ချန်ကျဲ့: ဖုန်းစန်း ငါမင်းကို အခွင့်အရေးပေးထားတာတောင် မင်းက အသုံးမကျဘူးပဲ_၅
Vol. 19 Ch. 264
ချောင်ဟုန်ယန်သည် ရထားလုံးပေါ်မှ ဆင်းလာပြီးနောက် စင်မြင့်ပေါ်သို့တက်သွား၍ အားလုံးကို အရိုအသေပြုနှုတ်ဆက်သည်။
လျိုလောင်ကွေ့သည် အားရပါးရ ရယ်မော၏။
“ဒီနေ့တိုက်ပွဲက မျက်နှာနီချောင်ဟုန်ယန်ကိုပါ ရောက်လာစေမယ်လို့ ကျုပ် မမျှော်လင့်ထားမိဘူးပဲ။ ဒီတစ်ချက်နဲ့တင် ကျုပ်ဒီနေ့လာရတာ အချည်းနှီးမဖြစ်တော့ပါဘူး”
တစ်ဖက်ရှိ နန်ပါးထျန်းသည်တော့ အရေးမစိုက်သည့် မျက်နှာအမူအရာဖြင့်ပင်။ နန်ပါးထျန်းသည် အမျိုးသမီးများကို မနှစ်သက်ဟူသည့်အကြောင်းမှာ သိုင်းလောကတစ်ခွင်တွင်လည်း ကျော်ကြားပေသည်။
သို့တိုင် ချောင်ဟုန်ယန်သည် အားလုံးကို အပြုံးဖြင့် နှုတ်ဆက်သည်။ ထို့နောက် သူမ၏နေရာသို့ ဦးတည်သွားကာ ဘေးရှိ အစေခံတစ်ဦးကို တီးတိုးပြောလိုက်သည်။
အစေခံသည် ခေါင်းညိတ်ပြီးနောက် ချန်ကျဲ့ဆီသို့ ချဉ်းကပ်သွားခဲ့သည်။
“လူကြီးမင်းချန် ကျွန်မတို့သခင်မလေးက ရှင့်ကို ဖိတ်ခေါ်လိုက်ပါတယ်”
ထိုအခါ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ ချန်ကျဲ့၏ ၎င်းလှုပ်ရှားမှုသည် မျန့်ရွှေစီရင်စုသိုင်းလောကသားများကို တမဟုတ်ချင်း အံ့ဩကြောင်အသွားစေခဲ့သည်။
မျက်နှာနီချောင်ဟုန်ယန်က ရောက်ရောက်ချင်းပဲ ချန်ကျိုစစ်နဲ့ စကားပြောနေတယ်လား။ အဲဒီချန်ကျိုစစ်က ဘာတွေများ ထူးခြားနေလို့လဲ။
…
ချန်ကျဲ့သည်လည်း ချောင်ဟုန်ယန်မှ သူ့အား အခေါ်လွှတ်လိုက်ခြင်းကို အံ့ဩနေခဲ့ပါ၏။
ချန်ကျဲ့ ချဉ်းကပ်သွားခဲ့ပြီး စင်မြင့်အောက်ခြေတွင် ရပ်နေလိုက်သည်။ အစောင့်အရှောက်ကြီး၁၃ဦးထက် အဆင့်နိမ့်ပါးသူတစ်ဦးအနေဖြင့် ချန်ကျဲ့သည် စင်မြင့်ပေါ်သို့ တက်သွားရဲသည့်သတ္တိ မရှိပါချေ။
ချောင်ဟုန်ယန်သည် အစွန်ဘက်ကျသည့် နေရာတစ်ခုကို ရွေးချယ်ထားခဲ့၏။ ချန်ကျဲ့ ရပ်နေသည့်နေရာနှင့် နီးကပ်သည်။
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားပြီးနောက် ချောင်ဟုန်ယန်မှ ပြောသည်။
