ချန်ကျဲ့: ဖုန်းစန်း ငါမင်းကို အခွင့်အရေးပေးထားတာတောင် မင်းက အသုံးမကျဘူးပဲ_ ၆
Vol. 19 Ch. 265
မုလန်လူမျိုးများ အလယ်ပိုင်းမြေပြန့်လွင်ပြင်သို့ ကျူးကျော်ဝင်ရောက်သည့် အစောပိုင်းကာလ၌ မုလန်လူမျိုးများ၏ အထွတ်အမြတ်ဘုန်းတော်ကြီးသည် အနက်ရောင်သံချပ်ကာဝတ်စစ်သည်ငါးသောင်းကို ဦးဆောင်၍ သိုင်းပညာရှင်တစ်သိန်းဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်သူ့ခုခံကာကွယ်ရေးမဟာမိတ်တပ်ကြီးကို ထိုးဖောက်တိုက်ခိုက်သည်။ ထိုတိုက်ပွဲသည် သိုင်းပညာရှင်များကို သင်ခန်းစာတစ်ခု သင်ကြားပေးလိုက်၏။ မည်မျှကြံ့ခိုင်သန်မာသော လေလွင့်သူရဲကောင်းကြီးများဖြစ်စေ၊ မည်မျှရဲရင့်သည့် တိုက်ခိုက်ရေးသမားကြီးများဖြစ်စေ စစ်တပ်ကြီးတစ်ခု၏ အင်အားကို မယှဉ်နိုင်ကြောင်း သင်ယူခဲ့ရလေသည်။
ထို့နောက်တွင် မုလန်စစ်တပ်သည် မရပ်မနားတမ်း ဆက်လက်ဖိနှိပ်လာခဲ့ပြီး အလယ်ပိုင်းမြေပြန့်လွင်ပြင်၏ သိုင်းပညာများကို လျော့ပါးလွင့်ပျောက်စေခဲ့သည်။
အထွတ်အမြတ်ဘုန်းတော်ကြီး၏ ဖိန်နှိပ်မှုအောက်၌ ပင်မအင်အားကြီး ဂိုဏ်းအဖွဲ့များသည် ခုခံကာကွယ်မှုမှသည် မဟာမိတ်ပြုသဘောတူညီခြင်းဖြင့် ယနေ့ လက်ရှိအခြေအနေသို့ ရောက်ရှိခဲ့ကြသည်။
လက်ရွေးစင်သံနက်သံချပ်ကာစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်အားကောင်းသည်ဟု သတ်မှတ်နိုင်ပေသည်။
မမျှော်လင့်ထားသည့်အချက်မှာ ဒီနေ့တိုက်ပွဲသည် လက်ရွေးစင်သံနက်သံချပ်ကာစစ်တပ်၏ အာရုံကို ဆွဲဆောင်သွားသည့် အချက်ပင်။
ကြည့်ရတာ စီရင်စုအုပ်ချုပ်ရေးမှူးက ဒီတိုက်ပွဲကို အတော်လေး မျှော်လင့်ထားပုံပဲ။
“တပ်မှူးကို ဂါရဝပြုပါတယ်!”
