ငါ့ညီနောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!_၅
Vol. 19 Ch. 252
ထို့ပြင် မျန့်ရွှေစီရင်စု၏ ကုန်သည်အဖွဲ့ကြီးနှစ်ခုစလုံးကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး စီရင်စုအစိုးရ၏ အင်အားအာဏာကို မျှခြေထိန်းသိမ်းခြင်းနှင့် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လေ့ရှိသည်။
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ အမိန့်တော် တိုက်ရိုက်ရောက်ရှိလာခြင်းဖြစ်ရာ ဖန်းရှစ်ကျုံးနှင့် သူဖုန်းစားအိုကြီးတို့သည်လည်း ရွေးချယ်စရာမရှိဘဲ အမိန့်တော်ကို အလေးအနက်ထားရတော့သည်။
တစ်ဖက်အဖွဲ့ကို သုံးရက်အတွင်း အမြစ်ပြတ်သုတ်သင်နိုင်ခြင်းငှာ အခွင့်အရေး အလွန်နည်းပါး၏။ ကြည့်ရသည်မှာ ငြိမ်းချမ်းရေးယူခြင်းမှအပ ရွေးချယ်စရာ မရှိတော့ပေ။
သို့ဖြစ်ရာ နှစ်ဖက်စလုံးသည် မိမိတို့၏ လက်အောက်ငယ်သားများကို ထိန်းချုပ်ကြရကာ ပဋိပက္ခများကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရတော့သည်။
မျန့်ရွှေစီရင်စုသည် တဖြည်းဖြည်းချင်း ယခင်အတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းလာသည်ဟု ထင်မှတ်ရ၏။
သို့သော် ဤပြဿနာများသည် တိတ်ဆိတ်ငြိမ်သက်စွာ ပြီးဆုံးသွားတော့မည်ဟု အားလုံး အထင်ရောက်နေကြစဉ်
…
နောက်တစ်နေ့မနက်ခင်း၌ မမျှော်လင့်စွာဖြင့် ဖန်းရှစ်ကျုံးသည် ကျားဖြူခန်းမအဖွဲ့သားအားလုံးကို အရေးပေါ် စုဝေးစေခဲ့သည်။
ချန်ကျဲ့လည်း အမိန့်ရသည်နှင့် ကျားဖြူခန်းမဌာနချုပ်သို့ ချက်ချင်း ဦးတည်ထွက်ခွာခဲ့သည်။
ဌာနချုပ်သို့ရောက်ရှိသည်နှင့် မှိုင်းညို့နေသည့် လေထုအခြေအနေကို ချန်ကျဲ့ ရုတ်ချည်း ခံစားမိလိုက်၏။ အားလုံး၏ မျက်နှာအမူအရာတို့မှာ ဝမ်းနည်းညှိုးငယ်နေကြကာ အချို့ဆိုလျှင် ငိုထားသည့်အလား မျက်လုံးများပင် နီရဲနေကြသည်။
ချန်ကျဲ့မှာ ဖြစ်ပျက်နေသည်များကို နားမလည်သောကြောင့် တန့်သွားရ၏။
