နတ်သိုင်းကျင့်စဉ် ထပ်မံရရှိခြင်း၊ သံမဏိအရိုးအဆင့်သို့ တက်လှမ်းခြင်း_၅
Vol. 19 Ch. 258
တစ်ဖက်အဖွဲ့သည် မွေးစားအဖေ၏ မျက်နှာကိုထောက်ထား၍ ကျိုစစ်၏အသက်ကို မတောင်းဆိုလောက်သည့်တိုင် ယခုကဲ့သို့ မွေးစားအဖေ၏အရိပ်ကို ဆက်လက်ခိုလှုံနေ၍ မဖြစ်တော့ချေ။
သို့ဖြစ်ရာ ကျိုးချူသည် ချန်ကျဲ့အား အရိုးသန်မာဆေးလုံးနှစ်လုံးစလုံး ပေးလိုက်ခြင်းကို စိတ်ရင်းအမှန်ဖြင့် ထောက်ခံပါ၏။
ကျိုးချူ၏ ကျေနပ်ပျော်ရွှင်နေဟန်ကို မြင်တွေ့ရသည်တွင် ဖန်းရှစ်ကျုံးလည်း ကျိုးချူ၏ဖော်ပြပြီး သဘောထားအကျင့်စရိုက်တို့ကို သေချာအတည်ပြုနိုင်ခဲ့သည်။ ထို့နောက် ဖန့်ဖူသို့ လှည့်၍ ပြောသည်။
“အားဖူ”
“သခင်ကြီး”
“သားငယ်၆ကို လျှို့ဝှက်စာဖတ်ခန်းကို ခေါ်သွားပြီး သူ့ကို… လျှို့ဝှက်သိုင်းကျမ်းနှစ်ခု ရွေးခိုင်းလိုက်ပါ”
ဖန်းရှစ်ကျုံးသည် ကျိုးချူကို ပေးလျော်နေဆဲ ဖြစ်ပေသည်။ ဖန်းရှစ်ကျုံး၏ ထိုစကားတွင် ကျိုးချူသည် ရုတ်ချည်း လက်သီးယှက်အရိုအသေပြုလျက် ပြောလိုက်သည်။
“မွေးစားအဖေကို ကျေးဇူတင်ပါတယ်”
…
“ကျိုစစ် ငါ လျှို့ဝှက်သိုင်းကျမ်းနှစ်ခု ရွေးခွင့်ရတယ်ကွ ဟားဟား.. မင်းက တစ်ခုပဲ ရွေးခဲ့ရတာ မဟုတ်လား။ မွေးစားအဖေက ငါ့ကို အလေးပေးဆက်ဆံတာကို မင်း မနာလိုမဖြစ်ရဘူးနော်”
ချန်ကျဲ့သည် ကျိုးချူ၏ထိုစကားတို့မှာ နောက်ပြောင်နေခြင်းဖြစ်ကြောင်း သိသည်။
သိုင်းကျမ်းတစ်ခုရှိရှိ၊ နှစ်ခုရှိရှိ ဘာဖြစ်သလဲ။
သိုင်းကျမ်းအများကြီး ပိုင်ဆိုင်တာနဲ့ပဲ ကျိန်းသေပေါက် ပိုကောင်းတာမျိုးမှ မဟုတ်နေဘဲ။ အမှန်အတိုင်းပြောရရင် ဖန်းရှစ်ကျုံးရဲ့ လျှို့ဝှက်စာဖတ်ခန်းထဲက သိုင်းကျမ်းအများစုက အထင်ကြီးလောက်အောင် ကောင်းမွန်လှတဲ့သိုင်းကျမ်းတွေ ဟုတ်မနေဘူး။ အများစုက
စွမ်းအင်ပြောင်းလဲခြင်းအဆင့်အောက်နိမ့်တဲ့ သိုင်းကျမ်းတွေဖြစ်ပြီး အရေအတွက်နည်းနည်းကပဲ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရှိတယ်။ အဲဒါအပြင် သိုင်းကျမ်းတွေက အပြည့်အစုံမရှိဘူး။
အဲဒီသိုင်းကျမ်းတွေက စွမ်းအင်ပြောင်းလဲခြင်းအဆင့်အောက် ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်လောက်ပေမဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်အတွက်တော့ အဲဒီသိုင်းကျမ်းတွေက ဘာမှ အသုံးမဝင်လုနီးပါးပဲ။
