နတ်သိုင်းကျင့်စဉ် ထပ်မံရရှိခြင်း၊ သံမဏိအရိုးအဆင့်သို့ တက်လှမ်းခြင်း
Vol. 19 Ch. 254
“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်လား”
ထိုနာမည်ကို ကြားလိုက်ရသည်တွင် ချန်ကျဲ့ အံ့အားသင့်သွားရသည်။ အကြောင်းမှာ သူ၏အရင်ဘဝက သိုင်းဝတ္ထုများတွင် ဖတ်ခဲ့ဖူးသည့် နဂါးနိုင်လက်ဝါးသိုင်း၁၈ကွက်နှင့် အမည်ဆင်တူနေသောကြောင့် ဖြစ်သည်။
ဖန်းရှစ်ကျုံးမှ ခေါင်းညိတ်၏။
“အမှန်ပဲ။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်၊ ပြောကြတာတော့ အဲဒါက သူဖုန်းစားဂိုဏ်းရဲ့ အမြင့်ဆုံးသိုင်းပညာတဲ့။ ချန်စုန့်ခေတ်မှာ မျိုးရိုးနာမည်ချောင်နဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ရှိခဲ့တယ်။ အဲဒီသူက အစဉ်အလာအရ မျိုးရိုးစဉ်ဆက် ဆင်းသက်လာခဲ့တဲ့ နဂါးနိုင်လက်ဝါးသိုင်း၂၈ကွက်ကို ၁၈ကွက်အဖြစ် ရိုးရှင်းအောင် ပြောင်းလဲခဲ့ပြီး နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်လို့ နာမည်ပြောင်းပေးခဲ့တယ်”
“နောက်ပိုင်း မျိုးဆက်ပေါင်းများစွာအထိ ဆင်းသက်လာပြီးတဲ့နောက်မှာ မျိုးရိုးနာမည်ဟုန်နဲ့ ဂိုဏ်းခေါင်းဆောင်ဆီ ရောက်ရှိခဲ့ပြီး ဂိုဏ်းခေါင်းဆောင်ဟုန်က တိုးတက်မှုများစွာကို ဖြစ်ပေါ်စေခဲ့တယ်။ သူက လက်ဝါးသိုင်းနဲ့ အဲဒီခေတ်အခါက အကျော်အမော်ပုဂ္ဂိုလ်ကြီး၅ထဲက တစ်ဦးဖြစ်နိုင်ခဲ့ပြီး သူဖုန်းစားဂိုဏ်းကို လောကနံပါတ်တစ်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာစေခဲ့တယ်”
(ဟုန်ချီကုန်းကို ပြောတာပါ။ “မက်မွန်မြေမှချစ်တေးတစ်ပုဒ်”ကို ကြည့်ပါလေ)
“နောက်ပိုင်းတော့ အဲဒီသိုင်းကို ဖြောင့်မတ်မှန်ကန်တဲ့သူရဲကောင်း ကောကျူးရှက အမွေဆက်ခံခဲ့တယ်။ ကောကျူးရှနဲ့ သူ့မိသားစု ရှန်းယန်မြို့မှာ အသတ်ခံရပြီးတဲ့နောက်မှာ ဒီလက်ဝါးသိုင်းကို သူဖုန်းစားဂိုဏ်းအတွင်းမှာပဲ အမွေဆက်ခံခွင့်ပေးတော့တယ်။ မုလန်လူမျိုးတွေ နယ်စပ်ကို ကျူးကျော်လာတော့ သူဖုန်းစားဂိုဏ်းက ရက်ရက်စက်စက် ဖိနှိပ်မှုတွေကို ခံစားခဲ့ရတယ်။ တိုက်ပွဲထဲမှာ ဖြောင့်မတ်တဲ့သူရဲကောင်းတွေ အများကြီး သေဆုံးခဲ့ရတယ်”
