ခွန်ရှု့
Vol. 7 Ch. 664
"ဆရာ…"
"ရှောင်ဖန်…"
ချန်းဖန် ကောင်းကင်မှ ဆင်းသက် လာသည်နှင့် မြောက်ပိုင်းချုံး၏ လူတိုင်းက နှုတ်ဆက် ကြိုဆို လိုက်ကြသည်။
"ဆရာ ... ဆရာက မူလအဆင့်ကို ရောက်သွားတာလား"
အားရှို့က အခြားလူများထက် အရင်ဦးအောင် မေးလိုက်သည်။
"ဒါပေါ့…"
ချန်းဖန်းက ခေါင်းညိတ်လိုက်သည်။
"မူလအဆင့်" သို့ ဝင်ရောက်ခြင်းသည် သူ့ အတွက် ခက်ခဲသော အရာ တစ်ခု မဟုတ်ချေ။ အကယ်၍ ဆန္ဒရှိရင် လျှို့ဝှက် နည်းစနစ်များကို သုံး၍ ရွှေအမြုတေ အဆင့်ထိပင် သူ ချက်ချင်း တက်လှမ်း၍ ရသည်။
သို့သော်လည်း ချန်းဖန်သည် ထိုမျှလောက် အလျင်လိုခြင်း မရှိချေ။ သူ့အနေဖြင့် ကျင့်ကြံခြင်း အဆင့်တိုင်းကို အခြေခံ ခိုင်မာအောင် လေ့ကျင့်ရန်မှာ အလွန် အရေးပါသည်။
"ဆရာ ... ရဲ့ချင်စန်းက ဆရာ့ကို စာပို့ထားတယ် ... သူက အရေးကြီးတဲ့ သတင်း အချို့ပြောဖို့ ဆရာနဲ့ တွေ့ချင်လို့ တဲ့"
ယူကီရှီရိုဆာက ရှေ့သို့တိုးရင်း ပြောလိုက်သည်။
"အင်း…"
ချန်းဖန်က ခေါင်းညိတ်လိုက်၏။
ကောင်ကင်တံခါး အပြည့်အဝ ပွင့်လာရန်က လအနည်းငယ်သာ လိုတော့သည်။ ရဲ့ချင်စန်းသည် ထိုကိစ္စအား စိုးရိမ်နေခြင်း ဖြစ်ရမည်။
ချန်းဖန် ကျင့်ကြံခြင်း ပြီးဆုံးကြောင်း သတင်းရပြီး မကြာခင်မှာပင် ရဲ့ချင်စန်းသည် စစ်လေယာဉ် တစ်စီးကို မောင်းနှင်၍ ဓားနန်းတော်သို့ ရောက်ချလာ၏။
သူသည် သူနှင့် အတူ အဇူရာ နဂါး၊ ရဲ့နန်ထင်းနှင့် အခြားစစ်တပ် ဗိုလ်ချုပ် အချို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။
"မူလ အဆင့်ကို တက်ရောက်သွားနိုင်တာ ဂုဏ်ယူပါတယ် အရှင်ချန်း…"
ရဲ့ချင်စန်းက ခေါင်းကို ညွှတ်ရင်း နှုတ်ဆက် လိုက်သည်။
သူ၏ ရုပ်ရည်က ငယ်ရွယ်ဟန် ရသော်လည်း ဆံပင်များမှာမူ မီးခိုးရောင် သန်းနေဆဲ ဖြစ်သည်။ ထိုအရာက သူသည် ဒဏ်ရာကို အပြည့်အဝ ပြန်လည် မကုစား နိုင်သေးကြောင်း ပေါ်လွင်နေ၏။
"အရှင်ချန်း ... နတ်ဘုရား သင်္ချိုင်း တောင်ကြားရဲ့ အခြေအနေက တော်တော်လေး ဆိုးနေပြီ"
ရဲ့ချင်စန်းက လိုရင်း ကိစ္စကို ချက်ချင်းပင် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ…"
ချန်းဖန်က မေးလိုက်သည်။
"မစ္စတာရန် ပြောတဲ့အတိုင်းဆို ကောင်းကင်တံခါးက တော်တော်လေး ယိုယွင်းလာနေပြီ တဲ့…"
ရဲ့ချင်စန်းက အသက်ကို ပြင်းပြင်းရှူရင်း ဆက်ပြောလိုက်သည်။
