← Chapters

မူလအဆင့်သို့ ဝင်ရောက်ခြင်း

Vol. 7 Ch. 661

မူလအဆင့်သို့ ဝင်ရောက်ခြင်း

Vol. 7 Ch. 661

ချန်းဖန်အတွက် သာမန် မူလကျင့်ကြံသူ တစ်ယောက် ဖြစ်ခြင်းက မလုံလောက်ချေ။

ယနေ့အထိ သူသည် မူလအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို အနိုင်ယူခဲ့ပြီး ဖြစ်သည်။ တစ်ယောက်မှာ ရဲ့ချင်စန်း ဖြစ်ပြီး အခြား တစ်ယောက်မှာ သွေးဘိုးဘေး ဖြစ်သည်။

"ရဲ့ချင်စန်းက မြေကမ္ဘာ အဆင့် ဖြစ်လာပေမဲ့ ကျင့်ကြံခြင်း လောကရဲ့ သာမန် မူလ ကျင့်ကြံသူတွေနဲ့တောင် မယှဉ်နိုင်သေးဘူး ... သွေးဘိုးဘေးကတော့ မူလအဆင့် အစောပိုင်းမှာပဲ ရှိတယ်"

ချန်းဖန်က ကျင့်ကြံရင်း အလေးအနက် တွေးနေမိ၏။

"ငါက အခု ဝိညာဉ်ပင်လယ် (တန်ခိုးရှင်) အထွတ်အထိပ် အဆင့်ကို ရောက်နေတဲ့အပြင် ... ကောင်းကင်ခန္ဓာ စဦးအဆင့်ကိုလည်း အောင်မြင်ထားပြီးပြီ ... ငါ ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက် နည်းစနစ်တွေ အထူးဝတ်စုံ နတ်ဘုရားသတ် ဆူးချွန်တွေပါ ထည့်ပေါင်းရင် ... အလယ်ဆင့် မူလ ကျင့်ကြံသူနဲ့တောင် ယှဉ်နိုင်နေပြီ ... ဒါပေမဲ့ အဲဒါက ငါ့အတွက် မလုံလောက်ဘူး"

ချန်းဖန်သည် သူပိုင်ဆိုင်ထားသည့် အင်အားကို ကောင်းစွာ နားလည်သည်။ ထို့ကြောင့် သူ့အနေဖြင့် ပထမ ပန်းချီကို အောင်မြင်ပြီး မူလအဆင့်ကို ရောက်ရန်က အလွန် အလျင်လိုနေသည်။

ဝိညာဉ်ပင်လယ် အဆင့်နှင့် မူလအဆင့်မှာ ကွာဟချက် ကြီးမားသော အဆင့် နှစ်ခု ဖြစ်သည်။

မူလအဆင့်သို့ ဝင်ရောက်ပြီးသည်နှင့် အဆင့် တစ်ခုချင်းစီတိုင်းက ချိုးဖျက်ရန် ခက်ခဲလာသည်။ မူလအဆင့် အစောပိုင်းနှင့် အလယ်ပိုင်း အဆင့်နှစ်ခု၏ ကွာဟချက်မှာ အထွတ်အထိပ် အဆင့်နှင့် တန်ခိုးရှင် အဆင့်၏ ကွာဟချက်နှင့် တူညီသည်။

"ဟူး ... ဟူး…"

ချန်းဖန်သည် အသက်သွေး ဆေးလုံးထဲမှ စွမ်းအားများကို စုပ်ယူရင်း ဆက်လက် ကျင့်ကြံ နေခဲ့သည်။

အသက်သွေး ဆေးလုံးသည် သန့်စင်သော သွေးမျိုးဆက်၏ ခန္ဓာနှင့် အခြား အဆင့်မြင့် ဝိညာဉ်ဆေးပင်များ ထည့်သွင်း၍ ပြုလုပ်ထားခြင်း ဖြစ်ရာ  ... ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းမှ ထုတ်ယူနိုင်သည့် ဝိညာဉ်ချီများထက်ပင် ပို၍ သိပ်သည်းသည်။