…
မျန့်ရွှေစီရင်စု၏ သိုင်းလောကခေါင်းဆောင်များမှ တပ်မှူးချီမုကောကို နှုတ်ဆက်ကြသည်။ ချီမုကောမှ ပြော၏။
“ကျင့်ဝတ်ထုံးတမ်းတွေကို ဘေးချိတ်ထားလိုက်ပါဗျာ”
၎င်းမျန့်ရွှေစီရင်စု သိုင်းလောကခေါင်းဆောင်များ အထူးသဖြင့် နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် တကယ်တမ်းတွင် ချီမုကောထက် မနိမ့်ပါးသည့် အဆင့်အတန်းရှိသူများ ဖြစ်ကြ၏။ သို့သော်ငြား သူတို့၏လေးစားမှုသည် စီရင်စုအုပ်ချုပ်ရေးမှူးကို ရည်ညွှန်းဖော်ပြခြင်းဖြစ်သည်။ သံနပ်စစ်တပ်၏ တပ်မှူးတစ်ယောက်သည် လူထုအလယ် ထွက်ပေါ်သည့်အခါ စီရင်စုအုပ်ချုပ်ရေးမှူးကို ကိုယ်စားပြုပေသည်။
ထိုအခါ ချီမုကောသည်လည်း နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့ဘက်သို့လှည့်၍ လက်သီးယှက်အရိုအသေပြုသည်။
“ညီနောင်နန် ညီနောင်လျို”
သူတို့နှစ်ဦးလည်း လက်ဟန်ဖြင့်အရိုအသေပြု တုံ့ပြန်လိုက်သည်။ ထို့နောက် နန်ပါးထျန်းမှ မေးသည်။
“ညီနောင်ချီမုကော ဒီတစ်ကြိမ်ရောက်လာတာ ဘာအတွက်များပါလဲ”
“စီရင်စုအုပ်ချုပ်ရေးမှူးရဲ့အမိန့်နဲ့ ပြိုင်ပွဲကြည့်ရှုဖို့ လာခဲ့တာပါ! ဒါနဲ့ သူဖုန်းစားဂိုဏ်းရဲ့ ခေါင်းဆောင်ကြီးက ဘယ်မှာလဲဗျ”
ထိုအခါ သူဖုန်းစားအိုကြီးမှ ရှေ့ထွက်လာပြီး အရိုအသေပြုနှုတ်ဆက်သည်။
“တပ်မှူး”
“အို ခင်ဗျားက မျန့်ရွှေစီရင်စု သူဖုန်းစားဂိုဏ်းရဲ့ ခေါင်းဆောင်လား။ ကျုပ်တို့သခင်ကြီးက ခင်ဗျားကို အတော်လေးမျှော်လင့်ထားတယ်၊ ကောင်းကောင်းလုပ်ဆောင်ပါ။ ပြီးတော့ သခင်ကြီးက ပြောလိုက်တယ်၊ ခင်ဗျားရဲ့ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ရဲ့ အံ့ချီးဖွယ်အကြောင်းတွေကို ပြောဆိုဆွေးနွေးဖို့ရာ ခင်ဗျားကို အိမ်တော်ဆီ ဖိတ်ခေါ်ချင်ပါတယ်တဲ့”
ထိုစကားတွင် သူဖုန်းစားအိုကြီးသည် တခဏမျှ အံ့ဩမင်သက်သွားခဲ့၏။
ဒါက ဘာကိုဆိုလိုတာလဲ။ စီရင်စုအုပ်ချုပ်ရေးမှူးက ငါ့ရဲ့နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို စိတ်ဝင်စားနေတာလား။
သူဖုန်းစားအိုကြီး၏ တုံ့ပြန်မှုပုံစံကို မြင်သောအခါ ချီမုကောသည် ရုတ်တရက် ရယ်မောလာခဲ့၏။
“ဟားဟား နောက်တာပါဗျာ။ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်က သူဖုန်းစားဂိုဏ်းရဲ့ အတုမရှိတဲ့သိုင်းကျင့်စဉ်ဖြစ်ပြီး ဖြစ်သလို ထုတ်ဖော်ပြသလို့ မရတာကို ကျုပ်တို့သခင်ကြီးက နားလည်ပါတယ်။ သခင်ကြီးက ဘယ်လိုလုပ်ပြီး ခင်ဗျားကို ဖိအားပေးပါ့မလဲ၊ စိတ်အေးအေးထားပါဗျာ”
ထိုသို့ပြောခဲ့ပြီး ချီမုကောသည် စင်မြင့်ထက်သို့တက်၍ အလယ်ဗဟိုနေရာ၌ တုံ့ဆိုင်းတွေဝေခြင်းမရှိ နေရာယူလိုက်သည်။ သူသည် စီရင်စုအုပ်ချုပ်ရေးမှူးကို ကိုယ်စားပြုသူဖြစ်သောကြောင့် မည်သူမျှ မငြင်းဆန်ကြချေ။
သူဖုန်းစားအိုကြီးတစ်ယောက်တည်းသာလျှင် အံ့ဩမင်သက်ကာ ရပ်ကျန်နေခဲ့သည်။
