ချန်ကျဲ့: ဖုန်းစန်း ငါမင်းကို အခွင့်အရေးပေးထားတာတောင် မင်းက အသုံးမကျဘူးပဲ_၄
Vol. 19 Ch. 263
သူဖုန်းစားအိုကြီးမှ ချဉ်းကပ်လာပြီး ပြောသည်။
“ခေါင်းဆောင်လျို ကျုပ်တို့မ ခင်ဗျားရောက်လာမှာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြတာပါ”
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“ကျုပ် အမြဲပြောခဲ့ဖူးပါတယ်၊ ခင်ဗျားတို့သူဖုန်းစားဂိုဏ်းက သာမန်ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပါဘူးလို့။ တကယ့်ကို မျှော်လင့်ထားတဲ့အတိုင်း အမြင့်ဆီ ကြီးကျယ်ခမ်းနားစွာ တစ်ဟုန်ထိုးတက်လာနေပြီပဲ”
ပြောနေရင်း လျိုလောင်ကွေ့သည် သူဖုန်းစားအိုကြီးအနီးသို့ ကိုယ်ကိုကိုင်း၍ နီးကပ်စေလိုက်ကာ တီးတိုးပြော၏။
“ကျုပ်တို့ဆွေးနွေးခဲ့တဲ့ အဲဒီကိစ္စကို ကျုပ်သဘောတူတယ်။ ကိစ္စတွေဖြေရှင်းပြီးတာနဲ့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ပိုင်နက်ကို ကျုပ်တို့ ၅၀-၅၀ခွဲယူကြမယ်”
“ခေါင်းဆောင်လျိုရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲဗျာ”
လျိုလောင်ကွေ့မှ ရယ်မောလျက် ပြောသည်။
“ကဲ ဒီနေ့တော့ ခင်ဗျားရဲ့လုပ်ဆောင်ချက်ကို ကြည့်တာပေါ့။ ဒါပေါ့ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကျုပ်တို့ရဲ့ပူးပေါင်းမှုကို သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး”
လျိုလောင်ကွေ့သည် သူဖုန်းစားအိုကြီး၏ပခုံးကို ဖွဖွပုတ်လိုက်သည်။
…
သူဖုန်းစားအိုကြီးမှ ပြောသည်။
“ဟားဟား ခေါင်းဆောင်လျိုရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။ ေခါင်းဆောင်လျို မစိုးရိမ်ပါနဲ့၊ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဒီအလောင်းအစားတိုက်ပွဲမှာ ကျုပ်တို့သူဖုန်းစားဂိုဏ်းက အနိုင်ရမှာ သေချာပါတယ်”
“အဲဒါဆိုကောင်းတယ် အဲဒါဆိုကောင်းတယ် ဟားဟားဟား…”
ထိုသို့ပြောလျက် လျိုလောင်ကွေ့သည် စင်မြင့်ထက်သို့ တက်သွားပြီး နန်ပါးထျန်းကို တစ်ချက်ကြည့်လိုက်ကာ အထင်မြင်သေးစွာ လှောင်ရယ်၏။
ထိုအချိန်၌ ကျိုးဖန်းမှ သူဖုန်းစားအိုကြီးကို အနားကပ်၍ မေးမြန်းသည်။
“ခေါင်းဆောင်ကြီး ခေါင်းဆောင်လျို ဘာပြောသွားလဲ”
“ငါးဖမ်းကုန်သည်အဖွဲ့ကို ပူးပေါင်းတိုက်ခိုက်မယ့်အစီအစဉ်ကို သဘောတူသွားတယ်။ ပြီးရင် နယ်မြေကို ၅၀-၅၀ခွဲယူမယ်”
သူဖုန်းစားအိုကြီးမှ ပြန်ပြောသည်။
ကျိုးဖန်းမှ မျက်မှောင်ကြုတ်သွားပြီး ပြောသည်။
