← Chapters

ငါ့ညီ‌နောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!_၆

Vol. 19 Ch. 253

ငါ့ညီ‌နောင်ကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ပါစေ အသတ်ခံရမယ်!_၆

Vol. 19 Ch. 253

အခြေအနေမှာ ထိုအတိုင်း မပြီးဆုံးနိုင်ပေ။

ကနဦး၌ ကိစ္စများကို တည်ငြိမ်‌သွားစေရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု‌တွင်မူ သူဖုန်းစားဂိုဏ်းနှင့် မပြီးဆုံးနိုင်သည့် တိုက်ပွဲကြီးအသွင်သို့ ပြောင်းလဲသွားလေပြီ။

ထိုသို့အတွေးများဖြင့် ဖန်းရှစ်ကျုံးသည် ကျားဖြူခန်းမအဖွဲ့သားများနှင့်အတူ ချီတက်လာခဲ့သည်။

ချန်ကျဲ့သည် ဖန်းရှစ်ကျုံးနှင့်အဖွဲ့သားများ ထွက်ခွာသွားသည့်မြင်ကွင်းကို နောက်ဘက်မှ ရပ်ကြည့်နေခဲ့သည်။ ကိစ္စများမှာ အရမ်းရှုပ်ထွေးလွန်းနေသည်ဟု သူအမြဲ ခံစားနေရ၏။

ချန်ကျဲ့သည် တွေးတောနေရင်း တန်းကွမ်းမင်၏ သွေးစွန်းပေနေသော အဝတ်များကိုကြည့်၍ ကျိုးချူအား ပြောသည်။

“အစ်ကို၄ရဲ့နေအိမ်ကို သွားပြီး သူ့အတွက် အဝတ်တစ်စုံ ရှာယူခဲ့ပေးပါ။ အစ်ကို၄က အမြဲ သန့်ရှင်းသပ်ရပ်အောင် နေတတ်တာ။ သေဆုံးသွားခဲ့ရင်တောင် သူ့ကို သန့်ရှင်းသပ်ရပ်နေအောင် ပြင်ဆင်ပေးသင့်တယ်”

ချန်ကျဲ့သည် တန်းကွမ်းမင်၏အိမ်သို့ အဝတ်အသစ်များ သွားယူရန် လူတစ်ယောက် စေလွှတ်လိုက်သည်။ ထို့နောက် တန်းကွမ်းမင်၏ ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများကို သေချာကြည့်ရှုသည်။

…

ဒဏ်ရာတွေက တကယ်တော့ အပေါ်ဘက်ကို တိမ်းပြီး ထိုးသွင်းထားတာပဲ။ ဒီရှုထောင့်က?

ကျိုးချူလည်း မူမမှန်မှုကို မြင်တွေ့သွား၏။

“လုပ်ကြံသူက မြက်တောထဲမှာ ပုန်းနေခဲ့ပြီး အစ်ကို၄ ဖြတ်သွားတဲ့အချိန်မှာ အပေါ်ဘက်ကို ‌ဓားနဲ့ထိုးခဲ့ပုံပဲ”

ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျဉ်းသွားပြီး စာရင်းစာအုပ်မှ အဝင်အထွက် တစ်ခုချင်းစီ အသေးစိတ်တို့ကို ရုတ်ချည်း ပြန်သွားကြည့်သည်။

စာရင်းစစ်ဖို့ ဆိပ်ကမ်းကို ဦးတည်သွားတယ်?

အလစ်တိုက်ခိုက်တယ်?

သံသတ္တုရိုင်း?

