← Chapters

နတ်သိုင်းကျင့်စဉ် ထပ်မံရရှိခြင်း၊ သံမဏိအရိုးအဆင့်သို့ တက်လှမ်းခြင်း_၂

Vol. 19 Ch. 255

နတ်သိုင်းကျင့်စဉ် ထပ်မံရရှိခြင်း၊ သံမဏိအရိုးအဆင့်သို့ တက်လှမ်းခြင်း_၂

Vol. 19 Ch. 255

ကုချင်းဖုန်းမှ ပြောသည်။

“ဖန်းရှစ်ကျုံးပြောပုံအရဆို သိုင်းကွက်တစ်ကွက်ပဲ ဖြစ်လောက်တယ်။ သိုင်းကွက်က ပင်လယ်‌ပြင်ကနေ ထိုးတက်ထွက်ပေါ်လာတဲ့ မိုးပြာရောင်နဂါးက ကောင်းကင်နဲ့မြေပြင်ကြား တိုက်ပွဲဝင်နေသလိုမျိုး ကြမ်းကြုတ်ပြီး စွမ်းအားကြီးမားတယ်။ သိုင်းကွက်ထုတ်လွှတ်လိုက်တဲ့ အချိန်မှာ နဂါး‌ဟစ်ကြွေးသံဖျော့ဖျော့တောင် ထွက်ပေါ်နေခဲ့သလိုပါပဲ”

ပိုင်မော့ရှန်းမှ ပြောသည်။

“မင်းပြောသလိုဆိုရင်တော့ သိုင်းလောကဖြစ်ရပ်စုံမှတ်တမ်းမှာ

နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ရဲ့ တတိယမြောက်သိုင်းကွက်လို့ မှတ်တမ်းတင်ထားတဲ့ ‘ရွှေနဂါးမင်း လယ်ကွင်းဆင်း'ဖြစ်လောက်မယ် ထင်ရတယ်”

“ရွှေနဂါးမင်း လယ်ကွင်းဆင်းသိုင်းကွက်ရဲ့ စွမ်းအင်က အဝါကျင့်ကျင့်နဲ့ မှောင်မိုက်တယ်၊ ကျယ်ပြောသလို အနားသတ်ပိတ်ပြီး အလွန်အားပြင်းတယ်!”

ပိုင်မော့ရှန်းသည် တစ်ဆက်တည်း စာပေများထဲမှ ထိုသိုင်းကွက်အကြောင်း ဖော်ပြချက်တို့ကို ပြောပြသည်။

ထိုအချိန်၌ ခေါင်းဆောင်လျို၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်နေခဲ့သည်။

“သူဖုန်းစားဂိုဏ်းက ခုတလော အရမ်းထောင်လွှားပြီး ငါးဖမ်းကုန်သည်အဖွဲ့ကို အကြိမ်ကြိမ်အခါခါ ‌ထိပါးနေတာ မထူးဆန်းတော့ပါဘူး။ လက်စသတ်တော့ သူတို့က နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ထဲက တစ်ကွက်ကို သင်ယူတတ်မြောက်ထားတာပဲ”

“ဖြစ်နိုင်တာတော့ သူတို့ မကြာသေးခင်က‌ မြောက်ပိုင်းက သူဖုန်းစားဂိုဏ်းဌာနချုပ်ကို သွားခဲ့တုန်းက သိုင်းပညာကို အမွေဆက်ခံခဲ့ရပုံပဲ”

…

ထိုအခါ ပိုင်မော့ရှန်းမှ ပြောသည်။

“ခေါင်းဆောင် သူဖုန်းစားဂိုဏ်းက ဒီတစ်ကြိမ် ကျားဖြူခန်းမကို ထိခိုက်စေခဲ့တာက သူတို့ရဲ့အင်အားအာဏာကို တည်ဆောက်ဖို့အတွက်ဖြစ်သလို ကျွန်တော်တို့ကို စမ်းသပ်တာလည်း ဟုတ်တယ်။ ကျွန်တော်တို့ ဘာမှမတုံ့ပြန်ရင် သူဖုန်းစားဂိုဏ်းက သေချာပေါက် ဩဇာလွှမ်းမိုးဖို့ ကြိုးစားလိမ့်မယ်”