“၅၀-၅၀လား။ ခေါင်းဆောင်လျိုက တကယ်ကြီး အဲဒီလောက်ရိုးသားမှုရှိတယ်လား”
သူဖုန်းစားအိုကြီးမှ နှာခေါင်းရှုံ့သည်။
“အဲဒီ၅၀ရာခိုင်နှုန်းက နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကြောင့် ရလာမှာလေ။ နန်ပါးထျန်းကို ဖြုတ်ချဖို့အတွက် သူငါ့ကို မှီခိုနေတာဖြစ်နိုင်တယ်”
“ဒါပေမဲ့ နန်ပါးထျန်းကလည်း ဖြုတ်ချဖို့ မလွယ်ကူဘူးနော်”
“ဘယ်သူလှုပ်ရှားလဲဆိုတာအပေါ် မူတည်တာပေါ့။ ပြီးတော့လည်း ခေါင်းဆောင်လျိုက ဘယ်လိုလုပ်ပြီး ငါ့ကို မကူညီဘဲနေပါ့မလဲ။ ငါက သူ့ကို မျန့်ရွှေစီရင်စုရဲ့ အင်အားအကြီးမားဆုံးအဖွဲ့အစည်းဖြစ်လာအောင် ကူညီပေးနေတာလေ”
ထိုအခါ ကျိုးဖန်းမှ ပြောသည်။
“အမ်း ဒါပေမဲ့ ခေါင်းဆောင်ကြီး ကျွန်တော်တို့ ခေါင်းဆောင်လျိုနဲ့ ဆက်ဆံတဲ့အခါ သတိချပ်ထားဖို့ လိုပါမယ်။ သူက ကိုင်တွယ်ရလွယ်ကူတဲ့သူ မဟုတ်ဘူးဗျ”
“အင်း ငါသိတယ်။ တော်တော့၊ အခုလောလောဆယ် ဒီအကြောင်းကို စဉ်းစားမနေနဲ့ဦး။ မင်းအခု အာရုံစိုက်ရမှာက ဒီတိုက်ပွဲကို ဘယ်လိုအနိုင်ယူမလဲဆိုတာပဲ”
“ဟုတ်ကဲ့”
ကျိုးဖန်းသည် ဆွေးနွေးမှုကို ချက်ချင်း နားလည်လိုက်ပေသည်။
ထို့နောက်တွင် လူအုပ်ကြီးတစ်ဖက်၌ ရုတ်တရက် ဆူညံလာပြန်သည်။
“ကြည့်ကြ၊ တစ်ယောက်ယောက် ထပ်လာနေပြီ!”
“ဘုရားရေ သူတို့ပဲ!”
၎င်းဆူညံသံများကြောင့် အားလုံးသည် ဝင်ပေါက်သို့ လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ အမျိုးသမီးတစ်စု ချဉ်းကပ်လာနေသည့်မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
ပန်းများဖြင့်တန်ဆာဆင်ထားသည့် ရထားလုံးတစ်စီးကို အလယ်တွင်ထား၍ အမျိုးသမီးအစေခံများဖြင့် ဝန်းရံထားသည်။
အစေခံအမျိုးသမီးများ၏ လက်ထဲတွင် ပန်းပွင့်ဖတ်များကို ကိုင်ဆောင်ထားကြပြီး သူတို့သွားရာလမ်းတစ်လျှောက်၌ ပန်းပွင့်ဖတ်များ ကြဲပက်ခဲ့ကြသည်။
အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးမှ “ယီးဟုန်ဂေဟာ”အမှတ်အသားကို ကိုင်ဆောင်၍ ရှေ့ဆုံးမှ ဦးဆောင်လာ၏။
ချန်ကျဲ့သည် ထိုမြင်ကွင်းကို မြင်ရသည်တွင် အခေါ်အဝေါ်တစ်ခုကို အလိုအလျောက် တွေးမိသွားရသည် : ထုတ်ကုန်နေရာချထားခြင်း။
ယီးဟုန်ဂေဟာ၏ ဤလှုပ်ရှားမှုအကွက်သည် ကြေညာ၏ အကျိုးသက်ရောက်မှုကို အမြင့်ဆုံးအထိ သက်ရောက်မှုဖြစ်စေသည်။ ဉာဏ်ရည်ထက်မြက်စွာဖြင့် သူတို့၏ဝန်ဆောင်မှုများကို တတ်နိုင်မည့် သိုင်းလောက သူဌေးသူကြွယ်များကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့်သာ ဤသို့ကြီးကျယ်ခမ်းနားသည့် အဝင်မြင်ကွင်းကို စီစဉ်ထားခြင်းဖြစ်ပေသည်။