(ကောကျင့်ရဲ့ မျိုးဆက်တွေပါ။ အခုတော့ အကုန်သေကုန်ပါပြီ။ ခုလက်ရှိခေတ်က “နဂါးနိုင်ဓားနှင့် တိမ်လွှာဓား”ခေတ်ဖြစ်လို့ ဝူတန်၊ ကျန်းစန်ဖုန်း၊ စုန့်ချင်းစူး၊ ကျန်းဝူကျိ၊ ကျိုးကျစ်လော့၊ ကျောက်မိန်နဲ့ မိန်ဂိုဏ်းတို့ရဲ့ ခေတ်ပါ။ လက်ရှိမှာ မိန်ဂိုဏ်းက နေရာအနှံ့မှာ ပုန်ကန်နေပါတယ်။ သိုင်းလောကစိန်ခေါ်သံ လင်းဟူချုန်းတို့ခေတ်ကိုတော့ မရောက်သေးပါဘူး။)
“သေရမှာကြောက်တဲ့ လူအနည်းငယ်ပဲ ကျန်ရစ်ခဲ့ပြီး အဲဒီအချိန်ကစလို့ သူဖုန်းစားဂိုဏ်းက လောကနံပါတ်တစ်ဂိုဏ်း မဟုတ်တော့ဘူး။ လုံးဝ ပျက်စီးလုနီးပါးအထိ ပြိုကွဲပျက်စီးသွားခဲ့တယ်။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကလည်း ကွယ်ပျောက်လုနီးပါး ဖြစ်သွားတယ်”
…
“ဒါပေမဲ့ သူဖုန်းစားဂိုဏ်းထဲမှာ အထူးတလည် ပုံတူကူးယူထားတာ ရှိလိမ့်မယ်။ ပြောကြတာတော့ သူဖုန်းစားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရှီက လက်ဝါးသိုင်း၁၂ကွက်ကို သင်ယူနိုင်ခဲ့ပြီး ဒီခေတ်ရဲ့ ပထမတန်းစားသိုင်းပညာရှင်ကြီးလို့ သတ်မှတ်လို့ရတယ်တဲ့”
“ငါတို့က မျန့်ရွှေစီရင်စုရဲ့ သူဖုန်းစားအိုကြီးကလည်း အဲဒီလို နတ်သိုင်းပညာကို သင်ယူထားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ရုံပဲ”
ထိုအခါ ကျိုးချူသည် တံတွေးမျိုချလိုက်ပြီး မေးသည်။
“အဲဒီသူဖုန်းစားအိုကြီးကရော အဲဒီလက်ဝါးသိုင်းကို ဘယ်နှကွက်သင်ယူထားပြီးပြီလဲ”
ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။
“ဘယ်နှကွက်လဲတဲ့လား။ တစ်ကွက်တည်းပဲ!”
“တစ်ကွက်တည်းလား”
ထိုအခါ ကျိုးချူမှ အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။ ဖန်းရှစ်ကျုံးမှ ပြောသည်။
“တစ်ကွက်တည်းနဲ့တင် လုံလောက်တယ်”
ထိုသို့ပြောပြရင်း ဖန်းရှစ်ကျုံးသည် သူ၏ ယုံကြည်မှုအလုံးစံကို ပြိုကွဲပျက်စီးစေခဲ့သည့် ကမ္ဘာဖျက်ဆီးလက်ဝါးသိုင်းကွက်ကို ပြန်ပြောင်းတွေးတောနေခဲ့သည်။
ထိုသိုင်းတစ်ကွက်သည် သူ့အား လောကတစ်ခွင် ပြိုင်ဘက်ကင်းကျော်ကြားသည့် သိုင်းပညာဟူသည် အဘယ်ဖြစ်သည်ကို ပြသပေးခဲ့သည်။
သူဖုန်းစားအိုကြီး၏ ဤလက်ဝါးသိုင်းအပေါ် သင်ယူတတ်မြောက်မှုသည် အောင်မြင်မှုငယ်အဆင့်သာ ရှိသေးသည့်တိုင် ဤလက်ဝါးသိုင်းအရ အစောင့်အရှောက်ကြီး၁၃ဦးအတွင်း အဆင့်တစ်ဖြစ်သည့် နန်ပါးထျန်းပင်လျှင် သူဖုန်းစားအိုကြီး၏ ပြိုင်ဘက်မဟုတ်နိုင်လောက်ဟု ဖန်းရှစ်ကျုံး ခံစားမိသည်။
ကြည့်ရသည်မှာ မျန့်ရွှေစီရင်စု၏ နံပါတ်တစ်အဆင့်ဂုဏ်ပုဒ်သည် ပိုင်ရှင်ပြောင်းလဲတော့မည်ထင်၏။
