စွမ်းအား မြှင့်တင်ခြင်း
Vol. 7 Ch. 663
ချန်းဖန် မူလ အဆင့်သို့ ဝင်ရောက် နေချိန်၌ ... ကမ္ဘာ၏ နိုင်ငံ၊ အင်အားစု များစွာသည် ချင်ချန်းတောင် ရှိရာဆီသို့ အာရုံစိုက် နေကြသည်။
"အဲဒါက ... ချန်းပေ့ရွှမ်း လန်ဒန်မှာ လက်နက် လုပ်တုန်းကထက် ပိုပြီးတော့တောင် ကြောက်ဖို့ ကောင်းသေးတယ်တဲ့ ... သူက ပိုပြီး အစွမ်းထက်တဲ့ လက်နက် လုပ်နေတာလား"
အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန် အားလုံးသည် လန့်ဖျပ်နေကြသည်။ သူတို့သည် ကျွန်းတစ်ကျွန်းကို ဖျက်ဆီးခဲ့သည့် ချန်းဖန်၏ မိုးကြိုးငါးခု ချိပ်တံဆိပ်ကို မှတ်မိနေသေးသည်။
"မိုးကြိုးငါးခု ချိပ်တံဆိပ်ကတင် နျူကလိယ ပေါက်ကွဲမှု တန်ချိန် သောင်းဂဏန်းနဲ့ ယှဉ်နိုင်နေပြီ ... တကယ်လို့ သူသာ ပိုပြီး စွမ်းအားကြီးတဲ့ လက်နက် လုပ်နေတာဆိုရင် ... အဲဒီ လက်နက်က နျူကလိယ ပေါက်ကွဲမှု သိန်းဂဏန်းနဲ့တောင် ယှဉ်နိုင်လိမ့်မယ်"
ထိုကဲ့သို့သော လက်နက်မျိုးကား ကြီးမားသော မြို့ကြီး တစ်မြို့ကိုပင် ဖျက်ဆီး ပစ်နိုင်လောက်သည်။
***
ထိုအချိန် ရန်ကျင်းမြို့ပြင်၊ ခွန်းလွန် လျှို့ဝှက် အခြေစိုက်စခန်း အတွင်း…
"အဲဒီ တိမ်တိုက်တွေက အရှင်ချန်း မြေကမ္ဘာ အဆင့်ကို တက်လှမ်းသွားခဲ့လို့ ပေါ်လာတာ ဖြစ်ရမယ်…"
ရဲ့ချင်စန်းက ဆိုလိုက်၏။
"ဟုတ်ရဲ့လား ... တိမ်တိုက်တွေက မိုင်ငါးဆယ် အထိ ဖုံးလွှမ်းနေခဲ့တာလေ ... မှတ်တမ်းတွေ အရဆို ကျင့်ကြံသူ တစ်ယောက် မြေကမ္ဘာ အဆင့်ကို တက်လှမ်းရင် ဆယ်မိုင်အထိပဲ တိမ်တွေ ဖုံးတာပါ"
အဇူရာ နဂါးက မယုံကြည်နိုင်စွာ မေးသည်။
"သေချာတယ် ... ရှေးဟောင်း မှတ်တမ်းတွေမှာ အဲဒီလို အဖြစ်အပျက်မျိုး မရှိဘူး ဆိုပေမဲ့ အရှင်ချန်းက သာမန် ကျင့်ကြံသူ တစ်ယောက်မှ မဟုတ်ပဲလေ"
ရဲ့ချင်စန်းက ခိုင်မာစွာ ဆို၏။
သူကား ချန်းဖန်၏ အစစ်အမှန် ပုံရိပ်ကို သိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ထို့ကြောင့် ချန်းဖန် လေ့ကျင့်သည့် ကျင့်စဉ်များမှာ ရိုးရှင်းမည် မဟုတ်ကြောင်း သူ ကောင်းစွာ သဘောပေါက်၏။
"သူက အခုဆို ဘယ်လောက်တောင် အစွမ်းထက်နေပြီလဲ မသိဘူးနော်…"
ပျံလွှားနီလေးက သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
"သူ ဘယ်လောက် အစွမ်းထက်တာက ငါတို့ အတွက် အရေးမကြီးဘူး ... အခု သူက မြေကမ္ဘာအဆင့် ဖြစ်လာပြီ ဆိုတော့ ငါတို့ ခွန်းလွန် အနေနဲ့ သူ့ကို အရင်ကထက် ပိုပြီး လေးလေးစားစား ဆက်ဆံရမယ်"
ရဲ့နန်ထင်းက လေးနက်စွာ ပြောလိုက်သည်။
"ကောင်းပါပြီ…"
ခွန်းလွန် အဖွဲ့သားများက ခေါင်းများကို ညိတ်လိုက် ကြတော့သည်။
***
"ငါက တကယ်ကြီး ခွန်ပန်သားရဲနဲ့ တူနေတာပဲ"