“ဩဇာလွှမ်းမိုးမယ်? ဟားဟား မျန့်ရွှေစီရင်စုက တတိယမြောက်ကုန်သည်အဖွဲ့တစ်ခုကို ခွဲဝေချုပ်ကိုင်ခွင့်ပေးဖို့ရာ အရမ်းသေးငယ်လွန်းပါတယ်”

“ခေါင်းဆောင်မှာ ဘယ်လိုအကြံရှိလဲ”

ပိုင်မော့ရှန်းသည် ခေါင်းဆောင်လျိုကို ကြည့်နေသည်။ ခေါင်းဆောင်လျိုမှ ပြော၏။

“အလျင်မလိုပါဘူး။ နောက်နှစ်ရက်မှာ နန်ရေကန်တိုက်ပွဲအခြေအနေကို စောင့်ကြည့်ကြတာပေါ့”

ထိုအခါ ပိုင်မော့ရှန်းသည် အချိန်ခဏမျှ စဉ်းစားနေလိုက်ကာ ပြန်ပြောသည်။

“ကောင်းပါပြီ”

…

သူဖုန်းစားဂိုဏ်း

“ဟားဟားဟား… ပျော်ဖို့ကောင်းတယ် အရမ်းပျော်ဖို့ကောင်းတယ်!”

အစည်းအဝေးခန်းမ၌ ရွှေဓားဖုန်းစန်းသည် ခွက်ထိုးခွက်လှန် ရယ်မောနေခဲ့သည်။ ကျားဖြူခန်းမ၏လူတစ်စုကို လုံးဝ သတိလက်လွတ်ဖြစ်စေနိုင်ခဲ့သည့် ဒီနေ့အောင်ပွဲသည် သူ၏စိတ်ခွန်အားကို အတော်မြင့်တက်စေခဲ့၏။

အထူးသဖြင့် သူဖုန်းစားအိုကြီးဖြစ်သည်။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်၏ သိုင်းကွက်တစ်ချက်သည် လူအိုကြီးဖန်းကို လွင့်ထွက်သွားကာ သွေးအန်ထွက်စေခဲ့သည်မှာ တကယ့်ကို စိတ်ကျေနပ်ဖွယ်ကောင်းလှပေသည်။

အစောင့်အရှောက်ကြီး၁၃ဦးဆိုတော့ရော ဘာအသုံးကျသလဲ၊ နောက်ဆုံးတော့လည်း ဘာမဟုတ်တဲ့ကောင်တွေပဲ မဟုတ်လား။

လမ်းခုလတ်မှာ အရှုပ်ထုပ်ကောင်နှစ်ကောင်ပေါ်လာတာပဲ တကယ်နှမြောဖို့ကောင်းတာ။

ချင်းယင်၊ ကုချင်းဖုန်း။

တကယ်တမ်းတွင် ဖုန်းစန်း၏အမြင်၌မူ ထိုနှစ်ဦးသည်လည်း သူဖုန်းစားအိုကြီး၏ ပြိုက်ဘက်မဖြစ်နိုင်ပေ။

ဘာလို့ အဲဒီနှစ်ကောင်ကိုပါ အတူသတ်မပစ်လိုက်လဲပဲ။

ဖုန်းစန်းမှာ ‌တွေးတောနေရင်း သံသယကို ထုတ်ဖော်မိရသည်။

ထိုစဉ် သူဖုန်းစားအိုကြီးသည် သူ၏ အနည်းငယ်တုန်ယင်နေဆဲဖြစ်သော လက်တစ်ဖက်ကို ဆန့်တန်းလာ၏။

ကျိုးဖန်းသည် ရုတ်ချည်း လက်ဖက်ရည်တစ်ခွက် ‌ယူပေးလိုက်ကာ မေးမြန်းသည်။

“ခေါင်းဆောင်ကြီး ဒါက..?”