ထိုစဉ် မျက်နှာထက်တွင် မျက်ရည်များဖြင့် ထွက်လာသည် ကျိုးချူကို ချန်ကျဲ့ တွေ့လိုက်ရသည်။ ကျိုးချူမှ ပြောသည်။
“ကျိုစစ် ရောက်ပြီလား”
ချန်ကျဲ့ အနည်းငယ် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
”လောင်ကျိုး ဘာတွေဖြစ်နေတာလဲ”
ကျိုးချူသည် ခဏရပ်နေပြီးနောက်မှ ပြန်ပြော၏။
“မင်းဘာမင်း အထဲဝင်ပြီး ကြည့်လိုက်ပါ”
ချန်ကျဲ့ အနည်းငယ် အံ့အားသင့်သွားကာ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ အခန်းထဲဝင်လိုက်သည်နှင့် တစ်စုံတစ်ရာ မူမမှန်နေကြောင်း ချန်ကျဲ့ သိလိုက်၏။
အနီးဝန်းကျင်ရှိ လူအားလုံးသည်လည်း ငိုကြွေးနေပုံရ၏။
အဓိကခန်းမသို့ ရောက်သောအခါ ခန်းမအရှင်သခင်ထိုင်ခုံတွင် မျက်ရည်ဝဲနေသည့် မျက်လုံးအစုံဖြင့် ထိုင်နေသည့် ဖန်းရှစ်ကျုံးကို မြင်တွေ့ရသည်။ အောက်ဘက်တွင်မူ ဖုန်းရွှမ်၊ ကျန်းချွမ်နှင့် လုရုံတို့ ရပ်နေကြသည်။
သို့သော် တန်းကွမ်းမင်ကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။
ချန်ကျဲ့ ခြေလှမ်းများ ရပ်တန့်သွား၏။
“အစ်ကို၄ ဘယ်မှာလဲ”
ထိုအခါ အားလုံး တိတ်ဆိတ်သွား၏။ ကြမ်းပြင်ထက်ရှိ အဝတ်ဖြူအုပ်ထားသည့် အလောင်းတစ်လောင်းကိုမူ ချန်ကျဲ့ သတိမပြုမိပါလေ။
ချန်ကျဲ့ တစ်ခုခုကို ခန့်မှန်းမိလိုက်သည်။
ချန်ကျဲ့ ရှေ့သို့ တိုးလျှောက်သွားပြီး ဖန်းရှစ်ကျုံးကို ကြည့်၍ မေးမြန်းသည်။
“အစ်ကို၄ရော?”
ဖန်းရှစ်ကျုံးသည် ဘာမျှမပြောပေ။ ထို့နောက် ချန်ကျဲ့သည် အလောင်းရှိရာဆီ လျှောက်သွားပြီး အဝတ်ဖြူကို လှန်လိုက်သည်။ ထို့နောက်တွင်မူ ချန်ကျဲ့မှာ လုံးဝ ကြက်သေသေသွားတော့သည်။
အဝတ်ဖြူအောက်၌ ရှိနေသည်မှာ ရင်းနှီးနေသည့် ပုံရိပ်ဖြစ်သော ဝတ်ရုံဖြူစာပေပညာရှင် တန်းကွမ်းမင်ဖြစ်ပေသည်။
တန်းကွမ်းမင်သည် ဝတ်ဆင်နေကျဖြစ်သော ဝတ်ရုံဖြူကို ဝတ်ဆင်ထားမြဲဖြစ်သည့်တိုင် ရင်ဘတ်တွင်တော့ သွေးနီနီများ စွန်းထင်းပေကျံနေခဲ့၏။ ရင်ဘတ်ကို ထုတ်ချင်းပေါက် ထိုးစိုက်ခံခဲ့ရခြင်းပင်။
