← Chapters

နတ်သိုင်းကျင့်စဉ် ထပ်မံရရှိခြင်း၊ သံမဏိအရိုးအဆင့်သို့ တက်လှမ်းခြင်း_၃

Vol. 19 Ch. 256

နတ်သိုင်းကျင့်စဉ် ထပ်မံရရှိခြင်း၊ သံမဏိအရိုးအဆင့်သို့ တက်လှမ်းခြင်း_၃

Vol. 19 Ch. 256

ပြိုင်ပွဲစင်မြင့်အတွင်း တိုက်ပွဲအဖြစ် ထိန်းချုပ်လိုက်ခြင်းသည် ထိခိုက်သေဆုံးမှုများကို အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပြီး အနိုင်ရသူကိုလည်း ချက်ချင်းလက်ငင်း တိတိကျကျ ထွက်ပေါ်စေနိုင်သည်။

ရလဒ်အနေဖြင့် သိုင်းလောက၌ ဤသို့တိုက်ပွဲကြီးများ သို့မဟုတ် ပြိုင်ပွဲကြီးများသည် အခေါ်အဝေါ်အမျိုးမျိုးဖြင့် တည်ရှိကြ၏။

၎င်းပြိုင်ပွဲကြီးများကို “သိုင်းပညာများမှတစ်ဆင့် စုဝေးဆုံစည်းခြင်း”ဟူသည့် မူမမှန်သည့် အကြောင်းပြချက်အောက်၌ ကျင်းပကြကာ အနိုင်ရရှိသူကို ဆုံးဖြတ်ကြပြီး အကျိုးအမြတ်များကို ခွဲဝေသတ်မှတ်ကြသည်။

အတိအကျဆိုရသော် ဤသည်မှာ သိုင်းလောက၏ အမှန်စင်စစ်သောပုံစံ ဖြစ်ပေသည်။ အချို့သည် ၎င်းမှာ တိုက်ခိုက်သတ်ဖြတ်ခြင်းသက်သက်ဟု ပြောဆိုကြကာ အချို့သည် လူမှုဆက်ဆံရေးဟု သတ်မှတ်ကြသည်။ သိုင်းလောက၌ ထိုနှစ်မျိုးစလုံး အကျုံးဝင်၏။ မဟာမိတ်ဖွဲ့ခြင်းနှင့် လူမှုဆက်ဆံရေးအားလုံးသည် အကျုံးဝင်သည်။

သိုင်းလောက၌ အမြဲလိုလို မြောက်များစွာသော ရှုထောင့်အမြင်များ တည်ရှိမြဲဖြစ်သည်။ လူတစ်ယောက် တွေးတောစိတ်ကူးနိုင်သည်ကဲ့သို့ မရိုးရှင်းပေ။

သူဖုန်းစားဂိုဏ်းသည် အထက်သို့ တက်လှမ်းလိုနေသည်။ မျန့်ရွှေစီရင်စု၏ တတိယမြောက် အကြီးမားဆုံး ဂိုဏ်းအဖွဲ့ဖြစ်လိုခြင်းဟူသည် လှည့်စားမှုတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူဖုန်းစားဂိုဏ်းသည် မျန့်ရွှေစီရင်စုရှိ အရင်းအမြစ်များသည် ကုန်သည်အဖွဲ့ကြီးနှစ်ခုကို ထောက်ပံ့ရန်အတွက်သာ လုံလောက်ကြောင်း သိထားပါ၏။ တော်ဝင်တရားရုံးတော်သည်လည်း ကုန်သည်အဖွဲ့ကြီးနှစ်ဖွဲ့ကိုသာ ခွင့်ပြုထားပေသည်။ သို့ဖြစ်၍ သူဖုန်းစားဂိုဏ်းအနေဖြင့် အထက်သို့ တက်လှမ်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ငါးဖမ်းကုန်သည်အဖွဲ့ သို့မဟုတ် ချောင်ကုန်သည်အဖွဲ့တို့ထဲမှ တစ်ဖွဲ့ကျဆုံးသွားရပေမည်။

…

တစ်ဖွဲ့ကို ကျဆုံးစေမှသာ နေရာလွတ်ရှိလာမည်ဖြစ်ပြီး ဒုတိယရွေးချယ်မှုဟူသည် လုံးဝ မရှိပေ။

