ချန်ကျဲ့: ဖုန်းစန်း ငါမင်းကို အခွင့်အရေးပေးထားတာတောင် မင်းက အသုံးမကျဘူးပဲ_၂
Vol. 19 Ch. 261
သူဖုန်းစားအိုကြီးသည် လူနှစ်ဦးသယ်ပိုးရသည့် ထမ်းစင်ထက်တွင် သက်သောင့်သက်သာ ထိုင်နေခဲ့သည်။
သူဖုန်းစားအိုကြီး၏ရှေ့၌ လူသုံးဦးသည် အရပ်မြင့်မြင့်နှင့် ဖွံ့ထွားသည့်မြင်းများကို စီးနင်းလိုက်ပါလာသည်။
ထိုသုံးဦးမှာ သံမဏိသူဖုန်းစားကျိုးဖန်း၊ ရွှေဓားဖုန်းစန်းနှင့် တောင်တက်နွယ်လျိုဖုန်းတို့ ဖြစ်သည်။
“အဟမ်း ဟမ်း…”
မြင်းပေါ်ရှိ လျိုဖုန်းသည် မထိန်းချုပ်နိုင်စွာ ချောင်းနှစ်ချက်ဟန့်မိရသည်။ သူ၏ဒဏ်ရာများမှာ အပြည့်အဝ မပျောက်ကင်းသေးပေ။ သို့သော် သူသည် သံမဏိအရိုးအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သောကြောင့် ပြိုင်ပွဲသို့ ပါဝင်လာခဲ့ရသည်။ သို့သော် သံမဏိအရိုးအဆင့်သိုင်းပညာရှင်တစ်ဦးမှာ ဒဏ်ရာရထားသည့်တိုင် နွဲ့ပျောင်းအရွတ်အဆင့်သိုင်းပညာရှင်တစ်ဦးမှ ကိုင်တွယ်နိုင်ခြင်းငှာ မဖြစ်နိုင်ပေ။
ဤသည်မှာ ဒီနေ့အတွက် သူဖုန်းစားဂိုဏ်းမှ တင်ပြနိုင်သည့် အကြီးမားဆုံးသောအင်အား ဖြစ်သည်။
…
ပြိုင်ပွဲကွင်းသို့ ရောက်ရှိသည်နှင့် သူဖုန်းစားအိုကြီးသည် ထမ်းစင်ထက်မှ ဆင်းလာသည်။ ထို့နောက် စင်မြင့်ပေါ်သို့တက်၍ ပြောသည်။
“ဒီနေ့ပြိုင်ပွဲကို ကြည့်ရှုဖို့အတွက် နန်ရေကန်ကို လာရောက်ပေးကြတဲ့ လူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုမှာ တစ်စုံတစ်ရာ လစ်ဟင်းမှုများရှိခဲ့ရင်း ကျေးဇူးပြုပြီး သဘောထားကြီးစွာ ခွင့်လွှတ်ပေးကြပါ”
ထိုအခါ အောက်ဘက်ရှိ ပွဲကြည့်ပရိသတ်အပေါင်းသည်လည်း ယဉ်ကျေးပျူငှာစွာ တုံ့ပြန်ကြသည်။
“ခေါင်းဆောင်ကြီးက အားနာလွန်းနေပါပြီ”
ဒီနေ့တွင် သူဖုန်းစားဂိုဏ်းသည် ကျားဖြူခန်းမကို နင်း၍ အထက်သို့ တက်လှမ်းနိုင်မည့် အလားအလာရှိသည်ဖြစ်ရာ သိုင်းလောကသားများသည် သူဖုန်းစားအိုကြီးကို လေးစားမှုဖြင့် ဆက်ဆံကြလေသည်။
သူဖုန်းစားအိုကြီးသည် ပြုံးလိုက်ပြီး ပြိုင်ပွဲကွင်းပြင်ကို စီစဉ်နေသည့် ဂိုဏ်းသားများဘက်သို့ လှည့်လိုက်သည်။
“တက်တက်ကြွကြွ လုပ်ဆောင်ကြ၊ မကြာခင် လူတွေ ရောက်လာတော့မယ်”
အမှန်တကယ် ခဏအကြာ၌ အထင်ကရပုဂ္ဂိုလ်ကြီးများ စတင် ရောက်ရှိလာတော့သည်။
“ကြည့်ကြစမ်း၊ ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း အကြီးအကဲစွင်းပဲ”
