← Chapters

ရှေးဟောင်း မီးမျောက်ဝံ

Vol. 7 Ch. 667

ရှေးဟောင်း မီးမျောက်ဝံ

Vol. 7 Ch. 667

"အကြီးအကဲ ချန်းဟယ် ... ချန်းပေ့ရွှမ်းက အရမ်း အစွမ်းထက်တယ်နော် ... သူက တန်ခိုးရှင် အဆင့်မှာ ရှိတုန်းကတည်းက မြေကမ္ဘာ အဆင့်ကို အနိုင်ယူနိုင်နေပြီ ... နောက်ပြီး သိပ်မကြာခင် ရက်ပိုင်း လောက်ကလည်း  သွေးမျိုးဆက် တစ်ယောက်ကို သူသတ်ခဲ့သေးတယ်"

ချန်ရဲ့ရွှယ်က သတိပေးလိုက်၏။

"သေမျိုးကမ္ဘာရဲ့ မြေကမ္ဘာ အဆင့် တစ်ယောက်က ငါတို့ ခွန်ရှု့နယ်မြေရဲ့ ဂိုဏ်းတွေကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး"

အကြီးအကဲ ချီကျွင်းက ရယ်မောရင်း ဝင်ရောက် ပြောလိုက်၏။ ထို့နောက် သူက ချမ်ရဲ့ရွှယ်၏ နောက်နား၌ ရပ်နေသော ရန်ကန်းချိုးတို့ကို စူးစိုက် ကြည့်လိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ"

"မြေ ... မြေကမ္ဘာ နတ်ဘုရားများ ခင်ဗျာ ... ကျွန်တော်က ရေနက်ဂိုဏ်းရဲ့ ရန်ကန်းချိုးပါ ... သူတို့တွေ အားလုံးက ကျွန်တော်ရဲ့ တပည့်လေးတွေပါ"

ချင်ကန်းချိုးက မြေပြင်ပေါ်သို့ ဒူးထောက်ချရင်း ရိုသေစွာ ဖြေလိုက်သည်။

ရေနက်ဂိုဏ်း၏ အခြား တပည့်များကလည်း တုန်တုန်ရီရီဖြင့် လိုက်လံ၍ ဒူးထောက်လိုက်ကြ၏။

"ထျန်းမင်ကျီ သေပေမဲ့ မင်းက အသက်ရှင် နေသေးတယ် ... မင်းက သေမျိုးကမ္ဘာကို အညံ့ခံခဲ့တာ ဖြစ်ရမယ် ... ခွန်ရှု့နယ်မြေရဲ့ ဥပဒေအရ မင်းတို့ အသတ်ခံရမယ်"

လဲ့ရှင်းက အေးစက်စွာ ဆိုလိုက်၏။

"ဘုန်း…"

တစ်ချိန်တည်းတွင်ပင် သူ၏ လက်မှ ရွှေရောင် ဓားအလင်း တစ်ခု ထွက်ပေါ်လာကာ ရန်ကန်းချိုးတို့ကို ပိုင်းဖြတ်၏။

"မလုပ်ပါနဲ့ ... ကျွန်တော်တို့က"

ရန်ကန်းချိုးသည် ကြောက်လန့်စွာ အော်ဟစ် လိုက်သော်လည်း စကားမဆုံးခင်မှာပင် ဓားအလင်း၏ ဖြတ်ပိုင်းမှုကို ခံလိုက်ရတော့၏။

"ရေနက်ဂိုဏ်းက ခွန်ရှု့နယ်မြေကို သစ္စာဖောက်ခဲ့တယ် ... ခွန်ရှု့နယ်မြေကို ပြန်ရောက်ရင် အဲဒီအကြောင်းကို သေချာစစ်ဆေးရမယ် ... နောက်ပြီး နောက်တစ်ကြိမ် ကောင်းကင်တံခါး ပွင့်တဲ့ အချိန်ကျရင် ရေနက်ဂိုဏ်းကို ဝင်ခွင့် မပြုတော့ဘူး"

ရန်ကန်းချိုးတို့ကို သတ်ဖြတ်ပြီးနောက် လဲ့ရှင်းက ထူးမခြားနားသော ပုံစံဖြင့် ဆိုလိုက်သည်။

"သဘောတူတယ်…"

