ချန်ကျဲ့: ဖုန်းစန်း ငါမင်းကို အခွင့်အရေးပေးထားတာတောင် မင်းက အသုံးမကျဘူးပဲ_၃
Vol. 19 Ch. 262
ဖန်းရှစ်ကျုံးသည် သူဖုန်းစားအိုကြီးကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ရေခဲတမျှ အေးစက်မှုတစ်မျှင် ဖြတ်ပြေးသွား၏။ သို့တိုင် ယဉ်ကျေးပျူငှာသည့် အပြုံးကို ထိန်းသိမ်းထားမြဲပင်။
“ဟားဟား ကျုပ် မလာခဲ့ရင် ကျုပ်တို့ကျားဖြူခန်းမက ခင်ဗျားကို ကြောက်တယ်လို့ အထင်ရောက်ကုန်ကြမှာပေါ့”
“အာ လောင်ဖန်း ခင်ဗျား ဘာတွေပြောနေတာလဲဗျာ။ သိုင်းပညာနဲ့ မိတ်ဖွဲ့တာပဲကို ဘာလို့များရန်ငြိုးထားနေမလဲဗျာ”
ဖန်းရှစ်ကျုံး မျက်နှာမဲ့လိုက်၏။
“ရန်ငြိုးမထားရဘူးလား။ အဲဒါဆို ဘာလို့များ ကျုပ်ရဲ့ခန်းမက အဖွဲ့သားတွေအများကြီးကို သေဆုံးစေခဲ့ရတာလဲ။ ပြီးတော့ ငါ့ရဲ့သားငယ်၄ သေဆုံးခဲ့ရတာကရော?”
သူဖုန်းစားဂိုဏ်းမှ ပြောသည်။
“အာ လောင်ဖန်း ကျုပ်ဝန်ခံပါတယ်။ ကျုပ်တို့သူဖုန်းစားဂိုဏ်းက မင်းတို့ရဲ့အဖွဲ့သားတွေကို သတ်ခဲ့တာပါ။ ဒါပေမဲ့ မင်းရဲ့မွေးစားသားတန်းကွမ်းမင်ကတော့ ကျုပ်တို့သတ်တာ မဟုတ်ဘူး”
“ဟမ့် မင်းတို့မဟုတ်ရင် ဘယ်သူဖြစ်မလဲ”
သူဖုန်းစားအိုကြီးမှ ပြန်ပြောသည်။
“အဲဒါတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ သူဖုန်းစားဂိုဏ်းက ကိုယ်လုပ်တဲ့ကိစ္စအတွက် တာဝန်ယူတယ်။ ကိုယ်မလုပ်ခဲ့တဲ့ကိစ္စအတွက်တော့ လုံးဝ ဝန်မခံနိုင်ဘူး။ ပြီးတော့လည်း ကျုပ်တို့က ဆန့်ကျင်ဘက်မှာ ရပ်နေတဲ့သူတွေ ဖြစ်နေကြပြီးပြီ။ ကျုပ်က ဘာလို့ ခင်ဗျားကို လိမ်ရမှာလဲ”
…
ထိုအခါ ဖန်းရှစ်ကျုံး မျက်မှောင်ကြုတ်သွား၏။
သားငယ်၄ရဲ့ သေဆုံးမှုက တကယ်ပဲ သူဖုန်းစားဂိုဏ်းနဲ့ ဘာမှ မပတ်သက်ဘူးလား။
ဒါပေမဲ့ အခုက သားငယ်၄ရဲ့သေဆုံးမှုအတွက် ဆွေးနွေးနေရမယ့်အချိန် မဟုတ်သေးဘူး။ ကျားဖြူခန်းမအနေနဲ့ ဒီမုန်တိုင်းလွင့်ပြယ်သွားတဲ့အထိ စောင့်ဆိုင်းရမှာပဲ။
ထိုသို့အတွေးဖြင့် ဖန်းရှစ်ကျုံး၏အကြည့်များသည် သူ၏နောက်တွင် ရပ်နေသည့် လူသုံးယောက်ဆီသို့ လွှဲပြောင်းသွား၏။
သူဖုန်းစားအိုကြီးသည်လည်း ကြည့်လာသည်။
“အာ ဒါက ကျားဖြူခန်းမရဲ့ မကြာသေးခင်ကမှ မွေးစားထားတဲ့ သားနှစ်ယောက်ဖြစ်မယ်ထင်တယ်။ တကယ့်ကို တစ်မူထူးခြားတဲ့ပုဂ္ဂိုလ်တွေပါပဲလား”
“လောင်ဖန်း ကျုပ်တကယ် ခင်ဗျားကို အားကျလိုက်တာဗျာ!”