သေချာပေါက်ပင် ချန်ကျဲ့ကဲ့သို့လူမျိုးသည် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်နှင့် ပတ်သက်ဆက်နွယ်သည့် သိုင်းကျင့်စဉ်များကို သာမန်သိုင်းကျမ်းများမှ ခွဲထုတ်ကျင့်ကြံနိုင်စွမ်းရှိပါ၏။
သို့တိုင် ကျိုးချူသည် အလွန်ကျေနပ်ပျော်ရွှင်နေခဲ့သည်။ သူ့တွင် သင့်တင့်လျောက်ပတ်သည့် သိုင်းကျင့်စဉ်တစ်ခုမျှ မရှိပေ။ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၏ မိသားစုလျှို့ဝှက်သိုင်းပညာဖြစ်သော တောင်ဖမ်းချုပ်ကြာပွတ်နှင့် နှစ်ထွေဓားသိုင်းကိုမူ မိသားစုဝင် အမျိုးသားများကိုသာ လက်ဆင့်ကမ်းပေးသည်။ အမျိုးသမီးများနှင့် အပြင်လူများကို သင်ယူခွင့်မပြုချေ။ ကျိုးချူသည် သားမက်ဖြစ်ပြီး အပြင်လူဖြစ်ရာ သူ့တွင် ထိုမိသားစုသိုင်းပညာများကို သင်ယူခွင့်မရှိပေ။
သို့သော် နောက်ဆုံးတွင်တော့ သူသည်လည်း သင့်တင့်လျောက်ပတ်သည့် သိုင်းကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်နိုင်ပေတော့မည်။
ကျိုးချူသည် အလွန်ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဦးလေးဖူနှင့်အတူ ထွက်ခွာသွားခဲ့သည်။
ဒီနေ့သည် သူ့အတွက် အကျိုးအမြတ် အလျှံပယ်ရရှိသည့် နေ့တစ်နေ့ဖြစ်ပေသည်။
ထိုအချိန်၌ ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကိုကြည့်၍ ပြောခဲ့သည်။
“ငါမင်းကို ဘာလို့ ဒီမှာခေါ်ထားလဲသိလား”
“ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အရေးကြီးကိစ္စတစ်ခုခု ဖြစ်ပါလိမ့်မယ်”
ဖန်းရှစ်ကျုံးသည် အပြုံးဖြင့် ခပ်ဖျော့ဖျော့ခေါင်းညိတ်၏။
“ကျိုစစ် ဒီမွေးစားအဖေရဲ့ သိုင်းလောကဘွဲ့ဂုဏ်ပုဒ်က ဘာလဲဆိုတာ သိသလား”
“သိုင်းလောကဘွဲ့ဂုဏ်ပုဒ်လား။ အဲဒါက အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင် တံငါသည် မဟုတ်ဘူးလား”
ချန်ကျဲ့၏အမေးကို ဖန်းရှစ်ကျုံးမှ အပြုံးဖြင့် ပြန်ဖြေသည်။
“အစောင့်အရှောက်ကြီး၁၃ဦးရဲ့ ဂုဏ်ပုဒ်အများစုက အလုပ်အကိုင်အပေါ် မူတည်ပြီး ခေါ်ဝေါ်ကြတာပဲ။ တံငါသည်က ဒီမွေးစားအဖေရဲ့ အရင်က အလုပ်အကိုင်ပဲ။ ဒါပေမဲ့ အခုလို အမည်ကျော်ကြားမှုမရှိခင်က ဒီမွေးစားအဖေမှာ သိုင်းလောကအမည်တစ်ခု ရှိခဲ့ဖူးတယ်”
ချန်ကျဲ့သည် ဖန်းရှစ်ကျုံးကို အကြည့်မလွှဲတမ်း ကြည့်နေခဲ့သည်။ ဖန်းရှစ်ကျုံးမှ ပြောသည်။
“သံမဏိလက်ဝါးတဲ့!”