"ဖောက် ... ဖောက်…"

ဆက်လက် ကျင့်ကြံနေစဉ်မှာပင် ချန်းဖန်၏ နောက်၌ အလင်းစက်များ တစ်ခုပြီး တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာသည်။

ထိုအလင်းစက်များက တဖြည်းဖြည်း များပြားလာသည်နှင့် ကောင်းကင်သားရဲ ပုံရိပ်သို့ ဖွဲ့စည်း၏။ ထိုပုံရိပ်အား အပြည့်အဝ ဖွဲ့စည်းပြီးသည်နှင့် ကောင်းကင် ဝါးမျိုခြင်း ပန်းချီသည်လည်း အောင်မြင်ပြီဟု ဆိုနိုင်သည်။

"ခွန်ရှု့နယ်မြေမှာ အလယ်ဆင့် မူလကျင့်ကြံသူတွေ အပြင် ထိပ်ဆုံးအဆင့် မူလ ကျင့်ကြံသူတွေပါ ရှိနေနိုင်တယ် ... ငါသာ ပထမ ပန်းချီကို မအောင်မြင်ရင် သူတို့ကို အနိုင်ယူနိုင်ဖို့ မသေချာဘူး"

ချန်းဖန်သည် ကမ္ဘာပေါ်ရှိ သာမန် မြေကမ္ဘာ အဆင့်များနှင့်သာ ရင်ဆိုင်နေရခြင်း ဆိုပါက အကုန်အကျနည်းသည့် အခြား ကျင့်စဉ်တစ်ခုကိုသာ သုံး၍ မူလအဆင့်သို့ ဝင်ရောက်ခဲ့မည် ဖြစ်သည်။

သို့သော်လည်း ယခု သူ ရင်ဆိုင်ရမည့် ရန်သူများမှာ ခွန်ရှု့နယ်မြေ၏ ကျင့်ကြံသူများ ဖြစ်သည်။ ထိုသူများသည် အဆင့်နိမ့် ကျင့်စဉ်များကို လေ့ကျင့်ကြသည့်တိုင် အစစ်အမှန် ကျင့်ကြံခြင်း လမ်းစဉ်ကို ခြေချထားနိုင်သူများ ဖြစ်သည်။

ရဲ့ချင်စန်းနှင့် သွေးဘိုးဘေးတို့ပင် အလယ်ဆင့်၊ ထိပ်ဆုံးအဆင့် မူလ ကျင့်ကြံသူများနှင့် ယှဉ်ပါက ကလေးများနှင့် မခြားနားချေ။

"ဘုန်း ... ဘုန်း ... ဘုန်း…"

အသက်သွေး ဆေးလုံးက ချန်းဖန်၏ ခန္ဓာကိုယ်ထဲ၌ အကြိမ်ကြိမ် ပေါက်ကွဲပြီး အဆုံးမရှိသော ဝိညာဉ်ချီများကို ထုတ်လွှတ်၏။

တစ်ချိန်တည်းတွင်ပင် ကောင်းကင်ဝါးမျိုခြင်း ကျင့်စဉ်က အသက်ဝင်၍ ထိုဝိညာဉ်ချီများကို အငမ်းမရ စုပ်ယူသည်။

"ဖောက် ... ဖောက်…"

မရေမတွက်နိုင်သော အလင်းစက်များ၏ ပေါင်းစည်းမှုတွင် ချန်းဖန်၏ အနောက်မှ ကောင်းကင်သားရဲ ပုံရိပ်သည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ သေချာကြည့်ပါက ထိုပုံရိပ်သည် ပါးစပ်ဟထားသော "ခွန်ပန်" ကောင်းကင်သားရဲ နှင့် ဆင်တူသည်ကို တွေ့နိုင်သည်။

