ကောင်းကင်ဆေး
Vol. 7 Ch. 660
"သွေးဘိုးဘေး သို့မဟုတ် သန့်စင်သော သွေးမျိုးဆက်…"
သူကား မူလခန္ဓာဖြင့် မွေးဖွားလာသည့် သက်ရှိ မျိုးစိတ် တစ်ခု ဖြစ်သည်။ သူ၏ သွေး၊ နတ်ဘုရား စိတ်ဝိညာဉ်၊ ခန္ဓာကိုယ် အားလုံးကား အလွန်အမင်း သန့်စင်ကာ ဝိညာဉ်ချီ ပမာဏ အမြောက်အမြားကို သယ်ဆောင်ထားသည်။
မူလသက်ရှိများ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီသည် ရတနာများဟုပင် ဆိုနိုင်သည်။ ထိုအရာများကို အဆင့်မြင့် ဝိညာဉ်ဆေးဝါး၊ ရတနာ ဆေးဝါးများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။
"သင် လုပ်ရဲလား…"
"ဘုန်း…"
သွေးဘိုးဘေးက ကြောက်မက်ဖွယ် အမှောင်စွမ်းအားများကို ထုတ်လွှတ်ကာ ရုန်းထွက်ရန် ကြိုးစားသည်။ ရွှေရောင် အလင်းလုံးက အချိန်မရွေး ပေါက်ကွဲတော့မည့် အလား တုန်ရီ၍ လာ၏။
"သွား…"
ချန်းဖန်က အဝါရောင် အဆောင် တစ်ခုကို ထုတ်ယူကာ အလင်းလုံးထံ ပစ်လွှတ်လိုက်သည်။ ထိုအဆောင်သည် ဓားနန်းတော် လျှို့ဝှက်ခန်း၏ တံခါးမှ ဖြုတ်ယူထားသည့် "ကောင်းကင်ဓား အဆောင်" ဖြစ်သည်။
ထိုအဆောင်သည် "အပယ်ခံ ကိုးယောက် အဘိုးအို" ပြုလုပ်ထားခဲ့သော အဆောင် ဖြစ်ပြီး အဆောင်ထဲ၌ ကောင်းကင် တန်ခိုးရှင် (ရွှေအမြုတေ အဆင့်) တစ်ယောက်၏ တိုက်ခိုက်မှုကို သိုလှောင်ထားသည်။
ထိုတိုက်ခိုက်မှုသည် နျူကလိယ လက်နက်အလား စွမ်းအား ကြီးကာ သွေးဘိုးဘေးကိုပင် အလွယ်လေး သတ်ဖြတ်နိုင်သည်။
"ချန်းပေ့ရွှမ်း ... ငါ သင်နဲ့ မြောက်ပိုင်းချုံးကို ဘယ်တော့မှ ရန်မစတော့ဘူးလို့ ကျိန်ဆိုပါတယ် ... သင်တို့ရဲ့ မိုင်တစ်ထောင် အဝေးမှာ ငါနေပါမယ် ... ငါ့ကို လွှတ်ပေးပါ"
သွေးဘိုးဘေးက အော်ဟစ်၍ အသနား ခံသည်။
သို့သော်လည်း ချန်းဖန်က သူ့ကို လျစ်လျူ၍ "နဂါး ကိုးကောင် မီးဖို" ကို ထုတ်ယူလိုက်သည်။
"နဂါး ကိုးကောင် မီးဖို" သည် ဓားနန်းတော် ရတနာသိုက်ထဲမှ ပစ္စည်းကောင်း တစ်ခုဖြစ်ပြီး အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုလည်း ဖြစ်သည်။
ထိုအရာသည် ချန်းဖန် အတိတ်ဘဝ၌ ပိုင်ဆိုင်ခဲ့သည့် မီးဖိုများနှင့် မနှိုင်းယှဉ်နိုင် သော်လည်း သွေးဘိုးဘေးကို သန့်စင်ရန် အတွက် လုံလောက်သည်။
"ဟူး ... ဟူး…"