ဖန်းရှစ်ကျုံးသည် သူဖုန်းစားအိုကြီးကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ဘာမျှမပြောပေ။
ထို့နောက်တွင် သူဖုန်းစားအိုကြီးနောက်ရှိ လူတစ်ယောက်မှ ကြားဖြတ်ပြောလာသည်။
“ချန်ကျိုစစ်က ဘယ်သူလဲ”
ထိုအခါ ချန်ကျဲ့ တွေဝေစွာဖြင့် မေးလာသူကို ကြည့်လိုက်သည်။ ချန်ကျဲ့ ထိုလူကို မှတ်မိသွား၏။ ထိုလူမှာ ရွှေဓားဖုန်းစန်းပင်။
ဖုန်းစန်းသည် ချန်ကျဲ့နှင့် ကျိုးချူကို နီရဲစူးရှသောမျက်လုံးများဖြင့် စေ့စေ့စပ်စပ်ကြည့်ရှုနေသည်။ ဦးလေးဖူသည်တော့ သူ၏ကြီးရင့်သောအသက်အရွယ်ကြောင့် အလိုအလျောက် အကြည့်မှ လွတ်မြောက်နေခဲ့သည်။
သို့ဖြစ်ရာ ဖုန်းစန်း၏ အဓိကဦးတည်ရာသည် ဤလူငယ်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်လိမ့်မည်။
ချန်ကျဲ့ ရှေ့သို့လျှောက်သွားလိုက်သည်။
“ကျွန်တော်က ချန်ကျိုစစ်ပါ။ ဖုန်းစန်းကို နှုတ်ဆက်ပါတယ်”
ဖုန်းစန်း မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက ချန်ကျိုစစ်လား”
“ဟုတ်ပါတယ်”
“မင်းက ငါ့ကိုသိတယ်ပေါ့?”
“သိပါတယ်”
“မင်းက ရှေ့ထွက်လာရဲသေးတယ်ပေါ့လေ?”
ဖုန်းစန်းမှ ဒေါသတကြီးဖြင့် အော်ပြော၏။
ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျွန်တော် ချန်ကျိုစစ်က မွေးကတည်းက ဖြောင့်မတ်မှန်ကန်ပြီး မားမားမတ်မတ် ရပ်တည်ရဲပါတယ်။ ကျွန်တော်က ဘာလို့များ ရှေ့မထွက်ရဲရမှာလဲ”
“ဘာကို မွေးကတည်းက ဖြောင့်မတ်မှန်ကန်တယ်လဲ! ငါ့ညီဖုန်းစစ်ကို အကြောင်းအရင်းမရှိဘဲ သတ်ခဲ့ပြီးတော့ မင်းကိုယ်မင်း ဖြောင့်မတ်တယ်လို့ တွေးနေသေးတယ်လား”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ဟား ဟား… ဒါပေါ့ဗျာ။ ကျွန်တော် ဖုန်းစစ်ကို သတ်လိုက်တာက ကောင်းကင်ဘုံရဲ့အလိုဆန္ဒကို လုပ်ဆောင်ပေးလိုက်တာပဲလေ!”
“မင်း!”
