← Chapters

ရန်သူများ ရောက်လာခြင်း

Vol. 7 Ch. 665

ရန်သူများ ရောက်လာခြင်း

Vol. 7 Ch. 665

"ရှင်တို့ နတ်ဘုရား သင်္ချိုင်း တောင်ကြားကို ဝင်ချင်တာ သေချာရဲ့လား…"

ချမ်ရဲ့ရွှယ်က တွန့်ဆုတ်သော လေသံဖြင့် ပြောလိုက်သည်။

"အဲဒီ တောင်ကြားက နတ်ဘုရားတွေရဲ့ စစ်မြေပြင် ဖြစ်ခဲ့ဖူးပြီး နတ်ဘုရားတွေ သူတော်စင်တွေ မိစ္ဆာတွေ အများကြီး သေခဲ့တယ် ... ကျွန်မတို့ရဲ့ ဘိုးဘေး တစ်ယောက်က တောင်ကြားထဲကို ဝင်ခဲ့ဖူးပြီး ဒဏ်ရာ အပြင်းအထန်နဲ့ ပြန်ထွက်လာနိုင်ခဲ့တယ် ... သူပြောတဲ့ ပုံအရဆို တောင်ကြားထဲမှာ ကြောက်ဖို့ကောင်းတဲ့ မွန်းစတား တစ်ကောင် ရှိတယ်တဲ့"

ထိုနှင်းနတ်ဘုရား နန်းတော်၏ နတ်ဘုရားမလေးကား ချန်းဖန်၏ ထိန်းချုပ်မှုကို ခံထားရသည့်တိုင် သန့်ရှင်း ဖြူစင်ကာ အလွန် လှပနေဆဲသည်။

ဘေးနားမှ ဖြတ်သွား ဖြတ်လာ စစ်သားတိုင်းမှာ သူမအား မငေးရ မနေနိုင် ဖြစ်ရသည်။ ဗိုလ်ချုပ် နင်းဟိုင်ဖန်းနှင့် အဇူရာ နဂါးတို့ပင် သူမကို အကြိမ်များစွာ ငေးမောမိကြသည်။

"သူသာ ငါ့ရဲ့ သမီးလေး ဖြစ်ရင် ငါ မျက်နှာပွင့်မှာ သေချာတယ်…"

အဇူရာ ချမ်ရဲ့ရွှယ်ကို ငေးကြည့်ရင်း တွေးနေမိသည်။

"မွန်းစတားလား ... အဲဒီ မွန်းစတားသာ ရှေးဟောင်း နတ်ဘုရားမ တစ်ပါး ဖြစ်ရင် ဘယ်လောက် ကောင်းမလဲ ... ငါ သူ့ကို တောင်ကြားမှာတင် ချက်ချင်း လက်ထပ်လိုက်မှာ"

ချန်းဖန်က ပြုံးရင်း ပြန်ပြောလိုက်သည်။

"လက်ထပ်မယ်…"

ချမ်ရဲ့ရွှယ်မှာ ထိုဟာသကို မရယ်နိုင်ချေ။ သူမက ဖြူရော်စွာ ပြုံးရင်း အခြားတစ်ဖက်သို့ လှည့်လိုက်သည်။

"ဗိုလ်ချုပ်ချန်းတို့ အဆင်သင့် ဖြစ်ပြီဆို ဝင်လို့ရပါပြီ"

ထိုအချိန်မှာပင် နင်းဟိုင်ဖန်းက သတင်းပို့လာ၏။

"ကဲ ... သွားကြစို့ ရောင်ရင်း ချန်စန်း"

ချန်းဖန်က သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ရင်း တောင်ကြာသို့ ဦးတည်လိုက်၏။

"ကောင်းပြီ ... ဟားဟား…"

ရဲ့ချင်စန်းကလည်း တဟားဟား ရယ်ရင်း ချန်းဖန်၏ နောက်မှ ကပ်လိုက်သည်။

"သူတို့တွေက ပျော်ပွဲစား သွားတယ်များ ထင်နေတာလား…"