“ဟက်.. ချန်ကျိုစစ် ထပ်ဆုံကြပြန်ပြီ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဟုတ်ကဲ့၊ အငယ်ဖြစ်တဲ့ကျိုစစ်အနေနဲ့ စီနီယာဟုန်ယန်နဲ့ နောက်တစ်ကြိမ် တွေ့ဆုံခွင့်ရတာ ကျိုစစ်အတွက် ဂုဏ်ယူစရာပါ”
ချောင်ဟုန်ယန်မှ မေး၏။
“အမ်း မင်း ငါ့ဆီမှာ ရွေးနုတ်ငွေ အကြွေးတင်နေတာ မှတ်မိသေးလား”
ချန်ကျဲ့ ခဏတန့်သွားပြီးနောက် ပြန်ပြောခဲ့သည်။
“စီနီယာဟုန်ယန်က ဘယ်လောက်လိုချင်လို့ပါလဲ”
ချောင်ဟုန်ယန်မှ ပြောသည်။
“ငါ ပိုက်ဆံမလိုချင်ဘူး။ ဒီတစ်ပွဲမှာ မင်းရဲ့ပြိုင်ဘက်က ဘယ်သူလဲ”
“အဲဒါက မဆုံးဖြတ်ရသေးပါဘူး”
“မင်း ဖုန်းစန်းကို ရွေးဖို့ ငါမျှော်လင့်တယ်”
“ဘာလို့ပါလဲ”
ချောင်ဟုန်ယန်မှ ပြန်ပြောသည်။
“အထူးတလည် အကြောင်းပြချက်တော့ မရှိပါဘူး။ ဒီတိုင်း သူ့ကိုမြင်ရတာ စိတ်ရှုပ်လို့”
“အဲဒီလိုရိုးရှင်းတဲ့ အကြောင်းအရင်းကြောင့်ပဲလား”
ချောင်ဟုန်ယန်မှ အတည်ပြုဖြေဆိုသည်။
“အဲဒီလိုရိုးရှင်းတဲ့အကြောင်းအရင်းပဲ”
ချန်ကျဲ့မှ ပြောသည်။
“ဒါဆို ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်”
ချောင်ဟုန်ယန်မှ ဆက်ပြော၏။
“မင်းအနိုင်ရခဲ့ရင် မင်းငါ့ကို ဆပ်ရမယ့်အကြွေးကို ဆပ်ပြီးပြီလို့ သတ်မှတ်လိုက်မယ်။ မင်းရှုံးခဲ့ရင်တော့… အင်း အဲဒါကိုတော့ မစိုးရိမ်ပါနဲ့…”
ချန်ကျဲ့ သွယ်ဝိုက်သည့်ဆိုလိုရင်းကို နားလည်ပါ၏။ သူရှုံးခဲ့ပါက အကြွေးဆပ်ဖို့ကို စိုးရိမ်နေရန် မလိုတော့ပေ။
လူသေသွားပြီးမှတော့ ဘာကို အကြွေးသွားဆပ်ဦးမလဲ။
“ကောင်းပြီ သွားပြင်ဆင်တော့။ မှတ်ထား၊ ငါ သူသေတာကို လိုချင်တယ်”
ထိုစကားအဆုံး၌ ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုခဲ့သည်။
ချောင်ဟုန်ယန်သည် အစေခံတစ်ဦးကို ချန်ကျဲ့အား လိုက်ပို့ရန် အမိန့်ပေးစေခိုင်းခဲ့သည်။ ချန်ကျဲ့မှ အစေခံအမျိုးသမီးကို မေးမြန်း၏။
“မင်းတို့သခင်မလေးက ဘာလို့ ဖုန်းစန်းကို အရမ်းမုန်းနေတာလဲ”
အစေခံအမျိုးသမီးမှ ပြန်ပြောသည်။
“လိပ်ပြာလေးကြောင့် ဖြစ်မယ်ထင်တာပဲ”
“လိပ်ပြာလေးက နုံချာတဲ့နောက်ခံနဲ့ ပန်းသည်မိန်းကလေးတစ်ယောက်လေ။ သူ့ကို ဖုန်းစန်းနဲ့ သူ့လူတွေက အဓမ္မပြုကျင့်ဖျက်ဆီးပြီး သတ်ပစ်ခဲ့ကြတာ”
ချန်ကျဲ့ အံ့အားသင့်သွားကာ ထပ်မံမေးမြန်း၏။
