← Chapters

မူလသက်ရှိ

Vol. 7 Ch. 662

မူလသက်ရှိ

Vol. 7 Ch. 662

"မူလသက်ရှိ"

ထိုစကားလုံးကား ဆင့်ကဲ ပြောင်းလဲသွားသည့် သက်ရှိမျိုးစိတ်ကို ကိုယ်စားပြုသည်။

မူလသက်ရှိ ဖြစ်လာသည်သော ကျင့်ကြံသူ တစ်ဦး၏ ခန္ဓာကိုယ်၊ နတ်ဘုရား ဝိညာဉ်၊ အသွေး၊ အသား အားလုံးသည် အမတေချီ အသွင် ပြောင်းလဲသွားသည်။ မူလသက်ရှိများသည် ချီကို အမှီသဟဲ ပြု၍ ရာစုနှစ်ချီ ရှင်သန် နိုင်သည်။

စကြဝဠာတွင် မူလသက်ရှိ အဖြစ် မွေးဖွားလာသော မျိုးနွယ်များစွာ ရှိသည်။ ထိုမျိုးနွယ်ဝင်များသည် ကျင့်ကြံခြင်း မပြုလျှင်ပင် အရွယ်ရောက်လာသည်နှင့် မူလအဆင့်ကို အလိုအလျောက် ဝင်ရောက် နိုင်ကြသည်။

ဥပမာ သွေးဘိုးဘေးသည် မူလသက်ရှိ အဖြစ် မွေးဖွားလာသည့် အမှောင် သွေးမျိုးဆက်၏ သန့်စင်သော မျိုးနွယ်ဝင် တစ်ယောက် ဖြစ်သည်။

"ဟူး…"

ချန်းဖန်က ခြေထောက်ကို ချိတ်ကာ ထိုင်ရင်း ကျင့်ကြံနေသည်။ သူ အသက်ရှူ လိုက်တိုင်းတွင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများက မိုးကြိုးမုန်တိုင်း တစ်ခုအလား သူ၏ ခန္ဓာကိုယ် အတွင်း တိုးဝင်နေ၏။

မကြာခင်မှာပင် အပြင်ရှိ လူများသည် အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကို မြင်ကြရသည်။

တိမ်များသည် ဓားနန်းတော်၏ အထက်တွင် ဖြစ်ပေါ်လာကာ ဆိုင်ကလုန်း အသွင် ဖွဲ့စည်းသည်။ တိမ်တိုက်များသည် ပတ်ဝန်းကျင်သို့ပါ တဖြည်းဖြည်း ရွေ့လျား၍ ဖြန့်ကြက်ကြသည်။

တစ်မိုင်…

နှစ်မိုင်…

သုံးမိုင်…

မကြာခင်မှာပင် ပတ်ဝန်းကျင် ဆယ်မိုင် ကောင်းကင်၌ တိမ်စိုင် တိမ်လိပ်များဖြင့် ဖုံးအုပ် သွားတော့သည်။

"ဒါက…"

ယူကီရှီရိုဆာက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

သူမသည် ထိုသို့သော မြင်ကွင်းမျိုးကို ချန်းဖန် ဝိညာဉ်ပင်လယ် အဆင့်သို့ ဝင်ရောက်စဉ်က တွေ့မြင်ဖူးသည်။

ထိုစဉ်က အစိမ်းရောင် နဂါးအစီအရင် အတွင်း၌ မီတာထောင်ချီတိုင် တိမ်နှင့် မြူများ ဖုံးလွှမ်း သွားခဲ့ဖူးသည်။

"ဆရာက မူလအဆင့်ကို ချိုးဖျက် နေပြီပဲ"

ဟွာရန်ဖန်းသည် ကောင်းကင်ကို မော့ကြည့်ရင်း စိတ်လှုပ်ရှား နေမိ၏။

သူ၏ ဆရာ ချန်းပေ့ရွှမ်းသည် ဝိညာဉ်ပင်လယ် အဆင့်ဖြင့်ပင် ကမ္ဘာအား လွှမ်းမိုး နိုင်ခဲ့သည်။ မူလအဆင့်သို့သာ ဝင်ရောက်ပြီးပါက မည်မျှအထိ အစွမ်းထက် လာမည်နည်း။