သံမဏိသူဖုန်းစားကျိုးဖန်းက ဓားရှည်အသုံးပြုရာမှာ ကျွမ်းကျင်တယ်။

အောက်ဘက်ကနေ တိုက်ခိုက်တယ်။

ဒီအမှုပုံစံက ဘယ်လောက်တောင် ရှုပ်ထွေးနေလိုက်သလဲ။

ချန်ကျဲ့မှာ တွေးတောလေလေ မျက်ခုံးနှစ်လွှာတို့ ပို၍တွန့်ချိုးလာရသည်။

ဒီကိစ္စက အပေါ်ယံမှာ မြင်ရသလောက် မရိုးရှင်းလောက်ဘူး။

ချန်ကျဲ့သည် ညအချိန်အထိ တွေးတောစဉ်းစားရင်း စောင့်နေခဲ့သည်။

အိမ်အတွက်မူ စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ လက်ရှိတွင် စူးယွင်ကျင်းသည် တတိယသခင်မလေးဟွား၏ တို့ဟူးဆိုင်တွင် လုံးဝ နေထိုင်လုနီးပါးပင်။ ရွေ့ရွေ့သည်လည်း တို့ဟူးပူတင်းကို အလွန်ကြိုက်နှစ်သက်၍ နေ့တိုင်း စားနေပေသည်။

ထို့ပြင် ဤတတိယသခင်မလေးဟွား၊ မရီးဖြစ်သူသည် အလွန်ကောင်းမွန်၏။ စူးယွင်ကျင်းမှ သိုင်းပညာလေ့ကျင့်နေသည်ကို သိသောအခါ လမ်းညွှန်ပေးမည်ဟုပင် ကမ်းလှမ်းလာပေးသည်။

ရွေ့ရွေ့သည်ပင် တတိယသခင်မလေးဟွားထံမှ သိုင်းပညာ စတင်သင်ယူနေခဲ့ကာ လက်သီးထိုးချက်များပင်လျှင် နည်းလမ်းမှန်ကန်နေပေပြီ။

သို့ဖြစ်ရာ ချန်ကျဲ့သည် အိမ်၏လုံခြုံရေးအတွက် မစိုးရိမ်ပါချေ။ အစောင့်အရှောက်ကြီး၁၃ဦးကဲ့သို့ ပုဂ္ဂိုလ်ကြီးတစ်ဦးမှ စူးယွင်ကျင်းနောက်သို့ လိုက်ခဲ့လျှင်သော်မှ တတိယသခင်မလေးဟွားမှ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။

သူ၏အစ်ကိုကြီးနှင့် မရီးတို့သည် အလွန်အ‌ကူအညီဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ချန်ကျဲ့၏ စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေးနိုင်၏။

ချန်ကျဲ့နှင့် ကျိုးချူသည် ဌာနချုပ်တွင် စောင့်ကြည့်နေရင်း စိတ်နှလုံးတို့မှာ စိုးရိမ်ပူပန်နေကြသည်။

ဒီလောက်ကြာနေပြီကို ဘာလို့ မွေးစားအဖေနဲ့ ညီနောင်တွေ ပြန်မလာကြသေးတာလဲ။

သူတို့နှစ်ဦးမှာ ညဉ့်နက်ချိန်အထိ စောင့်နေခဲ့ကြရပြီး ထို့နောက်တွင်တော့ အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ကြရသည်။

ချန်ကျဲ့နှင့် ကျိုးချူမှာ ထိတ်လန့်သွား၏။ ထို့နောက် ပြန်လာသည့် ငါးဖမ်းကုန်သည်အဖွဲ့သား အနည်းငယ်ကို တွေ့လိုက်ရသည်။

ရှေ့ဆုံးမှ မြင်းစီးလျက် ဦးဆောင်လာသူသည် ဖန်းရှစ်ကျုံးဖြစ်သည်။

ချန်ကျဲ့တို့နှစ်ဦး ချက်ချင်း အမြန်ပြေးထွက်၍ နှုတ်ဆက်သည်။ ဖန်းရှစ်ကျုံးအား နောက်မှ လိုက်ပါပို့ဆောင်သူများမှာ ချင်းယင်နှင့် တစ္ဆေလက်ကုချင်းဖုန်းတို့ ဖြစ်သည်။

ချန်ကျဲ့နှင့် ကျိုးချူတို့ အနားသို့‌ ရောက်သွားသောအခါ ပြန်သယ်လာခံရသည့် လူသုံးယောက်ကြောင့် ထိတ်လန့်ချောက်ချားသွားရ၏။

ဖုန်းရွှမ်၊ ကျန်းချွမ်၊ လုရုံ!