“ယီးဟုန်ဂေဟာက သာမန်မိန်းကလေးတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကို ဂရုစိုက်တယ်လား”
အစေခံအမျိုးသမီးသည် မဝံ့မရဲဖြစ်သွား၏။ ထို့နောက် ချန်ကျဲ့ကို သေချာကြည့်၍ ပြန်ဖြေသည်။
“သူက ယီးဟုန်ဂေဟာက မဟုတ်ဘူး။ သူက မြို့ပြင်က ပန်းဥယျာဉ်မှူးတစ်ယောက်ရဲ့ သမီးပါ”
“ကျွန်တော်ဆိုလိုချင်တာက မင်းတို့ဂေဟာက လူတွေကို ဂရုဏာထားတတ်တယ်လားလို့ပါ”
ချန်ကျဲ့သည် အစေခံအမျိုးသမီးကို ကြည့်နေခဲ့သည်။ အစေခံအမျိုးသမီးမှ ပြော၏။
“ယီးဟုန်ဂေဟာကတော့ ဂရုဏာမထားတတ်လောက်ဘူး။ ဒါပေမဲ့ ကျွန်မတို့သခင်မလေးကတော့ ဂရုဏာထားတတ်တယ်”
“သူက ဂရုဏာထားတတ်တယ်လား။ တကယ်ကြီးလား”
ချန်ကျဲ့ မယုံကြည်နိုင်ပေ။
အစေခံအမျိုးသမီးမှ ဆက်ပြောသည်။
“သိုင်းလောကမှာ ကျွန်မတို့က ကိုယ့်ကံကြမ္မာကို မထိန်းချုပ်နိုင်ပါဘူး။ ကျွန်မတို့မြင်နေရတဲ့သူက အစစ်အမှန်မဟုတ်တာလည်း ဖြစ်နိုင်တာပဲလေ ဘယ်သူသိနိုင်မှာလဲ။ ဒီတိုင်း ကျွန်မတို့သခင်မလေးက ဖုန်းစန်းကို မုန်းတီးနေပြီး ရှင့်ကို ဖုန်းစန်းကို သတ်ပေးစေချင်တယ်ဆိုတာကိုပဲ သိထားပါ။ လုပ်ရမှာကိုသာ လုပ်လိုက်ပါ။ ကျွန်မတို့သခင်မလေးရဲ့ အကျင့်စရိုက်ကတော့ အဲဒါက ဘာအရေးလဲ။ ရှင်လည်း သခင်မလေးကို လက်ထပ်ယူမှာ မဟုတ်ဘဲနဲ့”
အစေခံအမျိုးသမီးသည် အတော်လေး ထက်မြက်ပါ၏။ တခဏအတွင်း ချန်ကျဲ့ကို ပြောစရာစကားမဲ့သွားစေခဲ့သည်။
ဟုတ်တာပဲ။ သူက လူကောင်းလား လူဆိုးလား၊ ယုံကြည်ရလား ကောက်ကျစ်တတ်လားဆိုတာတွေကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ။ ငါလည်း သူ့ကို လက်ထပ်ဖို့ရည်ရွယ်ချက်ရှိနေတာမှ မဟုတ်ဘဲနဲ့။ ဖန်းစန်းကို သတ်လိုက်တာက စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးအပေါ် တင်နေတဲ့အကြွေးကို ဆပ်ပေးနိုင်မယ်ဆိုတဲ့အချက်နဲ့တင် လုံလောက်ပြီ။
ခြုံငုံလိုက်ရင် ငါက ဖုန်းစန်းနဲ့ သူသေကိုယ်သေ တိုက်ခိုက်ရမယ့်အခြေအနေကို ရောက်နေပြီးသားပဲ။ ဒီအခြေအနေထဲကို မတရားတွန်းပို့ခံရတာမျိုးလည်း ဟုတ်မနေဘူးလေ။
ခုနက အမျိုးသမီးအစေခံလေး၏ အလိုမရှိပါဘဲ သိခဲ့ရသည့် သိုင်းလောကသားများ၏ ကံကြမ္မာအကြောင်း မှတ်ချက်စကားကိုမူ ချန်ကျဲ့၏စိတ်ထဲ အနည်းငယ် ပဲ့တင်ထပ်နေခဲ့သည်။