"ဆရာ မူလအဆင့်ကို ဝင်ရောက်ပြီးတာနဲ့ ငါတို့ မြောက်ပိုင်းချုံးက ခွန်ရှု့နယ်မြေရဲ့ မြေကမ္ဘာ အဆင့်တွေကို စိုးရိမ်စရာ မလိုတော့ဘူး…"

တစ်ချိန်တည်းတွင်ပင် ကောင်းကင်တံခါး အပြည့်အဝ ပွင့်ပြီး ခွန်ရှု့နေမြေ၏ မြေကမ္ဘာ အဆင့်များ ဝင်ရောက်လာမည့် နေ့မှာလည်း တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။

အမေရိကန်သည် ကမ္ဘာ၏ လုံခြုံရေးကို အမြင့်ဆုံး အဆင့်ထိ တင်းကျပ်ကာ နျူကလိယကို အဆင်သင့် အသုံးပြုနိုင်အောင် ပြင်ဆင်သည်။

အခြားမဟာ အင်အားကြီး နိုင်ငံများသည်လည်း ကိုယ်စီ ကာကွယ်ရေး နည်းဗျူဟာများ ပြင်ဆင်ရင်း တိုက်ပွဲဝင်ရန် ပြင်ဆင်ကြသည်။

သုံးရက် ကြာပြီးနောက်…

ဆယ်မိုင် အကျယ်အဝန်းရှိ တိမ်များသည် ထပ်မံ၍ ပြန့်ကျဲလာ၏။

ဆယ့်တစ်မိုင်…

ဆယ့်နှစ်မိုင်…

ဆယ့်သုံးမိုင်…

တိမ်များသည် ရပ်တန့်ခြင်း မရှိပဲ မိုင်ငါးဆယ် တိုင်အောင် ဆက်လက် ပြန့်ကျဲလာသည်။

"ဘုန်း…"

ဓားနန်းတော် လျှို့ဝှက်ခန်း တစ်ခုလုံးသည် အမတေချီများဖြင့် ပြည့်နှက် နေခဲ့၏။

ထိုအခန်းသည် အမတေချီ တိမ်ပင်လယ်၏ နှလုံးများ ဖြစ်ပြီး မိုင်ငါးဆယ် အတွင်းရှိ ဝိညာဉ်ချီများ၏ အဆက်မပြတ် ဝင်ရောက်မှု၌ တဆတ်ဆတ် တုန်ရီနေခဲ့သည်။

အခန်းအတွင်း၌ ချန်းဖန်သည် မျက်လုံးကို ပိတ်၍ထိုင်နေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ကမူ အခန်းအတွင်းရှိ ဝိညာဉ်ချီများကို အငမ်းမရ စုပ်ယူနေခဲ့၏။

မူလအဆင့်သို့ ဝင်ရောက်ရန် အတွက် မူလအဆင့် ခန္ဓာ (ကောင်းကင်ခန္ဓာ သို့မဟုတ် မြေကမ္ဘာအဆင့် ခန္ဓာ) ၊ မူလအဆင့် အစစ်အမှန် အမတေနှင့် မူလအဆင့် နတ်ဘုရား စိတ်ဝိညာဉ် သုံးခု ပေါင်းစည်းရန် လိုအပ်သည်။

ချန်းဖန်သည် ကောင်းကင်ခန္ဓာ စဦး အဆင့်ကို အောင်မြင်ပြီး ဖြစ်ရာ မူလခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ထို့အတူ ကောင်းကင်ဝါးမျိုခြင်း ပထမပန်းချီကို အောင်မြင်ပြီးနောက် မူလအဆင့် အစစ်အမှန် အမတေကို ပိုင်ဆိုင်လာခဲ့သည်။

မူလအဆင့်ကို တက်လှမ်းရန် အတွက် သူလိုအပ်သော အရာဟူ၍ နတ်ဘုရား စိတ်ဝိညာဉ်ကို မူလအဆင့်သို့ မြှင့်တင်ရန်သာ ကျန်တော့သည်။

"ဘုန်း…"