“သူဖုန်းစားအိုကြီး ဘာလို့ အောက်မှာရပ်နေတာလဲ။ ပြိုင်ပွဲကို မြန်မြန် စခိုင်းတော့လေ။ ဒါနဲ့ ပြိုင်ပွဲမှာ ဘယ်သူက အစီအစဉ်မှူးလဲ”
“တပ်မှူး ကျွန်တော်က အစီအစဉ်မှူးပါ”
စွင်းပုအာမှ အမြန်ရှေ့ထွက်ပြောသည်။ ချီမုကောမှ ပြုံးလိုက်ပြီး ပြော၏။
“အမ်း ကျုပ် ခင်ဗျားကို ပြိုင်ပွဲစည်းမျဉ်းတွေ ရှင်းပြပါရစေ”
ထိုစကားတွင် စွင်းပုအာမှ ပြန်ပြောသည်။
“အို အိုး ကောင်းပါပြီ”
ထို့နောက် စွင်းပုအာသည် သူဖုန်းစားအိုကြီးကို ပြောလိုက်သည်။
“ခေါင်းဆောင်ကြီး ခင်ဗျား ပွဲကြည့်စင်ပေါ်ကို တက်သွားလိုက်ပါ။ ပြိုင်ပွဲအစီအစဉ်ကို ကျုပ်ဦးစီးလိုက်ပါ့မယ်”
သူဖုန်းစားအိုကြီးလည်း စင်မြင့်ပေါ်သို့ ရုတ်ချည်းတက်သွားခဲ့သည်။ သို့မှသာ အောက်ဘက်ရှိ ပွဲကြည့်ပရိတ်သတ်များမှာ ဒီနေ့ပြိုင်ပွဲ၏ ခမ်းနားကြီးကျယ်မှုကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားကြတော့သည်။
အစောင့်အရှောက်ကြီး၁၃ဦးထဲမှ ၉ဦးတက်ရောက်သည်။
နန်ပါးထျန်း၊ လျိုလောင်ကွေ့၊ သူဖုန်းစား၊ ရဲမက်၊ တစ္ဆေလက်၊ စာပေပညာရှင်၊ မျက်နှာနီ၊ တံငါသည်နှင့် လင်းယုန်၊ ကျား၊ ကျားသစ်ညီနောင်များထဲမှ လင်းယုန်တို့ ဖြစ်ပေသည်။
ဆီကုန်သည်၊ ပန်းပဲဆရာ၊ မျက်မမြင်ကံကြမ္မာဟောသူနှင့် လင်းယုန်၊ကျား၊ကျားသစ်ညီနောင်ထဲမှ ကျားနှင့် ကျားသစ်တို့သာလျှင် မတက်ရောက်ချေ။
တကယ်တမ်းတွင် ဆီကုန်သည်သည် စင်မြင့်ပေါ်သို့ မတက်ပါဘဲ အောက်ဘက်ရှိ ပွဲကြည့်ပရိသတ်များကြားထဲမှ ကြည့်ရှုနေကြောင်းကို မသိကြခြင်းသာ ဖြစ်ပါ၏။
ထို့ပြင် မျန့်ရွှေစီရင်စု၏ အမြင့်ဆုံးအရာရှိ စီရင်စုအုပ်ချုပ်ရေးမှူး၏ လူယုံတော်၊ အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်များထက် အင်အားမနိမ့်ပါးသည့် တပ်မှူးချီမုကောလည်း တက်ရောက်လာသည်။
စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ကြီးများ ရုတ်တရက်ကြီး စုဝေးကြခြင်းမှာ အမှန်တကယ်ပင် ဆယ်စုနှစ်တစ်စုအတွင်း မြင်တွေ့ရခဲသည့်မြင်ကွင်း ဖြစ်ပေသည်။
ဤစုဝေးမှုနောက်ကွယ်၌ အကြောင်းအရင်းမြောက်များစွာ တည်ရှိ၏။ နံပါတ်တစ်၊ သူဖုန်းစားဂိုဏ်းသည် မျန့်ရွှေစီရင်စုအတွင်း အခြေအနေများကို မွှေနှောက်ခြင်းဖြင့် ဂိုဏ်းအဖွဲ့အစည်းများ၏ စိတ်ဝင်စားမှုကို ရယူခဲ့သည်။ သို့ဖြင့် ဤပြိုင်ပွဲကို အဖွဲ့အစည်းများစွာမှ တက်ရောက်ကြရသည်။
နံပါတ်နှစ်၊ အချို့သည် သူဖုန်းစားဂိုဏ်း၏ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို စူးစမ်းလိုကြသည်။ ထို့ကြောင့် လေးစားမှုဖြင့် ပြုမူကြသည်။
ထို့သို့သော အကြောင်းအရင်းအမျိုးမျိုးသည် ယနေ့ပြိုင်ပွဲကွင်းအား သိုင်းပညာရှင်များစွာဖြင့် ပြည့်နှက်သွားစေခဲ့သည်။ သို့သော်ငြား ဒီနေ့၏ အဓိကဇာတ်ဆောင်များမှာ သူတို့မဟုတ်ပေ။ အဓိကဇာတ်ဆောင်များမှာ ပြိုင်ပွဲဝင်မည့် အငယ်၆ယောက်ဖြစ်၏။