ဖန်းရှစ်ကျုံး၏ အကျဉ်းချုံးဖော်ပြချက်ကို နားထောင်ပြီးနောက် ဤနဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သည် ‘တောင်ပိုင်းမှာ မုရုံ၊ မြောက်ပိုင်းမှာ ချောင်ဖုန်း’ဟု အမည်ကျော်ကြားသည် ပေချောင်ဖုန်း (မြောက်ပိုင်းချောင်ဖုန်း)မှ ဖန်တီးခဲ့သည့် မိုးနဂါးလက်ဝါးသိုင်းကွက်၂၈ကွက်မှ ၁၈ကွက်သို့ ရွှီကျူးညီနောင်နှင့်အတူ ပြုပြင်မွမ်းမံထားခြင်းဖြစ်သော ဒဏ္ဍာရီလာ နဂါးနိုင်လက်ဝါးသိုင်း၁၈ကွက်ဖြစ်ကြောင်း ချန်ကျဲ့ အတည်ပြုနိုင်ခဲ့သည်။
ဤကမ္ဘာ၌ လောကသူရဲကောင်း ချောင်ဖုန်းမှ သိုင်းကွက်၁၈ကွက်အဖြစ် ပြုပြင်မွမ်းမံထားသည့် လက်ဝါးသိုင်းကို “နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်”အဖြစ် အမည်ပြောင်းလဲထားခြင်းသာ ဖြစ်ပေသည်။
ဤသည်မှာ လုံးဝ မျှော်လင့်မထားသည့် ရှာဖွေတွေ့ရှိမှုကြီးဖြစ်သော်ငြား စဉ်းစားကြည့်လိုက်ပါက ချန်ကျဲ့ အနည်းငယ် နားလည်နိုင်ပါသည်။ အရင်ကမ္ဘာတွင် သူဖုန်းစားဂိုဏ်း၏ အထွတ်အထိပ်သော သိုင်းပညာနှစ်ခုဖြစ်သည့်– စံထားလောက်သော ခွေးရိုက်တုတ်သိုင်းနှင့် နဂါးနိုင်လက်ဝါးသိုင်း၂၈ကွက် ရှိသကဲ့သို့် ဤကမ္ဘာတွင် ဘိုးဘေးကြီးလက်ဝါးသိုင်းနှင့် နဂါးနိုင်လက်ဝါးသိုင်း၁၈ကွက်ဟူ၍ တည်ရှိလေသည်။
ချောင်ဖုန်းမှ နဂါးနိုင်လက်ဝါးသိုင်း၂၈ကွက်ကို ပြုပြင်မွမ်းမံနေစဉ် ရှောင်လင်၏နဂါးဖမ်းချုပ်သိုင်းမှ သိုင်းကွက်အနည်းငယ်ကို ကိုးကားခဲ့လောက်သည်။ သို့ဖြင့် ပေါင်းစည်းကာ လက်ရှိ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက် ဖြစ်တည်လာခြင်း ဖြစ်နိုင်ကောင်း၏။
ယခု၌ ဤလက်ဝါးသိုင်းသည် မျန့်ရွှေစီရင်စု၏ အခြေအနေကို သိသိသာသာပြောင်းလဲသွားစေခဲ့သည်။
သူဖုန်းစားအိုကြီးကို မျန့်ရွှေစီရင်စုတွင် နံပါတ်တစ်သိုင်းပညာရှင်အဖြစ် ရောက်ရှိသွားစေနိုင်ပြီး အခြားသူများအနေဖြင့် သက်သောင့်သက်သာ မိမိ၏နေရာကို လက်ခံနိုင်၏၊ လက်မခံနိုင်၏ကိုလည်း မည်သူမျှ အတပ်မပြောနိုင်ပေ။
…
ထိုစဉ် မျန့်ရွှေစီရင်စု ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၌
“ဘာ!”
နန်ပါးထျန်း ထိုင်ခုံမှ ထရပ်လိုက်သည်။ သူ၏မျက်နှာမှာ အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေလျက် ချင်းယင်ကို ပြော၏။
“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်!”