"ခွန်ပန်" သည် ကမ္ဘာတွင်သာမက စကြဝဠာ တစ်ခုလုံးတွင်ပါ ထိပ်တန်း ကောင်းကင်သားရဲ ဖြစ်သည်။ ထိုသားရဲသည် အစစ်အမှန် နဂါး၊ ရွှေရောင် ကျီးကန်း၊ ကောင်းကင် ဖီးနစ် တို့နှင့် တန်းတူ ကျော်ကြားပြီး သားရဲ၏ ခန္ဓာ ထုထည်က ဂြိုဟ်တစ်လုံး၏ အရွယ်အစား ရှိသည်။

"ခွန်ပန် ပါးစပ်ကို ဟရင် နေနှင့် လကို မျိုချနိုင်တယ်" ဟူသည့် ကျော်ကြားသော ရှေးဟောင်း အဆိုပင် ရှိသည် မဟုတ်ပါလား။

"ခွန်ပန်" ၏ ပုံရိပ်က ပြည့်စုံသွားသော်လည်း ချန်းဖန်က ရပ်တန့်မည့်ပုံ မရချေ။ သူက ပါးစပ်ကို ဖွင့်ရင်း အော်ဟစ်လိုက်သည်။

"ဖွဲ့စည်းစမ်း…"

ကောင်းကင်သားရဲ ပုံရိပ်က အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း တိုးဝင်၏။

ခွန်ပန် ပုံရိပ် ပျောက်ကွယ်သည်နှင့် အရိုးများ၊ သွေးကြော စသည့် ချန်ဖန်၏ ခန္ဓာကိုယ် အတွင်းရှိ နေရာတိုင်း၌ အလင်းစက်များ ကျန်ရစ်၏။

မိုက်ခရိုစကုပ်ဖြင့် အနီးကပ် သေချာကြည့်ပါက ချန်းဖန်၏ ခန္ဓာကိုယ် အနှံ့ရှိ အလင်းစက်များမှာ ပျံသန်းနေသော ခွန်ပန်ပုံရိပ် အဖြစ် ဖွဲ့စည်းထားကြောင်း တွေ့နိုင်သည်။ ခွန်ပန် ပုံရိပ်မှာ သူ၏ ခန္ဓာတွင်သာမက နတ်ဘုရား စိတ်ဝိညာဉ်တွင်ပါ ရှိနေကြောင်း ချန်းဖန် သတိထား မိလိုက်သည်။

"ဟူး…"

တစ်ခဏအကြာ၌ ချန်းဖန်က သူ၏ နက်မှောင်နေသော မျက်လုံးများကို ဖွင့်ရင်း လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု…

ပထမ ပန်းချီ ကောင်းကင် ဝါးမျိုခြင်းကား နောက်ဆုံး၌ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

"ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု ကျင့်စဉ်က ရှေးဟောင်းသားရဲတွေရဲ့ ကျင့်စဉ် ဖြစ်ရမယ် ... ဒီကျင့်စဉ်ကို အောင်မြင်တဲ့ သူက အဆင့် ၁၂ ကောင်းကင်သားရဲရဲ့ စွမ်းအားကို ပိုင်ဆိုင်လာလိမ့်မယ်"

ချန်းဖန်က ပါးစပ်ကို ဟရင်း လေကို စုပ်သွင်းလိုက်သည်။

"ဟူး…"

အခန်း အတွင်း၌ ဆိုင်ကလုန်း အသေးစား ဖြစ်ပေါ်လာကာ အဆုံးမဲ့ချီများက ချန်းဖန်၏ ပါးစပ်အတွင်း တိုးဝှေ့ ဝင်ရောက်လာ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အခန်းအတွင်းရှိ ဝိညာဉ်ချီများ အားလုံး စုပ်ယူ ခံလိုက်ရတော့သည်။