လနတ်သမီး၊ အကြီးအကဲ ချီကျွင်းနှင့် အရှင်ဒေါသတို့က ရိုသေစွာ ခေါင်းညိတ် လိုက်ကြ၏။

ချမ်ရဲ့ရွှယ်မှာမူ ထိုမြင်ကွင်းကို ကြည့်၍ သက်ပြင်း ချလိုက်မိသည်။

ရန်ကန်းချိုးသည် ခွန်ရှု့နယ်မြေ၏ မြေကမ္ဘာ အဆင့်များက သူ့ကို အန္တရာယ် မပြုလောက်ဟု တွေးထင်ခဲ့ပုံ ပေါ်သည်။ သို့သော်လည်း မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း၏ စည်းကမ်း တင်းကျပ်ပုံကိုမူ သူ မသိရှိခဲ့ချေ။

***

ထိုအချိန်၌ ချန်းဖန်နှင့် ရဲ့ချင်စန်းတို့မှာမူ နတ်ဘုရား သင်္ချိုင်းတောင်ကြား အတွင်း၌ ပျံသန်းရင်း ခရီးဆက်နေဆဲ ဖြစ်သည်။

"နတ်ဘုရား သင်္ချိုင်း တောင်ကြားထဲမှာ တန်ဖိုးရှိတဲ့ အရာ သုံးခု ရှိတယ်"

"ပထမ တစ်ခုကတော့ ရတနာ ဆေးပင်တွေပဲ ... အဲဒီဆေးပင်တွေက ကျင့်ကြံသူရဲ့ စွမ်းအားအဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ အပြင် ကောင်းကင်ဆေးတွေ အဖြစ်လည်း သန့်စင်လို့ ရတယ်"

"ဒုတိယ တစ်ခုကတော့ ရှေးဟောင်း ကျင့်ကြံသူတွေရဲ့ အကြွင်းအကျန် ပစ္စည်းတွေ ... အဲဒီ အကြွင်းအကျန်တွေမှာ အဆင့်မြင့် ဝိညာဉ် လက်နက်တွေနဲ့ ရတနာ လက်နက်တွေတောင် ပါတယ်"

"တတိယကတော့ ဝိညာဉ်သားရဲတွေပေါ့ ... မူလသက်ရှိ ဖြစ်ပြီဆိုတာနဲ့ ဝိညာဉ် သားရဲတွေရဲ့ ခန္ဓာကိုယ်တိုင်းက ရတနာတွေ ဖြစ်လာပြီ လို့ ဆိုနိုင်တယ် ... သူတို့ရဲ့ အကြေးခွံတွေ လက်သည်းတွေ ကြွက်သားတွေက ဓမ္မရတနာ အဖြစ် သွန်းလုပ်လို့ ရပြီးတော့ သူတို့ရဲ့ အသွေး အသားတွေကိုတော့ ဆေးဝါးအဖြစ် သန့်စင်လို့ ရတယ်"

ချန်းဖန်သည် ပျံသန်းရင်း စိတ်လှုပ်ရှားစွာ တွေးတောနေခဲ့၏။

နတ်ဘုရား သင်္ချိုင်းတောင်ကြားသည် အခြားလူများ၏ အမြင်၌ အန္တရာယ်များသော ချောက်ချားဖွယ်ရာ စွန့်ပစ်မြေ တစ်ခု ဖြစ်သည်။ သို့သော်လည်း ချန်းဖန်ကမူ ဤနေရာကို ရတနာသိုက်ကြီး တစ်ခုသဖွယ် တွေးနေမိ၏။

"အရှင်ချန်း ... အရှေ့ကို ကြည့်လိုက်"

ရဲ့ချင်စန်း၏ သတိပေးသံနှင့် အတူ အနီရောင် တောင်ကြားတစ်ခု သူတို့၏ အရှေ့၌ ပေါ်လာခဲ့သည်။ ထူးဆန်းစွာပင် ထိုနေရာ၌ မည်သည့် သားရဲမျှ ရှိမနေခဲ့ချေ။

"ငှက်ဘုရင်က ကောင်းကင်မှာ နေတယ် ... နဂါးဘုရင်က ရေမှာ နေတယ် ... သားရဲဘုရင်က တောင်မှာနေတယ် ... ဒီတော့ ဒီနေရာမှာ သားရဲဘုရင် တစ်ကောင် ရှိရမယ်"

