နတ်သိုင်းကျင့်စဉ် ထပ်မံရရှိခြင်း၊ သံမဏိအရိုးအဆင့်သို့ တက်လှမ်းခြင်း_၆
Vol. 19 Ch. 259
“အာ မွေးစားအဖေ ကျွန်တော်…”
“မငြင်းနဲ့တော့။ မင်းရဲ့ကျင့်ကြံမှုက နောက်ကျတယ်ဆိုပေမဲ့ မင်းက ထက်မြက်ပြီး ဆက်ဆံရေးတွေကို အလေးအနက်တန်ဖိုးထားတယ်။ ငါ လူကဲခတ်မှားမှာ မဟုတ်ဘူး။ အရိုးသန်မာဆေးလုံးက မင်းကို သံမဏိအရိုးအဆင့်ကို တက်လှမ်းစေနိုင်မှာပေမဲ့ မင်းရဲ့သိုင်းကွက်တွေထဲက ကွာဟချက်က မင်းကို ရှုံးနိမ့်သွားစေနိုင်တယ်”
“ရေထိန်းချုပ်လက်ဝါးသိုင်းက အရမ်းအင်အားကြီးမားပါတယ်။ ဒါပေမဲ့ တိုက်ခိုက်မှုထက် ခုခံမှုကို ပိုအလေးပေးတယ်။ ပြီးတော့ သူက ရေတိုက်ပွဲတွေမှာ ပိုအားကောင်းတာ၊ ကုန်းမြေပေါ်မှာတော့ သံမဏိလက်ဝါးသိုင်းထက် အများကြီးပိုအားနည်းတယ်”
ဖန်းရှစ်ကျုံး၏ စကားမှာ မှန်ကန်ပါသည်။ ရေထိန်းချုပ်လက်ဝါးသိုင်းသည် အမှန်တကယ်ပင် ရေတိုက်ပွဲများတွင် ပို၍အားကောင်းခြင်းဖြစ်သည်။ ရေထဲ၌ ၎င်း၏ကျင့်ကြံဆင့်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကိုပင် ကျော်လွန်နိုင်လောက်၏။ အထူးသဖြင့် ယန်ချွမ်ကျင့်စဉ်နှင့် ပေါင်းစည်းလိုက်ချိန်တွင် ဖြစ်သည်။
သို့သော် ကုန်းမြေတွင်တော့ ၎င်း၏ သေစေနိုင်လောက်သော အင်အားသက်ရောက်မှုသည် မလုံလောက်ပေ။
ဖန်းရှစ်ကျုံးမှ ပြောသည့် သံမဏိလက်ဝါးသိုင်းသည်လည်း နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကဲ့သို့ ရုပ်ခန္ဓာပိုင်းမှ အတွင်းအားကို ဖြစ်တည်စေသည့် ကြံ့ခိုင်အသန်မာဆုံးသော လက်ဝါးသိုင်း၊ ယန်သိုင်းကျင့်စဉ် ဖြစ်ပေသည်။
…
၎င်း၏ကျင့်ကြံဆင့်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်နှင့်အထက်ဖြစ်ပြီး ဖန်းရှစ်ကျုံး၏ သံမဏိလက်ဝါးသည်တော့ အောင်မြင်မှုကြီးအဆင့်တွင်သာ ရှိသေးကာ ပြီးပြည့်စုံခြင်းနှင့် ဝေးကွာသေးသည်။
၎င်းသိုင်းဖြင့် နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို ရှုံးနိမ့်ခဲ့လျှင်သော်မှ သနားဖွယ်ကောင်းလောက်အောင် ဆိုးဆိုးရွားရွား ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။
ချန်ကျဲ့လည်း မငြင်းနိုင်တော့ရာ ဖန်းရှစ်ကျုံးသည် သူ၏အထင်ကရဖြစ်သော သိုင်းပညာ သံမဏိလက်ဝါးသိုင်းကို စတင်သင်ကြားပေးတော့သည်။