ထိုသုံးဦး အပြင်းအထန် ဒဏ်ရာရထားသည်ကို မြင်လိုက်ရသည်တွင် ချန်ကျဲ့နှင့် ကျိုးချူတို့မှာ အံ့ဩမင်သက်သွားတော့သည်။

ဘာတွေဖြစ်ခဲ့တာလဲ?

သူဖုန်းစားဂိုဏ်းနဲ့ သွားတိုက်တာ မဟုတ်ဘူးလား?

ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေနဲ့ ပြန်ရောက်လာရတာလဲ?

ချန်ကျဲ့တို့နှစ်ဦးစလုံး နားမလည်နိုင်ဖြစ်နေခဲ့ကြသည်။ ထိုစဉ် ချင်းယင်နှင့် ကုချင်းဖုန်းတို့သည် မြင်းများကို ရပ်တန့်စေပြီး ဖန်းရှစ်ကျုံးအား လက်သီးယှက်လျက် အရိုအသေပြုသည်။

“ခန်းမအရှင်သခင်ဖန်း ကျွန်တော်တို့ ဒီအထိပဲ ပို့ဆောင်ပေးခဲ့ပါတော့မယ်။ အရှင်သခင်ဖန်း ပြန်သွားပြီး သေချာလေး အနားယူကုသလိုက်ပါဦး။ အို ပြီးတော့ နှစ်ရက်အတွင်း နန်ရေကန်က တိုက်ပွဲကရော?”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“အင်း မစိုးရိမ်ပါနဲ့။ ကျားဖြူခန်းမက ကိုင်တွယ်နိုင်ပါတယ်!”

ထိုအခါ ချင်းယင်နှင့် ကုချင်းဖုန်းတို့နှစ်ဦးသည် ချန်ကျဲ့နှင့် ကျိုးချူကိုကြည့်လျက် ပြောသည်။

“ဒါဆိုလည်း ကောင်းပါပြီ။ ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့။ ကျုပ်တို့ သွားနှင့်လိုက်ပါဦးမယ်”

ထိုသို့ပြောလျက် ချင်းယင်နှင့် ကုချင်းဖုန်းတို့ ပြန်လည်ထွက်ခွာသွား၏။

ထိုအခါမှ ဖန်းရှစ်ကျုံးသည် လက်ဆန့်တန်းလာ၏။ ချန်ကျဲ့လည်း အမြန် ဖမ်းထိန်းလိုက်ရသည်။ မမျှော်လင့်စွာဖြင့် ဖန်းရှစ်ကျုံးသည် မြေပြင်သို့ ဆင်းပြီးသည်နှင့် ပါးစပ်အပြည့် သွေးတစ်ပွက်အန်ထွက်လာခဲ့သည်။

ထိုအခါ ချင်းယင်နှင့် ကုချင်းဖုန်းတို့ ပြန်လှည့်ကြည့်လာ၏။

ဖန်းရှစ်ကျုံးမှ ရုတ်ချည်း ပြောလာသည်။

“သူတို့ကို ငါ့ရဲ့အားနည်းနေတဲ့ပုံစံကို မမြင်စေနဲ့”

ချန်ကျဲ့လည်း သူ၏ခန္ဓာကိုယ်ဖြင့် ဖန်းရှစ်ကျုံးကို အမြန်ကာပေးလိုက်သည်။ ထို့နောက် စိုးရိမ်ပူပန်စွာဖြင့် မေးသည်။

“မွေးစားအဖေ ဘယ်လိုဖြစ်တာလဲ”

“အရင်ဆုံး မင်းရဲ့အစ်ကိုသုံးယောက်ကို အထဲသွင်းလိုက်။ ငါတို့ သူဖုန်းစားဂိုဏ်းရဲ့ အလစ်တိုက်မယ့်ထောင်ချောက်ထဲကို ကျသွားခဲ့တာ”

ထိုအခါ ချန်ကျဲ့သည် အစ်ကိုသုံးယောက်အတွက် စီစဉ်ပေးရန် ကျိုးချူကို ညွှန်ကြားလိုက်သည်။ ဖုန်းရွှမ်၊ ကျန်းချွမ်နှင့် လုရုံတို့သုံးဦးစလုံး ဒဏ်ရာအပြင်းအထန် ရထားကြ၏။