ချန်ကျဲ့သည် နေရာတွင်သာ မလှုပ်မယှက်ရပ်၍ တန်းကွမ်းမင်၏အလောင်းကို ကြည့်နေခဲ့သည်။
ချန်ကျဲ့ မျန့်ရွှေစီရင်စုသို့ ရောက်လာစ၌ ကျိုးချူကို ဖယ်လိုက်ပါက တန်းကွမ်းမင်နှင့် အရင်းနှီးဆုံးဖြစ်သည်။ သူ့အား ယီးဟုန်ဂေဟာသို့ ပထမဆုံးအကြိမ် ခေါ်သွားပေးခဲ့သူမှာ တန်းကွမ်းမင်ဖြစ်သည်။ သူ့ကို အမြဲ ဂရုစိုက်ပေးခဲ့သူမှာလည်း တန်းကွမ်းမင်ဖြစ်သည်။ သူ့ကို အမြဲ ကူညီခဲ့သူမှာလည်း တန်းကွမ်းမင်ဖြစ်၏။
သို့သော် သူ၏ အစ်ကို၄မှာ အသတ်ခံလိုက်ရလေပြီ။
“ဘယ်သူလုပ်တာလဲ”
ချန်ကျဲ့မှ မေးသည်။
“ငါတို့လည်း မသိဘူး။ ညီနောင်တွေ ဆိပ်ကမ်းမှာ ရှာတွေ့လာခဲ့တာပဲ။ သေဆုံးချိန်မှာ မျက်နှာက မြေကြီးနဲ့ဟပ်ပြီး မှောက်လျက်အနေအထားဖြစ်နေခဲ့တာ။ ဓားဒဏ်ရာကလည်း နောက်ကနေ နှလုံးတည့်တည့်ကို ထိုးသွင်းထားတာပဲ”
ဖုန်းရွှမ်မှ ပြောသည်။
ထိုအခါ ကျန်းချွမ်မှ ပြောလာ၏။
“သူဖုန်းစားဂိုဏ်းက လွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ငါတို့က သူတို့ရဲ့တောင်မြို့အဖွဲ့ခေါင်းဆောင် လှံကိုင်ဆောင်သူ တန်းယွဲ့ကို သတ်ခဲ့တာကြောင့် လက်စားချေတာပဲ ဖြစ်လိမ့်မယ်!”
ထို့နောက် လုရုံမှ ထပ်ပေါင်းပြော၏။
“သွေးကို သွေးနဲ့ ပြန်ပေးဆပ်ရမယ်။ ညီငယ်၄ကို အချည်းနှီး သေဆုံးခွင့်မပြုနိုင်ဘူး”
“မွေးစားအဖေ ကျေးဇူးပြုပြီး ကျွန်တော့်ကို လူနှစ်ရာခေါ်ယူခွင့်ပေးပါ။ ကျွန်တော် ညီငယ်၄အတွက် လက်စားချေမယ်!”
လုရုံမှ အော်ပြော၏။ ထိုအခါ ဖန်းရှစ်ကျုံးသည် လုရုံကို ကြည့်လာခဲ့ပြီး မေးမြန်းသည်။
“မင်းက သူ့အတွက် ဘယ်လိုလက်စားချေမှာလဲ!”
“ကျွန်တော် သူဖုန်းစားဂိုဏ်းကို လက်စားချေမယ်!”
လုရုံ၏ထိုစကားကို တန်းကွမ်းမင်မှ ပြန်ပြော၏။
“မင်းက သူဖုန်းစားဂိုဏ်းကို လူလေးနှစ်ရာတည်းနဲ့ တိုက်ခိုက်မယ်လို့ ထင်နေတာလား!”
လုရုံသည် အော်ဟစ်ပြောဆို၏။
“ကျွန်တော့်အသက်ကို ရင်းပြီး ညီငယ်၄အတွက် လက်စားချေမယ်။ ညီငယ်၄ကိုတော့ အချည်းနှီး သေဆုံးခွင့်မပြုနိုင်ဘူး!”