ဖုန်းစန်းမှာ ဒေါသကြောင့် မျက်လုံးများ ပြူးကျယ်လာတော့၏။ ချန်ကျဲ့မှ ဆက်ပြောသည်။
“ခင်ဗျားရဲ့ညီ ဖုန်းစစ်က စာရိတ္တပျက်ပြားတယ်။ ကလေးတွေကို တိရစ္ဆာန်တွေလို ပိတ်လှောင်ထားပြီး လူနဲ့နတ်ဘုရားအားလုံးကို အမျက်ဒေါသဖြစ်စေတယ်။ တရားမျှတမှုက ဖုန်းစစ်ကို ဖယ်ရှားစေလိုတယ်။ သူ့ကိုသတ်လိုက်တာက ကောင်းကင်ဘုံရဲ့အလိုဆန္ဒကို လိုက်နာလုပ်ဆောင်လိုက်တာပဲ!”
“ကောင်းကင်ဘုံရဲ့အလိုဆန္ဒကို လိုက်နာလုပ်ဆောင်တယ်? အရမ်းကိုမှ ကြီးမြတ်လိုက်တဲ့ အယူအဆပါပဲလား!”
ဖုန်းစန်းသည် အံတင်းတင်းကြိတ်လျက် ဒေါသမီးတောက်လောင်နေခဲ့သည်။ ချန်ကျဲ့သည်တော့ ဖုန်းစန်းကို လက်ညှိုးညွှန်လျက် ဆက်ပြော၏။
“ခင်ဗျားရဲ့ညီက သားရဲတိရစ္ဆာန်တစ်ကောင်လိုပဲ။ သူ့ရဲ့အကြီးဖြစ်တဲ့ ခင်ဗျားက သူ့ကိုအမှန်ပြုပြင်ပေးဖို့ မလုပ်ဆောင်နိုင်တဲ့အပြင် သူ့ရဲ့ဆိုးရွားလွန်းတဲ့ပြစ်မှုတွေကို ခွင့်ပြုထားလိုက်သေးတယ်။ ခင်ဗျားနဲ့ ဖုန်းစစ်က ကြံရာပါတွေပဲ။ ခင်ဗျားမှာ အရှက်သိက္ခာရှိတယ်ဆိုရင် နစ်နာသူတွေရဲ့ မိသားစုတွေကို တောင်းပန်ပြီး သူတို့ရဲ့ခွင့်လွှတ်မှုကို တောင်းခံသင့်တယ်။ အဲဒီလိုလုပ်ရမယ့်အစား ဘာကိစ္စ ကျုပ်ကို လာဟောင်နေရတာလဲ”
“မင်း မင်းက ငါ့ကိုစော်ကားရဲတယ်ပေါ့လေ! သေချင်နေတာပဲ!”
သေချာပေါက်ပင် စကားဖြင့် ဖြေရှင်းလေ့မရှိသော ဖုန်းစန်းသည် ဓားထုတ်၍ ချန်ကျဲ့ကို ခုတ်ရန် ပြင်တော့သည်။
ထိုစဉ် ဖန်းရှစ်ကျုံးမှ ပြောလာ၏။
“ပြိုင်ပွဲ မစခင်မှာ စပြီးတိုက်ခိုက်နေပြီ။ သူဖုန်းစားအိုကြီး ကျုပ်တို့ ဒါကို ဘယ်လိုတွက်ချက်ရမလဲ”
သူဖုန်းစားအိုကြီးသည် လည်ချောင်းရှင်းလိုက်ပြီး ပြောသည်။
“ဖုန်းစန်း ရပ်လိုက်တော့။ မင်းမှာ အင်အားတွေရှိနေရင်လည်း ပြိုင်ပွဲအတွက် ချန်ထားစမ်းပါ”
သို့ဖြင့် ဖုန်းစန်းသည် ရပ်တန့်လိုက်ပြီး ချန်ကျဲ့ကို လက်ညှိုးထိုးလျက် ပြောသည်။
“ချန်ကျိုစစ် ကောင်းပြီ! ခဏနေလို့ ပြိုင်ပွဲစင်ပေါ်ရောက်တဲ့အခါ မင်းရဲ့သိုင်းပညာက ပါးစပ်ထက်ပိုအသုံးကျနေဖို့ မျှော်လင့်ပါတယ်”
ချန်ကျဲ့ ပြုံးလိုက်သည်။
“ခင်ဗျား စမ်းကြည့်လိုက်ပေါ့”
အမျိုးသားနှစ်ဦးသည် လာမည့်ပြိုင်ပွဲအတွက် မျှော်လင့်ခြင်းကြီးစွာဖြင့် အပြန်အလှန် စူးစိုက်ကြည့်နေကြသည်။
ချန်ကျဲ့ စိတ်ထဲမှ လှောင်ရယ်လိုက်၏။
“ငါနဲ့ စကားနိုင်လုချင်နေတယ်။ ဖုန်းစန်း မင်းမှာ အခွင့်အရေးရှိခဲ့ရင်တောင် အသုံးဝင်မနေဘူး”
လူစုပြန်ခွဲချိန်တွင် ဖုန်းစန်းမှ ပြောသည်။
“အဲဒီချန်ကျဲ့က ငါ့ဟာပဲ။ ကျန်တာကတော့ မင်းတို့ကြိုက်သလို ခွဲဝေနိုင်တယ်!”