သံမဏိလက်ဝါးသိုင်းဟူသည် အဘယ်နည်း။
ကျောက်တုံးများ၊ သံမဏိများကို ချိုးဖျက်ဆီးနိုင်သည့် သိုင်းပညာတစ်ခုဖြစ်ကာ တီဗွီအစီအစဉ်များတွင် ပြသသည့်အတိုင်း ၂၀စင်တီမီတာထူ၍ ကီလိုထောင်ချီလေးသည့် ကျောက်တုံးများကို လက်ဝါးတစ်ချက်ဖြင့် ချိုးပစ်နိုင်မည့် သိုင်းပညာမျိုးဖြစ်သည်။
ဤသည်မှာ သံမဏိလက်ဝါးသိုင်းဖြစ်သည်။
ထို့ပြင် သံမဏိလက်ဝါးသိုင်းသည် အံ့ဩတုန်လှုပ်ဖွယ်သော သန်မာမှုနှင့် အားကောင်းသည့် သိုင်းကွက်များ ပါဝင်ရုံသာမက လျှပ်စီးအလား လျင်မြန်သည့် အရှိန်နှုန်းလည်း တည်ရှိသည့် ထူးခြားအားကောင်းလှသည့် လက်ဝါးသိုင်းတစ်မျိုးဖြစ်ပေသည်။
ကြောက်ခမန်းလိလိ အင်အားကြီးမားလှပေသည်။
သိုင်းကွက်များသည်လည်း မရှုပ်ထွေးပေ။ စုစုပေါင်းသိုင်းကွက် ၆ကွက်ပါဝင်ပြီး ၎င်းတို့မှာ မိုးကြိုးတောင်ဖွင့်လှစ်ခြင်း၊ လှောင်အိမ်မှာ ထွက်လာသော ဝက်ဝံနက်၊ ကောင်းကင်သို့ ဆန်တက်သည့် မိုးပြာရောင်နဂါး…
ဖန်းရှစ်ကျုံး၏ လမ်းညွှန်ပြသမှုအောက်၌ ချန်ကျဲ့သည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ချန်ကျဲ့၏သိုင်းကွက်များသည် အရည်အသွေးကောင်းမွန်လာ၏။ ဖန်းရှစ်ကျုံးမှ ပြောသည်။
“အရိုးသန်မာဆေးလုံးတစ်လုံးသောက်လိုက်။ ဒီနေ့ သံမဏိအရိုးအဆင့်ဆီ တက်လှမ်းဖို့ကို ဒီသံမဏိလက်ဝါးသိုင်းကို သုံးပြီး တက်လှမ်းမယ်”
ထိုအခါ ချန်ကျဲ့ ရုတ်ချည်း ပြောလိုက်သည်။
“ဟုတ်ကဲ့”
ထို့နောက် ချန်ကျဲ့သည် အရိုးသန်မာဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး သံမဏိလက်ဝါးသိုင်းကို တစ်ကွက်ချင်း လေ့ကျင့်တော့သည်။
သံမဏိလက်ဝါးသိုင်းကို လေ့ကျင့်ရာ၌ အင်အားအများကြီးလိုအပ်၏။ ကံကောင်းထောက်မစွာဖြင့် ချန်ကျဲ့သည် အရိုးသန်မာဆေးလုံးကို သောက်သုံးထားခဲ့သည်။ မကြာမီ၌ သူ၏အရိုးများမှ တဖျစ်ဖျစ်တဖြောက်ဖြောက် မြည်လာခဲ့သည်။
သံမဏိလက်ဝါးသိုင်း၏ သိုင်းကွက်များသည် လေးလံပြီးအားကောင်းသည်။ ဝက်ဝံနက်ကြီး လှောင်အိမ်မှ လွတ်ထွက်လာသည့်အလား ကျောက်တုံးများကို ခွဲပစ်နိုင်လေသည်။
ဤအခိုက်အတန့်၌ ဆေးလုံး၏အာနိသင်များ ခန္ဓာကိုယ်အတွင်း စတင်၍ စိမ့်ဝင်ပျံ့နှံ့လာသည်။