“သံမဏိလက်ဝါး?”
ချန်ကျဲ့သည် ဖန်းရှစ်ကျုံးကိုသာ ကြည့်နေပေသည်။ ဖန်းရှစ်ကျုံးမှ ပြော၏။
“ဟုတ်တယ် သံမဏိလက်ဝါးပဲ။ ဒီမွေးစားအဖေရဲ့ ထူးခြားတဲ့သိုင်းပညာအပေါ် မူတည်ပြီး ခေါ်ဝေါ်ခဲ့တာလေ”
“ မွေးစားအဖေသင်ယူခဲ့တဲ့သိုင်းပညာက သံမဏိလက်ဝါးသိုင်းလို့ ဆိုလိုချင်တာလား”
“အမှန်ပဲ။ ငါ့ရဲ့ဆရာ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အရင်ခေါင်းဆောင်ဟောင်းမှာ အတွင်းအားနဲ့ ရုပ်ခန္ဓာပိုင်းဆိုပြီး သိုင်းကျင့်စဉ်နှစ်ခုရှိခဲ့တယ်”
“အတွင်းအားနဲ့ ရုပ်ခန္ဓာပိုင်း?”
ချန်ကျဲ့မှ ရေရွတ်မိစဉ် ဖန်းရှစ်ကျုံးမှ ပြောသည်။
“အင်း အတွင်းအားကျင့်စဉ်တစ်ခုနဲ့ ရုပ်ခန္ဓာပိုင်းကျင့်စဉ်တစ်ခုပဲ။ အမှောင်စွမ်းအင်အဆင့်ပြီးရင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဆိုတာ မင်းသိပါတယ်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ရဲ့ ထင်ရှားတဲ့ထူးခြားချက်က အတွင်းအားကို အခြေအနေလိုက် ကောင်းကောင်းအသုံးပြုနိုင်တာပဲ”
“အတွင်းအားကို နည်းလမ်းနှစ်မျိုးနဲ့ ကျင့်ကြံနိုင်တယ်။ အတွင်းအားကျင့်ကြံမှုနဲ့ ရုပ်ခန္ဓာပိုင်းကျင့်ကြံမှုပဲ။ အတွင်းအားကျင့်ကြံမှုက အရေပြားသန့်စင်ခြင်းအဆင့်ကနေ စတင်ပြီး အတွင်းအားကျင့်ကြံမှုကို အာရုံစိုက်မယ်၊ အဲဒါကိုမှ ရုပ်ခန္ဓာပိုင်းကျင့်ကြံမှုတွေနဲ့ ဖြည့်စွက်ထောက်ကူမယ်။ အတွင်းအားကနေ ရုပ်ခန္ဓာအထိ ပူးပေါင်းပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်ထဲကို ဝင်ရောက်မယ်”
ထိုရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ချန်ကျဲ့သည် ဤသည်မှာ သူအမြဲ အသုံးပြုနေခဲ့သည့်နည်းလမ်းဟု စိတ်ထဲမှ တွေးမိလိုက်သည်။
ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်း၊ အတိဒုက္ခဆယ့်သုံးပါးလှံကဲ့သို့ ရုပ်ခန္ဓာပိုင်းကျင့်ကြံမှုပါဝင်သည့် သိုင်းပညာများစွာကို လေ့ကျင့်ခဲ့သည်။ သူ၏ အခြေခံအုတ်မြစ်သည် အဖိုးဖြစ်သူမှ သူလေ့ကျင့်ရန် ချန်ထားပေးခဲ့သည့် ယန်ချွမ်ကျင့်စဉ်ဖြစ်သည်။ သို့ဖြစ်ရာ အတွင်းမှ ရုပ်ခန္ဓာအထိ ပူးပေါင်းသည်ဟု သတ်မှတ်နိုင်ပေသည်။
“နောက်တစ်နည်းကတော့ ရုပ်ခန္ဓာပိုင်းကနေ အတွင်းအားအထိ ပူးပေါင်းခြင်းပဲ။ ရုပ်ခန္ဓာပိုင်းကျင့်ကြံမှုကို အသုံးချပြီး အတွင်းအားကို ကျင့်ကြံတာပေါ့။ ရုပ်ခန္ဓာပိုင်းကျင့်စဉ်တစ်ခုက အောင်မြင်မှုကြီးအဆင့်ကို ရောက်ရှိနိုင်ခဲ့ရင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်မယ်”
ချန်ကျဲ့မှ မေးသည်။
“အဲဒီနည်းလမ်းနှစ်ခုကြားမှာ ဘယ်ဟာက ပိုသာလွန်တယ်ဆိုတဲ့ ကွာခြားမှုမျိုးရှိလား”
“ဘယ်ဟာက ပိုသာလွန်တယ်ဆိုတာမျိုးတော့ မရှိပါဘူး။ အတွင်းအားကို အာရုံစိုက်ပြီး ရုပ်ခန္ဓာပိုင်းက ထောက်ကူတဲ့နည်းလမ်းဖြစ်ဖြစ်၊ ရုပ်ခန္ဓာပိုင်းကို အာရုံစိုက်ကျင့်ကြံပြီး အတွင်းအားက ထောက်ကူတဲ့နည်းလမ်းဖြစ်ဖြစ်၊ အဲဒီနည်းလမ်းနှစ်ခုစလုံးမှာ လောကတစ်ခွင်ကျော်ကြားတဲ့ နည်းလမ်းတွေရှိတယ်”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော် အတွင်းအားကို အာရုံစိုက်ပြီး ရုပ်ခန္ဓာပိုင်းက ထောက်ကူတဲ့နည်းလမ်းကိုတော့ သိပါတယ်။ ဒါပေမဲ့ ရုပ်ခန္ဓာပိုင်းကို အာရုံစိုက်ကျင့်ကြံပြီး အတွင်းအားက ထောက်ကူတဲ့နည်းလမ်းကိုတော့ မကြားဖူးသလိုပဲ”
ချန်ကျဲ့မှ သူ၏သံသယကို ထုတ်ဖော်ပြောသည်။ ဖန်းရှစ်ကျုံးမှ ပြောသည်။
“မင်း သေချာပေါက် ကြားဖူးပါတယ်”
“အရမ်းကျော်ကြားတာလား”
“အရမ်းကိုမှ ကျော်ကြားတယ်။ လောကတစ်ခွင် ထင်ရှားကျော်ကြားတယ်လို့တောင် ပြောနိုင်တယ်”
“အဲဒီသိုင်းက ဘာများလဲ”
ချန်ကျဲ့၏အမေးကို ဖန်းရှစ်ကျုံးမှ များစွာသော စကားလုံးများကို ဖြည်းဖြည်းချင်း ပြောလာသည်။
“နဂါးနိုင်လက်ဝါသိုင်း၁၇ကွက်!”
ဟမ်!!