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း တောင်ကြားအတွင်း ပျံသန်းဝင်ရောက် လာခဲ့၏။

"ဂါး…"

တောင်ကြား အတွင်းပိုင်းသို့ မီတာတစ်ရာခန့် ဝင်လာပြီးနောက် မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။

"ဂါး…"

အသံနှင့်အတူ အနီရောင် အလင်းတန်း တစ်ခု ကောင်းကင်သို့ ထိုးတက်လာကာ သုံးမီတာခန့် ရှည်လျားသည့် မျောက်ဝံကြီး တစ်ကောင် ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မီးဖြင့် တောက်လောင်နေကာ သူ၏ အမွေးအမျှင်များက ရဲရဲနီနေ၏။

"ဒါက မီးမျောက်ဝံပဲ ... ဒီလို သားရဲမျိုးက ကမ္ဘာပေါ်မှာ ရှိနေတာလား"

ချန်းဖန်၏ မျက်လုံးများက လင်းလက် တောက်ပနေပြီး တစ်ချိန်တည်းတွင် သူ၏ နှုတ်ခမ်းများက ပြုံးယောင်သမ်းလာသည်။

ချန်းဖန်နှင့် ဆန့်ကျင်ဘက်ပင် ရဲ့ချင်စန်းမှာမူ အလွန်အမင်း စိုးရိမ် ထိန်လန့်နေခဲ့သည်။

ထိုသားရဲသည် မူလအဆင့် အစောပိုင်းတွင်သာ ရှိသေးသော်လည်း ၎င်း၏ တိုက်ပွဲဝင် စွမ်းအားက သွေးဘိုးဘေးထက်ပင် ပိုမိုမည်မှာ သေချာသည်။ ထိုကဲ့သို့သော စွမ်းအားမျိုးက သူ့အနေဖြင့် ရင်ဆိုင်နိုင်သော အရာ မဟုတ်ချေ။

"အရှင်ချန်း ... ကျုပ်တို့ နောက်ဆုတ်ကြမလား ... ဒီလိုသားရဲမျိုးနဲ့ တိုက်ခိုက်တာက အကြံကောင်း မဟုတ်ဘူးနော်"

ရဲ့ချင်စန်းက နောက်သို့ ခြေတစ်လှမ်း ဆုတ်ရင်း အကြံပြုလိုက်သည်။

"စကြဝဠာမှာ မီးမျောက်ဝံတွေက အရမ်းကို ဒေါသ ရန်ငြိုးကြီးတဲ့ သားရဲတွေပဲ ... မင်း သူတို့ နေရာကို တစ်ခါ ကျူးကျော်ပြီးတာနဲ့ သူတို့က မင်းသေတဲ့အထိ လိုက်ပြီး တိုက်ခိုက်ကြမှာ"

ချန်းဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်လား ... ဒါဆိုလည်း တိုက်ကြတာပေါ့"

ရဲ့ချင်စန်းက တိုက်ခိုက်ရန် အဆင်သင့် ပြင်လိုက်၏။

သူသည် လိမ္မာပါးနပ်၍ ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည်။ တစ်ချိန်တည်း၌ သူသည် ဆုံးဖြတ်ချက် ပြတ်သားပြီး ရဲရင့်သူလည်း ဖြစ်သည်။

"ဘုန်း…"

ရဲ့ချင်စန်းက ပြေးဝင်ကာ တိုက်ခိုက်လိုက်၏။

"ဘုန်း ... ဘုန်း…"

ရဲ့ချင်စန်းသည် ကမ္ဘာ၏ မရေမတွက်နိုင်သော လျှို့ဝှက်နည်းစနစ် ကျင့်စဉ်များကို လေ့လာထားသူ ဖြစ်သည်။

ထို့ကြောင့် သူ၏ တိုက်ခိုက်မှု တိုင်းက လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေကာ အလွန်ပင် အစွမ်းထက်၏။

သို့သော်လည်း ရှေးဟောင်း မီးမျောက်ဝံသည် ပို၍ပင် လျှို့ဝှက် ဆန်းကြယ်သည်။ ထိုအရိုင်းအစိုင်း သတ္တဝါသည် သားရဲမျိုးနွယ် ဖြစ်ရာ မခန့်မှန်းနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။