"ဖြစ်နိုင်တာက ... ခွန်ရှု့နယ်မြေရဲ့ ကျင့်ကြံသူတွေက ကောင်းကင်တံခါးကို ဖွင့်ဖို့ အသည်းအသန် ကြိုစားနေတယ် ထင်တယ် ... ကျုပ် ခန့်မှန်းချက်သာ မှန်ရင် နောက်ရက်ပိုင်းအတွင်း ကောင်းကင်တံခါးက ပွင့်လာလိမ့်မယ်"
"ပုံမှန် အတိုင်းဆို ကောင်းကင်တံခါးက နောက် လေးလနေမှ ပွင့်မှာ မဟုတ်ဘူးလား"
ရှဲ့ရန်က မျက်မှောင်ကြုတ်ရင်း ဝင်မေးလိုက်သည်။
"ဟုတ်တယ် ... နောက် လေးလကြာမှ ကောင်းကင် တံခါးက အပြည့်အဝပွင့်ပြီး မြေကမ္ဘာ အဆင့်တွေ လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်မှာ ... ဒါပေမဲ့ သူတို့တွေက လျှို့ဝှက် ဟင်းလင်းပြင် ရတနာကို သုံးပြီး အင်အားသုံး ဖွင့်ရင်တော့ ကျုပ်လည်း မပြောတတ်ဘူး"
ရန်ကန်းချိုးက ဖြူရော်စွာ ပြုံရင်း ဝင်ရောက် အဖြေပေးလိုက်သည်။
"ဗိုလ်ချုပ်ချန်း ... အခုဟာက ကျွန်တော်တို့ စစ်တပ် လုပ်နိုင်စွမ်းရှိတဲ့ အရာထက် ကျော်လွန်နေပါတယ်"
ရဲ့ချင်စန်းနှင့် အတူ ပါလာသော ဗိုလ်ချုပ် တစ်ယောက်က ဝင်ရောက် ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ မူလ အစီအစဉ် အရဆိုရင် ... စစ်တပ်ကို တပ်ရင်းဆယ်ခု ခွဲပြီး နတ်ဘုရား သင်္ချိုင်း တောင်ကြား အဝမှာ တပ်ဆွဲထားမယ် ... အဲဒီနေရာမှာ စတီး ခံတပ်တစ်ခု တည်ဆောက်မယ့် အပြင် နည်းပညာမြင့် လက်နက်တွေ နျူကလိယ လက်နက်တွေကိုပါ တိုက်ခိုက်ဖို့ အဆင်သင့် ပြင်မယ်ပေါ့ ... ဒါပေမဲ့ အဲဒါတွေ အားလုံးက နောက်လေးလနေမှ အဆင်သင့် ဖြစ်မှာ ... အခုလို သူတို့ မြန်မြန်ကြီး ရောက်လာမယ်လို့ ကျွန်တော်တို့ မခန့်မှန်းခဲ့မိဘူး"
"သူတို့က ဟင်းလင်းပြင် ရတနာကို သုံးပြီး ဝင်မယ်ဆိုရင် အများကြီး ဝင်နိုင်မှာ မဟုတ်ပါဘူး ... စိတ်မပူနဲ့"
ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
"ဒါပေမဲ့…"
လူတိုင်းမှာ ချန်းဖန်၏ ပေါ့တန်သော အမူအရာကို ကြည့်၍ ခေါင်းခါ လိုက်မိကြသည်။
"ဒါပေမဲ့ မြေကမ္ဘာအဆင့် တစ်ယောက် နှစ်ယောက်ကတင် အရမ်းကို ကြောက်ဖို့ ကောင်းနေပြီလေ ... ကျွန်တော်တို့သာ သူတို့ကို မတားနိုင်ရင် အပြစ်မဲ့တဲ့ လူသားတွေ ဒုက္ခ ရောက်ကုန်မှာ"
"ခင်ဗျား ဘယ်လို လုပ်ချင်လဲ…"
ချန်းဖန်က ရဲ့ချင်စန်းကို ကြည့်လိုက်၏။
"အရှင်ချန်းသာ ဆန္ဒရှိမယ် ဆိုရင် ကျုပ်တို့ နှစ်ယောက် နတ်ဘုရား သင်္ချိုင်း တောင်ကြားကို ဝင်ပြီး သူတို့ ထွက်လာတာနဲ့ နေရာမှာတင် သတ်ကြတာပေါ့"
ရဲ့ချင်စန်းက ပြောလိုက်၏။
"ကောင်းပြီလေ…"