စွင်းပုအာ ပြိုင်ပွဲစင်ပေါ်သို့ တက်သွားလိုက်သည်။
စွင်းပုအာသည် မျန့်ရွှေစီရင်စု လောင်းကြေးထပ်ပြိုင်ပွဲများ၏ မူပိုင်အစီအစဉ်မှူးနီးပါးဖြစ်ပေသည်။ ပြိုင်ပွဲစီစဉ်ကျင်းပသူမှာ မည်သူဖြစ်စေ သူတို့၏ ဂုဏ်သိက္ခာတိုးပွားေစရန်အတွက် ရွှင်းဖုန်းကိုယ်ရံတော်အဖွဲ့အစည်းခေါင်းဆောင် စွင်းပုအာကို ဖိတ်ခေါ်လေ့ရှိကြသည်။
“သိုင်းလောကသားလူကြီးမင်းအပေါင်းတို့ မင်္ဂလာပါ။ ကျုပ်ကတော့ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းရဲ့ စွင်းပုအာဖြစ်ပါတယ်။ ဒီနေ့ သူဖုန်းစားဂိုဏ်းနဲ့ ငါးဖမ်ကုန်သည်အဖွဲ့ ကျားဖြူခန်းမရဲ့ ပြိုင်ပွဲကို မြင်တွေ့ခွင့်ရရှိတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပြီးတော့လည်း ဒီနေ့ပြိုင်ပွဲမှာ ထိပ်တန်းအဆင့်သိုင်းပညာရှင်ကြီးတွေလည်း စုဝေးတက်ရောက်လာပါတယ်”
“ကျုပ်တို့မျန့်ရွှေစီရင်စု အစောင့်အရှောက်ကြီး၁၃ဦးမှာ ၉ဦးတက်ရောက်ခဲ့ပါတယ်။ ဆိုတော့ ဒီနေ့ပြိုင်ပွဲအခမ်းအနားက အရင်က တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ဖူးတဲ့အထိ ကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲကြီးလို့ သတ်မှတ်လို့ရမယ် ထင်ပါတယ်”
“ပြီးတော့လည်း ဒီနေ့အတွက် ပြိုင်ပွဲဝင်တွေက ကျုပ်တို့မျန့်ရွှေစီရင်စုရဲ့ လက်ရွေးစင်လူငယ်လေးတွေ ဖြစ်ပါတယ်”
“ဒါ့အပြင် ဒီနေ့ပြိုင်ပွဲရဲ့ ရလဒ်က ကျုပ်တို့မျန့်ရွှေစီရင်စုရဲ့ အနာဂတ်ဖွဲ့စည်းပုံအပေါ် သက်ရောက်မှုရှိမှာ ဖြစ်တာကြောင့် ဒီနေ့ပြိုင်ပွဲကတော့ အလွန့်အလွန်မှ စိတ်လှုပ်ရှားဖွယ်ကောင်းမှာ အသေအချာပါပဲ”
“အခု ပြိုင်ပွဲစည်းမျဉ်းတွေကို ကြေညာပါမယ်!”
ထိုအခါ အားလုံး၏အကြည့်များသည် စွင်းပုအာထံ အာရုံစိုက်သွားကြသည်။ ပြိုင်ပွဲစည်းမျဉ်းများကို ခုနလေးတင်မှ တပ်မှူးချီမုကောမှ သတ်မှတ်ခဲ့ကြောင်းကို သူတို့အားလုံး သိထားကြပါ၏။
သူဖုန်းစားအိုကြီးသည် အနည်းငယ် မျက်မှောင်ကြုတ်လျက် တပ်မှူးချီမုကောကို အကဲခတ်ကြည့်လိုက်သည်။ ချီမုကောသည်တော့ ပုံမှန်မျက်နှာအမူအရာရှိနေပြီး သူ့ထံတွင် မည်သည့်မူမမှန်ခြင်းကိုမျှ မမြင်တွေ့ရချေ။
ထိုအချိန်၌ စွင်းပုအာမှ ကြေညာသည်။
“ဒီပြိုင်ပွဲမှာ သုံးပွဲပြိုင်ပြီး အနိုင်ပွဲအများဆုံးစနစ်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ နှစ်ဖက်အဖွဲ့ကနေ တစ်ယောက်ချင်းပြိုင်ပွဲသုံးပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေကို စေလွှတ်ရပါမယ်။ နှစ်ပွဲအနိုင်ရတဲ့ဖက်က ဒီပြိုင်ပွဲရဲ့အောင်နိုင်သူ ဖြစ်ပါလိမ့်မယ်”
ထိုစကားတွင် လူအုပ်ကြီးမှာ အံ့အားသင့်သွားကြ၏။ ဤစည်းမျဉ်းတွင် မည်သည့်ကွာခြားချက်ကိုမျှ ရှာမတွေ့ပါချေ။
ဖုန်းစန်းသည်လည်း အထင်မြင်သေးဟန်ဖြင့် ပြက်ရယ်ပြု၏။
“နှစ်ပွဲတဲ့လား။ ဟမ့် သူတို့ တစ်ပွဲတောင် အနိုင်ရမှာမဟုတ်ဘူး။ သူတို့အားလုံး သေရမှာပဲ!”
