနီးအဖြစ် နောက်တစ်ကြိမ် ကမ်းလှမ်းဖို့ လုပ်နေတယ် ဆို"
ချင်ယန်နာက ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်သည်။
"သူက ငါ့ကို စိတ်ဝင်စားမှာ မဟုတ်ပါဘူးဟာ"
***
"ချန်းပေ့ရွှမ်းက ခွန်ရှု့ နယ်မြေရဲ့ လူတွေကိုတောင် ဂရုမစိုက်တာလား"
စီအိုင်အေ၏ ဖိုရမ်၌ "တိုက်ပွဲဘုရင်" ဆိုသော အကောင့်ပိုင်ရှင်က ပို့စ်တစ်ခု တင်သည်။ လူများစွာက သူ၏ ပို့စ်အား သဘောတူစွာ ခေါင်းညိတ် မိကြသည်။
ချန်းပေ့ရွှမ်းကား မဖြစ်နိုင်သော အရာများစွာကို လုပ်ပြခဲ့သူ ဖြစ်သည်။ လူတိုင်းက သူရှုံးနိမ့်တော့မည်ဟု တွေးနေချိန်တွင်ပင် သူက ထိုအရာကို လွယ်လွယ်ကူကူ ကျော်ဖြတ် ပြခဲ့သည်။
"အရင်တုန်းက ငါတို့ အတွေးတွေက မှန်တယ်လို့ ငါ ထင်ခဲ့တယ် ... အခုတော့ ချန်းပေ့ရွှမ်း အမြဲ မှန်နေတယ် ဆိုတာ ငါ သဘောပေါက် သွားခဲ့ပြီ"
တစ်ယောက်က လေးပင်စွာဖြင့် ရေး၏။
သွေးဘိုးဘေး၏ ရုတ်တရက် သေဆုံးမှုက သူတို့၏ အတွေးများကို အကြီးအကျယ် ပြောင်းလဲစေပုံ ရသည်။
"ဒီနေ့ကစလို့ ငါ ချန်းပေ့ရွှမ်းရဲ့ ဘက်မှာ အမြဲရပ်တည်မယ် ... ဘာလို့လဲ ဆိုတော့ သူက အမှန် တရားကို ကိုယ်စားပြုလို့ ... ပြိုင်ဘက်ကင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ကိုယ်စားပြုလို့ပဲ"
ရှကောကော ဆိုသော တစ်ယောက်က ခိုင်မာစွာ ရေးသည်။
"တကယ်လို့ ချန်းပေ့ရွှမ်းက အမေရိကန်နဲ့ စစ်ဖြစ်ပြီး ... အမေရိကန်က သူ့ကို သတ်ဖို့ နျူကလိယကို သုံးမယ် ဆိုရင်ရော"
အခြား တစ်ယောက်က မေးခွန်း ထုတ်သည်။
"အဲဒီလိုဆိုလည်း ငါ ချန်းပေ့ရွှမ်း ဘက်မှာပဲနေမယ် ... သူပဲ နိုင်မှာ သေချာတယ်"
ရှကောကောက တုံ့ဆိုင်းခြင်း မရှိ ဖြေသည်။
အခြားလူများက ထို "ရှကောကော" ဆိုသော အကောင့်ပိုင်ရှင်မှာ ချန်းဖန်အား "အိုင်ဒေါ" တစ်ယောက်ကဲ့သို့ ရူးရူးမူးမူး လေးစားချစ်ခင် နေသည့် ကောင်မလေး တစ်ယောက် ဖြစ်ရမည် ဟု မှတ်ချက် ချမိကြသည်။
"ချန်းပေ့ရွှမ်းက ခွန်ရှု့ နယ်မြေကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တယ် ... သွေးဘိုးဘေးလည်း သေပြီ ... တကယ်လို့ ကောင်းကင်တံခါး ပွင့်ပြီး ခွန်ရှု့နယ်မြေက လူတွေ ထွက်လာရင် ငါတို့ ကမ္ဘာကြီးက ပျက်စီးရတော့မှာလား"
လူတိုင်းသည် မြေကမ္ဘာ အဆင့်၏ စွမ်းအားကို တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။
မြေကမ္ဘာ အဆင့် ဖြစ်ကာစ ရဲ့ချင်စန်းသည် မိုးကြိုးတိမ်တိုက်ကို ဆင့်ခေါ်နိုင်ကာ တောင်တစ်ခုလုံးကို ထက်ဝက် ပိုင်းပစ်နိုင်သည်။
"အားလုံးပဲ ... စိတ်မပူကြနဲ့ ... ကမ္ဘာကြီးရဲ့ နည်းပညာက အရမ်းကို တိုးတက်နေပြီ ... သူတို့တွေ ဝင်လာရဲရင် နျူကလိယနဲ့ မိတ်ဆက် ပေးလိုက်ကြတာပေါ့…
မစ္စတာ လေ့လာသူက ဝင်ရောက်ကာ ရေးလိုက်၏။
"နောက်ပြီး ငါတို့ သေရမယ် ဆိုရင်တောင် ချန်းပေ့ရွှမ်း ရဲ့ချင်စန်း သွေးဘိုးဘေး ခွန်ရှု့နယ်မြေတို့ ပါဝင်နေတဲ့ ခေတ်သစ်တစ်ခုကို မြင်ရတာနဲ့တင် တန်နေပြီ"
***
ထိုသို့ ကမ္ဘာကြီးတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြချိန်၌…
ချန်းဖန်ကမူ ဓားနန်းတော် လျှို့ဝှက်ခန်း အတွင်း၌ ရွှေရောင် အလင်းလုံးနှင့် အတူ ရောက်ရှိ နေခဲ့သည်။
"ချန်းပေ့ရွှမ်း ... သင် ငါ့ကို ဘာလုပ်မလို့လဲ"
ရိန်းဟာ့၏ အသံက ရွှေရောင် အလင်းလုံးထဲမှ ထွက်ပေါ်လာသည်။
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
"ဘာမှ မဟုတ်ပါဘူး ... မင်း ခန္ဓာကိုယ်ကို သုံးပြီး ဆေးအချို့ လုပ်ရုံပါပဲ"
***