← Chapters

နတ်သိုင်းကျင့်စဉ် ထပ်မံရရှိခြင်း၊ သံမဏိအရိုးအဆင့်သို့ တက်လှမ်းခြင်း_၄

Vol. 19 Ch. 257

နတ်သိုင်းကျင့်စဉ် ထပ်မံရရှိခြင်း၊ သံမဏိအရိုးအဆင့်သို့ တက်လှမ်းခြင်း_၄

Vol. 19 Ch. 257

ထိုအခါ ကျိုးချူမှ မေးသည်။

“အဲဒါဆို သူတို့က သံမဏိအရိုးအဆင့်ပေါ့ ဟုတ်တယ်မလား”

“အင်း သူတို့နှစ်ယောက်လုံးက သံမဏိအရိုးအဆင့်ပဲ!”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

ထိုအခါ ကျိုးချူမှ မေးသည်။

“မွေးစားအဖေ အဲဒါဆို ကျွန်တော်တို့ဘက်မှာ ဘယ်သူရှိလဲ။ အနည်းဆုံး သိုင်းပညာရှင်တစ်ယောက်တော့ ရှိပါတယ် ဟုတ်တယ်မလား”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“မင်း၊ ကျိုစစ်နဲ့ ဖန့်ဖူ”

ဘေးတွင်ရပ်နေသည့် ဖန့်ဖူမှ ခပ်သာသာ ခေါင်းညိတ်သည်။

…

ကျိုးချူသည် ဖန့်ဖူသို့ လှည့်ကြည့်၍ မေး၏။

“ဦးလေးဖူ ဦးလေးရဲ့ကျင့်ကြံဆင့်က ဘယ်အဆင့်လဲဗျ”

ထိုအခါ ဖန့်ဖူမှ ပြောသည်။

“သံမဏိအရိုးအဆင့်ပါ!”

ကျိုးချူလည်း အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

“ကျွန်တော်တို့ဘက်မှာ သံမဏိအရိုးအဆင့်တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူတို့ဘက်မှာက အနည်းဆုံး နှစ်ယောက်ရှိနေမှာ။ မွေးစားအဖေ ကျွန်တော်တို့ အနိုင်မရနိုင်ဘူး!”

ထိုအခါ ဖန်းရှစ်ကျုံးမှ ပြောသည်။

“အဲဒါကြောင့် ငါတို့ သံမဏိအရိုးအဆင့် အနည်းဆုံး နောက်တစ်‌ယောက်ရှိဖို့ လိုအပ်တယ်”

“ဒီအချိန်တိုလေးအတွင်းမှာ သံမဏိအရိုးအဆင့်ကျင့်ကြံသူကို ကျွန်တော်တို့ ဘယ်မှာသွားရှာကြမှာလဲ။ နေပါဦး၊ မွေးစားအဖေ ခုနကပြောခဲ့တာမှာ ကျန်တဲ့နှစ်ယောက်က ကျွန်တော်နဲ့ ကျိုစစ်လို့ ပြောခဲ့တာ မဟုတ်လား။ အဲဒီအဓိပ္ပာယ်က ကျွန်တော်တို့ထဲက တစ်ယောက်– ကျွန်တော် မဟုတ်ရင် ကျိုစစ်က– သံမဏိအရိုးအဆင့်ကို တက်လှမ်းရမယ်လို့ ဆိုလိုတာလား”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အမှန်ပဲ။ မင်းနဲ့ ကျိုစစ် မင်းတို့ထဲက အနည်းဆုံး တစ်ယောက်တော့ သံမဏိအရိုးအဆင့်ကို ‌တက်လှမ်းရမယ်”

စကားအဆုံး၌ ဖန်းရှစ်ကျုံးသည် ထရပ်၏။ ဖန့်ဖူသည် ဖန်းရှစ်ကျုံးကို ရုတ်ချည်း တွဲကူပေးသည်။

“သခင်ကြီး”

“အဟွတ် အဟွတ်… လျှို့ဝှက်ခန်းကို ဖွင့်လိုက်”