လူတစ်စုဖြင့် စီတန်းရောက်ရှိလာသူမှာ မျန့်ရွှေစီရင်စု ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၏ အကြီးအကဲစွင်းပုအာ ဖြစ်ပေသည်။
စွင်းပုအာသည် နေရာတစ်ခုသို့ ဦးတည်သွားလိုက်ပြီး သူဖုန်းစားအိုကြီးကို အရိုအသေပြုနှုတ်ဆက်သည်။
“ခေါင်းဆောင်ကြီးက အစောကြီးရောက်နေတာပါရော”
သူဖုန်းစားအိုကြီးမှ ပြန်ပြောသည်။
“မစောပါဘူး မစောပါဘူး။
ဒီနေ့ နန်ရေကန်ပြိုင်ပွဲကို စီစဉ်ကျင်းပတဲ့သူက ကျုပ်ကိုယ်တိုင်ပဲ မဟုတ်လား။ ဒါနဲ့ အကြီးအကဲစွင်း၊ ခဏနေရင် အခမ်းအနားကို စီစဉ်ကြီးမှူးပေးဖို့အတွက် အကြီးအကဲကိုပဲ ဒုက္ခပေးရပါဦးမယ်”
“ဒီလိုကြီးကျယ်ခမ်းနားတဲ့ပြိုင်ပွဲကို စီစဉ်ကြီးမှူးခွင့်ရတာက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ”
စွင်းပုအာမှ ပြောသည်။
ထို့နောက် စွင်းပုအာသည် သူဖုန်းစားအိုကြီးသို့ လှည့်၍ ပြော၏။
“ခေါင်းဆောင်ကြီး ကျုပ်မှာ ခင်ဗျားကို တောင်းဆိုစရာတစ်ခုရှိပါတယ်”
“ပြောပါ”
သူဖုန်းစားအိုကြီးမှ ယဉ်ကျေးပျူငှာစွာ ပြန်လည်တုံ့ပြန်သည်။ စွင်းပုအာသည် သိုင်းပညာအရာ၌ အားမကောင်းလှသည့်တိုင် အဆက်အသွယ်ကျယ်ပြောပြီး ကိုယ်ရံတော်လုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။ ဆိုလိုသည်မှာ စွင်းပုအာသည် ဤဒေသအဖွဲ့အစည်းများ၏ ပဋိပက္ခများကို စိတ်မဝင်စားဟု ဆိုလိုပေသည်။ သို့ဖြစ်ရာ လူတိုင်းသည် စွင်းပုအာအား သေးငယ်သည့်အကူအညီအချို့ လုပ်ဆောင်ပေးရန် ဆန္ဒရှိကြသည်။
“ရှက်ရွံ့မိပါတယ်”
စွင်းပုအာမှ ဆက်ပြောသည်။
“ကျုပ်ရဲ့ ဘယ်နေရာမှမတော်တဲ့ သားမက်လေးက ဖန်းရှစ်ကျုံးကို မွေးစားအဖေအဖြစ် အသိအမှတ်ပြုထားတယ် မဟုတ်လား။ အဲဒါ သူက ဒီနေ့ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ရွေးချယ်ခံထားရတယ်လေ”
“အကယ်၍များ ခင်ဗျားရဲ့လူတွေအနေနဲ့ ကျုပ်ရဲ့အသုံးမကျတဲ့သားမက်လေးနဲ့ တိုက်ခိုက်ဖို့ဖြစ်လာခဲ့ရင် ကျေးဇူးပြုပြီး သက်ညှာပေးဖို့ မျှော်လင့်ပါတယ်။ ကျုပ်ရဲ့ သနားစရာသမီးလေးကို မုဆိုးမအဖြစ် မကျန်ရစ်စေချင်လို့ပါ။ ကျုပ်ရဲ့ဒီတောင်းဆိုမှုကို လိုက်လျောပေးရင် ကျုပ်တကယ့်ကို စိတ်ရင်းအမှန်နဲ့ ကျေးဇူးတင်မိမှာပါ”
သူဖုန်းစားအိုကြီးသည် ထိုစကားများကြောင့် အံ့အားသင့်သွားခဲ့၏။ ထို့နောက် အမြန်ရယ်မောလိုက်ပြီး ပြောသည်။