ချန်းဖန်က ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်သည်။
ထိုအရာများက သူ့ကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ခေါင်းရှောင် နေရန် မသင့်တော်ချေ။
ခွန်ရှု့နယ်မြေမှ မြေကမ္ဘာ အဆင့်များ အချိန်မရွေး ထွက်လာနိုင်သည်ကို သိရှိ ပြီးနောက် ... ချန်းဖန်သည် ဓားနန်းတော်၌ အနားယူခြင်းဖြင့် အချိန်ဆွဲ မနေတော့ချေ။
သူက ဝမ်ရှောက်ယွင်၊ ဖန့်ချုံး၊ ယူကီရှီရိုဆာနှင့် အခြားလူများကို နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"ရှောင်ဖန် ... ဂရုစိုက်နော်"
ဖန့်ချုံးက စိုးရိမ်တကြီး မှာကြားသည်။
"သားလေး ... ကိုယ့်ကိုယ်ကိုယ် သိပ်တွန်းအား မပေးနဲ့နော် ... နောက်ပြီး အမေတို့ အတွက်လည်း စိုးရိမ်မနေနဲ့ ... အမေတို့က ဓားနန်းတော် အစီအရင်ထဲမှာ နေနေတာ ဆိုတော့ လုံခြုံတယ်"
ဝမ်ရှောက်ယွင်က ပြောသည်။
အန်ရာ၊ ယူရီရှီရိုဆာ၊ ဟွာရန်ဖန်းနှင့် အခြားလူများကမူ အလွန်အမင်း စိုးရိမ်ပုံ မပေါ်ကြချေ။
သူတို့သည် ချန်းဖန်၏ ဆုံးဖြတ်ချက်တိုင်း အပေါ် လေးစားမှုရှိကာ ချန်းဖန် သူတို့ဆီသို့ အောင်အောင်မြင်မြင် ပြန်လာလိမ့်မည်ဟု ယုံကြသည်။
ချန်းဖန် မိသားစုဝင်များ၊ တပည့်များကို နှုတ်ဆက် နေကြချိန်၌ ရဲ့ချင်စန်း၏ စစ်လေယာဉ်မှာ လေပေါ်သို့ ပျံတက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန် အဖော်ခေါ်ထားသည့် ချမ်ရဲ့ရွှယ်ပင်လျှင် လေယာဉ်ပေါ်သို့ ရောက်နေပြီ ဖြစ်သည်။
"ငါ့ကို စောင့်ကြပါဦးဟ…"
ချန်းဖန်က အော်ဟစ်ရင်း စစ်လေယာဉ်ပေါ် ကပျာကယာ ပျံ၍ တက်လိုက်၏။ ချန်းဖန် ထိုင်ခုံသို့ ထိုင်မိသည်နှင့် စစ်လေယာဉ်က စတက်ကာ ထွက်ခွာတော့သည်။
"ဟူး ... ဟူး…"
လေယာဉ်က တိမ်များ အကြား၌ အရှိန်ပြင်းစွာ ပျံသန်းနေ၏။
ချန်းဖန်သည် ပြတင်းပေါက် ဘေးရှိ ထိုင်ခုံကို မှီကာထိုင်ရင်း အပြင်ရှုခင်းများကို စိတ်အေးလက်အေး ကြည့်ရှုနေခဲ့သည်။
သူ၏ ပုံစံကား စစ်မြေပြင်သို့ သွားနေသည့် သူရဲကောင်း တစ်ယောက်နှင့် လားလားမျှ မတူပဲ ပျော်ပွဲစား ထွက်လာသည့် သူဌေးသား လူပေါ်ကျော့နှင့်ပင် တူနေသေး၏။
"ဟူး ... ဟူး…"
လေယာဉ်သည်တောင်များ၊ ချောက်များ၊ မြေပြန့်များကို ဖြတ်ကျော်၍ လျင်မြန်စွာ ပျံသန်းနေ၏။
နတ်ဘုရား သင်္ချိုင်းသို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့် ချန်းဖန်သည် တောင်ကြား တစ်လျှောက် တစ်ဝက်တစ်ပျက် ပြီးနေသည့် နံရံများကို လှမ်းမြင်လိုက်ရသည်။