အခြားလူများမှာ အလွန် တက်ကြွနေသော သူတို့ နှစ်ယောက်ကို ကြည့်ရင်း ဆွံ့အသွားမိ၏။

ရန်ကန်းချိုးက ထိုင်ရာမှ ထ၍ သက်ပြင်း တစ်ချက် ချလိုက်၏။ ထို့နောက် သူက ချမ်ရဲ့ရွှယ် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"နှင်း နတ်ဘုရားမလေး ... ငါတို့ကတော့ တိုကင်ကို အသက်သွင်းပြီး အရင် သွားကြတာပေါ့... ကောင်းကင်တံခါးမှာပဲ အရှင် နှစ်ယောက်ကို စောင့်ကြမယ်"

"ကောင်းပြီလေ…"

ချမ်ရဲ့ရွှယ်က တစ်ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

***

နတ်ဘုရား သင်္ချိုင်း တောင်ကြား အတွင်းသို့ ဝင်သည်နှင့်…

"ဘုန်း…"

ချန်းဖန်နှင့် ရဲ့ချင်စန်းတို့သည် ခြားနားသော ကမ္ဘာတစ်ခုသို့ ရောက်သွားသည့် အလား ခံစားလိုက်ရသည်။

လေထုသည် တိတိကျကျ မှောင်နေပြီး ကောင်းကင်မှာ မြူထူထူ အနီရောင် ဖျော့ဖျော့ ရှိသည်။ သူတို့သည် မီတာဒါဇင်ထက် ပို၍ မြင်နိုင်စွမ်း မရှိချေ။

"လွန်ခဲ့တဲ့ ဆယ်နှစ်က ကျုပ် ဒီတောင်ကြားကနေ အနီရောင် ဝိညာဉ် သစ်သီး တစ်လုံးကို ရရှိခဲ့တယ်…"

ရဲ့ချင်စန်းက ပြောလိုက်၏။

"သစ်သီး သီးနေတဲ့ အပင်က မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါက်နေတာ ... အဲဒီ သစ်သီးကို စားပြီးတာနဲ့ ကျုပ် မြေကမ္ဘာအဆင့် ခန္ဓာကိုယ်ကို ရရှိခဲ့တာပဲ ... အဲဒီ တစ်ခေါက်တုန်းက သစ်သီးအပြင် ဓမ္မရတနာ နှစ်ခုနဲ့ အမတေ ရောနှောခြင်း ဂိုဏ်းရဲ့ ပျက်စီးနေတဲ့ စာအုပ် တစ်အုပ်ကိုပါ ရရှိခဲ့တယ်"

"အင်း…"

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားရခဲ့တဲ့ သစ်သီးက ကျူးရန် သစ်သီး ဖြစ်မယ် ထင်တယ် ... ကျူးရန် သစ်သီးပင်က လူတွေရဲ့ အမတေချီကို စုပ်ယူပြီးမှ ရှင်သန် နိုင်တာလေ ... တကယ်လို့ ခင်ဗျားသာ အဲဒီ သစ်သီးကို ဆေးဖော်ပြီးမှ စားရင် တစ်ခါတည်း မြေကမ္ဘာ အဆင့်ကို ရောက်သွားမှာ"

ဝိညာဉ်ဆေးလုံး၏ အထက်တွင် ရတနာ ဆေးလုံး ဟူ၍ ရှိသည်။ ကျူးရန် သစ်သီးသည် ရတနာဆေး ဖော်စပ်နိုင်သည့် ရတနာ သစ်သီး ဖြစ်သည်။

အကယ်၍ ချန်းဖန်သာ ထိုသစ်သီးကို ရရှိပါက ... သွေးဘိုးဘေးကို မပေါ်ထွက် လာလျှင်ပင် "ကောင်းကင် ဝါးမျိုခြင်း ပန်းချီ" ကို တိုက်ရိုက် အောင်မြင်နိုင်မည် ဖြသ်သည်။