ထိုအခါ ကျိုးဖန်းမှ ပြောသည်။
“သတိထား၊ ဒီချန်ကျိုစစ်က ကြည့်ရတာ မရိုးရှင်းဘူး”
“ဘယ်လို စကားလုံးကစားရမလဲဆိုတာပဲ သိတဲ့ နုဖတ်ဖတ်ယောက်ျားလေးတစ်ယောက်ကိုများ ငါက ဘာလို့ကြောက်နေရမှာလဲ”
ဆူညံသံများကြား အဝေးမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ချောင်ကုန်သည်အဖွဲ့ ခေါင်းဆောင်လျို ရောက်ရှိပါတယ်!”
ထိုစကားသံနှင့်အတူ အဝေးမှ ရထားလုံးတန်းများ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။ အားလုံးသည် ထိုရထားလုံးများကို လှည့်ကြည့်ပြီးနောက် စတင်ပြောဆိုဆွေးနွေးကြတော့သည်။
“ကြည့်စမ်း၊ အစောင့်အရှောက်ကြီး၁၃ဦးရဲ့ လျိုလောင်ကွေ့နဲ့ စာပေပညာရှင်ပိုင်မော့ရှန်းပဲ။ ပြီးတော့ တစ္ဆေလက်ကုချင်းဖုန်းရောပဲ”
သူတို့စကားမဆုံးမီ၌ပင် ဆန့်ကျင်ဘက်အရပ်မှ အခြားအသံတစ်ခု ထွက်ပေါ်လာပြန်သည်။
“ငါးဖမ်းကုန်သည်အဖွဲ့ ခေါင်းဆောင်နန် ရောက်ရှိပါတယ်!”
ထိုစကားနှင့်အတူ မနီးမဝေးမှ ချဉ်းကပ်လာနေသည့် ရထားလုံးတန်းကို မြင်တွေ့လိုက်ရပြန်သည်။
လူအုပ်ကြီးမှာ ကြည့်ရှုရင်း မထိန်းချုပ်နိုင်စွာ မှတ်ချက်ပြုမိရသည်။
“ကောင်းလိုက်တာ၊ ဒီနေ့ အထင်ကရပုဂ္ဂိုလ်ကြီးတွေအားလုံး ရောက်လာကြတာပဲ။ ကြည့်စမ်း နန်ပါးထျန်းလည်း ရောက်လာပြီ။
သူ့ဘေးက လင်းယုန်ခန်းမရဲ့ ချင်းယင်ပဲ”
လူများစွာ၏ ဆွေးနွေးပြောဆိုသံများကြားတွင်ပင် နှစ်ဖက်အဖွဲ့သည် စင်မြင့်ပေါ်သို့ ရောက်ရှိခဲ့ကြသည်။ လျိုလောင်ကွေ့နှင့် နန်ပါးထျန်းတို့ မျက်နှာချင်းဆိုင်လိုက်ကြ၏။
လျိုလောင်ကွေ့သည် ခပ်မဲ့မဲ့ရယ်မောလျက် ပျောင်းနွဲ့သော လေယူလေသိမ်းဖြင့် ပြောသည်။
“ဟားဟား ပါးထျန်း ဒီနေ့တိုက်ပွဲက မင်းအတွက် မလွယ်ကူလောက်ဘူးပဲ။ အဲဒါကြောင့် ငါဒီနေ့ မင်းကို ရယ်ဖို့လာခဲ့တာရယ်”
“ဟမ့် အဖိုးကြီး ကျုပ်တို့ငါးဖမ်းကုန်သည်အဖွဲ့ အရှက်ရတယ်ဆိုတာမျိုးက ဘယ်သူမဆို မြင်တွေ့နိုင်တာမဟုတ်ဘူး”