ရထားလုံးသည် တဖြည်းဖြည်းရပ်တန့်သွားခဲ့ပြီး နေရာရှိသိုင်းလောကသားများမှာ ယီးဟုန်ဂေဟာ၏ ကျော်ကြားသော
အထက်တန်းပြည့်တန်ဆာနှစ်ဦးဖြစ်သည့် ကျစ်ချိုးနှင့် သုန်းရွှယ်တို့ ဆင်းလာကြသည်တွင် မျက်လုံးအစုံတို့ ပြူးကျယ်ကုန်ကြလေသည်။
သို့သော် သူတို့နှစ်ဦးမှာ အဓိက ဆွဲဆောင်မှုကြီး မဟုတ်သေးပေ။ သူတို့နှစ်ဦးသည် အရိုအသေပြုလျက် ရထားလုံးလိုက်ကာကို ဖြည်းဖြည်းချင်း မ,တင်လိုက်သည်။
ထို့နောက်တွင် မျက်နှာလွှားဇာပါးဝတ်ဆင်ထားသော ကျက်သရေတင့်တယ်လှပသည့် အမျိုးသမီးတစ်ဦး ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။
အနက်ရောင်မျက်နှာလွှားဇာပါးသည် သူမ၏မျက်နှာကို ဖုံးအုပ်ထားသည့်တိုင် သူမ၏အသွင်အပြင်သည် လူသူအပေါင်းကို ညှို့ယူဆွဲဆောင်နိုင်ပေသည်။
သူမ၏ညှို့ဓာတ်သည် အထက်တန်းပြည့်တန်ဆာနှစ်ဦးထက် များစွာ သာလွန်လေရာ နှိုင်းယှဉ်လိုက်သည်တွင် အထက်တန်းပြည့်တန်ဆာနှစ်ဦးမှာ သာမညောင်ည အမျိုးသမီးအစေခံများကဲ့သို့ ဖြစ်သွားစေလေသည်။
ရထားလုံးထက် ရပ်နေသည့်အမျိုးသမီးသည် တောက်ပနေ၏။
ချန်ကျဲ့ ပြင်ဆင်နေစဉ် ကျိုးချူမှ ချန်ကျဲ့ကို တံတောင်ဖြင့်တို့၍ ပြောလာလေသည်။
“ဟေး မင်းရဲ့မွေးစားအမေ ရောက်လာပြီ”
“မင်းဘွားအေ ရောက်လာတာ”
ချန်ကျဲ့မှ ပြန်ပြောလိုက်သည်။
သို့ပါသော်ငြား ချောင်ဟုန်ယန်သည် သူမ သွားရောက်သည့်နေရာတိုင်းတွင် အာရုံစိုက်မှုများ၏ ဗဟိုချက်ဖြစ်ကြောင်းကိုမူ ဝန်ခံရပေမည်။
ထိုစဉ် လူအုပ်၏အခြားတစ်ဖက်၌ အနက်ရောင်ဝတ်အလုပ်သမားအုပ်စုတစ်ခုသည် အမျိုးသမီးနှစ်ဦးနှင့် ကလေးတစ်ဦးကို ကာကွယ်နေရာယူထားသည်။
အမျိုးသမီးနှစ်ဦးထဲမှ အနည်းငယ် ပို၍ရင့်ကျက်ဟန်ရှိပြီး ညှို့ဓာတ်ပြင်းဟန်ရှိသည့် အမျိုးသမီးသည် အထင်မြင်သေးစွာ လှောင်ရယ်လိုက်ပြီး ပြောသည်။
“ဟက် သူက ဘာကြီးလဲ။ မြေခွေးမကျနေရော။ ငါ့ညီမလေးနဲ့ ယှဉ်လိုက်ရင် သူက ဘာမှမဟုတ်ပါဘူး”
“အစ်မဟွား~”
စူးယွင်ကျင်းမှ ချက်ချင်း ခေါ်လိုက်သည်။
တတိယသခင်မလေးဟွားသည် သူမ၏ယပ်တောင်ကို ဝှေ့ယမ်းလျက် ပြော၏။
“ညီမလေး ပိုပြီး ယုံကြည်ချက်ရှိစမ်းပါ။ ညီမလေးရဲ့အလှက လူတိုင်းထက် သာလွန်တယ်။ ဒီအစ်မက ဘာလို့ မင်းဆီကနေ သိမ်ငယ်မှုကို ခံစားနေရမလဲ”
စူးယွင်ကျင်းမှ ပြန်ပြောသည်။
“အစ်မဟွား ကျွန်မရဲ့အလှက မိုးမခလို နုံ့နဲ့လွန်းပါတယ်…”
“တော်စမ်း၊ ဘာကို နုံ့နဲ့တဲ့အလှတရားလဲ။ ဟေး မင်း ဒီကိုလာစမ်း!”