ချန်းဖန်က မီးဖိုကို မြေကမ္ဘာမီးလျှံများ၏ အထက်တွင် တင်ကာ အစီအရင်တစ်ခု ရေးဆွဲလိုက်သည်။ ခဏ အကြာ၌ မီးဖိုက စတင်တုန်ရီလာကာ တောက်ပသော အလင်းများကို ထုတ်လွှတ်၏။
"ဘုန်း ... ဘုန်း ... ဘုန်း…"
တစ်ချိန်တည်းတွင်ပင် နဂါးကိုးကောင်က မီးဖို၏ လေထွက်ပေါက်များမှ ထွက်ပေါ်လာကာ လေထုအား ပူလောင်မှုကို ပေးသည်။ ထိုနဂါး တစ်ကောင်ချင်းစီသည် ဆယ်ပေခန့် ရှည်လျားကာ မီးတောက်များဖြင့် ဖွဲ့စည်းထား၏။ နဂါးများက ကမ္ဘာမြေ၏ မီးဓာတ်များကို စုပ်ယူကာ မီးဖိုအတွင်း ပေးပို့၏။
"သင့်ထံမှာ နှစ်တစ်ရာအထိ အမှုထမ်းရမယ် ဆိုလည်း ငါ ဆန္ဒရှိပါတယ် ... ငါ့ကို မသတ်ပါနဲ့"
သွေးဘိုးဘေးမှာ မီးဖိုကို မြင်သည်နှင့် တဆတ်ဆတ် တုန်ရီသည်အထိ ကြောက်လန့် လာခဲ့သည်။
"ချန်းပေ့ရွှမ်း ... သင် ငါ့ကို ဆေးလုံးလုပ်မယ် ဆိုလည်း သင်ဘာမှ ရမှာမဟုတ်ဘူး ... ငါ့ ကိုယ်ငါ မီးဖိုထဲမှာ ဖောက်ခွဲပစ်လိုက်မယ် ... တကယ်လို့ သင်သာ သဘောတူရင် ငါ သင့်ရဲ့ သစ္စာရှိ အစေခံ အဖြစ် နေပေးမယ့် အပြင် ငါ့ရဲ့ ရတနာတွေကိုပါ ပေးမယ် ... နောက်ပြီး ငါတို့ နှစ်ယောက် ခရစ်ယာန် ဘုရားကျောင်းကို နှိမ်နင်းပြီး ကမ္ဘာကြီးကို သိမ်းပိုက်ကြမယ်"
"ဟမ့် ... မင်းမပါလည်း ကမ္ဘာကြီးကို ငါ လွှမ်းမိုးနိုင်တယ်"
ချန်းဖန်က သူ့အား ပြန်ပြောရင်း မီးဖိုကိုသာ အာရုံစိုက် နေခဲ့၏။
"ဘုန်း…"
ရုတ်တရက် ပေါက်ကွဲသံ တစ်ခုနှင့် အတူ အနက်ရောင် မီးတောက် တစ်ခု မီးဖိုထဲ၌ ဖြစ်ပေါ်လာသည်။ ထိုမီးတောက်သည် အဆင့်မြင့် ဝိညာဉ်မီးတောက် ဖြစ်ပြီး ဆေးများ ပြုလုပ်ရာ၌ အလွန် အသုံးဝင်သည်။
သွေးဘိုးဘေးကား အဆင်သင့် ဖြစ်နေသော "နဂါးကိုးကောင် မီးဖို" ကို ကြည့်ရင်း သွေးရူးသွေးတန်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"ခွန်ရှု့နယ်မြေရဲ့ မြေကမ္ဘာ အဆင့်တွေက မကြာခင် ရောက်လာတော့မှာ ... သင် ဘယ်လောက်ပဲ အစွမ်းထက်ထက် သူတို့ကို တားနိုင်မှာ မဟုတ်ဘူး ... ငါ့မှာ သူတို့နဲ့ ယှဉ်နိုင်တဲ့ ကျင့်ကြံခြင်း နည်းစနစ် တစ်ခု ရှိတယ်"
သွေးဘိုးဘေးက အော်ဟစ် ပြောလိုက်သည်။
"ဟုတ်လား…"
ချန်းဖန်က ရွှေရောင် အလင်းလုံးကို ကြည့်ကာ မေးလိုက်သည်။
"မင်း ဘာသိထားလဲ ပြောပါဦး"
သွေးဘိုးဘေးက အသက်ကို အသည်းအသန် ရှူရင်း လျင်မြန်စွာ ပြောလိုက်သည်။
