← Chapters

ငါ့ညီ‌နောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!_၄

Vol. 18 Ch. 251

ငါ့ညီ‌နောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!_၄

Vol. 18 Ch. 251

ထိုအခါ အစေခံကို ဖမ်းဆီးရန်ပြင်နေသည့် အစောင့်သည် ရပ်တန့်သွား၏။ တစ်ပြိုင်နက်တည်းပင် အမျိုးသမီးမှ ပြောသည်။

“သူတို့ကို အထဲဝင်ပြီး ဆေးလိမ်းခိုင်းလိုက်ပါ။ ပြီးတော့ ကျွန်မ ကျီရှန်းဘုရားကျောင်းမှာ ရက်နည်းနည်းလောက် နေချင်တယ်။ အဲဒီအတွက် တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်ပါ”

နန်ပါးထျန်းမှ ရုတ်ချည်း တုံ့ပြန်သည်။

“ကျီရှန်းဘုရားကျောင်းကို သွားမယ်တဲ့လား”

အမျိုးသမီးမှ ပြန်ပြောသည်။

“အင်း ရှင့်ရဲ့ဒေါသစိတ် နည်းနည်းတည်ငြိမ်သွားမှ ကျွန်မ ပြန်လာခဲ့မယ်”

“ကျားဖြူခန်းမရဲ့အခြေအနေ ဘယ်လိုရှိလဲ”

“ဖုန်းရွှမ် နည်းနည်းဒဏ်ရာရထားပြီး ကျန်တဲ့သူတွေကတော့ ထိခိုက်မှုမရှိပါဘူး”

ထိုအခါ နန်ပါးထျန်းမှ ပြောသည်။

“ကောင်းတယ်။ အခု သူဖုန်းစားဂိုဏ်းက ဘာဆက်လုပ်မလဲဆိုတာ ကြည့်ကြတာပေါ့”

…

…

ထိုအချိန် ချောင်ကုန်သည်အဖွဲ့ဌာနချုပ်၌

ခေါင်းဆောင်လျိုသည် ဒီနေ့အဖြစ်အပျက်များအကြောင်းကို နားထောင်ပြီးနောက် ပြောသည်။

“ဟားဟား စိတ်ဝင်စားစရာပဲ။ ဖန်းရှစ်ကျုံးက တကယ့်ကို ကိစ္စတွေကို နှောင့်နှေးမှုမရှိစေဘဲ ဆောင်ရွက်တတ်တာပဲ”

“ဗျူဟာမှူးပိုင်”

“ခေါင်းဆောင်”

“ဒဏ်ရာကုသဆေးတချို့ ယူပြီးတော့ ကျားဖြူခန်းမကို ခရီးတစ်ထောက်သွားလိုက်ပါဦး။ ညီနောင်တွေအတွက် ဆေးလာပို့တယ်လို့ပဲ ပြောလိုက်ပါ”

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

ထို့နောက် ခေါင်းဆောင်လျိုသည် မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်သည်။

“သူတို့တိုက်ခိုက်တော့မယ်ဆိုရင် ကိစ္စတွေက စိတ်ဝင်စားဖို့ကောင်းလာတော့မှာပဲ”

…

သူဖုန်းစားဂိုဏ်း!

ထိုအချိန်၌ သူဖုန်းစားဂိုဏ်းသည် လုံးဝ ကစဉ့်ကလျား ဖြစ်နေခဲ့လေပြီ။ စိတ်မချမ်းမြေ့ဖွယ်ကောင်းလောက်အောင် အရိုက်ခံထားရသည့် သူဖုန်းစားတစ်အုပ်သည် အတူတကွ စုဝေးနေ၏။

အထူးသဖြင့် ခန်းမထက်၌ လူနာယာဉ်တစ်ခုရှိနေကာ ၎င်းအထက်တွင် လူတစ်ယောက် လဲလျောင်းနေသည်။ ထိုလဲလျောင်းနေသူမှာ တောင်မြို့ သူဖုန်းစားဂိုဏ်း၏ အဖွဲ့ခေါင်းဆောင် လှံကိုင်ဆောင်သူတန်းယွဲ့မှတစ်ပါး အခြားမဖြစ်နိုင်ပေ။

တန်းယွဲ့၏ဘေးတွင် ဒဏ်ရာအပြင်းအထန်ရထားသူ နောက်တစ်ယောက် လဲလျောင်းနေသေး၏။ ထိုလူ၏အခြေအနေမှာ အလွန်ဆိုးရွားလှသည်။ သူ၏လက်များမှာ အချိုးခံထားရကာ သူလဲလျောင်းနေသည့် နေရာမှာ သွေးလွှမ်းနေပေသည်။

ဖုန်းစန်းသည် ထိုမြင်ကွင်းကို မြင်ရသည်တွင် ထခုန်လုမတတ်ပင်။

“ခေါင်းဆောင်ကြီး ငါးဖမ်းကုန်သည်အဖွဲ့က အရမ်းစက်ဆုပ်ဖို့ကောင်းလွန်းတယ်။ ကျွန်တော်တို့ရဲ့ ဂိုဏ်းဌာနခွဲတွေကို ရုတ်တရက် ‌အလစ်တိုက်ခိုက်ပြီး ကျွန်တော်တို့ကို ဆုံးရှုံးမှုကြီးမားစေတယ်။ ကျွန်တော်တို့ လက်စားချေရမယ်။ လက်စားမချေနိုင်မချင်း မရပ်တန့်ဘူး!”