ထိုစကားတွင် ဖန့်ဖူသည် စာဖတ်ခန်းတစ်နေရာသို့ ချက်ချင်း လျှောက်သွားပြီး ပန်းအိုးတစ်လုံးကို လှည့်လိုက်သည်။ စာဖတ်ခန်းရှိ ဗီရိုတစ်လုံး ပွင့်သွားခဲ့ပြီးနောက် နံရံတစ်ချပ် ပေါ်ထွက်လာသည်။ ထို့နောက် နံရံထက်ရှိ လျှို့ဝှက်ခလုတ်အချို့ကို နှိပ်လိုက်ရာ နံရံတစ်ချပ်လုံး တဖြည်းဖြည်း လှည့်သွား၍ ဝင်ပေါက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ချန်ကျဲ့နှင့် ကျိုးချူတို့နှစ်ဦးစလုံး အံ့ဩနေကြ၏။ ထိုစဉ် ဖန်းရှစ်ကျုံးသည် ဖန့်ဖူ၏ တွဲကူပေးမှုဖြင့် လျှို့ဝှက်ခန်းထဲသို့ ဝင်သွားခဲ့သည်။

အခန်းထဲ မဝင်မီ၌ ဖန်းရှစ်ကျုံးသည် ချန်ကျဲ့နှင့် ကျိုးချူကို ပြောခဲ့၏။

“ငါ့နောက်လိုက်ခဲ့”

ထိုအခါ ချန်ကျဲ့တို့နှစ်ဦးသည် ချက်ချင်း ဖန်းရှစ်ကျုံးနောက်သို့ လိုက်ခဲ့ကြသည်။ လျှို့ဝှက်အခန်းထဲသို့ ရောက်သောအခါ အထဲတွင် ပစ္စည်းများစွာဖြင့် တောက်ပလင်းလက်နေသည်ကို မြင်တွေ့လိုက်ရသည်။ ရွှေသေတ္တာ၊ ငွေသေတ္တာများ ဒါဇင်ချီ၍ တည်ရှိနေသည်မှာ စုစုပေါင်း ငွေတုံး‌ငါးသောင်း၊ ခြောက်သောင်းပမာဏခန့် ရှိလောက်ပေမည်။ ထိုအရာအားလုံးသည် ဖန်းရှစ်ကျုံး၏ စုဆောင်း‌ငွေကြေးများ ဖြစ်ပါ၏။

ငွေသေတ္တာများကို ဖြတ်လျှောက်သွားစဉ် အမျိုးမျိုးသော ဆေးပင်များနှင့် ၎င်းတို့၏ခုနှစ်သက်တမ်းများကို မှတ်သားစာတမ်းကပ်ထားသည့် အံဆွဲဗီရိုများစွာကို ချန်ကျဲ့ မြင်တွေ့ခဲ့သည်။

၎င်းတို့မှာ လျှို့ဝှက်ခန်းမအတွင်းရှိ တန်ဖိုးအကြီးဆုံးပစ္စည်းများ ဖြစ်ပေသည်။ ဖန်းရှစ်ကျုံး ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် အဖိုးတန်ဆေးဝါးများဖြစ်၏။

ဖန်းရှစ်ကျုံးသည် သူတို့ကို ဟိုးနောက်ဆုံးရှိ ရနံ့သင်းသစ်နက်ဗီရိုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဗီရို၏ ထိပ်ဆုံးအကန့်တံခါးကို ဖွင့်၍ ကျောက်စိမ်းပုလင်းတစ်လုံးကို ယူလိုက်ပြီး ချန်ကျဲ့ကို ပေးသည်။

“ဒီအထဲမှာ အရိုးသန်မာဆေးလုံးနှစ်လုံးရှိတယ်။ ဒီ‌ဆေးလုံးတွေကို သောက်သုံးရင် သံမဏိအရိုးအဆင့်ကို မြန်မြန်တက်လှမ်းနိုင်အောင် ကူညီပေးနိုင်တယ်။ မင်းရဲ့လက်ရှိအခြေအနေနဲ့ဆို တစ်လုံးသောက်ရင် လုံလောက်တယ်။ နောက်တစ်လုံးက မင်းရဲ့အင်အားကို ပြန်လည်ဖြည့်တင်းဖို့ပဲ။ အဲဒါက မင်းကို ခက်ခဲပင်ပန်းတဲ့ ၁၀နှစ်စာကျင့်ကြံမှုအချိန်ကို သက်သာစေလိမ့်မယ်”

ထိုစကားတွင် ချန်ကျဲ့သည် အရိုးသန်မာဆေးလုံး၏ အဖိုးတန်သော အကျိုးအာနိသင်ကို ချက်ချင်း ‌နားလည်သွားခဲ့သည်။