"ငါက နတ်ဘုရား စစ်ပွဲကို မမီလိုက်ပေမဲ့ အဖေပြောတာကိုတော့ ကြားခဲ့ဖူးတယ် ... အဲဒီတုန်းက အရှေ့ အနောက် နှစ်ခုစလုံးက ပညာရှင်တွေဟာ စစ်ပွဲအတွင်းကို ပါဝင်ခဲ့ကြတယ် ... စစ်ပွဲမှာ ကမ္ဘာကြီးဟာ ဖျက်ဆီးခံရပြီး သွေးတွေနဲ့ နစ်မြုပ်ခဲ့ရတယ် ... မရေမတွက်နိုင်တဲ့ ဘုရင့်နိုင်ငံတွေ မြို့တွေလည်း ဖျက်ဆီးခံခဲ့ရတယ်"
"စစ်ပွဲပြီး ဘာကြောင့် စဖြစ်လဲ ဆိုတာတော့ ငါမသိဘူး ... ဒါပေမဲ့ နောက်ပိုင်းမှာ ဂြိုဟ်သားတွေပါ ကျူးကျော် ဝင်ရောက် လာခဲ့တယ် ... အဆုံးမှာတော့ ငါတို့ မျိုးနွယ်တွေသာ ကျူးကျော်သူတွေကို စစ်ပွဲမှာ အနိုင်ရခဲ့ပြီး နှင်ထုတ် နိုင်ခဲ့တယ်…"
"ဒါပေမဲ့ စစ်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ နေထိုင်ဖို့ မသင့်တော်တော့ဘူး ... ဒါကြောင့် သွေးဘိုးဘေးတွေ နတ်ဘုရားတွေ သူတော်စင်တွေဟာ ဒီဂြိုဟ်ကနေ ပြန်ထွက်ခွာ သွားခဲ့ကြတယ်"
"ခွန်ရှု့နယ်မြေက အရှေ့တိုင်း သူတော်စင်တွေ ထားခဲ့တဲ့ ကမ္ဘာငယ်လေး တစ်ခုပဲ ... နောက်ပြီး ကောင်းကင် တံခါးကလည်း တားမြစ်ချက်တွေ အများကြီး ရှိတယ် ... တကယ်လို့ မြေကမ္ဘာ အဆင့်တွေ အလုံးအရင်းလိုက် ဝင်လာမယ် ဆိုရင် အဲဒါက မတည်မငြိမ် ဖြစ်လာလိမ့်မယ်... ငါ့မှာ ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်တဲ့ လျှို့ဝှက် ရတနာတစ်ခု ရှိတယ် ... သင်သာ ငါ့ကို လွှတ်ပေးရင် အဲဒီရတနာ ခွန်ရှု့နယ်မြေက လူတွေ မလာနိုင်အောင် ငါတားပေးမယ်"
သွေးဘိုးဘေးသည် ချန်းဖန်ကို ဉာဏ်ရှိသော လူတစ်ယောက် အဖြစ် ရှုမြင်သည်။
ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ကို ဆေးလုပ်ခြင်းထက် ခွန်ရှု့နယ်မြေ၏ မြေကမ္ဘာ အဆင့်များက ပို၍ အရေးကြီးကြောင်း ချန်းဖန် နားလည်လိမ့်မည် ဟု သူ အကြွင်းမဲ့ ယုံကြည်သည်။
"အဲဒီ ရတနာက သွေးမျိုးဆက်တွေရဲ့ သီးသန့်နယ်မြေ တစ်ခုမှာ သိမ်းထားတာ ... သင် ငါ့ရဲ့ ဦးဆောင်မှုမပါပဲ အဲဒါကို တွေ့မှာ မဟုတ်ဘူး"
သွေးဘိုးဘေးက သတိ ပေးလိုက်၏။ သူက ချန်းဖန် သူ့ကို သတ်ပြီး ရတနာကို တစ်ယောက်တည်း သွားရှာမည်ကို စိုးရိမ် နေမိသည်။
"ဟင်းလင်းပြင် ရတနာ…"
ချန်းဖန်က တီးတိုး ရေရွတ်လိုက်၏။