"ဗိုလ်ချုပ်ချန်း ... ဒါက ကျွန်တော်တို့ တည်ဆောက်နေတဲ့ စတီး ခံတပ်ပါ ... ဒီခံတပ်မှာ စစ်သား သုံးသိန်းလောက်ကို တပ်စွဲ ခိုင်းထားပါတယ် ... နောက်ပြီး လေဆာ လက်နက် နျူကလိယ လက်နက်တွေနဲ့လည်း လက်နက် အင်အား ဖြည့်တင်းထားပါတယ်"
ဗိုလ်ချုပ် တစ်ယောက်က ရှင်းပြလိုက်သည်။
"သေချာ ပြင်ဆင်ထားတာပဲ…"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
သာမန်စစ်တပ် တစ်ခုသည် မြေကမ္ဘာ အဆင့်များနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။ သို့သော်လည်း နျူကလိယ အပါအဝင် ခေတ်မီလက်နက်များ ဖြည့်ဆည်းထားသည့် စစ်တပ်မျိုး အတွက်မူ ခြားနား၏။
ချန်းဖန် အတွက်ပင် ထိုစစ်တပ်ရင် နဖူးတွေ့ ဒူးတွေ့ တိုက်ခိုက်ရမည် ဆိုပါက ရုန်းကန်ရနိုင်သည်။
နတ်ဘုရား သင်္ချိုင်း တောင်ကြား…
ကမ္ဘာ၏ စွန့်ပစ်ခံ နယ်မြေ ခုနစ်ခု၌ တစ်ခု အပါအဝင် ဖြစ်သော နတ်ဘုရား သင်္ချိုင်းကား လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသော နေရာ တစ်ခု ဖြစ်သည်။
ထိုနေရာသို့ ဝင်ရောက်ပြီးနောက် အသက်ရှင် ပြန်လည် ထွက်လာနိုင်သူ ဆို၍ ရဲ့ချင်စန်း တစ်ယောက်သာ ရှိခဲ့သည်။
"အရှင်ချန်း ဗိုလ်ချုပ်ရဲ့ ... ကျွန်တော်တို့ နတ်ဘုရား သင်္ချိုင်းထဲကို တိုက်ရိုက် ဝင်ကြမလား... မစ္စတာ ရန်ရဲ့ ဦးဆောင် လမ်းပြမှုနဲ့ ဆိုရင် ကောင်းကင်တံခါးကို ရောက်ဖို့က သိပ်မကြာပါဘူး"
အဇူရာ နဂါးက ရဲ့ကန်းချိုးဘက် လှည့်ကြည့်ရင်း ပြောလိုက်သည်။
"ကောင်းကင်တံခါးက နတ်ဘုရား သင်္ချိုင်း အတွင်းပိုင်းမှာ ရှိတာတော့ သေချာတယ် ... ဒါပေမဲ့ အဲဒီနေရာကို ဘယ်လို သွားရမလဲ ဆိုတာ ကျုပ်လည်း မသိဘူး"
ရန်ကန်းချိုးက ခေါင်းကို ခါရင်း ပြန်လည် ပြောလိုက်သည်။
"ဒါဆို ကောင်းကင်တံခါးကနေ ခင်ဗျား ဘယ်လို ထွက်လာတာလဲ ... နောက်ပြီး အဲဒါ မတည်တငြိမ် ဖြစ်ပြီး ယိုယွင်းနေပြီလို့ ဘယ်လို ပြောနိုင်တာလဲ"
ရဲ့နန်ထင်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
"လူသား ကမ္ဘာကို မလာခင် သူတို့ တစ်ယောက်ချင်းစီက ဖြတ်သန်းခြင်း တိုကင် တစ်ခုစီ ရကြတယ် ... အဲဒီ တိုကင်က ကောင်းကင်တံခါး အစီအရင်နဲ့ ချိတ်ဆက်ထားတာ ... တိုကင်ကို အသက်သွင်း လိုက်တာနဲ့ အဲဒါက သူတို့ကို ကောင်းကင်တံခါး ရှိတဲ့နေရာကို ပို့ပေးတယ်"