ပုံမှန်အားဖြင့် အရိုးသန်မာ‌ဆေးလုံးတစ်လုံးမျှ ရရှိခြင်းသည်ပင် ဖန်းရှစ်ကျုံးကို အလွန်တရာ ကျေးဇူးတင်နေရမည့်အရာ ဖြစ်ပေသည်။ သို့သော် ဒီနေ့တွင်မူ ဖန်းရှ‌စ်ကျုံးသည် ဆေးလုံးနှစ်လုံးကို တိုက်ရိုက်ပေးလာခဲ့သည်။ ဤသည်မှာ အခြေအနေသည် သေရေးရှင်ရေးတမျှ ‌အရေးကြီးနေကြောင်း ဖော်ပြနေခြင်းပေ…။

အရိုးသန်မာ‌ဆေးလုံးတစ်လုံးသည် အဆင့်တက်လှမ်းရန် လုံလောက်၏။ နောက်တစ်လုံးမှာ သာလွန်သည့်စွမ်းရည်အတွက် ဖြစ်သည်။ အခြားသော အာနိသင်ပြင်းသည့် ဆေးပင်များကိုလည်း အင်အားတိုးတက်ရန် အသုံးပြုနိုင်ပါ၏။ သို့သော် ၎င်းဆေးပင်သည် အရိုးသန်မာ‌ဆေးလုံးတမျှ အာနိသင်ရှိရပေမည်။

ကျားဖြူခန်းမ၏ သေရေးရှင်ရေးကို အဆုံးအဖြတ်ပေးနိုင်လောက်မည့် တိုက်ပွဲကြီး ကျရောက်လုဆဲအချိန်တွင် ဖန်းရှစ်ကျုံးသည် တွေဝေတွန့်ဆုတ်နေရန် မတတ်နိုင်ပါ‌ချေ။ ထို့ကြောင့် ချန်ကျဲ့ကို အရိုးသန်မာ‌ဆေးလုံးနှစ်လုံးစလုံး ပေးအပ်လိုက်တော့သည်။

ချန်ကျဲ့သည် အရိုးသန်မာ‌ဆေးလုံးများကို လက်ခံယူလိုက်ပြီးနောက် ပြောသည်။

“မွေးစားအဖေ ဒီဆေးလုံးတွေက အရမ်းအဖိုးတန်လွန်းပါတယ်။ ကျွန်တော့်ကို တစ်လုံးပေးရင် လုံလောက်ပါပြီ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ဖုန်းစန်းနဲ့ ကျိုးဖန်းက ပေါ့သေးသေးလူတွေ မဟုတ်ဘူး။ ဒီဆေးတစ်လုံးသောက်ပြီးရင် မင်းရဲ့အင်အားက အများဆုံးမှ သားငယ်၄ရဲ့အင်အားနဲ့ တန်းတူလောက်ဖြစ်သွားမှာ။ သူတို့ကို ပြန်တိုက်နိုင်မယ့်အခွင့်အရေးရှိဖို့ဆို မင်းရဲ့အခြေခံအုတ်မြစ် မလုံလောက်မှုကို ဖြည့်တင်းမွမ်းမံဖို့ နောက်ထပ်အရိုးသန်မာ‌ဆေးလုံးတစ်လုံး ထပ်သောက်သုံးဖို့ လိုအပ်တယ်”

“အခု ကျားဖြူခန်းမရဲ့ကံကြမ္မာက မင်းလက်ထဲမှာပဲ”

ချန်ကျဲ့သည် ဤအခြေအနေ၏ အလေးချိန်ဖိအားကို သတိပြုမိပါ၏။ သို့ဖြင့် ချက်ချင်း လက်သီးယှက်အရိုအသေပြုလျက် ပြောခဲ့သည်။

“စိတ်ချပါ မွေးစားအဖေ၊ ကျွန်တော် ဒီတိုက်ပွဲကို တာဝန်ယူပါ့မယ်– အနိုင်ရရင် ရ၊ မရရင် အသက်စွန့်မယ်!”