ဆေးအာနိသင်၏ လွှမ်းမိုးမှုဖြင့် ချန်ကျဲ့၏အသက်ရှူနည်းလမ်းသည်လည်း ယန်ချွမ်ကျင့်စဉ်သို့ အလိုအလျောက် ပြောင်းလဲသွားခဲ့သည်။
ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်မှာ သံမဏိလက်ဝါးသိုင်းလေ့ကျင့်မှုကို အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် ထိတ်လန့်သွား၏။ သို့သော် သံမဏိလက်ဝါးသိုင်းသည် ယန်ချွမ်ကျင့်စဉ်နှင့် စတင်၍ ဆက်နွယ်ပူးပေါင်းလာကြောင်း သိလိုက်ရသည်။
ဆေးအာနိသင်ကို အတူတကွ ပူးပေါင်းနေလျက် အရိုးများလည်း ပို၍တိုးတက်လာသည်ကို ချန်ကျဲ့ ခံစားမိနေသည်။
ဤသည်မှာ သံမဏိလက်ဝါးသိုင်းတစ်ခုတည်း လေ့ကျင့်နေခြင်းထက် အများကြီးပိုမြန်၏။
ဒါက ဒဏ္ဍာရီလာ အတွင်းအားနဲ့ ရုပ်ခန္ဓာကျင့်ကြံမှု တစ်ပြိုင်တည်းဖြစ်တည်တယ် ဆိုတာမျိုးလား။
ထိုသို့အတွေးဖြင့် ချန်ကျဲ့၏လက်များ ပို၍မြန်သထက် လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။
အနီးတွင် စောင့်ကြည့်နေ့သည့် ဖန်းရှစ်ကျုံးမှာ မျက်မှောင်ကြုတ်သွားရသည်။ သူ၏သိုင်းပညာကျွမ်းကျင်မှုအရ ချန်ကျဲ့၏ သံမဏိလက်ဝါးသိုင်းသည် အနည်းငယ် ကွာခြားနေကြောင်း သိနိုင်ပါသည်။
သို့သော် ကောင်းသည်၊ဆိုးသည် သူမသိပေ။ ထို့ကြောင့် ဖန်းရှစ်ကျုံးသည် ချန်ကျဲ့ကို အလျင်စလို မရပ်ခိုင်းဘဲ ဒီတိုင်း စောင့်ကြည့်နေလိုက်သည်။
အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက်၌ ချန်ကျဲ့၏သံမဏိလက်ဝါးသိုင်းသည် အနည်းငယ်ကွဲပြားသည့်ပုံစံရှိကြောင်း သတိထားမိခဲ့သည်။
သူ၏သံမဏိလက်ဝါးသိုင်းသည် ကျယ်ပြောပြီး ယန်ကျင့်စဉ်အလျောက် ပြီးပြည့်စုံစွာ ကြံ့ခိုင်သန်မာသည်။ ချွင်းချက်တစ်ခုတစ်လေမျှ မရှိနေပါဘဲ မည်သည့်အရာကမျှ မရပ်တန့်နိုင်ဟု ခံစားရပေသည်။
ချန်ကျဲ့၏သံမဏိလက်ဝါးသိုင်းသည် မတူပေ။ ယန်ကျင့်စဉ်အလျောက် ပြီးပြည့်စုံစွာ ကြံ့ခိုင်သန်မာသည့်တိုင် အလုံးစုံ သို့မဟုတ် ဗလာသော တည်ရှိမှုဖြစ်သည်။ ချန်ကျဲ့မှ နူးညံ့မှုအချို့ ပေါင်းထည့်လိုက်သောအခါ ခံစားမှုအသစ်တစ်မျိုး ရရှိစေလေသည်။ ကြံ့ခိုင်သန်မာမှုသည် ကျိုးပဲ့လွယ်၏။ သို့သော် ချန်ကျဲ့၏နည်းလမ်းသည်တော့ ကျိုးပဲ့မလွယ်ပေ။