တတိယသခင်မလေးဟွားမှ လက်ယပ်ခေါ်လိုက်ရာ ဘေးတွင်ရပ်နေသူတစ်ဦးမှ လှည့်ကြည့်လာခဲ့ပြီး ထိုလူမှာ အလှလေးနှစ်ယောက်၏ ရုတ်ချည်း ညှို့ယူဖမ်းစားခံလိုက်ရတော့သည်။
ထို့နောက် တတိယသခင်မလေးဟွားမှ မေး၏။
“ကျွန်မ ရှင့်ကို တစ်ခုမေးပါရစေ၊ ဘယ်သူက ပိုလှလဲ။ ကျွန်မရဲ့ညီမလေးလား အဲဒီချောင်ဟုန်ယန်လား”
ထိုအမျိုးသားမှာ စကားထစ်ငေါ့နေရကာ စူးယွင်ကျင်းထံမှလည်း အကြည့်မခွာနိုင်ပေ။ တတိယသခင်မလေးဟွားသည် ထိုအမျိုးသားကို လည်ဂုတ်မှဆွဲ၍ ထပ်မေး၏။
“တစ်ခါကြည့်ရင် လုံလောက်ပြီ။ ပြောစမ်း၊ ဘယ်သူက ပိုလှလဲ”
အမျိုးသားမှာ ထိတ်လန့်သွားရသည်။ အရေပြားသန့်စင်ခြင်းအဆင့် အရည်အချင်းရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် မိမိမှာ သူမ၏လက်ထဲတွင် ခုခံနိုင်စွမ်း စိုးစဉ်းမျှမရှိနေကြောင်း သိလိုက်ရလေသည်။ သူသည် အမျိုးသမီး၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ကျရောက်နေခဲ့လေပြီ။
တတိယသခင်မလေးဟွားသည် အမျိုးသားကို စိုက်ကြည့်၍ ထပ်မံမေးမြန်းသည်။
“ပြောလေ၊ ဘယ်သူက ပိုလှလဲ”
“မင်း မင်းက ပိုလှတယ်!”
အမျိုးသားသည် ကြောက်လန့်နေခဲ့၏။
“ငါမေးနေတာ ငါ့ညီမကိုလေ!”
“မင်း မင်းရဲ့ညီမက ပိုလှပါတယ်”
“ဟက် အမြင်ကောင်းသားပဲ။ ရှင်သွားနိုင်ပြီ!”
အမျိုးသားသည် ကြောက်ရွံ့လွန်းသောကြောင့် တတိယသခင်မလေးဟွားမှ လက်လွှတ်ပေးလိုက်သည်နှင့် နောက်လှည့်မကြည့်ဘဲ တစ်ချိုးတည်း ထွက်ပြေးတော့သည်။
တတိယသခင်မလေးဟွားသည် စူးယွင်ကျင်းသို့ ပြန်လှည့်လာပြီး ပြော၏။
“တွေ့လား၊ ဖြတ်သွားဖြတ်လာတွေပြောတာ မင်းက ပိုလှတယ်တဲ့”
“အဟမ်း အစ်မ၊ သူက အစ်မကို ကြောက်သွားလို့လေ”
“ငါတော့ သူက အတော်လေး ရိုးသားတယ်ထင်တာပဲ”
ထိုစဉ် ရွေ့ရွေ့မှ ပြောလာ၏။
“ရွေ့ရွေ့အမှားလုပ်တိုင်း မမက ကြက်မွေးတုတ်ယူလာပြီးတော့ ရွေ့ရွေ့ဘာမှားသွားလဲသိလားလို့ မေးတတ်တယ်။ အဲဒီအခါကျ ရွေ့ရွေ့လည်း အရမ်းရိုးသားတယ်”
ဟား~
ထိုစကားတွင် စူးယွင်ကျင်းနှင့် တတိယသခင်မလေးဟွားတို့နှစ်ဦးလုံး ရယ်မောလိုက်ကြသည်။
ထို့နောက် တတိယသခင်မလေးဟွားသည် ချောင်ဟုန်ယန်ကိုကြည့်၍ သရော်၏။
“ဘာတွေများ ဝင့်ကြွားနေစရာရှိလို့လဲ။ သူက သူ့ရဲ့ချမ်းသာကြွယ်ဝမှုကို ကြွားဝါဖို့အတွက်နဲ့ မြို့ထဲ လမ်းတစ်လျှောက်လုံး ပန်းတွေကြဲလာတာကိုများ”
စူးယွင်ကျင်းသည် ထိုစကားများကိုကြားသော်ငြား တတိယသခင်မလေးဟွားနှင့် ငြင်းခုံရန် မကြိုးစားပါချေ။
ယှဉ်ပြိုင်လိုစိတ်ကြီးမားတတ်သည်မှာ အမျိုးသမီးများ၏ သဘာဝဖြစ်သည်။ တတိယသခင်မလေးဟွားနှင့် ချောင်ဟုန်ယန်တို့နှစ်ဦးစလုံးသည် အစောင့်အရှောက်ကြီး၁၃ထဲတွင် အမည်ကျော်ကြားသည့် အထင်ကရပုဂ္ဂိုလ်များဖြစ်ကြပြီး နှစ်ဦးစလုံးသည် အမျိုးသမီးများ ဖြစ်ကြသည်။ သို့ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်လိုကြပြီး တစ်ဦးကိုတစ်ဦး မနှစ်မြို့ဖွယ်ခံစားရခြင်းမှာလည်း သဘာဝကျပေသည်။