ဤသည်မှာ အင်အားကြီးမားသန်မာမှုပြိုင်ပွဲဖြစ်၏– သိုင်းလောက၏ ဥပဒေတစ်ခုပင်။

ငါးဖမ်းကုန်သည်အဖွဲ့ကို ဆန့်ကျင်တိုက်ခိုက်သည့် တိုက်ပွဲ၌ ကျားဖြူခန်းမနှင့် တိုက်ပွဲသည် ငါးဖမ်းကုန်သည်အဖွဲ့ကို ဖြုတ်ချရန်အတွက် ပထမဆုံးခြေလှမ်းဖြစ်သည်။ ဤတိုက်ပွဲတွင် အနိုင်ရခဲ့ပါက သူဖုန်းစားဂိုဏ်းသည် ခြေတစ်လှမ်း တက်လှမ်းနိုင်ပြီဖြစ်ကာ ငါးဖမ်းကုန်သည်အဖွဲ့သည် ကျဆင်းသွားမည်ဖြစ်သည်။ ထို့နောက် တစ်ချိန်လုံး နံပါတ်တစ်ကုန်သည်အဖွဲ့ ဖြစ်ချင်နေခဲ့သည့် ချောင်ကုန်သည်အဖွဲ့နှင့် မဟာမိတ်အဖြစ် စဉ်ဆက်မပြတ် ရှေ့ဆက်လျှောက်ရင်း ငါးဖမ်းကုန်သည်အဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ပေမည်။

နန်ပါးထျန်းထက် အနည်းငယ် ပို၍သာလွန်သည့် အင်အားဖြင့် သူဖုန်းစားဂိုဏ်းသည် ငါးဖမ်းကုန်သည်အဖွဲ့၏ နေရာကို အောင်မြင်စွာ အစားထိုးနိုင်လိမ့်မည်။ မျန့်ရွှေစီရင်စု၏ ဒုတိယအကြီးမားဆုံးအဖွဲ့အစည်းဖြစ်လာနိုင်ပြီး သို့ဖြင့် ငါးဖမ်းကုန်သည်အဖွဲ့၏ အကျိုးအမြတ်များကို ခွဲဝေယူပေမည်။

ဤသည်မှာ သူဖုန်းစားအိုကြီး၏ အစီအစဉ်ပင်။

အရင်က ဤအစီအစဉ်ကို အကောင်အထည်မဖော်ခဲ့သည့် အကြောင်းအရင်းမှာ တစ်အချက် သူ၏ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သည် လုံလုံလောက်လောက် အင်အားမကြီးမားသေးသောကြောင့်ဖြစ်ပြီး နံပါတ်နှစ်အချက်မှာ ‌ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့ကြား မည်သည့်အဖွဲ့ကို ပစ်မှတ်ထားရန်အား ဝေခွဲမရဖြစ်နေခဲ့သောကြောင့် ဖြစ်ပေသည်။ ယခု၌မူ ဖုန်းစန်းမှ သူ့အစား ရွေးချယ်ပေးခဲ့လေပြီ။

ရလဒ်သည်လည်း မဆိုးလှပေ။ ဖန်းရှစ်ကျုံးကို အပြင်းအထန်ဒဏ်ရာရစေခြင်းဖြင့်လည်း မျန့်ရွှေစီရင်စုအတွင်း ဩဇာအာဏာတည်ဆောက်ရန် လုံလောက်ပါ၏။

သူ၏နောက်ထပ်ခြေလှမ်းမှာ သိုင်းလောကသတ်မှတ်ချက်အရ ကျင်းပသည့် နန်ရေကန် နှစ်ဦးချင်းတိုက်ပွဲဖြစ်သည်။

၎င်းတိုက်ပွဲသည် အလွန်အရေးကြီး၏။ အောင်နိုင်မှုတစ်ခုသည် သူဖုန်းစားဂိုဏ်းအား အထင်ကရ‌ဖြစ်လာစေနိုင်ပေသည်။

ထို့ပြင် ရွေးချယ်စရာများထဲ၌ ရှုံးနိမ့်ခြင်း မပါဝင်ပေ။ အဘယ်သို့မျှ ရှုံးနိမ့်၍ မဖြစ်ချေ။