သူဖုန်းစားအိုကြီးမှ ပြန်ပြောသည်။

“သံမဏိလက်ဝါးဖန်းရှစ်ကျုံးဆိုတာက တကယ့်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်။ သူဖုန်းစားဂိုဏ်းရဲ့ အထွတ်အထိပ်သိုင်းပညာ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်နဲ့ ထိပ်တိုက်တွေ့တဲ့အချိန်မှာတောင် အပြစ်အနာအဆာမရှိဘဲ စွမ်းအားထုတ်လွှတ်လာသေးတယ်”

“သံမဏိလက်ဝါး ဖန်းရှစ်ကျုံး”

၎င်းသည် ဖန်းရှစ်ကျုံး၏ သိုင်းလောကဂုဏ်ပုဒ်ဖြစ်ပြီး တံငါသည် ဖန်းရှစ်ကျုံးဟူသည် အစောင့်အရှောက်ကြီး၁၃ဦးအဖြစ် ဂုဏ်ပုဒ်ဖြစ်သည်။ ၎င်းဂုဏ်ပုဒ်သည်တော့ သူတို့၏ ယခင်အလုပ်အကိုင်များအပေါ် မူတည်၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။

သို့ဖြင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ သိုင်းလောကမှာ သူ၏ မူလအမည်ဂုဏ်ပုဒ်ဖြစ်သော “သံမဏိလက်ဝါး ဖန်းရှစ်ကျုံး”ကို မေ့လျော့လာခဲ့တော့သည်။

သို့သော် ယနေ့တိုက်ပွဲ၌ သူဖုန်းစားအိုကြီးသည် ဖန်းရှစ်ကျုံးကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရစေခဲ့သည့်တိုင် ဖန်းရှစ်ကျုံး၏ သံမဏိလက်ဝါးသည် သူဖုန်းစားအိုကြီးကို သိသိသာသာ ပြန်လည်တွန်းကန်စေခဲ့သည်။

ဖန်းရှစ်ကျုံးက တကယ့်ကို အစောင့်အရှောက်ကြီး၁၃ဦးထဲမှာ တစ်မူထူးခြားတဲ့စွမ်းအားမျိုးနဲ့ အတွေ့အကြုံရင့်သန်တဲ့သူပဲ။

ထို့ကြောင့်ပင် သူဖုန်းစားအိုကြီးသည် ချင်းယင်နှင့် ကုချင်းဖုန်းတို့ ရောက်လာခဲ့သည်တွင် ယာယီပြန်ဆုတ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကဲ့သို့ နတ်ကျင့်စဉ်မျိုးကို သင်ယူတတ်မြောက်ထားပြီးသည့်တိုင် အစောင့်‌အရှောက်ကြီး၁၃ဦးကို တစ်ဦးတည်းရင်ဆိုင်ရဲသည်ဟု သူ မပြောဝံ့ပါချေ။

သူ၏ အထုံပါရမီသည် တကယ်တမ်းတွင် ထိုမျှ မမြင့်မားပါချေ။ လက်ဝါးသိုင်းကွက်တစ်ကွက်တည်းကို သင်ယူရန်အတွက်ပင် နှစ်ဝက်ကျော်ခန့် အချိန်ယူခဲ့ရသည်။ အကြီးအကဲများ၏ သင်ကြားပို့ချပေးမှုနှင့် ကိုယ်တိုင်၏ သဘောပေါက်နားလည်မှုတို့ဖြင့် အောင်မြင်မှုငယ်အဆင့်သို့ ခက်ခက်ခဲခဲ တက်လှမ်းနိုင်ခဲ့ရသည်။

သို့မှသာ သူဖုန်းစားအိုကြီးသည် မျန့်ရွှေစီရင်စုကို လွှမ်းမိုးရန် ကြိုးစားဝံ့ပေသည်။

လက်ရှိတွင် သူဖုန်းစားအိုကြီးသည် အစောင့်အရှောက်ကြီး၁၃ဦးထက် သာလွန်သည်ဟု ယုံကြည်ချက်ရှိသည့်တိုင်– အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် ပထမအဆင့်ဖြစ်သော နန်ပါးထျန်းသည်လည်း– သူ့ကို ရှုံးနိမ့်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။

လက်ဝါးသိုင်း၏ အင်အားကြီးမားမှုတစ်ခုတည်းအပေါ် မှီခို၍ အနိုင်ရယူကောင်း ယူနိုင်လိမ့်မည်။

သို့သော် သူသည် မျန့်ရွှေစီရင်စုတစ်ခုလုံးကို လက်တစ်ဖက်တည်းဖြင့် လွှမ်းမိုးနိုင်လောက်သည်အထိ လုံလောက်သည့် သန်မာမှုမျိုး မရှိသေးပေ။