သူတို့သုံးဦးကို လူတစ်စုဖြင့် ကျားဖြူခန်းမထဲသို့ သယ်ယူရွှေ့ပြောင်းလိုက်ကြသည်။

ချန်ကျဲ့မှ အမိန့်ပေးသည်။

“ဦးလေးဖူနဲ့ လင်းယုန်အစောင့်အရှောက်၁၂ဦးကို သွားခေါ်ချည်။ ပြင်းအားမြင့်ဒူးလေး အလက်သုံးဆယ်ကိုလည်း အသင့်ပြင်ထားလိုက်။ ဒီနေ့ည ကျားဖြူခန်းမမှာ ဧည့်သည်လက်မခံဘူး။ ချဉ်းကပ်လာရဲတဲ့သူ ဘယ်သူဖြစ်ပါစေ သတ်ပစ်မယ်!”

“ဟုတ်ကဲ့!”

အဖွဲ့သားများသည် ချက်ချင်း သွားရောက်ပြင်ဆင်ကြ‌သည်။ ထိုစဉ် ချန်ကျဲ့သည် ဖန်းရှစ်ကျုံးကို အခန်းထဲသို့ အမြန် တွဲကူလိုက်ပို့သည်။

ဖန်းရှစ်ကျုံးမှ ပြောသည်။

“သွား၊ ငါ့ဗီရိုရဲ့ တတိယမြောက်အံဆွဲထဲမှာ ဒဏ်ရာကုသဆေးရှိတယ်။ အဲဒါကို ငါ့ဆီ ယူလာခဲ့”

“ဟုတ်ကဲ့”

ချန်ကျဲ့သည် ဒဏ်ရာကုသဆေးကို အမြန်သွားယူပေးသည်။

ဆေးယူလာပေးသည်နှင့် ဖန်းရှစ်ကျုံးသည် အမြန်ဆေးသောက်ကာ ချက်ချင်း စတင်၍ တရားထိုင်ကုသတော့သည်။

ချန်ကျဲ့သည် ကျားဖြူခန်းမ၏ ခုခံကာကွယ်ရေးပြင်ဆင်မှုများကို စစ်ဆေးရန် အပြင်ထွက်လာခဲ့ပြီး အစ်ကိုသုံးဦး၏ ဒဏ်ရာများကိုလည်း စစ်ဆေးကြည့်ခဲ့သည်။

သုံးဦးစလုံး ဒဏ်ရာပြင်းထန်၏။

ကျိုးချူမှ ပြောသည်။

“ဒဏ်ရာကုသဆေးသောက်ပြီးတော့ အကုန် အိပ်ပျော်နေကြပြီ”

ချန်ကျဲ့မှ ပြောသည်။

“တကယ်ပဲ ဘာတွေဖြစ်ခဲ့လို့ ဒီလောက်တောင် ဆိုးဆိုးရွားရွားဖြစ်လာရတာလဲ”

ချန်ကျဲ့နှင့် ကျိုးချူတို့နှစ်ဦးသည် အပြင်ဘက်တွင် စောင့်ကြပ်နေလိုက်သည်။ အချိန်အတော်ကြာပြီးနောက်မှ ဖန့်ဖူရောက်လာပြီး ပြော၏။

“ခန်းမအရှင်သခင်က မင်းတို့ကို တွေ့ချင်နေတယ်”

ထိုအခါ ချန်ကျဲ့နှင့် ကျိုးချူတို့သည် ဖန်းရှစ်ကျုံး၏အခန်းသို့ ချက်ချင်း ထွက်လာခဲ့ကြသည်။

ဖန်းရှစ်ကျုံးသည် ဖြူဖျော့နေကာ တစ်ဝက်တစ်ပြက် လဲလျောင်းနေသည့်အနေအထားအဖြစ် နောက်ကျောတွင် ခေါင်းအုံးခု၍ မှီနေသည်။

ချန်ကျဲ့နှင့် ကျိုးချူကို မြင်သောအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။

“မင်းတို့စဉ်းစားနေတာကို ငါသိတယ်။ ငါတို့ ထောင်ချောက်ထဲ ကျသွားခဲ့တာ”