ရှုံးနိမ့်မှုတစ်ခုသည် ပျက်စီးကိန်းဆိုက်ရောက်စေမည်ဖြစ်၏။

သိုင်းလောကသည် ဘယ်တုန်းကမှ တစ်ကိုယ်တော်ဖျော်ဖြေပွဲ မဟုတ်ခဲ့ပေ။ အဖွဲ့အစည်းကြီးတစ်ခုအနေဖြင့် အာဏာရှိပြီး အရည်အချင်းရှိသည့် သိုင်းပညာရှင်တစ်ဦးတစ်ယောက်တည်းသာ ရှိမနေသင့်ပေ။ စွမ်းဆောင်ရည်မြင့်မားသည့် လက်အောက်ငယ်သားများ ရှိနေရန်လည်း မရှိမဖြစ်လိုအပ်၏။

ကျားဖြူခန်းမ၌ မွေးစားသားလေးယောက်ရှိသည်။ တစ်ယောက်သေဆုံးပြီး သုံးယောက် အပြင်းအထန်ဒဏ်ရာရထားသည်–

တကယ့်ကို ညံဖျင်းလိုက်တဲ့ အောင်မြင်မှုပဲ။

လာမယ့်နှစ်ဦးချင်းတိုက်ပွဲမှာ ငါ့လက်အောက်ငယ်သားတွေလည်း ကျားဖြူခန်းမကို ရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါက ဘာကိုဆိုလိုတာဖြစ်မလဲ။

သူဖုန်းစားဂိုဏ်းက အရည်အချင်းမရှိဘူးလို့ ဆိုလိုတာပဲပေါ့!

ဂိုဏ်းထဲမှာ အာဏာရှိပြီး အရည်အချင်းရှိတဲ့သူဆိုလို့ တစ်ယောက်တည်းရှိတဲ့ သူဖုန်းစားဂိုဏ်းက ဘယ်လိုလုပ်ပြီး မျန့်ရွှေစီရင်စုရဲ့အရှင်သခင် ဖြစ်လာနိုင်ပါ့မလဲ။ တခြားသူတွေကို လေ့ကျင့်ပေးနိုင်ဖို့ဆိုတာ ခက်ခဲတယ်။ ပြီးတော့ ပိုအရေးကြီးတဲ့အချက်က စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူး။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က အရည်အချင်းပြည့်ဝတဲ့ သိုင်းပညာရှင်ကြီး ဟုတ်၊မဟုတ်ကိုပဲ ကြည့်တာမဟုတ်ဘူး။

သူတို့လိုအပ်တာက သူတို့ရဲ့စည်းမျဉ်းဥပဒေတွေကို အကျိုးပြုအားဖြည့်ပေးနိုင်မယ့် အင်အားကြီးအဖွဲ့အစည်းတစ်ခုပဲ။

သူဖုန်းစားဂိုဏ်းမှာက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို ပြသဖို့ရာ ထိုက်တန်တဲ့သူဆိုလို့ ငါသူဖုန်းစားအိုကြီးတစ်ယောက်ပဲ ရှိတယ်။ ငါးဖမ်းကုန်သည်အဖွဲ့နဲ့ ကျားဖြူခန်းမက သိုင်းပညာရှင်ကြီးတွေ ပြိုင်ပွဲစင်မြင့်ပေါ် မတက်ခဲ့ရင်တောင် သူဖုန်းစားဂိုဏ်းရဲ့ ကျန်တဲ့ဂိုဏ်းသားတွေက ရှုံးနိုင်ခြေရှိနေတာ မဟုတ်ဘူးလား။

ထားလိုက်ပါတော့။ ကိုယ်စိတ်သက်သာသလိုပဲ တွေးထားလိုက်တာပေါ့‌။

ထို့ကြောင့် ဤနန်ရေကန်တိုက်ပွဲသည် သူဖုန်းစားဂိုဏ်း၏ အဓိကအင်အားကို ကိုယ်စားပြုခြင်းဖြစ်သည့်အပြင် သူဖုန်းစားဂိုဏ်းသည် သူဖုန်းစားများမျှသာ မဟုတ်ကြောင်း မျန့်ရွှေစီရင်စုတစ်ခုလုံးကို အသိပေးကြေညာလိုက်ခြင်း ဖြစ်ပေသည်။ ဤနယ်မြေဒေသရှိ ကုန်သည်အဖွဲ့ကြီးများကဲ့သို့ ဖွဲ့စည်းမှုဘောင်များကို ထောက်ပံ့ပေးနိုင်သည့် ဂိုဏ်းသားများရှိကြောင်းကို ကြေညာလိုက်ခြင်း‌ဖြစ်သည်။

“ဒါကမှ နန်ရေကန်တိုက်ပွဲရဲ့ တကယ့်ရည်ရွယ်ချက်ပဲ”

“အဲဒါကြောင့် ဒီတိုက်ပွဲမှာ သေချာပေါက် အနိုင်ရရမယ်။ လုံးဝ ရှုံးလို့မဖြစ်ဘူး!”