"ကောင်းကင် ဝါးမျိုခြင်း နတ်ဘုရား စွမ်းအားက စကြဝဠာ တစ်ခုလုံးမှာတောင် ထိပ်တန်း နတ်ဘုရား စွမ်းအား တစ်ခုပဲ ... ငါ ကြားဖူးသလောက် ဆိုရင် ခွန်ပန်တွေက နေတွေ ဂြိုဟ်တွေ အပါအဝင် စကြဝဠာရဲ့ အရာအားလုံးကို စုယူနိုင်တယ်တဲ့"

ချန်းဖန်မှာ အနည်းငယ် စိတ်လှုပ်ရှား နေမိသည်။

"အရင်တုန်းက ကျင့်ကြံရင် ဝိညာဉ်ချီတွေကို စုပ်ယူဖို့ အတွက် ကျင့်ကြံခြင်း ကျင့်စဉ်ကို သုံးရတယ် ... ဒါပေမဲ့ ဒီကောင်းကင် ဝါးမျိုခြင်း ကျင့်စဉ်နဲ့ဆိုရင် ပါးစပ်ဟရုံနဲ့တင် ငါကျင့်ကြံလို့ ရပြီ…"

ချန်းဖန်က ကျေနပ်စွာ ပြုံးလိုက်၏။

"ငါက ကောင်းကင်သားရဲ မျိုးဆက် ဖြစ်လာတဲ့ အပြင် ကောင်းကင်သားရဲရဲ့ သွေးလည်း ရှိနေပြီ ... အခုဆို ငါက ခွန်ပန်ပေါက်လေး ဖြစ်နေပြီလို့တောင် ဆိုနိုင်တယ်"

ချန်းဖန်က ထိုင်ရာမှ ထ၍ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။

"ဘုန်း…"

သူ၏ လက်မှ အစစ်အမှန်ချီများက တိုး၍ ထွက်ပေါ်လာကာ အခန်းနံရံသို့ ထိ၏။ အစစ်အမှန်ချီများ၏ တိုက်ခိုက်မှုတွင် အခန်းက အချိန်မရွေး ပြိုကျတော့မလိုပင် တုန်ရီလာခဲ့သည်။

"အရမ်း အစွမ်းထက်တာပဲ…"

ချန်းဖန်က လက်ကို ပြန်ရုတ်ရင်း ရေရွတ်လိုက်သည်။

လျှို့ဝှက်ခန်း၏ အထက်၌ ခင်းထားသော အစီအရင်သည် ဓားနန်းတော်၏ တည်ထောင်သူများ ထားရစ်ခဲ့သည့် အစီအရင် ဖြစ်သည်။

ထိုအစီအရင်သည် နှစ်ထောင်ချီ ကြာနေပြီ ဖြစ်သည့်တိုင် မူလအဆင့်၏ တစ်ယောက်၏ တိုက်ခိုက်မှုကို အသာအယာ တောင့်ခံနိုင်သည်။

သို့သော်လည်း ယခုတွင်မူ ထိုအရာကား ချန်းဖန်၏ လက်တစ်ဖက် အဝှေ့တွင်ပင် ပြိုကျတော့မလို ဖြစ်သွားခဲ့သည်။ အကယ်၍ ချန်းဖန်သာ ဆန္ဒရှိပါက ထိုအစီအရင်ကို လက်တစ်ဖက်ဖြင့်ပင် ဖျက်ဆီးနိုင်သည်။

"ဒါပေမဲ့ ကောင်းကင် ပန်းချီတွေက လေ့ကျင့်ဖို့ ခက်ခဲလွန်းတယ် ... ပထမပန်းချီ အောင်မြင်ဖို့တောင် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းနဲ့ ရတနာဆေး တစ်လုံး သုံးလိုက်ရတယ် ... နောက်ဆုံး ပန်းချီအထိ ရောက်ဖို့ဆိုရင် စကြဝဠာ တစ်ခုလုံးရဲ့ အရင်းအမြစ် တစ်ဝက်လောက် သုံးမှ ရလိမ့်မယ် ထင်တယ်"