ဒီနေ့သည် ငါးဖမ်းကုန်သည်အဖွဲ့၏ ပထမခန်းမ၏ ခန်းမအရှင်သခင် ဖန်းရှစ်ကျုံးကို အပြင်းအထန်ဒဏ်ရာရစေခဲ့ခြင်းကြောင့် ကောင်းမွန်သည့်စတင်မှု ဖြစ်ပါ၏။ ၎င်းမှာ ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးကို ခပ်ပြင်းပြင်းတစ်ချက် ရိုက်နှက်လိုက်သည့်အလားပင်။ မျန့်ရွှေစီရင်စု၌ ဩဇာလွှမ်းမိုးနိုင်ရန်အတွက် တစ်ပါးသူကို ‌ဆွဲချပြီး အမြင့်သို့ တက်လှမ်းရပေမည်။

ထိုသို့တွေးတောလျက် သူဖုန်းစားအိုကြီးမှ ပြောသည်။

“ကျိုးဖန်း”

“ငယ်သား ရှိပါတယ်”

ကျိုးဖန်းသည် ရုတ်ချည်း အရိုအသေပြုတုံ့ပြန်ကာ သူဖုန်းစားအိုကြီး၏ ညွှန်ကြားချက်ကို စောင့်‌ဆိုင်းနေခဲ့သည်။

“ငါ့ရဲ့ လက်ရေးစာတစ်စောင်နဲ့အတူ လက်ဆောင်ပဏ္ဍာများများ သယ်သွားပြီး ချောင်ကုန်သည်အဖွဲ့ ခေါင်းဆောင်လျိုကို ကိုယ်တိုင် သွားပေးပို့ချည်။ ငါက သူနဲ့အတူလက်တွဲပြီး ငါးဖမ်းကုန်သည်အဖွဲ့ကို ဖြုတ်ချဖို့ စိတ်ဝင်စားတယ်လို့ ပြောလိုက်ပါ။ ငါးဖမ်းကုန်သည်အဖွဲ့ ကျဆုံးသွားတာနဲ့ ငါတို့သူဖုန်းစားဂိုဏ်းက ချောင်ကုန်သည်အဖွဲ့ကို အထက်က ဦးစီးသူအဖြစ် ဆက်ဆံမယ်။ အဲဒါဆို ချောင်ကုန်သည်အဖွဲ့က မျန့်ရွှေစီရင်စုမှာ နံပါတ်တစ်အဖွဲ့အစည်း ဖြစ်လာနိုင်လိမ့်မယ်လို့ ပြောလိုက်ပါ”

ထိုအခါ ကျိုးဖန်းသည် သူဖုန်းစားအိုကြီး၏ ရည်ရွယ်ချက်ကို ရုတ်ချည်း နားလည်လိုက်သည်။ သို့ဖြင့် ပြန်ပြောသည်။

“ဒီငယ်သား ချက်ချင်း လုပ်ဆောင်လိုက်ပါမယ်”

ဘေးတွင်ရပ်နေသည့် ဖုန်းစန်းမှ ပြောလာ၏။

“ခေါင်းဆောင်ကြီး ဒါက ဘာလုပ်နေတာလဲ။ အဲဒီလျိုလောင်ကွေ့ လုပ်နိုင်တဲ့အရာဆို ကျွန်တော်တို့ မလုပ်နိုင်တာ ဘာများရှိလို့လဲ။ ဒီလိုစာပို့‌တာက ကျွန်တော်တို့ကို သိမ်ငယ်စေတယ် မဟုတ်ဘူးလား”

သူဖုန်းစားအိုကြီးသည် ဖုန်းစန်း၏စကားများကို အရေးမစိုက်ပေ။ ဖုန်းစန်းသည် ရွှေဓားအစောင့်အရှောက်၏ တပည့်ဖြစ်နေသည့်အချက်ကြောင့်သာ မဟုတ်ခဲ့လျှင် သူဖုန်းစားအိုကြီးမှာ ဖုန်းစန်းကို ကန်ထုတ်ပစ်လိုက်ပြီး ဖြစ်လောက်ပေမည်။ မျန့်ရွှေစီရင်စု၏ သူဖုန်းစားဂိုဏ်းအတွက် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ထားရန်မှာ မဖြစ်နိုင်လောက်ပေ။

ဦးနှောက်မရှိတဲ့ကောင်!