ထိုအခါ ဖန်းရှစ်ကျုံး တိတ်ဆိတ်သွားတော့သည်။
ထိုစဉ် ချန်ကျဲ့သည် မျက်လုံးထောင့်ရှိ မျက်ရည်များကို ဖိသုတ်လိုက်ပြီး ထို့နောက် တန်းကွမ်းမင်၏ အလောင်းကို ဖွဖွပုတ်လိုက်သည်။ ဖုန်းရွှမ်မှ ပြော၏။
“ညီငယ်၄ရဲ့ ပစ္စည်းတွေကို ဟိုနားမှာ ထားထားတယ် ကျိုစစ်”
ထိုအခါ ချန်ကျဲ့ ဖုန်းရွှမ် ညွှန်ပြရာသို့ လျှောက်သွားလိုက်သည်။ အနီးရှိ စားပွဲတစ်လုံးပေါ်တွင် ပစ္စည်းအချို့ တင်ထား၏။
တန်းကွမ်းမင်၏ လက်နက်ဖြစ်သော ဓားမြှောင်တိုတစ်ချောင်းလည်း ရှိသည်။
ငွေလက်မှတ်တစ်ထပ်နှင့် အမွှေးအိတ်နှစ်အိတ်၊ အမွှေးအိတ်တစ်အိတ်တွင် ‘နွေဦးနှင့်ဆောင်းဦးအိပ်မက်များ'ဟု ချည်ထိုးထားကာ အခြားတစ်အိတ်တွင် ‘အဆုံးမဲ့နွေရာသီနေ့ရက်များ'ဟု ချည်ထိုးထား၏။
ယီးဟုန်ဂေဟာမှ ဤအမွှေးအိတ်များကို ချန်ကျဲ့ သိသည်။
ကျန်ပစ္စည်းမှာ စာအုပ်တစ်အုပ်ဖြစ်၏။ ချန်ကျဲ့သည် ၎င်းကို လျှို့ဝှက်သိုင်းကျမ်းတစ်အုပ်ဟု ထင်ထားခဲ့သော်ငြား ဖွင့်ကြည့်လိုက်သောအခါ စာရင်းစာအုပ်တစ်အုပ် ဖြစ်နေခဲ့သည်။ စာအုပ်မှာ သွေးများစွန်းထင်းနေ၏။ အထဲတွင်တော့ သံသတ္တုရိုင်းအရောင်းအဝယ်မှတ်တမ်းများကို အပြည့်ရေးမှတ်ထားပေသည်။
၎င်းစာအုပ်ကို မြင်သောအခါ ဖုန်းရွှမ်မှ ပြောသည်။
“ညီငယ်၄က ကုန်သည်အဖွဲ့ရဲ့ သံထည်ပစ္စည်းကုန်သွယ်မှုကို တာဝန်ယူထားတာ။ အဲဒါကြောင့် သူက ဒီလိုစာရင်းစာအုပ်တွေကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားလေ့ရှိတယ်။ ပြီးတော့ ညီငယ်၄က ကျားဖြူခန်းမရဲ့ စာရင်းကိုင်ချုပ်တာဝန်ကိုလည်း ယူထားတယ်”
ကျန်းချွမ်မှ ထပ်ပေါင်းပြော၏။
“ညီငယ်၄က သူဖုန်းစားဂိုဏ်းကနေ ရှာတွေ့ခဲ့တဲ့ ကုန်တွေကို စစ်ဆေးဖို့အတွက် ဆပ်ကမ်းကိုသွားတဲ့အချိန်မှာ နောက်ဘက်ကနေ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်လောက်မယ်။ ငါမှတ်မိသလောက်တော့ သံမဏိသူဖုန်းစား ကျိုးဖန်းက ဓားသိုင်းကျွမ်းကျင်တယ်”
ဖုန်းရွှမ်မှ အခိုင်အမာပြောဆိုသည်။
“ဟုတ်တယ်။ အဲဒီကျိုးဖန်းကို သံမဏိဓားဆိုတဲ့ နာမည်တစ်မျိုးလည်း ခေါ်ကြသေးတယ်”
ချန်ကျဲ့သည် စဉ်းစားတွေးတောနေခဲ့ပြီးနောက်မှ မေးမြန်းလိုက်သည်။
“အဲဒီကျိုးဖန်းက ဘယ်လောက်သန်မာလဲ”
“အရမ်းသန်မာတယ်။ ငါသူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ ငါ့ထက်တော့ မနိမ့်ဘူး”
ဖုန်းရွှမ်မှ ပြန်ပြောသည်။
ကျန်းချွမ်မှ ပြော၏။
“သူ့ရဲ့အင်အားနဲ့ ငါနဲ့ အတူတူလောက် ဖြစ်လိမ့်မယ်”