ချန်းဖန်သည် နတ်ဘုရား စိတ်အာရုံဖြင့် သူ့ကိုယ်သူ ပြန်လည် မြင်နေရသည်။
သူသည် ကြီးမားသော အတောင်များကို ဖြန့်ကြက်၍ တိမ်များ အကြား၌ လွင့်မြောနေ၏။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အဇူရာကျောက်ဖြင့် ပြုလုပ်ထားသည့် အလား ကြည်လင်နေပြီး ခွန်ပန် တစ်ကောင်၏ သဏ္ဌာန်ကို ယူနေ၏။
"ဟူး ... ဟူး…"
ချန်းဖန်က အတောင်များကို တစ်ချက် ခတ်လိုက်သည်။
ရုတ်တရက် သူ၏ ခန္ဓာကိုယ်သည် မူလနေရာမှ ပျောက်ကွယ်၍ မီတာထောင်ချီ အကွာအဝေး၌ ပြန်လည် ပေါ်လာခဲ့၏။ ထိုအမြန်နှုန်းကား အနည်းဆုံး အသံ၏ ခုနစ်ဆနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
သို့သော်လည်း ထိုအရာကား ချန်းဖန်၏ အကန့်အသတ် မဟုတ်ချေ။ အကယ်၍ သူသာ ဆန္ဒရှိပါက အသံ၏ ဆယ်ဆကိုပင် အလွယ်တကူ ချိုးဖျက်နိုင်သည်။
"အစစ်အမှန် ခွန်ပန် တစ်ကောင်က မူလအဆင့်ကို ရောက်တာနဲ့ ရွှေအမြုတေ အဆင့်ကို အနိုင်ယူနိုင်တယ်တဲ့ ... ဒါပေမဲ့ ငါ ပြောင်းလဲနိုင်တဲ့ ခွန်ပန်က ပုံရိပ်ယောင် တစ်ခု သာသာပဲ ရှိတာ"
ခွန်ပန်သည် အလွန်ရှားပါးသော ထိပ်တန်း ကောင်းကင်သားရဲ ဖြစ်သည်။ သူတို့သည် အဆင့်တူ လူသား ကျင့်ကြံသူများထက် အဆများစွာ ပို၍ အစွမ်း ထက်ကြသည်။
"ဝါးမျိုခြင်း…"
ချန်းဖန်က သူ၏ ပါးစပ်ကို ဟလိုက်၏။
"ဘုန်း…"
ဝဲကတော့ တစ်ခု ဖြစ်ပေါ်လာကာ ဖြစ်ပေါ်လာကာ ဝိညာဉ်ချီများကို စုပ်ယူ ဝါးမျိုသည်။ တစ်ခဏ အတွင်းမှာပင် မီတာ ထောင်ချီအတွင်းရှိ ဝိညာဉ်ချီများမှာ ချန်းဖန်၏ စုပ်ယူမှုကို ခံလိုက်ရသည်။
"ဟူး ... ဟူး…"
ချန်းဖန်သည် အတောင်ပံကို ဖြတ်၍ ကောင်းကင် တစ်လျှောက် ပျံသန်းရင်း အရာရာကို စုပ်ယူ ဝါးမျို၏။
နေ၏ အစစ်အမှန်ချီ၊ ယင်ချီ၊ မိုးကြိုးချီ ... ချန်းဖန်သည် ဓားနန်းတော်၏ အစီအရင် စွမ်းအားကိုပင် ချန်ရစ်ခြင်း မပြုပဲ စုပ်ယူ ဝါးမျိုတော့သည်။
ချန်းဖန်သည် အဆင့်တူ ကျင့်ကြံသူများထက် အဆရာချီ ပို၍ အစွမ်းထက်နေပြီ ဖြစ်သော်လည်း ကမ္ဘာမြေ၏ ရှားပါးသော ဝိညာဉ်ချီ ပမာဏကို စိတ်ပျက် နေမိသည်။
သူ့ အနေဖြင့် ဤဂြိုဟ်တွင်သူ ဆက်လက် နေထိုင်၍ သမာရိုးကျ ကျင့်ကြံပါက အဆင့်တက်ရန် လွယ်ကူတော့မည် မဟုတ်တော့ချေ။
"ကမ္ဘာပေါ်မှာသာ ဆက်ပြီး ကျင့်ကြံရမယ် ဆိုရင် ရွှေအမြတေ အဆင့်ကို ရောက်ဖို့ နောက်ထပ် နှစ်နှစ်ဆယ်လောက် ကျင့်ကြံရမှာ သေချာတယ်…"
ချန်းဖန်က တွက်ချက်ရင်း သက်ပြင်းချ လိုက်သည်။
"ငါ့အနေနဲ့ အစစ်အမှန် ခွန်ပန်သားရဲ တစ်ကောင်လို အစွမ်းထက်လာဖို့ ခရီးအဝေးကြီး လျှောက်လှမ်းရဦးမှာပဲ"
ခွန်ပန်များသည် အလွန်ပင် အစွမ်းထက်သည့် ရှေးဟောင်း ကောင်းကင် သားရဲများ ဖြစ်ကြသည်။ သူကဲ့သို့ ခွန်ပန် ပုံရိပ်ယောင်သာ ပြောင်းလဲနိုင်သည့် ကျင့်ကြံသူ တစ်ယောက်က အစစ်အမှန် ခွန်ပန်နှင့် နှိုင်းယှဉ်နိုင်ဦးမည် မဟုတ်ချေ။