၎င်းသည် အမှန်တကယ်ပင် သံမဏိလက်ဝါးသိုင်းကို ပြောင်းလဲမှုအချို့ ဖြစ်တည်စေခဲ့သည်။
ထိုအချိန်၌ ချန်ကျဲ့သည်လည်း ယန်ချွမ်ကျင့်စဉ်၏ အကျိုးကျေးဇူးများကို ရှာဖွေတွေ့ရှိခဲ့သည်။
ယန်ချွမ်ကျင့်စဉ်သည် ၎င်းကိုယ်၌က မည်သည့်ထူးထူးခြားခြား ဂုဏ်သတ္တိမျှ မရှိသည့်တိုင် ၎င်းသည် အလွန်သဟဇာတဖြစ်ပြီး မည်သည့်ရုပ်ခန္ဓာပိုင်းကျင့်စဉ်နှင့်မဆို အံ့ဝင်ခွင်ကျဖြစ်သည်။
၎င်း၏အမည် ယန်ချွမ်ဟူသည့်အတိုင်း နွေဦးသည် နွေဦးလေပြည်အလား ပြန်လည်သက်ဝင်နိုးထလာခြင်း ဖြစ်လေသည်။
အဓိကအားဖြင့် နူးညံ့သိမ်မွေ့ကာ အရာအားလုံးကို ဝန်းပတ်လွှမ်းခြုံနိုင်စွမ်းရှိလေသည်။
သံမဏိလက်ဝါးသိုင်းသည် ယန်ချွမ်ကျင့်စဉ်နှင့် တွဲစပ်ရသည့်သိုင်းပညာ မဟုတ်သည့်တိုင် ယန်ချွမ်ကျင့်စဉ်၏ လွှမ်းမိုးမှုအောက်၌ အကျုံးဝင်သည်ဟု ခံစားရပေသည်။
ဖန်းရှစ်ကျုံး၏ တည့်တိုးဆန်သော သံမဏိလက်ဝါးသိုင်းထက် ပို၍အင်အားကြီးမားပြီး ပို၍သက်ရောက်မှုအား ကျယ်ပြန့်စေသည်ဟု ခံစားရလေသည်။
ချန်ကျဲ့ ပို၍ ပို၍ လျင်မြန်စွာ သိုင်းကွက်များကို လေ့ကျင့်သည်။
တစ်ပြိုင်နက်တည်း၌ ချန်ကျဲ့သည် အရိုးများထဲမှ အပူလှိုင်းကိုလည်း ခံစားမိနေခဲ့သည်။ ၎င်းသည် ခန္ဓာကိုယ်ကြွက်သားလှုပ်ရှားမှုကိုလည်း တိုးတက်စေပေသည်။
အရိုးနှင့်ကြွက်သားများအကြား ပွတ်တိုက်မှုမှ ခပ်အုပ်အုပ်အသံများပင် ပေါ်ထွက်နေခဲ့၏။
ကျားနှင့်ကျားသစ်ဟိန်းဟောက်မြည်ဟီးသံများ.. ဟုတ်ပါ၏။ ၎င်းကျားနှင့်ကျားသစ်ဟိန်းဟောက်မြည်ဟီးသံများသည် သံမဏိအရိုးအဆင့်၏ သင်္ကေတဖြစ်ပေသည်။
အရိုးနှင့်ကြွက်သားများသည် ကျားနှင့်ကျားသစ်ဟိန်းေဟာက်သံကဲ့သို့ မြည်ဟီးနေသည်။ ၎င်းတိုးတက်မှုအဆင့် ပြီးဆုံးပါက ချန်ကျဲ့လည်း သံမဏိအရိုးအဆင့်သို့ အောင်မြင်စွာ တိုးတက်ပြီးဖြစ်လိမ့်မည်။
“ကောင်းတယ်”
မျက်လုံးရှေ့ရှိမြင်ကွင်းတွင် ဖန်းရှစ်ကျုံးမှာ မထိန်းချုပ်နိုင်ဘဲ အံ့အားသင့်စွာဖြင့် အသိအမှတ်ပြုမိရလေသည်။ ထို့နောက် ပြုံးလျက် ပြောလာသည်။
“ကျိုစစ် မင်းရဲ့ရုပ်ခန္ဓာအခြေခံအုတ်မြစ်က အရမ်းမကောင်းလှတာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ သဘောပေါက်နားလည်နိုင်စွမ်းကတော့ တကယ့်ကို အံ့ဩစရာပဲ။ သံမဏိအရိုးအဆင့် အခု မင်းမှာ ဖုန်းစန်းတို့နဲ့ ယှဉ်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိပြီ”
“ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်သေးဘူး။ နောက်ထပ် အရိုးသန်မာဆေးတစ်လုံးကို ထပ်သောက်လိုက်ဦး။ ပြီးရင် နောက်တစ်ကြိမ် ပြန်လေ့ကျင့်မယ်”
ထိုစကားများကိုကြားသောအခါ ချန်ကျဲ့မှ ပြောသည်။
“ဟုတ်ကဲ့ မွေးစားအဖေ”
ချန်ကျဲ့သည် နောက်ထပ် အရိုးသန်မာဆေးလုံးတစ်လုံးကို သောက်လိုက်ပြီး သံမဏိလက်ဝါးသိုင်းကို ပြင်းပြင်းထန်ထန် ဆက်လက်လေ့ကျင့်သည်။
ယန်ချွမ်ကျင့်စဉ်နှင့် ပေါင်းစည်းလိုက်သောအခါ ချန်ကျဲ့သည် အမြန်ဆုံးသောအရှိန်နှုန်းဖြင့် တိုးတက်နေခဲ့ပေသည်။ သို့ဖြင့် သံမဏိအရိုးအဆင့် သက်တမ်းရင့်သိုင်းပညာရှင်ကြီးများနှင့် ကွာဟချက်ကိုလည်း လျှော့ချနိုင်ခဲ့သည်။
နှစ်ရက်တာအချိန်သည် ထိုကဲ့သို့ပင် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ဖန်းရှစ်ကျုံး၏ လမ်းညွှန်ပြသမှုအောက်၌ ချန်ကျဲ့သည် နှစ်ရက်တာကို ကျားဖြူခန်းမ၏ လျှို့ဝှက်အခန်းအတွင်း၌ အပြင်းအထန် လေ့ကျင့်ခဲ့သည်။
ချန်ကျဲ့သည် ကျောက်တုံးကျောက်စိုင်ပေါင်း ဒါဇင်ကျော်ကို ဖျက်ဆီးပစ်ခဲ့သည်။
ဗုန်း ဗုန်း ဗုန်း…
လက်ဝါးသိုင်းကွက်များစွာ တစ်ဆက်တည်း ဖြတ်သန်းသွား၏။ ကျိုးချူသည် ချန်ကျဲ့အနီးသို့လျှောက်လာပြီး ပုဝါတစ်ခု ကမ်းပေးသည်။ ထို့နောက် ကျောက်တိုင်များကို လှည့်ကြည့်၍ပြောသည်။
“ကျိုစစ် ဒီကျောက်တိုင်က ဘာလို့မကျိုးတာလဲ”
ချန်ကျဲ့ ပြုံးလိုက်သည်။
“မင်း သွားတွန်းကြည့်လိုက်လေ”
ကျိုးချူလည်း ထိုကျောက်တိုင်ကို သွားတွန်းလိုက်သည်။ ထိုအခါ ကျောက်တိုင်သည် ဝုန်းခနဲ အသံနှင့်အတူ နှစ်ပိုင်းကျိုးပဲ့ပြိုလဲသွားတော့သည်။
“သောက်ကျိုးနဲဟ! ကျိုစစ် မင်းအရမ်းမိုက်တာပဲ”
ချန်ကျဲ့နှင့် အချိန်အတော်ကြာ ရင်းနှီးခဲ့ပြီးဖြစ်သော ကျိုးချူသည် မျက်မှောက်ခေတ်အသုံးအနှုန်းဖြစ်သော “မိုက်တယ်”ဟူသည့် ဗန်းစကားကို အသုံးပြုပြောလာလေသည်။
ချန်ကျဲ့ ပြုံးရုံပြုံးလိုက်သည်။ ထို့နောက် လျှို့ဝှက်အခန်းတံခါး ပွင့်လာခဲ့ပြီး ဦးလေးဖူမှ ဝင်လာပြီး ပြောသည်။
“သခင်၅၊ သခင်၆ အချိန်ကျပါပြီ။ ကျွန်တော်တို့ နန်ရေကန်ဆီ ထွက်ခွာသင့်ပါပြီ”