ထိုစကားတွင် သူဖုန်းစားအိုကြီးလည်း မျက်နှာမည်းမှောင်သွား၏။

“ငါ့အပြစ်ပါ။ ဖန်းရှစ်ကျုံး‌က ‌ဒီလောက်အထိ အလောတကြီး လှုပ်ရှားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး”

ထိုစဉ် ဘေးရှိ ကျိုးဖန်းမှ ပြောသည်။

“ခေါင်းဆောင်ကြီး ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ”

“ဘာလုပ်ရမှာတဲ့လဲ။ သေချာပေါက် ပြန်တိုက်ခိုက်ရမှာပေါ့”

ဖုန်းစန်းမှ ချက်ချင်း အော်ဟစ်ပြောဆိုလာ၏။ ထိုအခါ ကျိုးဖန်းမှ ပြောသည်။

“ဘယ်လိုပြန်တိုက်ခိုက်နိုင်မှာလဲ။ ငါတို့က အခု အဖွဲ့ခေါင်းဆောင်လေးယောက်ထဲက တစ်ယောက်ဆုံးရှုံးပြီးတဲ့အပြင် တစ်ယောက်ကလည်း ဒဏ်ရာရထားတယ်။ မင်းနဲ့ ငါပဲ ကျန်တော့တယ်။ ဒါပေမဲ့ သူတို့ဘက်ကတော့ မွေးစားသားလေးယောက်စလုံး ကျန်နေသေးတယ်။ ငါတို့ ဘယ်လိုတိုက်ခိုက်မှာလဲ”

ထိုအခါ ဖုန်းစန်းမှ ပြောသည်။

“အဲဒီတော့ ကျုပ်တို့က ဘာလုပ်သင့်တာလဲ။ ဒီတိုင်း သည်းခံလိုက်ရမှာလား။ ကျုပ်တော့ ဒီအမျက်ဒေါသကို မြိုသိပ်မထားနိုင်ဘူး”

“ပြီးတော့ ကျုပ်တို့သည်းခံနိုင်ရင်တောင် ကျုပ်တို့ရဲ့ညီနောင်တွေက သည်းမခံနိုင်ဘူး။ ဟုတ်တယ်မလား ညီနောင်တို့!”

ဖုန်းစန်းသည် အပြင်ဘက်ရှိ စိတ်ဓာတ်တက်ကြွနေသည့် သူဖုန်းစားဂိုဏ်းသားများကို အော်ပြော၏။ ထိုအခါ သူဖုန်းစားဂိုဏ်းသားများသည် ဒေါသတကြီး အော်ဟစ်ကြသည်။

“သည်းမခံနိုင်ဘူး။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွေးတစ်စက်အတွက် သွေးတစ်စက်၊ သေချာပေါက် လက်စားချေရမယ်!”

မည်သို့ပင်ဖြစ်စေ နောက်ကွယ်၌ သာမန်လူများကို ထိတ်လန့်ချောက်ချားသွားစေမည့် ကြက်သီးထဖွယ် ပြောင်းလဲမှုများ ဖြစ်ပျက်နေပေသည်။

သို့သော် အခြေအနေသည် တစ်စ တစ်စ ပို၍ပြင်းထန်လာနေခဲ့သည်။

မျန့်ရွှေစီရင်စု၏ ဩဇာလွှမ်းမိုးမှုအမြင့်မားဆုံးဖြစ်သော မုလန်လူမျိုးများ၏ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည် : ဤပြဿနာကို သုံးရက်အတွင်း အပြီးဖြေရှင်းရမည်။ မျန့်ရွှေစီရင်စုကို ဆက်ပြီး ဆူပူအုံကြွတဲ့အခြေအနေမျိုး မဖြစ်စေရ!

စီရင်စုအုပ်ချုပ်ရေးမှူး၏ အမိန့်တော် ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက်

အမိန့်တော်ကို ကျားဖြူခန်းမနှင့် သူဖုန်းစားဂိုဏ်းနှစ်ခုစလုံးသို့ ရုတ်ချည်း ပျံ့နှံ့ရောက်ရှိစေသည်။

အမိန့်တော်ကို လက်ခံရရှိပြီးနောက်တွင် နှစ်ဖက်စလုံးမှာ ခက်ခဲကျပ်တည်းသည့် အခြေအနေကို ခံစားကြရ၏။

ခြုံငုံလိုက်သော် ဤသည်မှာ လက်ရှိတွင် လက်တွေ့အုပ်ချုပ်နေသော မျန့်ရွှေစီရင်စု၏ ဧကရာဇ်ဖြစ်သည့် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ အမိန့်တော်ဖြစ်သည်။

စီရင်စုအုပ်ချုပ်ရေးမှူးသည် သာ့ချန်တိုင်းပြည်၏ ထူးခြားသည့် အရာရှိရာထူးတစ်ခု ဖြစ်သည်။ မုလန်လူမျိုးများမှ တာဝန်ယူလေ့ရှိကာ ဟန့်လူမျိုးအရာရှိအမှုထမ်းများကို ကြီးကြပ်အုပ်ချုပ်ရန်အတွက် စေလွှတ်ထားရှိခြင်း ဖြစ်သည်။

တစ်နည်းဆိုရသော် မျန့်ရွှေစီရင်စု၏ အစိုးရသည် သာမန်ပြည်သူများကို အုပ်ချုပ်ခြင်းဖြစ်ပြီး စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သည် စီရင်စုအစိုးရကို အုပ်ချုပ်ခြင်း ဖြစ်ပေသည်။

စာစဉ်ပြီး၏

All Chapters