“မင်းတို့ အခု နားလည်ပြီလား”

ကျားဖြူခန်းမ၌ ဖန်းရှစ်ကျုံးသည် နန်ရေကန်တိုက်ပွဲ၏ အရေးပါမှုကို ချန်ကျဲ့နှင့် ကျိုးချူတို့ကို ရှင်းပြနေခဲ့သည်။

သူဖုန်းစားဂိုဏ်းအတွက် ဤတိုက်ပွဲသည် အနိုင်ရရင်ရ၊ မရလျှင် သေရမည့်တိုက်ပွဲဖြစ်ပြီး ကျားဖြူခန်းမအတွက်လည်း အလားတူပင် သက်ရောက်သည်။

အကယ်၍ ကျားဖြူခန်းမမှ ရှုံးနိမ့်ခဲ့ပါက လောလောဆယ် ငါးဖမ်းကုန်သည်အဖွဲ့ကို ဘေးဖယ်ထားလိုက်ပါလေ၊ ကျားဖြူခန်းမသည်တော့ သေချာပေါက် အဆုံးသတ်သွားမည်ဖြစ်၏။ မျန့်ရွှေစီရင်စုအတွင်းရှိ ကျားဖြူခန်းမ၏ အကျိုးအမြတ်အားလုံးမှာ ဝါးမြိုစားသောက်ခံရလိမ့်မည်။ သူဖုန်းစားဂိုဏ်းသာမက အခြားအဖွဲ့အသေးလေးများသည်လည်း ကျားဖြူခန်းမအား တစ်ကိုက်လောက်ကိုက်ဝါးရန် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကြလိမ့်မည်ပင်။

ကျားဖြူခန်းမ၏ ‌လမ်းမကြီးလေးခုသည် ချမ်းသာကြွယ်ဝသည် မဟုတ်ပါလော။

အားလုံးသည် ဤပြည့်ဖြိုးသည့် အသားတုံးကြီးကို ကိုက်ဝါးရခြင်းငှာ လိုလားကြလိမ့်မည်။

သိုင်းလောကသည် ထိုမျှအထိ လက်တွေ့ဆန်ပါ၏။ မြေရိုင်းလွင်ပြင်ရှိ တိရစ္ဆာန်များကဲ့သို့ တိရစ္ဆာန်အိုကြီးများ နှေးကွေးအားနည်းလာသည့်အခါ အနီးဝန်းကျင်ရှိ သားရဲတိရစ္ဆာန်များသည် တွေဝေတုံ့ဆိုင်းခြင်းမရှိ ဝါးမြိုစားသောက်ကြပေလိမ့်မည်။

သူတို့နှင့် တူညီသည့် အမျိုးအစားတစ်မျိုးတည်း ဖြစ်နေလျှင်သော်မှ သက်ညှာပေးကြလိမ့်မည် မဟုတ်ပေ။

ဖန်းရှစ်ကျုံး၏ စကားအဆုံး၌ ကျိုးချူမှ ဖန်းရှစ်ကျုံးကို ပြောသည်။

“မွေးစားအ‌ဖေ ဒီတိုက်ပွဲက အရမ်းအရေးကြီးတယ်ဆိုရင် ကျွန်တော်တို့ ဘာလို့ ခေါင်းဆောင်နန်ဆီ အကူအညီမတောင်းရတာလဲ”

“အကူအညီတောင်းလို့ မရဘူး!”