ထို့နောက် စွင်းပုအာမှ ဆက်ပြောသည်။
“ဒီနေ့ပြိုင်ပွဲကို သူဖုန်းစားဂိုဏ်းက အစပြုခဲ့တာဖြစ်တာကြောင့် သူဖုန်းစားဂိုဏ်းက ခံစစ်အဖွဲ့အနေနဲ့ ပြိုင်ပွဲဝင်ကို ပြိုင်ပွဲစင်မြင့်ပေါ် အရင်စေလွှတ်ပါမယ်။ ကျားဖြူခန်းမက တိုက်စစ်အဖွဲ့အနေနဲ့ ပြိုင်ပွဲဝင်ကို နောက်မှ စေလွှတ်ပါမယ်။ အခု ပြိုင်ပွဲကို စတင်လိုက်ကြတာပေါ့။ သူဖုန်းစားဂိုဏ်းက ပြိုင်ပွဲဝင်စေလွှတ်ပေးပါ!”
ပွဲကြည့်ပရိသတ်များသည် ၎င်းစကားများအတွင်း ပုန်းကွယ်နေသည့် သွယ်ဝိုက်ပတ်သက်နေသည့် အကြောင်းအရာများကို အပြည့်အဝ နားမလည်ကြပေ။
ဖုန်းစန်းသည် စိုးရိမ်ပူပန်မှုကင်းမဲ့နေဆဲပင်။ ဖုန်းစန်းသည် ကျိုးဖန်းသို့လှည့်၍ မေး၏။
“လောင်ကျိုး အဲဒီအဖိုးကြီးက ခင်ဗျားအတွက်ပဲ။ ခင်ဗျား သူ့ကိုအနိုင်ရဖို့ ယုံကြည်ချက်ရှိသလား”
“၇၀ရာခိုင်နှုန်းပေါ့”
“ပြီးတော့ လောင်လျို ဟိုအမှိုက်ကောင်က ခင်ဗျားအတွက်ပဲ။ ခင်ဗျားသူ့ကို အနိုင်တိုက်နိုင်မယ်မလား”
ထိုစကားတွင် ဖုန်းစန်းသည် ကျိုးချူကို လက်ညှိုးညွှန်ပြနေခြင်း ဖြစ်သည်။
တောင်တက်နွယ်လျိုဖုန်းမှ လှောင်ရယ်လိုက်သည်။
“အဲဒီအမှိုက်ကောင်ကို ကျုပ် လက်တစ်ဖက်တည်းနဲ့တောင် အမှုန့်ချေပစ်နိုင်တယ်!”
“ကောင်းတယ်။ ချန်ကျိုစစ်ကိုတော့ ကျုပ်တာဝန်ထားလိုက်။ ဟားဟား ကျုပ်သူ့ကို မသေမရှင်ဖြစ်အောင် လုပ်ပစ်မယ်!”
ဖုန်းစန်း၏မျက်နှာမှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအချိန်၌ စွင်းပုအာမှ ထပ်ပြော၏။
“သူဖုန်းစားဂိုဏ်း ပြိုင်ပွဲဝင်စေလွှတ်ပေးပါ!”
ထိုအခါ ကျိုးဖန်းမှ ပြောသည်။
“အဖွင့်ပွဲကို ကျုပ်ဖွင့်ပေးလိုက်မယ်!”