ရွှေအမြုတေ အဆင့် တစ်ယောက်သာလျှင် ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်သည့် ရတနာကို ပြုလုပ်နိုင်သည်။ အကယ်၍ ထိုအရာကိုသာ ရရှိပါက ကောင်းကင်တံခါးကို ဖျက်ဆီး ပစ်နိုင်မည်မှာ သေချာသည်။
သို့သော်လည်း ချန်းဖန်သည် ခွန်ရှု့နယ်မြေမှ လူများကို ကြောက်ရွံ့ခြင်း မရှိပေ။ ထို့ကြောင့် သူ့အနေဖြင့် ကောင်းကင် တံခါးကို ဖျက်ဆီးရန် ဆန္ဒမရှိချေ။
"ဟူး…"
ချန်းဖန်က ရွှေရောင်အလင်းလုံးကို ကိုင်၍ မီးဖိုဆီသို့ ပစ်လွှတ်လိုက်၏။
"သင် ဘာလုပ်တာလဲ ... ရတနာကို အလိုမရှိ ဘူးလား ... သင် ခွန်ရှု့နယ်မြေရဲ့ လူများကို မကြောက်တာလား"
သွေးဘိုးဘေးက အော်ဟစ်လိုက်၏။
"မင်းကို သန့်စင်ပြီးတာနဲ့ ငါ ဘယ်မြေကမ္ဘာ အဆင့်ကိုမှ ကြောက်စရာ မလိုတော့ဘူး"
ချန်းဖန်၏ ပုံစံက ဆုံးဖြတ်ပြီးပုံပင်။
"ငါ ကျိန်ဆိုတယ် ချန်းပေ့ရွှမ်း ... သင် သင့်ရဲ့ဂိုဏ်း သင့်ရဲ့ မိသားစုအားလုံး ငရဲပြည်ကို သွားရပြီး ဆင်းရဲ ဒုက္ခတွေ ခံစားရပါစေ"
သွေးဘိုးဘေး ကျိန်စာတိုက် နေချိန်မှာပင် ရွှေရောင် အလင်းလုံးက မီးဖို၏ စုပ်ယူမှုကို ခံလိုက်ရတော့သည်။
"နောက်ဆုံးတော့ စလို့ ရပြီ…"
ချန်းဖန်သည် အနည်းငယ် စိတ်လှုပ်ရှား နေမိသည်။
မူလသက်ရှိဖြင့် ဆေးသန့်စင်ခြင်းသည် ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။ ထို့အပြင် သွေးဘိုးဘေးသည် အသက်ရှင် နေသေးရာ မီးခိုထဲ၌ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်နိုင်သည်။
"မြေကမ္ဘာမီး…"
"နဂါးကိုးကောင် ကြိုး…"
ချန်းဖန်သည် သင်္ကေအချို့ကို ရေးဆွဲ၍ မီးဖိုထံ ပစ်လွှတ်လိုက်၏။
"ပေါက်ကွဲစမ်း…"
ထိုအချိန်မှာပင် သွေးဘိုးဘေး၏ ရူးသွပ်နေသော အော်ဟစ်သံက မီးဖို အတွင်းမှ ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုအသံနောက်မှ မယုံကြည်နိုင်သော အသံ တစ်ခုက တွဲလျက် လိုက်ပါလာသည်။
"ဘယ်လို ဖြစ်ရတာလဲ ... ငါ ဘာလို့ စွမ်းအားတွေကို သုံးလို့ မရတော့တာလဲ ... မဟုတ်ဘူး"
နဂါးကိုးကောင် မီးဖိုသည် အဆင့်မြင့် ဝိညာဉ်မီးဖို ဖြစ်သည့်အပြင် ချန်းဖန်ကလည်း တားမြစ်ခြင်း အစီအရင် ထပ်မံ ပေါင်းထည့် ထားသေးသည်။