"ဟူး ... ဟူး…"

ရုတ်တရက် ခန္ဓာကိုယ်ချင်း တိုက်ခိုက်နေရာမှ မီးမျောက်ဝံက ရုတ်တရက် ကောင်းကင် မီးတောက်များကို မှုတ်ထုတ်လိုက်သည်။

"သေပြီ ... ငါ့မှာသာ ဝိညာဉ် အကာအကွယ် ဝတ်စုံသာ ရှိရင် အဲဒီ မီးတောက်တွေကို ခုခံနိုင်မှာ သေချာတယ်"

ရဲ့ချင်စန်းသည် မီးမျောက်ဝံနှင့် အနီးကပ် မတိုက်ခိုက်ခဲ့သင့်ချေ။ ထိုသားရဲများကား အလွန်ပင် အစွမ်းထက်၏။

သူတို့ ထုတ်လွှတ်သော ကောင်းကင် မီးတောက်များ ဆိုလျှင် မြေကမ္ဘာအဆင့် ခန္ဓာကိုယ်ကိုပင် လောင်ကျွမ်းနိုင်သည်။

"ဘုန်း…"

ရဲ့ချင်စန်းက အဆောင် တစ်ခုကို ထုတ်ယူကာ ပစ်လွှတ်လိုက်၏။ မီးတောက်များသည် ထိုအဆောင်နှင့် ထိပ်တိုက် တွေ့ရာတွင် ရှေ့သို့ ဆက်တိုးနိုင်ခြင်း မရှိပဲ ပျက်စီးသည်။

အကယ်၍ သူသာ အဆောင်ကို အချိန်မီ မပစ်လွှတ် နိုင်ပါက ယခု အချိန်၌ မီးတောက်များ၏ ဝါးမျိုမှုကို ခံနေရလောက်ပြီ ဖြစ်သည်။

"အရှင်ချန်း ... ကျုပ်တို့ ပူးပေါင်းပြီး ဒီသားရဲကို တိုက်ကြမလား"

ရဲ့ချင်စန်းက ချန်းဖန်ကို အကူအညီ လှမ်းတောင်း လိုက်သည်။

"ကောင်းပြီလေ…"

ချန်းဖန်က ပြောရင်း လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။

"ဘုန်း…"

ရုတ်တရက် အဇူရာ လက်ဝါးကြီး တစ်ခု ပေါ်လာကာ မီးမျောက်ဝံ၏ အပေါ်သို့ ပိကာ ကျလာ၏။

"ဂါး…"

မီးမျောက်ဝံကြီးက ရင်ဘတ်ကို ထုရင်း အဇူရာ လက်ဝါးအား တားဆီးရန် ကြိုးစားလိုက်သည်။

"ဘုန်း…"

သို့သော်လည်း အဇူရာ လက်ဝါးသည် အတားအဆီး မှန်သမျှကို လွယ်ကူစွာ ဖြတ်သန်း၍ မီးမျောက်ဝံကြီးကို အပေါ် တည့်တည့်မှ ထုချေသည်။

"ဘုန်း…"

မြေပြင် တစ်ခုလုံး တုန်ရီကာ လက်ဝါးရာကြီး တစ်ခု ဖြစ်ပေါ်လာသည်။

ထိုလက်ဝါးရာကြီးသည် ငါးမီတာခန့်အထိ ကြီးမားပြီး ရှေးဟောင်း နတ်ဘုရား တစ်ပါး၏ လက်ရာနှင့်ပင် ဆင်တူနေသေးသည်။

လက်ဝါးရာကြီး၏ အလယ်တွင်မူ မီးမျောက်ဝံသည် တုန်ရီစွာဖြင့် ဒူးထောက် နေခဲ့သည်။ တစ်ချိန်တည်း၌ သူသည် ချန်းဖန်ထံသို့ ဝိညာဉ်စွမ်းအား ပို့လွှတ်၍ အသနားခံ နေခဲ့သည်။

"မင်းက သေမှာတော့ ကြောက်သားပဲ ... မင်း ငါ့ကို နောက်တစ်ကြိမ် ဆန့်ကျင်ရဲရင် ချမ်းသာ မပေးတော့ဘူး ဆိုတာ မှတ်ထား"