သိုင်းလောက… လူတစ်ဦးကို အသိအမှတ်မပြုနိုင်သူ၊ မမှတ်မိနိုင်သည့်လူတစ်ဦးအဖြစ် ပြောင်းလဲပစ်နိုင်သည့်နေရာ။
ပြန်လှည့်ကြည့်လိုက်ရင် လူဘယ်လောက်များများက သူတို့ရဲ့ မူလပုံစံအတိုင်း အစစ်အမှန်ပုံစံအတိုင်း နေနိုင်လိမ့်မလဲ။
ချန်ကျဲ့သည် သူ့အား မျက်ခုံးပင့်လျက် အချက်ပြနေသည့် ကျိုးချူဆီသို့ ပြန်သွားလိုက်သည်။
“ကျိုစစ် မင်းရဲ့မွေးစားအမေက မင်းကိုဘာပြောလိုက်လဲ”
ချန်ကျဲ့ ကျိုးချူကို ပြန်ကြည့်လိုက်ပြီး ပြောသည်။
“အို မင်းရဲ့ဘွားဘွားကြီးက ပြောတယ်၊ မျိုးရိုးနာမည်ကျိုးနဲ့တစ်ယောက်က မျက်နှာဖြူဖတ်ဖြူရော်နဲ့ ခြေထောက်တွေက အားနည်းပျော့ခွေနေတယ်– ကျောက်ကပ်ချို့ယွင်းနေတဲ့ လက္ခဏာပဲတဲ့”
“ပေါက်ကရတွေ! ငါ့ကျောက်ကပ်က အခြေအနေအကောင်းကြီးပါနော်”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“အတင်းငြင်းမနေနဲ့တော့။ သူတို့က ဘယ်အရာမဆို တွေ့ကြုံမြင်တွေ့ဖူးပြီးသားနေရာက လူတွေပဲ။ မင်းငါ့ကို လိမ်ပြောလို့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ”
“ငါ!”
ကျိုးချူသည် မိမိ၏လက်သီးမှာ ဝါဂွမ်းသားပေါ်သို့ ကျရောက်သွားသည်ဟုသာ ခံစားလိုက်ရရာ မကျေနပ်သော်ငြား ဆိတ်ဆိတ်နေလိုက်ရလေသည်။
ထို့နောက်တွင် အဝေးမှ မြင်းခွာသံများကို ကြားလိုက်ရသည်။ အားလုံးမှာ အံ့ဩထိတ်လန့်သွားကြ၏။ အသံအရ အနည်းဆုံးအရေအတွက် ၅၀ခန့်မျှ ရှိနိုင်ပေသည်။
မြင်းကောင်ရေ၅၀ဆိုရင် ဘယ်လိုအင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီးဖြစ်လိမ့်မလဲ။ ချောင်ကုန်သည်အဖွဲ့နဲ့ ငါးဖမ်းကုန်သည်အဖွဲ့လို အင်အားစုကြီးတွေတောင်မှ အဲဒီလောက်ကြီးမားတဲ့ မြင်းတပ်အင်အား မရှိကြဘူး။
မြင်းခွာသံများသည် အလျင်အမြန်ပင် နီးကပ်လာ၏။ မြင်းများထက် စီးနင်းလာသည့် အနက်ရောင်သံချပ်ကာဝတ် မြင်းစစ်သည်များကို မြင်တွေ့လိုက်ရသည့် သိုင်းလောကသားအပေါင်းမှာ နေရာ၌ပင် တောင့်ခဲမင်သက်ကုန်ကြတော့သည်။
“ဒါက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ရဲ့ လက်ရွေးစင် သံနက်သံချပ်ကာမြင်းတပ်ပဲ!”