သို့သော် ရွှေဓားအစောင့်အရှောက်သည် အပြစ်ပြုသင့်သူ မဟုတ်ပေ။ ထိုသို့အတွေးဖြင့် သူဖုန်းစားအိုကြီးမှ ပြောလိုက်သည်။

“ဟားဟား ဖုန်းစန်း၊ မင်း ဒီကိစ္စတွေကို အာရုံမထားနဲ့။ အခုအချိန်မှာ အရေးအကြီးဆုံးက နောက်သုံးရက်မှာ ပြုလုပ်မယ့် နန်ရေကန်တိုက်ပွဲပဲ”

“အဲဒီအခါကျ အကုန်လုံး မင်းအပေါ် ပုံအပ်ထားရမှာ။ မှတ်ထားပါ။ ငါတို့ ဒီတိုက်ပွဲကို အနိုင်ရမှဖြစ်မယ်။ ရှုံးလို့မရဘူး!”

ဖုန်းစန်းသည် စိုးစဉ်းသော်မျှ စိုးရိမ်ပူပန်မှု မရှိပါဘဲ ပြန်ပြောသည်။

“ဟားဟား ခေါင်းဆောင်ကြီး စိတ်ချထားလိုက်ပါ။ ကျွန်တော်တို့ မရှုံးနိုင်ပါဘူး။ ကျားဖြူခန်းမရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေ အကုန်လုံးက ဒီနေ့ သေလုမျောပါး ဒဏ်ရာရထားကြတာ။ နှစ်ရက်အတွင်း ပြန်ကောင်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ရဲ့အင်အားနဲ့ဆို သူတို့ကို အနိုင်ယူရတာက ဖရဲသီးလှီးသလို၊ အသီးအရွက်လှီးသလို လွယ်ကူနေမှာပဲ။ ရိုးရှင်းတယ် အရမ်းရိုးရှင်းပါတယ်”

‌”ကောင်းပြီ”

သူဖုန်းစားအိုကြီးမှ ပြောသည်။

“သိုင်းလောကရဲ့ အရေးကိစ္စတွေကို သိုင်းလောကစည်းမျဉ်းအတိုင်း ဖြေရှင်းတယ်။ ငါတို့ ကျားဖြူခန်းမကို အနိုင်ယူနိုင်သ၍ ချောင်ကုန်သည်အဖွဲ့နဲ့ ပူးပေါင်းပြီး ငါးဖမ်းကုန်သည်အဖွဲ့ကို ဖြုတ်ချဖို့ဆိုတာက လက်တစ်ကမ်းအလိုမှာပဲ!”

သူဖုန်းစားအိုကြီးမှ ကြေညာပြောဆိုသည်။

သိုင်းလောက၏ အရေးကိစ္စများကို သိုင်းလောကစည်းမျဉ်းအတိုင်း ဖြေရှင်းသည်။

သိုင်းလောက၌ အရေးကိစ္စများကို ဖြေရှင်းသည့်စည်းမျဉ်းသည် အလွန်ရိုးရှင်း၏။ လက်သီးပိုသန်သည့် မည်သူဖြစ်စေ၊ ပို၍ အင်အားကြီးမားသည် မည်သူဖြစ်စေ အောင်နိုင်သူဖြစ်သည်။ ထို့ကြောင့် ပဋိပက္ခတစ်ခုသည် စေ့စပ်ကျေအေး၍ မရနိုင်ဘဲ၊ တစ်ဖက်မှလည်း တစ်ဖက်ကို အပြတ်အသတ်‌ ဖျက်ဆီးချေမှုန်းနိုင်ရန် မသေချာသည့် အခါမျိုးတွင် နှစ်ဖက်အဖွဲ့သည် သိုင်းပညာပြိုင်ပွဲတစ်ခု ပြုလုပ်ကျင်းပလိုက်ကြသည်။ ဤသည်မှာ တဲ့တိုးဆန်ကာ ပွင့်လင်းမြင်သာသည့် ဖြေရှင်းနည်းတစ်ခု ဖြစ်ပေသည်။

All Chapters