ချန်းဖန်က လက်ဝါးကို ပြန်ရုပ်သိမ်းရင်း ပြောလိုက်သည်။

ချန်းဖန် ခွင့်လွှတ်လိုက်ကြောင်း မြင်သည်နှင့် မီးမျောက်ဝံ သားရဲသည် ချန်းဖန်၏ နံဘေးသို့ ကပ်လာကာ ပွတ်သီးပွတ်သပ် လုပ်နေတော့သည်။

"ဒါက…"

ရဲ့ချင်စန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဖြူရော်စွာ ပြုံးလိုက်မိ၏။

သူ အသည်းအသန် ခုခံရသည့် ထိုသားရဲကား ချန်းဖန်၏ တိုက်ခိုက်မှု တစ်ခုကိုပင် မခံနိုင်ခဲ့ချေ။ ပို၍ ဆိုးသည်က ထိုသားရဲကား အညံ့ပင် ခံလိုက်သေးသည်။

"မင်း ဘာပြောတာလဲ ... ဒီတောင်ကြား အတွင်းပိုင်းမှာ သစ်ပင်တစ်ပင် ရှိတယ် ဟုတ်လား... နောက်ပြီး အဲဒီသစ်ပင်ရဲ့ သစ်သီးတွေက သာမန်သားရဲတွေကို ဝိညာဉ်သားရဲအဖြစ် ပြောင်းပေးနိုင်တယ်ပေါ့"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ရှေးဟောင်း မီးမျောက်ဝံကို မေးလိုက်သည်။ အကယ်၍ ထိုအရာသာ အမှန်ဆိုပါက ထိုသစ်သီးများမှာ ရတနာ ဆေးဝါးများကဲ့သို့ အစွမ်းထက်မည်မှာ သေချာ၏။

"ဝူး…"

ရှေးဟောင်း မီးမျောက်ဝံက ချန်းဖန်၏ အမေးကို ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

"ရောင်းရင်းရဲ့ ... ကျုပ်တို့ ကောင်းကင်တံခါးဆီ မသွားခင် သူပြောတဲ့ ရတနာ သစ်ပင်ဆီ အရင် သွားကြည့် လိုက်ရအောင်"

ချန်းဖန်က ရဲ့ချင်စန်း ဘက်သို့ လှည့်ရင်း ဆိုလိုက်၏။

ရဲ့ချင်စန်းက တစ်ခဏမျှ စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။

ရန်ကန်းချိုး ပြောသည့် အတိုင်းဆိုလျှင် ကောင်းကင်တံခါး ပွင့်ရန်မှာ ရက်ပိုင်းလောက် လိုသေးသည်။ ရတနာ သစ်ပင်ကို ယူဆောင်ပြီးမှ ထိုနေရာသို့ သွားလျှင်လည်း နောက်ကျမည် မဟုတ်ချေ။

ထို့နောက် သူတို့သည် မီးမျောက်ဝံ၏ လမ်းပြမှုဖြင့် တောင်ကြား အတွင်းပိုင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။

***

ချန်းဖန်တို့ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင်…

မြွေပျံများ နေထိုင်သည့် ပိုင်နက် အနီး၌ အလင်းတန်း ငါးခု ပေါ်လာ၏။ ထိုအလင်းတန်း ငါးခုကား ခွန်ရှု့နယ်မြေ၏ မြေကမ္ဘာ အဆင့်များပင် ဖြစ်သည်။

"ဒီနေရာမှာ တိုက်ပွဲ ဖြစ်ထားတဲ့ လက္ခဏာတွေ တွေ့ရတယ် ... ကြည့်ရတာ ချန်းပေ့ရွှမ်း တို့ပဲ ဖြစ်ရမယ် ... သူတို့နောက်ကို လိုက်ကြစို့"

လဲ့ရှင်းက ဆိုလိုက်၏။

ထို့နောက် သူတို့သည် မြွေပျံ ပိုင်နက်ကို ကျောခိုင်းကာ မီးတောင်ကြား၏ ဆန့်ကျင်ဘက် လမ်းအတိုင်း ချန်းဖန် နောက်သို့ ဆက်ကာ လိုက်ကြတော့သည်။

***

All Chapters