“ခေါင်းဆောင် တကယ့်ကို နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက် အမှန်ပါပဲ။ ဖန်းရှစ်ကျုံးလည်း လက်ဝါးရိုက်ချက်တစ်ချက်မှာ သွေးအန်တဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ ခေါင်းဆောင်သာ ကျွန်တော်တို့ကို မြို့ပြင်အထိလိုက်ပြီး စောင့်မကြည့်ခိုင်းခဲ့ရင် ဖန်းရှစ်ကျုံးက ဒီနေ့ သူဖုန်းစားအိုကြီးရဲ့လက်ထဲမှာ သေသွားခဲ့လောက်ပါပြီ”
“ခေါင်းဆောင် အဲဒီဖန်းရှစ်ကျုံးကို ဘာလို့ကယ်တင်ပေးရလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး”
ထိုအခါ နန်ပါးထျန်းမှ ပြောသည်။
“ဟက် ငါတို့သူ့ကို မကယ်ရင် ချောင်ကုန်သည်အဖွဲ့က ကယ်သွားမှာပေါ့။ ငါတို့က ဘာကိစ္စ ချောင်ကုန်သည်အဖွဲ့ကို နာမည်ကောင်းအယူခံရမှာလဲ”
“ပြီးတော့ ငါ့အစ်ကိုက အဲဒီလောက်ထိ သတ်ဖို့မလွယ်ဘူး”
ပြောနေရင်း နန်ပါးထျန်း၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားသည်။
“ဒါပေမဲ့ ဒီနဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကတော့!”
ထိုသိုင်းပညာမှာ ထင်ရှားကျော်ကြားသည့်အလျောက် နန်ပါးထျန်းသည်လည်း အံ့ဩထိတ်လန့်သွားခဲ့သည်။ အရင်တစ်ချိန်က သူဖုန်းစားဂိုဏ်းမှ လောကနံပါတ်တစ်ဂိုဏ်းအဖြစ် ရပ်တည်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကြောင့် ဖြစ်သည်။ သူတို့ကျင့်ကြံနေသည့် သိုင်းပညာများသည် ထိုသို့ပြိုင်ဘက်ကင်းသိုင်းပညာနှင့် နှိုင်းယှဉ်လိုက်သော် ဂျင်ဆင်းနှင့် မုန်လာဥကို နှိုင်းယှဉ်နေသကဲ့သို့ ဖြေချေရော့မည်– သေးငယ်သည့် ကွာခြားမှုလေး မဟုတ်နေပေ။
နန်ပါးထျန်း၏ ထိုသို့အခြေအနေကို မြင်သောအခါ ဘေးတွင်ရပ်နေသည့် ထန်ဇီယွဲ့မှ ပြုံးလိုက်ပြီး ပြောသည်။
“ခေါင်းဆောင် သူဖုန်းစားအိုကြီးရဲ့ အဲဒီအင်အားကြီးသိုင်းပညာကြောင့် အိပ်မပျော်နိုင်မှာက ကျွန်တော်တို့ချည်းပဲ မဟုတ်နိုင်ပါဘူး။ ဒီကိစ္စက သေချာပေါက် အဆိုးချည်းပဲတော့ မဖြစ်နိုင်ပါဘူး”
“ဘာအဓိပ္ပာယ်လဲ”
နန်ပါးထျန်း ထန်ဇီယွဲ့ကို ကြည့်လိုက်သည်။
ထန်ဇီယွဲ့မှ ဆက်ပြော၏။
“ဒီတိုက်ပွဲမှာ ကျားဖြူခန်းမက ထိခိုက်ဆုံးရှုံးမှု များပြားခဲ့တယ်။ မွေးစားသားလေးယောက်မှာ သုံးယောက်ဒဏ်ရာရပြီး တစ်ယောက်သေဆုံးခဲ့တယ်။ ကျားဖြူခန်းမက အရမ်းအားနည်းသွားပြီ”
“ပြီးတော့ ဖန်းရှစ်ကျုံးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ ဖန်းရှစ်ကျုံးအနေနဲ့ ပြန်သက်သာလာဖို့ လွယ်ကူမှာမဟုတ်ဘူး။ အဲဒါက ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့ အတွင်းခန်းမအတွက် သတင်းကောင်းပဲလေ”