ချန်ကျဲ့သည် အလွန်တရာမှ ‌ဆုံးဖြတ်ချက်ခိုင်မာပြတ်သားသည်။

ဖန်းရှစ်ကျုံးသည် ချန်ကျဲ့၏ အပြူအမူသဘောထားကို ကျေနပ်နှစ်ခြိုက်၏။ ထို့နောက်တွင်မူ ဖန်းရှစ်ကျုံးသည် နောက်ထပ်ပုလင်းတစ်လုံးကို ထုတ်ယူ၍ ကျိုးချူကို ပေးသည်။

ကျိုးချူမှ လက်ခံယူလိုက်ပြီးနောက် ဖန်းရှစ်ကျုံးမှ ပြောသည်။

“ဒီအထဲမှာ ကြွက်သားပြေလျော့ဆေးလုံးလေးလုံးရှိတယ်။ မင်းကို နွဲ့ပျောင်းအရွတ်အဆင့်ကို တက်လှမ်းစေနိုင်ဖို့အတွက် လုံလောက်တယ်”

“ကျေးဇူးတင်ပါတယ် မွေးစားအဖေ”

ကျိုးချူသည် စိတ်လှုပ်ရှားတက်ကြွလျက် ဖန်းရှစ်ကျုံးအား ကျေးဇူးတင်စကားဆိုသည်။

ဖန်းရှစ်ကျုံးမှ သူ့အား ဤသို့အဖိုးတန်သည့် ဆေးလုံးများကို ပေးလာလိမ့်မည်ဟု ကျိုးချူ မျှော်လင့်မထားခဲ့ပေ။

တကယ်တမ်းတွင် ကျိုးချူမှ ဖန်းရှစ်ကျုံးအား မွေးစားအဖေအဖြစ် အသိအမှတ်ပြုခဲ့ခြင်း၌ ရာခိုင်နှုန်းအများစုမှာ အကျိုးအမြတ်ဖလှယ်ရေးအတွက် ဖြစ်ခဲ့သည်။ သူ၏ယောက်ဖဖြစ်သူကို ချောင်ကုန်သည်အဖွဲ့သို့ ဝင်ရောက်စေခြင်းကဲ့သို့ သူ၏ယောက္ခထီးကြီးနှင့် ဖန်းရှစ်ကျုံးတို့နှစ်ဦးကြား ဆက်နွယ်မှုတစ်ခု တည်ဆောက်ခြင်းဖြင့် မဟာမိတ်ဖွဲ့ခြင်း ဖြစ်ပေသည်။

အစပိုင်းတွင် ဖန်းရှစ်ကျုံးလည်း ကျိုးချုကို ထိုသို့သဘောထားဖြင့် ဆက်ဆံခဲ့သည်။

ထို့ကြောင့် ကျိုးချူသည် ချန်ကျဲ့နှင့် မတူညီစွာ ကျားဖြူခန်းမသို့ ‌ဝင်ရောက်လာပြီးနောက်တွင်လည်း ချန်ကျဲ့ကဲ့သို့ ကြွက်သားပြေလျော့ဆေးလုံးများနှင့် လျှို့ဝှက်သိုင်းကျမ်းတစ်မျိုး လက်ခံရရှိခြင်း မရှိခဲ့ပေ။ အမည်အားဖြင့်သာ သခင်၆အဖြစ် တည်ရှိနေခြင်း ဖြစ်ခဲ့သည်။

သို့သော် ဖန်းရှစ်ကျုံးသည် ကျိုးချူကို ရက်အနည်းငယ် စောင့်ကြည့်လေ့လာပြီးနောက်၌ ကျိုးချူသည် သူ၏မွေးစားသားတစ်ယောက်အဖြစ် အမှန်တကယ် အသိအမှတ်ပြုလက်ခံရန်အတွက် သင့်တင့်လျောက်ပတ်မှုနှင့် အရည်အချင်းရှိသည်ဟု ခံစားလာခဲ့ရသည်။

ထို့ကြောင့်သာ ယနေ့တွင် သူသည် ကျိုးချူကို ကြွက်သားပြေလျော့ဆေးများ ပေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တစ်ပြိုင်နက်တည်း အများကြီးပေးလိုက်ခြင်းမှာလည်း အကြောင်းအရင်းရှိ၏။ ကျိုးချူ၏ အထုံပါရမီသည် အသင့်အတင့်ရှိသောကြောင့် ကြွက်သားပြေလျော့ဆေးနှစ်လုံး သောက်သုံးခြင်းသည် အဆင့်တက်လှမ်းစေနိုင်လိမ့်မည်။ သို့သော် နှစ်ရက်အတွင်း သုံးလုံးသောက်သုံးခြင်းသည် ပို၍သေချာနိုင်သည်။ လေးလုံးသောက်သုံးခြင်းသည်တော့ အောင်မြင်မှုကို အာမခံနိုင်၏။