ထို့နောက် ကျိုးဖန်းသည် မြေပြင်ကို ခြေဖျားထိပ်ဖြင့် ဖိထောက်၍ ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်သွားခဲ့သည်။
“သူဖုန်းစားဂိုဏ်း ကျိုးဖန်းပါ။ ကျေးဇူးပြုပြီး သင်ကြားပြသပေးပါဦး!”
ပြိုင်ပွဲစင်ပေါ်သို့ ကျိုးဖန်းတက်သွားသည်ကို မြင်သောအခါ ဖုန့်ဖူမှ ထရပ်လိုက်ပြီး ပြောသည်။
“ငါသွားလိုက်မယ်”
သို့သော် ချန်ကျဲ့မှ ပြော၏။
“ဦးလေးဖူ ခဏနေပါဦး”
“ဘာလို့လဲ ကျိုစစ်”
ဖုန့်ဖူ၏အမေးကို ချန်ကျဲ့မှ အမေးစကားဖြင့် ပြန်တုံ့ပြန်သည်။
“ဦးလေးဖူ သူ့ကို အနိုင်ရဖို့ ယုံကြည်ချက် ဘယ်လောက်ရှိလဲ”
“အမ်း ၄၀ရာခိုင်နှုန်းလောက်ပေါ့”
ထိုအခါ ချန်ကျဲ့မှ ဆက်ပြောသည်။
“ဒါဆို လျိုဖုန်းဆိုရင်ရော?”
“တစ်ရာရာခိုင်နှုန်း”
ထိုအခါ ချန်ကျဲ့သည် ပွဲကြည့်စင်မြင့်ပေါ်ရှိ တပ်မှူးရှိရာဘက်သို့ ကြည့်လိုက်သည်။ တပ်မှူးသည်လည်း သူတို့ဘက်သို့ ကြည့်နေသည်ထင်ရ၏။ အကြည့်ချင်းဆုံသွားချိန်တွင် ချန်ကျဲ့သည် ဤသည်မှာ သူတို့ကို ကူညီရန် တမင်ရည်ရွယ်ခဲ့ခြင်းလောဟု တွေးမိလိုက်သည်။
သို့သော် လက်ရှိမှာ ထိုအချက်ကို တွေးတောနေရမည့်အချိန် မဟုတ်ပါချေ။ ချန်ကျိုစစ်မှ ပြောသည်။
“ဦးလေးဖူ ဦးလေးက ဒီပွဲစဉ်မှာ နားနေလိုက်ပါဦး။ လောင်ကျိုးကိုပဲ သွားခိုင်းလိုက်ပါ”
“အာ? ကျိုစစ် ငါ ငါက အားအနည်းဆုံးတစ်ယောက်နဲ့ တိုက်ခိုက်သင့်တာလေ။ ကျိုးဖန်းနဲ့ သွားတိုက်ခိုက်ရင် သူငါ့ကို သတ်ပစ်လိုက်မှာပေါ့”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“သူ့ကို အနိုင်တိုက်ပါလို့ ဘယ်သူပြောလို့လဲ”
“ဘာအဓိပ္ပာယ်လဲ”
ကျိုးချူသည် စိတ်ရှုပ်ထွေးစွာဖြင့် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။
“ထျန်းကျီးမြင်းပြိုင်ပွဲစနစ်ကို ကြားဖူးလား”
“ဟမ်?!”
ထိုစကားတွင် ဖုန့်ဖူ မျက်လုံးပြူးသွား၏။
ဒါက ရွေးချယ်စရာထဲ ပါဝင်နေရဲ့လား။
ကျိုးချူသည် အချိန်ခဏမျှ ကြောင်အနေခဲ့ပြီး နောက်ဆုံးတွင်တော့ နားလည်သွားခဲ့၏။ ထို့နောက် သူ့ပေါင်ကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး အံ့ဩတကြီး ပြောသည်။
“ဟားဟား! ကျိုစစ် တကယ့်ကို မင်းပီသပါပေတယ်! ငါအခု နားလည်သွားပြီ။ သူက ဒီတိုင်း သံမဏိသူဖုန်းစားကျိုးဖန်းလေးပါပဲ။ ငါသူ့ကို ဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်နေလိုက်!”
ထိုသို့ပြောလျက် ကျိုးချူသည် အားရပါးရ ရယ်မောလျက် ပြိုင်ပွဲစင်ပေါ်သို့ ခုန်တက်သွားတော့သည်။
စာစဉ်ပြီး၏