"ခရက်…"
ရုတ်တရက် အဇူရာ ခွန်ပန်သည် အလင်းစက်များ အသွင်သို့ ကွဲထွက်သွားကာ ချန်းဖန်၏ မူလ ပုံသဏ္ဌာန် ပြန်လည် ဖွဲ့စည်းလာ၏။
"ခွန်ပန် ပုံစံက ငါ့ရဲ့ ဝှက်ဖဲပဲ ... ငါရဲ့ မူလအဆင့် စွမ်းအားကရော ဘယ်လောက် တိုးတက်လာလဲ ကြည့်ရအောင်"
ချန်းဖန်က ရေရွတ်ရင်း လက်သီးတစ်ချက်ကို ညင်သာစွာ ထိုးလိုက်သည်။
"ဘုန်း…"
အဇူရာ အလင်းက သူ၏ လက်သီးမှ ထွက်၍ ချင်ချန်းတောင်သို့ ကျသည်။ အလင်း၏ ကျဆင်းမှုတွင် ချင်ချန်းတောင် တစ်ခုလုံးသည် မြေငလျင်အလား တုန်ရီကာ မြေဆွဲအားများပင် ရှုပ်ထွေးကုန်၏။
"မဆိုးဘူးပဲ…"
ချန်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"သာမန်ထိုးလိုက်တဲ့ လက်သီးတောင် ရန်တောင်မှာ ရဲ့ချင်စန်းကို အနိုင်ယူခဲ့တဲ့ တိုက်ခိုက်မှုထက် ပိုပြီးတော့ အစွမ်းထက်နေပြီ"
ချန်းဖန်သည် ကောင်းကင်ရှိ တိမ်များ အတွင်း၌ သုံးရက် ကြာသည့်တိုင် နေထိုင်၍ သူ၏ စွမ်းအားကို အမျိုးမျိုး စမ်းသပ်နေခဲ့သည်။
"လီရွှေရောင် မီးတောက် မျက်လုံး"
"ယီသစ်သား ဝိညာဉ်ချီ…"
"ရွှေရောင် မီးတောက် သံချပ်ကာ"
ချန်းဖန်၏ လီရွှေရောင် မျက်လုံးသည် ဆင့်ကဲပြောင်းလဲ၍ အရင်ကထက် ပိုမို သိမ်မွေ့လာသည်။
ထို့အပြင် လီမီးတောက်သည် ယခင်က ရွှေရောင်အတိ ရှိခဲ့သော်လည်း ယခုတွင်မူ ရွှေရောင် အနားကွပ်နှင့် အမတေ အဖြူရောင် ရှိသော မီးတောက် အသွင်သို့ ပြောင်းလဲနေခဲ့သည်။
လီရွှေရောင် မီးတောက် နည်းတူ ရွှေရောက် မီးတောက် သံချပ်ကာမှာလည်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ မူလက မီးတောက် သံချပ်ကာသည် အလယ်ဆင့် ဝိညာဉ် လက်နက် အဆင့်သာ ရှိခဲ့သည်။
သို့သော်လည်း ယခုတွင်မူ ထိုအရာသည် ရတနာ လက်နက်နှင့်ပင် နှိုင်းယှဉ် နေနိုင်ပြီ ဖြစ်သည်။ အကယ်၍ ထိုဝတ်စုံကိုသာ ဝတ်ထားပါက နျူကလိယ လက်နက်ကိုပင် ကြောက်စရာ မလိုတော့ချေ။
သုံးရက်ကြာပြီးနောက်…
"ဟူး…"
ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းလိုက်ရာ ခွန်ပန် အသွင် တိမ်တိုက်များက စတင်ကာ ပြိုကွဲလာ၏။
"ဟူး…"
ချန်းဖန် ဒုတိယအကြိမ် လက်ကို ဝှေ့ယမ်းသည်နှင့် ကောင်းကင်က သန့်စင် ကြည်လင်လာ၏။ ထို့အတူ တောက်ပသော နေရောင်ကလည်း မြေပြင်သို့ တဖန်ပြန်လည် ကျရောက်လာသည်။
လူတိုင်းသည် ကောင်းကင်သို့ မော့ကြည့်ရာ လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကောင်းကင်၌ ရပ်နေသော ချန်းဖန်အား တွေ့ရ၏။ နေရောင်ခြည်နှင့် အဇူရာ အလင်း၏ ဝန်းရံမှုတွင် သူ၏ ပုံစံက နတ်ဘုရား တစ်ပါး အလားပင်။
***