“ဘုရားရေ စီရင်စုအုပ်ချုပ်ရေးမှူးကိုယ်တိုင် ဒီလူတွေကို စေလွှတ်လိုက်တာလား”
သံနက်သံချက်ကာမြင်းတပ်ကို မြင်တွေ့လိုက်ရသည်တွင် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့ပင် အံ့အားသင့်စွာ မတ်တပ်ထရပ်မိကြသည်။
သူတို့သည် စိတ်ထဲတွင် အံ့ဩနေခဲ့ကြ၏။ စီရင်စုအုပ်ချုပ်ရေးမှူးကိုယ်တိုင် ရောက်လာတာများ ဖြစ်နေမလား။
သူတို့တွေးတောနေစဉ် လူအုပ်ကြီးကို လူနှစ်ယောက်မှ ဦးဆောင်လာခဲ့၏။ တစ်ဦးသည် ရာဇဝတ်ဖမ်းဆီးရေးအရာရှိဝတ်စုံကို ဝတ်ဆင်ထားသည့် ကျန်းလီယဲ့ဖြစ်သည်။ တစ်ဦးသည်တော့ အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ခါးတွင် တစ်ဖက်သွားဓားရှည်ကို ချိတ်ဆွဲထားသည့် အမျိုးသားတစ်ဦးဖြစ်သည်။
ထိုအမျိုးသားကို မြင်သောအခါ နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် အပြန်အလှန် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထိုအမျိုးသားသည် စီရင်စုအုပ်ချုပ်ရေးမှူး၏ တပ်မှူးချီမုကော ဖြစ်ပေသည်။
ထိုအမျိုးသားသည် တစ်ဖက်သွားဓားသိုင်းကို ကျွမ်းကျင်ပြီး နက်နဲသည့်အင်အားကို ပိုင်ဆိုင်သည်။ နန်ပါးထျန်းကဲ့သို့သော သိုင်းပညာရှင်များ၏ မှန်းဆချက်အရ ချီမုကော၏ သိုင်းပညာသည် အစောင့်အရှောက်ကြီး၁၃ဦးထက် မနိမ့်ပါးနိုင်လောက်ပေ။ သူသည်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင် ဖြစ်နိုင်ပေသည်။
သို့သော် ချီမုကောသည် တိုက်ခိုက်မှုကို စတင်လေ့မရှိပေ။ များသောအားဖြင့် စီရင်စုအုပ်ချုပ်ရေးမှူး၏ဘေးတွင် အစောင့်အဖြစ်သာ နေထိုင်လေ့ရှိသည်။ ထိုသို့ပုဂ္ဂိုလ်မျိုးမှ ဤပြိုင်ပွဲသို့ရောက်ရှိလာခဲ့ခြင်းမှာ မည်သူမျှ မျှော်လင့်မထားသည့်အရာပင်။
ထို့ပြင် ချီမုကောသည် သူနှင့်အတူ သံနက်သံချပ်ကာမြင်းစစ်သည်၅၀ကို ခေါ်လာခဲ့သေးသည်။
ထိုမြင်းစစ်သည်များအားလုံးသည် လေးလံသည့် သံချပ်ကာကြီးများကို ဝတ်ဆင်ထားကြ၍ ကြံ့ခိုင်သန်မာကြကာ အင်အားကြီးမားသည့် စွမ်းအင်ကို ဖြစ်ပေါ်စေနိုင်သည်။ ဤလက်ရွေးစင်မြင်းစစ်သည်၅၀သည် သိုင်းသမားတစ်ရာခန့်ကို သတ်ဖြတ်နိုင်လောက်၏။
ဤသည်မှာ မုလန်လူမျိုးများမှ အုပ်ချုပ်ရေးရာထူးကို ချုပ်ကိုင်ထိန်းသိမ်းနိုင်ရန်အတွက် မှီခိုအားထားသည့် သိုင်းပညာစွမ်းအားရတနာများထဲမှ တစ်မျိုးဖြစ်သည်။
၎င်းသည် မုလန်လူမျိုးများ အင်အားကြီးမား၍ ဂုဏ်သိက္ခာကြီးမြတ်စွာ ရပ်တည်နိုင်ရသည့် အကြောင်းအရင်းများထဲမှ တစ်ခုလည်းဖြစ်သည်။