“ပြီးတော့လည်း နှစ်ရက်အတွင်းမှာ ကျားဖြူခန်းမနဲ့ သူဖုန်းစားဂိုဏ်းတို့ နန်ရေကန်မှာ တိုက်ခိုက်ကြလိမ့်ဦးမယ်။ ကျွန်တော်တို့အနေနဲ့ ဒီအခြေအနေကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် သေချာပေါက် အများကြီး အကျိုးရှိလိမ့်မယ်”
ထန်ဇီယွဲ့သည် လက်ထဲရှိ ယပ်တောင်ကို တဖျပ်ဖျပ်ခတ်ရင်း ပြောသည်။
ထိုအခါ နန်ပါးထျန်းသည် မျက်လုံးအိမ်တို့မှေးကျုံးသွား၏။
“မင်းထောက်ပြသွားတာ ကောင်းပါတယ်။ ငါလည်း အဲဒီနာမည်ကျော်ဇောတဲ့ ဒဏ္ဍာရီလာ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ဆိုတာကို မြင်တွေ့ခွင့်ရကောင်း ရနိုင်လိမ့်မယ်!”
ဟားဟားဟား…
နန်ပါးထျန်းနှင့် ထန်ဇီယွဲ့တို့နှစ်ဦး အားရပါးရ ရယ်မောလိုက်သည်။ ထိုစဉ် ချင်းယင်သည်တော့ မျက်မှောင်ကြုတ်နေခဲ့၏။ ထိုနှစ်ဦး ရယ်မောနေရသည့်အကြောင်းအရင်းကို နားမလည်နိုင်သော်ငြား နောက်ဆုံးတွင်တော့ သူပါ လိုက်ပါရယ်မောလိုက်တော့သည်။
…
ချောင်ကုန်သည်အဖွဲ့၌
“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်!”
ခေါင်းဆောင်လျိုသည် ကုချင်းဖုန်းကို အံ့အားသင့်စွာဖြင့် ကြည့်နေခဲ့သည်။ များသောအားဖြင့် မတုန်မလှုပ်သော ပိုင်မော့ရှန်းပင်လျှင် အံ့ဩထိတ်လန့်သည့်အမူအရာ ဖြစ်တည်နေပေသည်။
သူတို့အားလုံးသည် သိုင်းလောကသားများဖြစ်ကြရာ ထိုသို့ လောကတစ်ခွင် ထင်ရှားကျော်ကြားခဲ့သော ဒဏ္ဍာရီလာသိုင်းပညာများကို မကြားဖူးသူ ဘယ်လောက်များ ရှိနိုင်ပါမည်နည်း။
နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သည် ခေတ်တစ်ခေတ်၏ အင်အားအကြီးမားဆုံးသော လက်ဝါးသိုင်းတစ်ခုအဖြစ် ကျော်ကြားခဲ့ပြီး ၎င်း၏ အင်အားကြီးသန်မာမှုနှင့် တိကျပြတ်သားမှုတို့ကြောင့် အထူးကျော်ကြားခဲ့သည်။ ၎င်း၏ ပြင်ပစွမ်းရည်များမှာ တုနှိုင်းမမီနိုင်ပေ။
အဲဒီလိုနတ်သိုင်းကျင့်စဉ်မျိုးက ဒီလိုသေးငယ်တဲ့ မျန့်ရွှေစီရင်စုလေးမှာ ပေါ်ထွက်လာမယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။
ကြည့်ရတာ မျန့်ရွှေစီရင်စုဆီကို ပြောင်းလဲမှုအရွေ့တစ်ခု ဦးတည်လာနေပြီပဲ!
ပိုင်မော့ရှန်း သက်ပြင်းချလိုက်သည်။ ထို့နောက် ကုချင်းဖုန်းသို့ လှည့်ကြည့်၍ မေးမြန်း၏။
“အဲဒီသူဖုန်းစားအိုကြီးက လက်ဝါးသိုင်းကွက် ဘယ်နှကွက် သင်ယူတတ်မြောက်ပြီးပြီလဲ”