ဖန်းရှစ်ကျုံးသည် အဖြစ်အပျက်များကို ပြန်ပြောပြသည်။ အဖြစ်အပျက်မှာ ဖန်းရှစ်ကျုံးမှ ငါးဖမ်းကုန်သည်အဖွဲ့သားများကို ဦးဆောင်၍ သူဖုန်းစားဂိုဏ်း၏ ဌာနချုပ်သို့ သွားခဲ့ရာ အထဲတွင် သူဖုန်းစားအနည်းငယ်သာ ရှိနေခဲ့သည်။ စစ်မေးကြည့်လိုက်သောအခါ သူဖုန်းစားအိုကြီးနှင့် အခြားသူများသည် နန်ရေကန်ရှိ ဆားထုတ်လုပ်ရေး‌ေနရာများကို စစ်ဆေးရန်သွားကြောင်း သိခဲ့ရသည်။

ဖန်းရှစ်ကျုံးလည်း နန်ရေကန်သို့ ချက်ချင်း ဦးတည်ထွက်ခွာခဲ့သည်။ သို့သော် လမ်းတွင် သူဖုန်းစားဂိုဏ်း၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

တိုက်ပွဲအလယ်တွင် ဖုန်းရွှမ်နှင့် ကျိုးဖန်းတို့သည် လက်ရည်တူနေခဲ့ကြပြီး ကျန်းချွမ်နှင့် လုရုံသည် ဖုန်းစန်းကို အသာစီးရနေကြသည်။

ထိုစဉ် သိုင်းသမားစိတ်ဓာတ်မရှိသော သူဖုန်းစားအိုကြီးသည် ချုံပုတ်တစ်ခုထဲမှ ရုတ်တရက် ပြေးထွက်လာပြီး လက်ဝါးတစ်ချက်ဖြင့် ကျန်းချွမ်နှင့် လုရုံတို့ကို ဒဏ်ရာရစေခဲ့သည်။ ဖုန်းရွှမ်သည်လည်း ကျိုးဖန်းနှင့် ဖုန်းစန်းတို့နှစ်ဦး၏ ကြားညပ်တိုက်ခိုက်မှုတွင် ဖိနှိပ်ခံခဲ့ရ၏။

ဖန်းရှစ်ကျုံးသည်လည်း သူဖုန်းစားအိုကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။

သူတို့နှစ်ဦးသည် အင်အားအရာတွင် လက်ရည်တူခဲ့ကြသော်ငြား ဤတိုက်ပွဲတွင် သူဖုန်းစားအိုကြီးမှာ သိသိသာသာ တိုးတက်လာခဲ့ကြောင်းကို ဖန်းရှစ်ကျုံး သိလိုက်ရ၏။ နောက်ဆုံးတွင်တော့ သူဖုန်းစားအိုကြီးသည် အသက်နုတ်သိုင်းကွက် ထုတ်သုံးခဲ့၏။

တိုက်ရိုက်ထိခတ်မှုတစ်ချက်တွင် သူဖုန်းစားအိုကြီးသည် ဖန်းရှစ်ကျုံးကို ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။

“အသက်နုတ်သိုင်းကွက်?”

ချန်ကျဲ့နှင့် ကျိုးချူတို့မှာ မည်သို့သော အသက်နုတ်သိုင်းကွက်မျိုးသည် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးအား တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန်ရစေနိုင်သနည်းဟု ဝေခွဲမရနိုင်ဘဲ ဖြစ်နေခဲ့သည်။

ထိုအခိုက်အတန့်လေးတွင် ဖန်းရှစ်ကျုံး၏ မျက်လုံးအစုံ၌ ကြောက်ရွံ့မှုအငွေ့အသက်များ ထင်ဟပ်သွားခဲ့၏။

“ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ဂိုဏ်းချုပ်ချောင်ရဲ့ ‘နဂါးနိုင်လက်ဝါးသိုင်း'ပဲ!”

“ဘာ!”

(ဂိုဏ်းချုပ်ချောင်/ရှောင် ဆိုတာက အများသိတဲ့ ချောင်ဖုန်း/ရှောင်ဖုန်းပါ။ မသိသေးသူများ “တိမ်လွှာနဂါးသူရဲကောင်းများ” ဒရာမာကို ကြည့်ကြပါ)

All Chapters