ထိုအခါ ချန်ကျဲ့သည် မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်ပြီး မေးသည်။
“အဲဒီလောက်အဆင့်ရှိတဲ့ သိုင်းပညာရှင်က အစ်ကို၄ကို အလစ်တိုက်ခိုက်မယ်ဆိုရင် အစ်ကို၄အနေနဲ့ အချိန်မီ တုံ့ပြန်နိုင်လောက်လား”
ဖုန်းရွှမ် ခဏမျှ စဉ်းစားလိုက်သည်။
“အလိုအလျောက်တုံ့ပြန်မှုတော့ လုပ်နိုင်ခဲ့လောက်မယ်”
ကျန်းချွမ်မှ ပြောသည်။
“အကယ်၍ အဲဒီအချိန်မှာ ညီငယ်၄က သတိလက်လွတ်ဖြစ်နေခဲ့ရင်တော့ လုံးဝ မတုံ့ပြန်နိုင်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်”
“ညီငယ်၅ အဲဒါကို ဘာလို့မေးတာလဲ”
“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း အလစ်တိုက်ခိုက်မှုတစ်ချက်တည်းနဲ့ အစ်ကို၄ကို ဒဏ်ရာရစေနိုင်တဲ့လူက ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာကို သိချင်မိလို့ပါ”
ထိုအခါ ကျန်းချွမ်မှ ပြောသည်။
“ညီငယ်၅က သူဖုန်းစားဂိုဏ်းရဲ့ လက်ချက်မဟုတ်ဘူးလို့ သံသယဝင်နေတာလား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော်လည်း မသေချာပါဘူး။ ဒါပေမဲ့ သူဖုန်းစားဂိုဏ်းမှာ ကြံရာပါရှိနေမှာကို စိုးရိမ်မိပါတယ်”
ထိုစကားအဆုံး၌ ကျန်းချွမ်နှင့် ဖုန်းရွှမ်တို့သည် အပြန်အလှန် အကြည့်ချင်းမလှယ်လိုက်ကြပြီး ပြောသည်။
“သူဖုန်းစားဂိုဏ်းရဲ့နောက်မှာ ပုန်းကွယ်နေတဲ့ အရှင်သခင်ကြီးတစ်ယောက် ရှိနေတာများ ဖြစ်နိုင်မလား။ အနည်းဆုံး သံမဏိအရိုးအဆင့်ရှိပြီး အမြင့်ဆုံး စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိနိုင်တဲ့ လူတစ်ယောက်ပေါ့?”
ထိုသို့အတွေးတွင် ဖန်းရှစ်ကျုံးသည် စားပွဲကို ခပ်ပြင်းပြင်းရိုက်ချလိုက်ပြီး အော်ဟစ်ကြိမ်းမောင်း၏။
“သူတို့မှာ အဆင့်မြင့်သခင်ကြီးရှိရှိ၊ မရှိရှိ ဒီတစ်ကြိမ်တော့ သူဖုန်းစားဂိုဏ်းကို လုံးဝ အလွတ်မပေးနိုင်ဘူး!”
ထိုသို့ပြောပြီးနောက် ဖန်းရှစ်ကျုံးမှ အမိန့်ပေးသည်။
“ဖုန်းရွှမ်၊ ကျန်းချွမ်နဲ့ လုရုံ! မင်းတို့လူတွေခေါ်ပြီး ငါနဲ့လိုက်ခဲ့”
“ကျိုစစ်၊ ကျိုးချူ မင်းတို့က ဌာနချုပ်မှာ နေခဲ့ပြီး မင်းတို့အစ်ကို၄ရဲ့ အလောင်းကို စောင့်ရှောက်ထားကြ!”
“ဟုတ်ကဲ့”
အမိန့်ပေးပြီးနောက် ဖန်းရှစ်ကျုံးသည် အဖွဲ့သားများကို ဦးဆောင်ထွက်သွား၏။ ဖန်းရှစ်ကျုံးသည် သူ၏မွေးစားသားတစ်ဦးချင်းစီတိုင်းကို စိတ်ရင်းအမှန်ဖြင့် ချစ်ခင်သူဖြစ်သည်။ ယခုတွင်မူ သူ၏သားငယ်၄သည် အလစ်တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ရလေသည်။