ဝိညာဉ်ချီများ၏ သန့်စင်မှု အောက်၌ ချန်းဖန်၏ ရွှေရောင် နတ်ဘုရား စိတ်ဝိညာဉ်က  တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည်။ ချန်းဖန်သည် ကောင်းကင်သားရဲ ကျင့်စဉ်ကို ကျင့်ကြံခဲ့ရာ သူ၏ ကောင်းကင်ဝိညာဉ်က ခွန်ပန် အသွင်ကို ယူ၏။

"မူလအဆင့်ကို ဝင်ဖို့အားလုံး အဆင့်သင့် ဖြစ်ပြီ…"

ချန်းဖန်က မျက်လုံးများကို ပိတ်ထားရင်းမှ တီးတိုး ရေရွတ်လိုက်သည်။

"ပြန်လည် မွေးဖွားလို့ ငါးနှစ် ကြာပြီးတဲ့ နောက်မှာ မူလအဆင့်ကို ငါ ပြန်ပြီး ခြေချနိုင်ခဲ့ပြီ"

ရေရွတ် နေစဉ်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း၌ စွမ်းအားများက လှိုင်းများသဖွယ် တရိပ်ရိပ် တိုးတက်နေ၏။

တစ်ချိန်တည်းတွင်ပင် အစစ်အမှန် အမတေနှင့် နတ်ဘုရား စိတ်ဝိညာဉ်က ပိုမို သိပ်သည်းလာ၍ တစ်ခုနှင့် တစ်ခု ပေါင်းစပ်သည်။

"ဘုန်း…"

မူလခန္ဓာ၊ မူလ အမတေ၊ မူလဝိညာဉ် သုံးခု ပြည့်စုံသည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ် တစ်ဝိုက်၌ အဇူရာ အလင်းများ ပေါက်ကွဲ ထွက်ပေါ်လာသည်။ ယခု အချိန်ကား မူလအဆင့်သို့ ဝင်ရောက်ရာ၌ အရေး အကြီးဆုံး အချိန် ဖြစ်သည်။

"ဟူး…"

ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံက သိမ်မွေ့စွာ ဖြန့်ကြက်၍ တိမ်ထုများအား လွှမ်းခြုံသည်။ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ပတ်ဝန်းကျင် ဆယ်မိုင်အတွင်းရှိ အမတေချီများသည် ချန်းဖန်၏ ထိန်းချုပ်မှု အောက်သို့ ရောက်၏။

***

"ဆရာ တံခါးပိတ် ကျင့်ကြံနေတာ တစ်လလောက် ရှိပြီ ... သူ ဘာလို့ ထွက်မလာသေးတာလဲ"

အားရှို့နှင့် အခြားလူများမှာ နေ့ရက်တိုင်း လျှို့ဝှက်ခန်း အရှေ့သို့လာကာ ချန်းဖန် ထွက်လာနိုးနိုး စောင့်မျှော် နေကြသည်။

လွန်ခဲ့သည့် တစ်လခန့် တိမ်များ ဆယ်မိုင် ပတ်ဝန်းကျင်ကို ဖြန့်ကြက်စဉ် အခါက သူတို့သည် ချန်းဖန် မူလအဆင့်သို့ ဝင်ရောက် သွားပြီဟု ယူဆ ခဲ့ကြသည်။

သို့သော်လည်း ယခုထိ ချန်းဖန် ထွက်လာခြင်း မရှိသည့်အပြင် တိမ်များမှာလည်း မိုင်ငါးဆယ် တိုင်အောင် ဆက်လက် ဖြန့်ကြက် နေခဲ့သည်။

"တစ်ခုခုများ မှားနေတာလား"

မြောက်ပိုင်းချုံး ဂိုဏ်းဝင်များမှာ စိတ်ပူနေမိကြသည်။ အကယ်၍ ချန်းဖန်သာ ကျရှုံးပါက မြောက်ပိုင်းချုံး၏ အနာဂတ်မှာလည်း လွယ်ကူတော့မည် မဟုတ်ချေ။

"စိတ်မပူနဲ့ ... မူလအဆင့်ကို ဝင်တာက ဆရာ့အတွက် ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး"

ဟွာရန်ဖန်းက စိတ်ပူပုံ မရပဲ အခြား လူများကို ဖျောင်းဖျ လိုက်သည်။

"ဟုတ်ကဲ့ပါ…"