ချန်းဖန်က ဝင်ရောက် ရှင်းပြလိုက်သည်။ သူသည် ရန်ကန်းချိုးနှင့် ပထမဆုံး တွေ့စဉ်ကတည်းက ထိုအကြောင်းအရာများကို မေးခဲ့ပြီး ဖြစ်သည်။
"ဟုတ်တယ် ... ကောင်းကင်တံခါးက နတ်ဘုရား သင်္ချိုင်း တောင်ကြားရဲ့ ထောင့်ကြား တစ်ခုမှာ ရှိနေတာ ဖြစ်နိုင်တယ်…"
ရန်ကန်းချိုးက ခေါင်းညိတ်ရင်း ဆိုလိုက်သည်။
"ဒါပေမဲ့ နတ်ဘုရား သင်္ချိုင်းရဲ့ အခြားနေရာတွေ အားလုံးက လျှို့ဝှက် ဆန်းကြယ်ပြီး အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ ... ခွန်ရှု့ နယ်မြေရဲ့ မြေကမ္ဘာ အဆင့်တွေက အဲဒီနေရာတွေကို မစူးစမ်းဖို့ ကျုပ်တို့ကို အကြိမ်ကြိမ် သတိပေးထားတယ် ... မြေကမ္ဘာ အဆင့်တောင် အဲဒီနေရာမှာ အသက်ရှင်ဖို့ မလွယ်ဘူးတဲ့"
"မစ္စတာရန် ပြောတာ အမှန်ပဲ.."
ရဲ့ချင်စန်းက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
"နတ်ဘုရားသင်္ချိုင်း တောင်ကြားက အစွမ်းထက် သားရဲတွေ ပုံရိပ်ယောင်တွေ အစီအရင်တွေ နောက်ပြီး ဟင်းလင်းပြင် ပေါက်တွေနဲ့ ပြည့်နှက်နေတာ ... လွန်ခဲ့တဲ့ နှစ်တွေတုန်းက အစွန်အဖျား နေရာလောက်ပဲ ဝင်တာတောင် ကျုပ် သေတော့မလို့ ဖြစ်ခဲ့တာ"
"ဒါဆို ကျုပ်တို့ ဘယ်လို လုပ်ကြမလဲ ... သေသွားတဲ့ ကောင်းကင်တံခါး ကျင့်ကြံသူတွေဆီက တိုကင်တွေကို ယူလိုက်ကြမလား ... အဲဒီ တိုကင်တွေနဲ့ဆို ကျုပ်တို့ တစ်ဖွဲ့လုံး ကောင်းကင်တံခါးကို ရောက်ဖို့ လုံလောက်ပါတယ်"
အဇူရာ နဂါးက မေးလိုက်သည်။
"မရဘူး ... ကျုပ် စမ်းပြီး လုပ်ကြည့်ပြီးပြီ ... မူရင်း ပိုင်ရှင်တွေကပဲ တိုကင်ကို အသက်သွင်းလို့ ရတယ်"
ရဲ့နန်ထင်းက ဆိုလိုက်၏။
"တိုကင်တွေက ကျွန်မတို့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်နဲ့ ချိတ်ဆက်ပြီး လုပ်ထားတာ ... ဒါကြောင့် ပိုင်ရှင်က လွဲပြီး ဘယ်သူမှ အသက်သွင်းလို့ မရဘူး"
ချမ်ရဲ့ရွှယ်ကလည်း ဝင်ပြောလိုက်သည်။
"ဒါဆို ဘယ်လို လုပ်ကြမလဲ…"
အဇူရာ နဂါးက မေးသည်။
နတ်ဘုရား သင်္ချိုင်း တောင်ကြားကား အလွန် အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။ ရဲ့ချင်စန်းသည် ထိုနေရာကို ဝင်ဖူးသည် ဆိုသော်လည်း အဖျားအနားပိုင်း လောက်သာ ဖြစ်သည်။
"လွယ်လွယ်လေးပါပဲ ... ဒီအတိုင်း ဝင်ကြတာပေါ့"
ချန်းဖန်က ပြုံးရင်း ပြောလိုက်၏။
သူသည် မူလအဆင့်သို့ ရောက်နေပြီ ဖြစ်ရာ ကမ္ဘာပေါ်ရှိ မည်သည့် အရာကိုမျှ ကြောက်စရာ မလိုတော့ချေ။
***