"နတ်ဘုရား သင်္ချိုင်းထဲမှာ အဲဒီလို သစ်သီးတွေ ထပ်တွေ့နိုင်သေးတယ် ... ငါသာ အဲဒါတွေကိုသာ ရရင် ဆေးဖော်စပ်ပြီး ဖန့်ချုံး ငါ့မိဘတွေနဲ့ မြောက်ပိုင်းချုံးရဲ့ တပည့်တွေကို ပေးနိုင်မှာ"

ချန်းဖန်၏ မျက်လုံးများက တလက်လက် တောက်ပနေခဲ့၏။

သူတို့ နှစ်ယောက်သည် နတ်ဘုရား သင်္ချိုင်း အတွင်း၌ ဖြည်းညင်းစွာ ပျံသန်းနေခဲ့သည်။ လေထုရှိ အမှောင်မြူများသည် သူတို့ကို တိုက်စားရန် ကြိုးစားသော်လည်း အစစ်အမှန် ချီများ၏ တွန်းဖယ်ခြင်းအား ခံရ၏။

"ဘုန်း…"

ရဲ့ချင်စန်းက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အရိပ်တစ်ခုက မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သို့သော်လည်း ထိုအရိပ်က ချက်ချင်းပင် ပြန်လည်ထလာသည်။

"ပထမတစ်ကြိမ် နတ်ဘုရား သင်္ချိုင်းတောင်ကြားကို လာတုန်းက အဲဒီလို ဝိညာဉ်သားရဲမျိုးနဲ့ ကြုံခဲ့ရသေးတယ် ... သူတို့တွေက အနက်ရောင် အရေပြား ရှိပြီးတော့  မီးကို မှုတ်ထုတ်ပြီး တိုက်ခိုက်နိုင်တယ် ... နောက်ပြီး သူတို့ရဲ့ အမြန်နှုန်းက တန်ခိုးရှင် အဆင့်လောက်ကို မြန်တယ်"

ရဲ့ချင်စန်းက မျက်မှောင်ကြုတ်ရင်း သားရဲကို နောက်တစ်ကြိမ် ကန်ထုတ် ပစ်လိုက်သည်။

ချန်းဖန်က ဘာမှ ပြန်မပြောပဲ သားရဲကို စူးစိုက် ကြည့်လိုက်သည်။

ထိုသားရဲသည် ပေအနည်းငယ် ရှည်လျားပြီး ခွေးနှင့် ဆင်တူသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အနက်ရောင် အကြေးခွံများနှင့် ဖုံးအုပ်ထားကာ အဇူရာ မီးတောက် မျက်လုံးကို ပိုင်ဆိုင်ထားသည်။

"ဒီကောင်က အနောက်တိုင်း ဒဏ္ဍာရီတွေထဲက မရဏခွေး(ငရဲခွေး) နဲ့ နည်းနည်း ဆင်တယ်... ဒါပေမဲ့ ကျုပ်အထင်တော့ ဒီကောင်က ကောင်းကင်သားရဲ တစ်ကောင် ဖြစ်ရမယ် ... ဆာဘာရပ် မျိုးဆက်တောင် ဖြစ်နေနိုင်တယ်"

ချန်းဖန်က ခန့်မှန်းလိုက်သည်။

စကြဝဠာထဲ၌ သားရဲ အမျိုးအစားပေါင်း ဘီလျံချီ ရှိသည်။ သူကဲ့သို့ မြောက်ပိုင်း ကောင်းကင် အရှင်သခင်ပင် ထိုသားရဲ အကုန်လုံးကို မသိချေ။

"ဟူး ... ဟူး…"

သူတို့ နှစ်ယောက်သည် ဆက်လက်၍ ပျံသန်းလာခဲ့၏။

အတွင်းပိုင်းသို့ ပို၍ ရောက်လေလေ မြူထုသည် ပို၍ သိပ်သည်းလေလေ ဖြစ်လာသည်။ ပေတစ်ရာခန့် ပျံသန်းပြီးနောက် သူတို့သည် မည်သည့်အရာကိုမှ မြင်နိုင်စွမ်း မရှိတော့ချေ။

"အရှင်ချန်း ... ဟိုကို ကြည့်စမ်း ခုနက ကောင်လို ဝိညာဉ် သားရဲတွေ"