ချန်ကျဲ့၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတော့သည်။ အတွင်းအားအဖြစ် ပြောင်းလဲရရှိအောင် ကျင့်ကြံနိုင်သည့် လောကတစ်ခွင် ထင်ရှားကျော်ကြားသည့် ၎င်းကျင့်စဉ်သည် နဂါးနိုင်လက်ဝါသိုင်း၁၇ကွက်ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူရဲကောင်းချောင်နဲ့ ဂိုဏ်းခေါင်းဆောင်ဟုန်စသော သူရဲကောင်းကြီးများသည် ထိုလက်ဝါးသိုင်းကို မှီခို၍ လောကကြီး၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်ခဲ့ကြသည်။
ထိုသူရဲကောင်းကြီးများသည် အံ့ဩဖွယ်ကောင်းလောက်သော အတွင်းအားကျင့်စဉ်များကို ကျင့်ကြံဖူးပါ၏လော။ မဟုတ်ပေ။ သေချာပေါက် မကျင့်ကြံဖူးပေ။ အကြောင်းမှာ နဂါးနိုင်လက်ဝါသိုင်း၁၇ကွက်သည် ကျင့်ကြံသူကို အတွင်းအားရရှိစေနိုင်သောကြောင့်ပင်။ ရုပ်ခန္ဓာပိုင်းကျင့်ကြံမှုမှ အတွင်းအားရရှိစေခြင်းဖြစ်ပေသည်။
နဂါးနိုင်လက်ဝါသိုင်း၁၇ကွက်သည် အလွန်တရာ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာခြင်းတို့ဖြင့် ကျော်ကြားသည့် ရုပ်ခန္ဓာပိုင်းကျင့်စဉ်ဖြစ်သည်။
ဤအယူအဆကို နားလည်လိုက်သည်တွင် ချန်ကျဲ့သည် သိုင်းပညာများအကြောင်းကို ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်သွားရသည်။ ၎င်းတို့နောက်ကွယ်ရှိ ခက်ခဲနက်နဲမှုကိုလည်း နားလည်သွားခဲ့သည်။
ဤသည်မှာ မွေးစားအဖေရှိခြင်း၏ အကျိုးကျေးဇူးဖြစ်၏။ များစွာသော သိုင်းပညာဆိုင်ရာ အသိပညာများကို တိုက်ရိုက် ပြောပြပေးနိုင်လေသည်။ သို့မဟုတ်ပါက မိမိဘာသာ စူးစမ်းလေ့လာရပေလိမ့်မည်။ မည်သူမျှ လာပြောပြပေးမည် မဟုတ်ပေ။
ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။
“ပြီးတော့ ငါ့ရဲ့ဆရာ ကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်းမှာ အရင်က ထင်ရှားတဲ့သိုင်းကျမ်းနှစ်ခုရှိခဲ့တယ်။ တကယ်တော့ အရင်က တစ်ခုတည်းရှိခဲ့တာ၊ အဲဒါက သံမဏိလက်ဝါးသိုင်းပဲ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ရေခဲစိတ်စွမ်းအင်သိုင်းကို ရလာခဲ့တယ်”
“ကံဆိုးစွာနဲ့ လူအိုကြီးက အဲဒါတွေကို တစ်ခါမှ မကျင့်ကြံခဲ့ဘူး။ နောက်ပိုင်းတော့ အဲဒီသိုင်းကျမ်းနှစ်ခုကို ငါနဲ့ နန်ပါးထျန်းကို ပေးခဲ့လိုက်တယ်”
“အစတုန်းက နန်ပါးထျန်းက သံမဏိလက်ဝါးကို သင်ချင်ခဲ့တာ၊ ငါလည်း သဘောတူခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းကျ ရေခဲစိတ်စွမ်းအင်သိုင်းကိုပဲ ကျင့်ကြံဖို့ရွေးချယ်သွားတယ်”
“အဲဒါကြောင့် သံမဏိလက်ဝါးသိုင်းကို ငါက အမွေဆက်ခံခဲ့ပြီး အဲဒီသိုင်းကျမ်းကို မူတည်ပြီးတော့ [သံမဏိလက်ဝါး]ဆိုတဲ့ အမည်ကို ဖန်တီးခဲ့တယ်။ နောက်တော့ အစောင့်အရှောက်ကြီး၁၃ဦးထဲကိုပါ ဝင်ရောက်နိုင်ခဲ့တယ်”
ချန်ကျဲ့သည် ဖန်းရှစ်ကျုံးမှ ပြောပြသည့် အကြောင်းအရာများကို သေချာဂရုတစိုက် နားထောင်နေခဲ့သည်။
ထို့နောက် ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“ကျိုစစ် အခု ကျားဖြူခန်းမတစ်ခုလုံးရဲ့ သေရေးရှင်ရေးက မင်းအပေါ် မူတည်နေပြီ။ အဲဒါကြောင့် သံမဏိလက်ဝါးသိုင်းကို မင်းကို လက်ဆင့်ကမ်းပေးဖို့ ငါဆုံးဖြတ်လိုက်ပြီ”