ဖန့်ချုံးနှင့် အခြားလူများက ခေါင်းညိတ် လိုက်ကြသည်။ ဟွာရန်ဖန်း၏ သေချာနေသော ပုံစံကို ကြည့်၍ သူတို့ အနည်းငယ် စိတ်သက်သာရာ ရမိသည်။

ရုတ်တရက် လျှို့ဝှက်ခန်း အတွင်းမှ အပြင်သို့ အဇူရာ အလင်းတန်း တစ်ခု ထိုးတက်သွား၏။ ထိုခဏတွင်ပင် မိုင်ငါးဆယ် ပတ်လည်ရှိ တိမ်များသည် အဇူရာရောင်သို့ ပြောင်းလဲသည်။

တစ်ချိန်တည်းတွင်ပင် ... အဇူရာ တိမ်တိုက်များသည် ဆိုင်ကလုန်း အလား ပြင်းစွာ လှုပ်ရှား၍ ကြီးမားသော ခွန်ပန် သားရဲအသွင်သို့ ဖွဲ့စည်းသည်။

ခွန်ပန် သားရဲသည် သူ၏ အတောင်များကို ဖြန့်ကြက်၍ ကောင်းကင်အား အုပ်မိုး၏။

"ဒါကြီးက…"

လူများစွာသည် ကောင်းကင်သို့ ကြည့်ရင်း မှင်သက် သွားမိကြသည်။ ယူကီရှီရိုဆာ ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။

"ရန်ဖန်း ... မင်း အဲဒီလိုမျိုး အရင်က မြင်ဖူးလား"

ရှဲ့ရန်က နားမလည်နိုင်သော မျက်လုံးများဖြင့် ဟွာရန်ဖန်းကို ကြည့်သည်။

"တွေ့ဖူးသလိုပဲ ... အဲဒါက ဒဏ္ဍာရီတွေထဲက ခွန်ပန် သားရဲ နဲ့ မတူဘူးလား"

ဟွာရန်ဖန်းကလည်း ရှဲ့ရန်ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် ပြန်လည် ကြည့်သည်။

သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တစ်ယောက်စိတ်ထဲမှ အတွေးကို တစ်ယောက် နားလည် လိုက်ကြ၏။

"ငါတို့ ဆရာက လူမဟုတ်ပဲ ကောင်းကင်သားရဲ တစ်ကောင် ဖြစ်နေတာလား…"

***

အမတေချီ အဇူရာ တိမ်တိုက်များ၏ အတွင်းပိုင်း၌…

ချန်းဖန်သည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်သည် မည်သည့် ဓမ္မ နည်းစနစ်ကိုမှ မသုံးပဲ လေထု၌ လွင့်မျောနေ၏။ သူ၏ ဝင်သက် ထွက်သက်တိုင်း၌ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများသည် စီးဝင်နေကြ၏။

တစ်ချိန်တည်း၌ ချန်းဖန်သည် သူ၏ နတ်ဘုရား စိတ်အာရုံမှာ ကောင်းကင်နှင့် မြေကြီး အကြားရှိ အရာရာကို ထိန်းချုပ်ထားနိုင်သလို ခံစားနေရသည်။

"လေထဲ၌ လွင့်မြောခြင်း…"

"အမတေချီဖြင့် အသက်ရှူခြင်း…"

"ကမ္ဘာနှင့် ချိတ်ဆက်ခြင်း…"

"နောက်ဆုံးတော့ ငါ ချန်းပေ့ရွှမ်း မူလသက်ရှိ ဖြစ်လာခဲ့ပြီ"

ချန်းဖန်က သက်ပြင်းချလိုက်သည်။

ထိုသက်ပြင်းသည် ချန်းဖန်၏ ကြိုးစားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တည်ငြိမ်ခြင်းတို့ကို ကိုယ်စားပြု၏။

၂၀၁၂၊ ဇူလိုင် ၃ ရက်နေ့…

ချန်းဖန်သည် မူလအဆင့်သို့ ဝင်ရောက်ခဲ့၏။

ထိုနေ့၌ ကောင်းကင်ရှိ တိမ်များသည် ခွန်ပန် ကောင်းကင်သားရဲ အသွင်သို့ ပြောင်းလဲ၍ မပျောက်ပျက်ခင် အချိန်အထိ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့လေသည်။

***

All Chapters