ဖန်းရှစ်ကျုံးမှ ‌အေးစက်စွာ ပြောသည်။

“ဘာလို့လဲ”

ကျိုးချူမှ မေး၏။

“သူဖုန်းစားဂိုဏ်း တိုက်ခိုက်ချင်တာက အတိအကျ ကျားဖြူခန်းမကိုပဲ။ ငါတို့ ပြင်ပအကူအညီတောင်းခံလိုက်ရင် ရှုံးတယ်လို့ ဝန်ခံလိုက်တာပဲ”

“ဒါပေမဲ့ ကျွန်တော်တို့က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ခန်းမတွေထဲက တစ်ခုပဲလေ။ ကိုယ့်ရဲ့ကုန်သည်အဖွဲ့ဆီ အကူအညီတောင်းတာက အဆင်ပြေတယ်မဟုတ်ဘူးလား”

ဖန်းရှစ်ကျုံးသည် အပြင်ဘက်ရှိ ညအမှောင်ကို ငေးစိုက်ကြည့်နေရင်း ပြန်ပြောသည်။

“မရဘူး။ အကယ်၍ ငါတို့ အကူအညီတောင်းလိုက်ရင် ခေါင်းဆောင်နန်အတွက် ကျားဖြူခန်းမရဲ့ အရေးကိစ္စတွေကို ဝင်စွက်ဖက်ဖို့ အကြောင်းပြချက်ရသွားလိမ့်မယ်။ အဲဒါဆိုရင် ကျားဖြူခန်းမက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပဲ တည်ရှိနေတော့လိမ့်မယ်”

“အဲဒီအခါ သူ့လူတွေဖြစ်တဲ့ ငါတို့က သူ့ရဲ့လက်ကိုင်တုတ်တွေဖြစ်လာပြီး သူ့စိတ်အလိုကျ နင်းခြေခံရတာဖြစ်စေ၊ ထိန်းချုပ်ခံရတာ‌ဖြစ်စေ အကုန်လက်ခံရလိမ့်မယ်”

ကျိုးချူသည် ဖန်းရှစ်ကျုံး၏ဆိုလိုရင်းကို နားလည်ပါ၏။ သို့တိုင် ဖန်းရှစ်ကျုံးကို ကြည့်၍ ဆက်ပြောခဲ့သည်။

“မွေးစားအဖေ ဒါဆို ဒီတစ်ကြိမ်တိုက်ပွဲကို ဘယ်သူတိုက်မှာလဲ”

“မင်းတို့နှစ်ယောက်ပဲ!”

“ကျွန်တော်တို့လား??”

ကျိုးချူ အံ့အားသင့်စွာ အော်‌မိသွား၏။ ထို့နောက် မျက်နှာရှုံ့မဲ့လျက် ပြောသည်။

“မွေးစားအဖေ ကျွန်တော်က အခုမှ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းပြီးစပဲ ရှိသေးတာ၊ သူဖုန်းစားဂိုဏ်းနဲ့ တိုက်ခိုက်ရမှာတဲ့လား ကျွန်တော်ကလေ?”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“နန်ရေကန်တိုက်ပွဲက ပွဲစဉ်သုံးပွဲတိုက်ပွဲဖြစ်လိမ့်မယ်။ အခု မင်းတို့ရဲ့အစ်ကိုကြီးတွေက အပြင်းအထန်ဒဏ်ရာရထားကြတာ၊ သေချာပေါက် အချိန်မီ ပြန်ကောင်းနိုင်မှာ မဟုတ်ဘူး။ ငါ ဖန်းရှစ်ကျုံးရဲ့ မွေးစားသားတွေအနေနဲ့ မင်းတို့ ဒီတိုက်ပွဲမှာ ပါဝင်ရမယ်”

ကျိုးချူမှ မေးသည်။

“မွေးစားအဖေ၊ သူဖုန်းစားဂိုဏ်းဘက်က ဘယ်သူ့ကို လွှတ်လောက်လဲ”

ဖန်းရှစ်ကျုံး ခဏမျှစဉ်းစားလိုက်ပြီးနောက် ပြောသည်။

“ရွှေဓားဖုန်းစန်း၊ သံမဏိသူဖုန်းစား ကျုးဖန်းနဲ့ တောင်တက်နွယ် လျိုဖုန့် မဟုတ်လည်း တခြားတစ်ယောက်ယောက်ဖြစ်လိမ့်မယ်”

“ဒါပေမဲ့ တစ်ခုတော့ သေချာတယ်။ ရွှေဓားဖုန်းစန်း၊ သံမဏိသူဖုန်းစား ကျုးဖန်းတို့တော့ သေချာပေါက် ပါဝင်လိမ့်မယ်။ သူတို့နှစ်ယောက်ရဲ့အင်အားက မင်းတို့အစ်ကိုကြီးသုံးယောက်ထက် မနိမ့်ပါးဘူး”

All Chapters