ရဲ့ချင်စန်းက တစ်နေရာသို့ ညွှန်ပြလိုက်၏။

ချန်းဖန်က ထိုနေရာသို့ ကြည့်လိုက်ရာ တစ်ဒါဇင်ခန့် ရှိသော မရဏခွေး သားရဲများကို တွေ့ရ၏။ သို့သော်လည်း ထိုသားရဲများ လောက်က သူ့အတွက် စာဖွဲ့ရန်ပင် မလိုချေ။

"ဒီနေရာမှာ မရဏခွေးတွေက တစ်မျိုးတည်းသော သားရဲ မဟုတ်တာတော့ သေချာတယ် ... မူလအဆင့် ဝိညာဉ်သားရဲတွေ ... မွန်းစတားတွေတောင် ရှိနေနိုင်တယ် ... ဂရိုစိုက်ဦး"

ချန်းဖန်က အလေးအနက် မှာကြားလိုက်၏။

"ကောင်းပါပြီ…"

ရဲ့ချင်စန်းက ခေါင်းညိတ်လိုက်သည်။

"ဒီမြူတွေက တော်တော်လေး ထူးဆန်းတာပဲ ... ကျွန်တော်တို့ရဲ့ ဝိညာဉ် စွမ်းအားကိုတောင် တားနိုင်တယ် ... မဟုတ်ရင် တောင်ကြား တစ်ခုလုံးကို နတ်ဘုရား စိတ်အာရုံနဲ့ ကြည့်လို့ရမှာ"

ချန်းဖန်က ရဲ့ချင်စန်းအား စကား ပြန်မပြောပဲ လီရွှေရောင် မီးတောက်ကို ထုတ်ဖော် လိုက်သည်။

"ဟူး…"

ချန်းဖန်၏ မျက်လုံး နှစ်ဖက်မှ ရွှေရောင် မီးတောက် နှစ်ခု ထွက်ပေါ်လာ၏။ ထိုမီးတောက်များသည် တိုက်ခိုက်ရာ၌ အသုံးပြုနိုင်သည့် အပြင် မြူထုကို ဖြတ်၍ မြင်နိုင်စေရန်လည်း ကူညီပေးနိုင်သည်။

လီရွှေရောင် မီးတောက် နှစ်ခု၏ ဦးဆောင်မှုတွင် ချန်းဖန်နှင့် ရဲ့ချင်စန်း တို့သည် ရှေ့သို့ ဆက်၍ ပျံသန်းလာခဲ့ကြ၏။

မျှော်လင့်ထားသည့် အတိုင်းပင် မီတာ ရာဂဏန်းခန့် ဖြတ်သန်းလာပြီးနောက် ပိုမို ဆန်းကြယ်သော ဝိညာဉ်သားရဲများကို တွေ့လာရသည်။ ချန်းဖန်သည် ရင်ကျိုးကျွန်းမှ သားရဲထက် ပိုမို ကြီးမားသော မြင်းပျံသားရဲ တစ်ကောင်ကိုပင် တွေ့ခဲ့ရသည်။

"ဘုန်း ... ဘုန်း…"

ထိုသားရဲများသည် အစွမ်းထက်သည် ဆိုသော်လည်း မြေကမ္ဘာ အဆင့် ရဲ့ချင်စန်းကို မည်သို့မျှ မယှဉ်နိုင်ကြချေ။ ချန်းဖန်ကမူ ရဲ့ချင်စန်းကို ဝင်ရောက် ကူညီခြင်းပင် မပြုပဲ သူ့ကိစ္စ မဟုတ်သည့်အလား အေးဆေးစွာသာ ပျံသန်းနေခဲ့သည်။

မြွေပျံအုပ်စု တစ်ခုကို ရဲ့ချင်စန်း သတ်ပြီးချိန်မှာပင် ချန်းဖန်သည် အနောက် အရပ်သို့ လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။ သူ၏ မျက်လုံးများကမူ ကောင်းကင်၌ တောက်ပသည့် နေမင်းအလား တဖျတ်ဖျတ် လင်းလက်နေခဲ့သည်။