ထိုတားမြစ်ခြင်း အစီအရင်သည် အလွန် အဆင့်မြင့်သော ဆေးသန့်စင်ခြင်း အစီအရင် တစ်ခု ဖြစ်ကာ သန့်စင်ခံ သားကောင်ကို စွမ်းအား အသုံးမပြုနိုင်အောင် တားဆီးပေးသည်။
ထို့နောက် ချန်းဖန်က သူ့၌ ရှိပြီးသော အဆင့်မြင့် ဝိညာဉ် ဆေးဝါးများကိုပါ ထုတ်ယူ၍ မီးဖိုအတွင်း ထပ်မံ ပစ်ထည့်လိုက်သည်။
လက်နက်များ ကဲ့သို့ပင် "ဝိညာဉ်ဆေး" ၏ အထက်တွင် "ရတနာဆေး" အဆင့် ရှိသည်။ ချန်းဖန် ပြုလုပ်ခဲ့ဖူးသော "အနီရောင် မီးတောက် ဝိညာဉ်ဆေး" များသည် အဆင့်မြင့် ဝိညာဉ်ဆေးများ ဖြစ်ကာ သောက်သုံးသူကို တန်ခိုးရှင် အဆင့်ရောက်အောင် မြှင့်တင် ပေးနိုင်သည်။
ရတနာဆေးများမှာမူ ဝိညာဉ် ဆေးများထက် ပိုမို ထိရောက်၍ သောက်သုံးသူအား မြေကမ္ဘာ အဆင့်ထိ ရောက်ရှိအောင် ကူညီပေးနိုင်သည်။ ပို၍ အသုံးဝင်သည်က ထိုဆေးဖြင့် ပထမပန်းချီ ဖြစ်သည့် "ကောင်းကင် ဝါးမျိုခြင်း" ကို အောင်မြင် နိုင်လိမ့်မည် ဖြစ်သည်။
တစ်ရက်…
နှစ်ရက်…
သုံးရက်…
ခုနစ်ရက် ကြာပြီးနောက် ချန်းဖန်သည် မြေကမ္ဘာ မီးတောက်ကို ရုပ်သိမ်း၍ နဂါး ကိုးကောင် မီးဖိုကို အောက်သို့ ချလိုက်သည်။
"ဘုန်း…"
မီးဖို၏ အဖုံးက ပွင့်လာကာ သင်းပျံ့သော ရနံ့က အခန်းအတွင်း ထွက်ပေါ်လာ၏။
"အသက်သွေးဆေးလုံးက အောင်မြင်သွားပြီပဲ…"
ချန်းဖန်က ပြုံးရင်း လက်ဝါးကို ဖြန့်လိုက်၏။ မီးဖို အတွင်းမှ လက်သီးဆုပ်ခန့် အရွယ်ရှိ အနီရောင် ဆေးလုံးက ထွက်ပေါ်လာကာ သူ၏ လက်၌ ဆင်းသက်သည်။
"သာမန် တန်ခိုးရှင် အဆင့် တစ်ယောက်က ဒီရတနာဆေးကို သောက်လိုက်တာနဲ့ ချက်ချင်း မူလဝိညာဉ် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာလိမ့်မယ် ... ငါ့မှာ ဆေးတစ်လုံးပဲ ရှိတာ ကံဆိုးတာပဲ ... များသာများရင် ငါ့မိဘတွေနဲ့ ဖန့်ချုံးကိုပါ ပေးနိုင်မှာ"
ချန်းဖန်က သက်ပြင်း တစ်ချက် ချလိုက်၏။ သို့သော်လည်း သူသည် ချီတုံချတုံ ဖြစ်မနေခဲ့ချေ။ မိသားစုကို ကာကွယ်ရန် အတွက် သူ့အနေဖြင့် အသန်မာဆုံး ဖြစ်နေရန် လိုအပ်သည်။
"ဝါးမျိုခြင်း…"
ချန်းဖန်က ချက်ချင်းပင် ပါးစပ်ကို ဟ၍ ဆေးလုံးကို ဝါးမျိုလိုက်၏။
"ဘုန်း…"
ထုထည် ကြီးမားသော စွမ်းအားများက သူ၏ ခန္ဓာကိုယ် အတွင်း ပေါက်ကွဲ ဝင်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ စွမ်းအားမှာလည်း တရွေ့ရွေ့ မြင့်တက် လာခဲ့သည်။
***