လျိုလောင်ကွေ့မှ ကျယ်လောင်စွာ ရယ်မော၏။
“ဒါပေမဲ့ အဆွေ သူဖုန်းစားအိုကြီးက မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့ကို လှုပ်ရမ်းပစ်ဖို့ ပြင်ဆင်ထားပြီးပြီ။ မင်းတို့က အရမ်းတွေ ထောင်လွှားလွန်းနေတာ မဟုတ်ဘူးလား”
နန်ပါးထျန်း မျက်လုံးအိမ်တို့မှေးကျုံ့လိုက်၏။
“ကျုပ်တို့ငါးဖမ်းကုန်သည်အဖွဲ့က ထောင်လွှားသည်ဖြစ်စေ မထောင်လွှားဘူးပဲဖြစ်စေ ချောင်ကုန်သည်အဖွဲ့နဲ့ သက်ဆိုင်မနေပါဘူး…”
နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို လျစ်လျူရှုလိုက်ပြီး စင်မြင့်ပေါ်သို့ ဦးတည်လျှောက်သွား၏။
၎င်းစင်မြင့်ပေါ်တွင် အထူးဧည့်သည်တော်များအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးထားသည်။ နန်ပါးထျန်းသည် မည်သည့်နေရာသို့ သွားရောက်သည်ဖြစ်စေ အထူးဧည့်သည်တော်အဖြစ် အလေးပေးခံရသူ ဖြစ်ပေသည်။
နန်ပါးထျန်းသည် သူဖုန်းစားအိုကြီးဘေးမှ ဖြတ်သွားစဉ် သူဖုန်းစားအိုကြီးကို အထင်မြင်သေးစွာ ကြည့်လျက် ပြောသည်။
“သူဖုန်းစားအိုကြီး ခင်ဗျားက ပုန်းကွယ်နေတဲ့ နဂါးတစ်ကောင်ဖြစ်နေမယ်လို့ ကျုပ်တစ်ခါမှ မမျှော်လင့်ထားခဲ့မိဘူး။ ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်းနဲ့တော့ ကျုပ်ရဲ့ငါးဖမ်းကုန်သည်အဖွဲ့ကို ဆွဲချဖို့ မလုံလောက်ဘူး”
သူဖုန်းစားအိုကြီးမှ ပြန်ပြောသည်။
“ခေါင်းဆောင်နန် ခင်ဗျားရဲ့ရေခဲစိတ်စွမ်းအင်သိုင်းက အလွန်တရာမှ အင်အားကြီးမားတယ်လို့ ကျုပ်ကြားဖူးပါတယ်။ အခွင့်အရေးများရခဲ့ရင် ကျုပ်အနေနဲ့ ခေါင်းဆောင်နန်ရဲ့ အဲဒီသိုင်းကနေ အသိပညာရယူလိုပါရဲ့ဗျာ”
“ဟက် ဒါဆိုလည်း အခွင့်အရေးရှာပြီး စမ်းကြည့်လိုက်လေ”
မျက်နှာထားတင်းမာစွာဖြင့် နန်ပါးထျန်းသည် စင့်မြင့်ထက်သို့ တက်သွားခဲ့သည်။
ထိုအချိန်၌ လျိုလောင်ကွေ့သည်တော့ အားရပါးရ ရယ်မောနေပေသည်။
“ခေါင်းဆောင်ကြီး(သူဖုန်းစားအိုကြီး)”