ဆေးလုံးလေးလုံး ‌ပေးလိုက်ခြင်းသည် ဖန်းရှစ်ကျုံး၏ ပေးလျော်မှုပုံစံတစ်မျိုးလည်း ဖြစ်သည်။

ဖန်းရှစ်ကျုံး၏ မွေးစားသားတစ်ယောက်အပေါ် ဆက်ဆံမှုပုံစံအရ ကြွက်သားပြေလျော့ဆေးနှင့် အရိုးသန်မာဆေးလုံးများကို ပုံမှန်အားဖြင့် အစုံလိုက်တွဲ၍ ပေးတတ်သည်။ သို့သော် အရိုးသန်မာဆေးလုံးသည် ၆လုံးသာရှိနေပြီး သူ့တွင် မွေးစားသား၆ယောက်ရှိရာ တစ်ယောက်တစ်လုံး ပေးနိုင်လိမ့်မည်ပင်။

သို့သော် နန်ရေကန်တိုက်ပွဲအတွက် သူ့တွင် ချန်ကျဲ့ကို အရိုးသန်မာ‌ဆေးအားလုံး ပေးလိုက်ခြင်းမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ရလဒ်အနေဖြင့် အနာဂတ်၌ ကျိုးချူမှ လျို့ကျင်းနယ်ပယ်အဆင့်မှ သံမဏိအရိုးအဆင့်သို့ တက်လှမ်းရာတွင် ဆေးလုံး၏အကူအညီမပါဘဲ ကိုယ်တိုင်ကျင့်ကြံရလိမ့်မည်။

ထို့ကြောင့် အပိုပေးအပ်လိုက်သည့် ကြွက်သားပြေလျော့ဆေးလုံးနှစ်လုံးသည် အရိုးသန်မာဆေးနှင့် မယှဉ်နိုင်သော်ငြား ၎င်းကြွက်သားပြေလျော့ဆေးလုံးနှစ်လုံးကို ထိုအတွက် ပေးလျော်ခြင်းဟု သတ်မှတ်‌နိုင်ပေသည်။

သို့ပါသော်ငြား ကျိုးချူသည် မိမိ၏အဆင့်အတန်းကို အသိအမှတ်ပြုခံလိုက်ရသောကြောင့် နှလုံးအိမ်မှာ လှုပ်ခတ်သွားရသည်။

ကျိုးချူသည် မိမိမှာ ဖန်းရှစ်ကျုံး အမှန်တကယ် တန်ဖိုးထားသည့် မွေးစားသားများနှင့် တိုက်ရိုက် နှိုင်းယှဉ်မရနိုင်သောကြောင့် တစ်လျှောက်လုံးတွင် အသင့်အတင့်သော ရိုးကုပ်သည့်အပြုအမူကို ထိန်းသိမ်းထားခဲ့သည်။

သို့သော် ယနေ့တွင်‌တော့ ဖန်းရှစ်ကျုံး၏ သူ့အပေါ် ပေးကမ်းရက်ရောမှုသည် သူမျှော်လင့်ထားသည်ထက် အများကြီးသာလွန်နေခဲ့ရာ သူ၏နှလုံးအိမ်ထဲ၌ အလွန်တရာမှ လှုပ်ခတ်သွားခဲ့ရသည်။ အရိုးသန်မာဆေးလုံးသည်တော့ လောလောဆယ် သူ အသုံးမလိုပါချေ။

သူ၏ညီနောင်ဖြစ်သူ ချန်ကျဲ့မှ ထိုဆေးလုံးကို အသုံးပြုခြင်းသည်လည်း ကျားဖြူခန်းမအတွက် အသေအကြေတိုက်ပွဲဝင်ရန် ဖြစ်သည်။ ကျားဖြူခန်းမ ကျဆုံးခဲ့လျှင် ကျိုးချူကိုယ်တိုင်အတွက်လည်း သက်ရောက်မှုရှိလိမ့်မည်မှာ မလွဲဧကန်ပင် မဟုတ်ပါလော။

All Chapters