"အစွမ်းထက်တဲ့ တစ်စုံတစ်ရာကို ငါ ခံစားလို့ရနေတယ် ... အဲဒါက ကောင်းကင် သားရဲလား ဒါမှမဟုတ် ကျင့်ကြံသူတွေလား ... ဘာပဲဖြစ်ဖြစ် ကောင်းကင်တံခါးက အဲဒီနေရာမှာ ရှိနေတာ သေချာတယ်"

***

ထိုအချိန် နတ်ဘုရား သင်္ချိုင်း တောင်ကြား အတွင်းရှိ ကျောက်ဖျာ တစ်ခုပေါ်၌…

ကျောက်ဖျာသည် ပေအနည်းငယ်ခန့် ကျယ်ဝန်းပြီး အလွန်အမင်း အိုမင်းနေ၏။ ကျောက်ဖျာ၏ အပေါ်တွင်မူ ရှေးဟောင်းခေတ်က ရေးဆွဲခဲ့ဟန် တူသည့် လျှို့ဝှက် ဆန်းကြယ်သော စုတ်ချက် အချို့ ရှိနေသည်။

ကျောက်ဖျာ၏ အလယ်တွင်မူ ကျောက်တိုင် နှစ်ခုကို စိုက်ထူထားကာ ထိုနှစ်ခု အကြား၌ အလင်းတံခါး တစ်ခု ရှိ၏။ ထိုအလင်းတံခါးသည် မီတာ ဆယ်ဂဏန်းခန့် ကြီးမားပြီး ကမ္ဘာနှင့် အခြားကမ္ဘာ တစ်ခုကို ဆက်သွယ်ထားပုံ ပေါ်သည်။

ထိုအရာကား "ကောင်းကင်တံခါး" ပင် ဖြစ်လေသည်။

ကျောက်ဖျာပေါ်တွင် ချမ်ရဲ့ရွှယ်၊ ရန်ကန်းချိုး နှင့် အခြားလူများသည် မျက်လုံးများကို ပိတ်ကာ ထိုင်နေကြသည်။ ရှောင်ဝူနှင့် ကျောင်းရန်တို့မှာမူ အပြင်ဘက်ရှိ မြူနှင်းထူထူ ကိုသာ ငေးမော ကြည့်နေခဲ့သည်။

"အကိုကျောင်း ... အရှင်ချန်းတို့က ဘယ်တော့လောက် ရောက်မှာလဲ သိလား ... သူတို့ တစ်ခုခုများ ဖြစ်နေတာလား"

ရှောင်ဝူက စိတ်ပူစွာ မေးလိုက်သည်။

"ခုမှ တစ်ရက်ပဲ ရှိသေးတာကို ဘာလို့ စိတ်ပူနေတာလဲ ... နောက်ပြီး အရှင်ချန်းက သွေးဘိုးဘေးကိုတောင် သတ်နိုင်ခဲ့တာလေ ... ဒီတောင်ကြားထဲမှာ ရှိတဲ့ဟာတွေက သူ့ကို တားနိုင်မယ် မထင်ပါဘူး"

ကျောင်းရန်က ပြုံးရင်း ပြန်လည် ပြောလိုက်သည်။

"ဘုန်း ... ဘုန်း ... ဘုန်း…"

ထိုအချိန်မှာပင် ကောင်းကင်တံခါးက ပြင်းထန်စွာဖြင့် စတင်ကာ တုန်ရီလာခဲ့၏။

"သူ ... သူတို့တွေ ထွက် ... ထွက်လာ တော့မှာလား

ကျောင်းရန်မှာ ကြောက်လန့်မှုကြောင့်  စကားပင် ထစ်ကုန်သည်။

ချမ်ရဲ့ရွှယ်၊ ရန်ကန်းချိုးနှင့် အခြား လူများသည်လည်း စိုးရိမ်ပူပန်စွာဖြင့် ကျင့်ကြံနေရာမှ နိုးထလာကြ၏။

***

All Chapters