ချန်းဖန်က မေးစေ့ကို ပွတ်သပ်ရင်း တွေးတော နေမိ၏။ သူ့အနေဖြင့် ရှေးဟောင်း ကောင်းကင်သားရဲများ ထိုကျင့်စဉ်အား မည်ကဲ့သို့ လေ့ကျင့်ခဲ့သည်ကို စဉ်းစား မရချေ။

"ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု ကျင့်စဉ်က သာမန်ရိုးရိုး ကျင့်စဉ်ထက် သွေးအမွေခံ ကျင့်စဉ်နဲ့ သွားတူနေတယ် ... နောက်ပြီး တစ်ချိန်တည်းမှာ အခြား ကျင့်စဉ်တွေ ကိုလည်း ငါ လေ့ကျင့်လို့ ရသေးတယ် ... ဒါပေမဲ့ ဒီကျင့်စဉ်တွေက ငါ တီထွင်ခဲ့တဲ့ ပြိုင်ဘက်ကင်း ကျင့်စဉ်လောက်တော့ မကောင်းဘူး"

ကောင်းကင် အရှင်သခင်များသည် အတိဒုက္ခ အဆင့်သို့ ချိုးဖျက်ပြီးသည်နှင့် ကိုယ်ပိုင် တာအိုလမ်းကြောင်းကို စတင်ကြသည်။ ထိုသို့ လျှောက်လှမ်းရန် အတွက် သူတို့သည် သူတို့နှင့် အကိုက်ညီဆုံး ပြိုင်ဘက်ကင်း ကျင့်စဉ် တစ်ခုကို ဖန်တီးကြသည်။

ချန်းဖန်သည်လည်း အတိတ်ဘဝ၌ မြောက်ပိုင်း ကောင်းကင် အရှင်သခင် ဖြစ်လာပြီးနောက် ကိုယ်ပိုင် လမ်းကြောင်းကို စတင်ရန် အတွက် ပြိုင်ဘက်ကင်း ကျင့်စဉ် တစ်ခုကို ဖန်တီးခဲ့ဖူးသည်။

ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု ကျင့်စဉ်၊ ကောင်းကင်နှင့် တိုက်ခိုက်ခြင်း ကျင့်စဉ်များသည် အခြားလူများ ဖန်တီးခဲ့သည့် ကျင့်စဉ်များ ဖြစ်ရာ ချန်းဖန် အတွက် အရံကျင့်ကြံမှု သဘောမျိုးသာ အသုံးဝင်သည်။

"ငါက ကောင်းကင်ခန္ဓာ စဦးအဆင့်ကိုလည်း အောင်မြင်ပြီးပြီ ... ကောင်းကင် ဝါးမျိုခြင်း ပန်းချီကိုလည်း အောင်မြင်ပြီးပြီ ဆိုတော့ ... အခုက မူလအဆင့်ကို ချိုးဖျက်ဖို့ပဲ ကျန်တော့တယ်"

ချန်းဖန်၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ၏ မျက်လုံးများမှာမူ တလက်လက် တောက်ပနေခဲ့သည်။ မူလအဆင့်သို့ တက်လှမ်းပြီး အစစ်အမှန် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာရန်က သူနှင့် လက်တစ်ကမ်း အလိုသို့ ရောက်ရှိနေခဲ့ပြီ မဟုတ်ပါလား။

"မူလအဆင့်ကို ဝင်ပြီးတာနဲ့ ငါက ဒီဂြိုဟ်မှာ ပြိုင်ဘက်ကင်းပြီ"

ချန်းဖန်က မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်၏။

သူ နောက်တစ်ကြိမ် မျက်လုံး ပြန်လည် ဖွင့်သည်နှင့် ကမ္ဘာပေါ်မှ မည်သည့် အရာကမှ သူ့အား တားဆီးနိုင်တော့မည် မဟုတ်ချေ။

***

All Chapters