“ဒါပေါ့ ရတာပေါ့ဗျာ။ ခင်ဗျားရဲ့သားမက်က အရှုံးကိုဝန်ခံဖို့အတွက် ခေါင်းမာပြီး မငြင်းဆန်သ၍ ကျုပ်တို့ဘက်က သေချာပေါက် သူ့အသက်ကို မနုတ်ယူပါဘူး”
စွင်းပုအာမှ ရယ်မောလိုက်သည်။
“စိတ်ချပါ ခေါင်းဆောင်ကြီး။ ကျုပ်သားမက်လေးက သေရမှာ ကြောက်ပါတယ်။ သူ သေချာပေါက် ခါးသီးတဲ့အဆုံးသတ်ကို ရောက်တဲ့အထိ တိုက်ခိုက်မှာ မဟုတ်ပါဘူး။ စိတ်ချပါ စိတ်ချပါ…”
…
စစ်အချိန် (မနက်၉နာရီမှ ၁၁နာရီအချိန်) :
ပြိုင်ပွဲကွင်းပြင်မှာ တဖြည်းဖြည်း လူများပြည့်နှက်လာနေခဲ့ပြီး နောက်ဆုံးတွင်တော့ ကျားဖြူခန်းမ ရောက်ရှိလာခဲ့သည်။
ကျယ်ဝန်းသည့် မြင်းနှစ်ဆွဲရထားလုံးနှစ်စီး ဘေးချင်းယှဉ်လျက် ရောက်ရှိလာသည်။ ရထားလုံးများ၏ရှေ့တွင်မူ ဒီနေ့၏အဓိကဇာတ်ကောင်များဖြစ်သော ပြိုင်ပွဲဝင်သုံးဦးသည် မြင်းထက်တွင် စီးနင်းလိုက်ပါလာကြသည်။
ထိုသုံးဦးမှာ ချန်ကျိုစစ်၊ ကျိုးချူနှင့် ဖန့်ဖူတို့ဖြစ်သည်။
ပထမရထားလုံးတစ်စီးထက်တွင် ဖန်းရှစ်ကျုံး စီးနင်းလိုက်ပါလာပြီး ကျန်ရထားလုံးတွင်မူ “မျက်နှာရှစ်ပါးဗုဒ္ဓ ဖုန်းရွှမ်”၊ “သံမဏိမျက်နှာကျား ကျန်းချွမ်”၊ “ကြေးနီလက် လုရုံ” မွေးစားသားသုံးယောက် လိုက်ပါလာသည်။
သူတို့သုံးဦးသည် ရထားလုံးထက် လိုက်ပါလာခဲ့သည်။ လုရုံသည် လိုက်ကာစကို အသာဖွင့်၍ အပြင်ဘက်ကို ကြည့်ရှုရင်း ပြော၏။
“လူအတော်လေး များတာပဲ”
ကျန်းချွမ်မှ ပြောသည်။
“ငါတို့ စိုးရိမ်ဖို့ မလိုပါဘူး။ ဒီတိုက်ပွဲက ညီငယ်၅တို့ တိုက်ခိုက်ရမယ့်ပွဲပဲ”
“အဟွတ် ဟွတ် ညီငယ်၂ကိုကြည့်ရတာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်သိပ်မပျော်သလိုပဲနော်”
ကျန်းချွမ်မှ ချောင်းနှစ်ကြိမ်မျှဆိုးလိုက်ပြီး ပြော၏။
“အဟွတ် အဟွတ်… ပျော်ရမယ်? ကျွန်တော် ဘယ်လိုလုပ်ပြီး ပျော်နိုင်ပါ့မလဲ။ ညီငယ်၅၊ ညီငယ်၆နဲ့ ဦးလေးဖူတို့မှာ တကယ်တမ်း တိုက်ခိုက်နိုင်မယ့်သူက ဦးလေးဖူတစ်ယောက်ပဲရှိတယ်။ ဒီနေ့မှာ ရှုံးနိမ့်ဖို့က သေချာနေပြီ။ အဲဒါကိုတောင် ပျော်နေနိုင်သေးရင်တော့ ကျွန်တော့်နှလုံးသားက အရမ်းကျယ်ပြောလွန်းနေတာပဲ ဖြစ်လိမ့်မယ်”
ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။
“အာ ဘာကိုမှ အတိအကျကြီး ပြောလို့မရသေးပါဘူး။ ငါတို့အားလုံးက အပြင်းအထန် ဒဏ်ရာရထားကြတာ။ ငါတို့သာ အခုအချိန်မှာ ပြိုင်ပွဲစင်ပေါ် တက်သွားရင် လျိုကျင့်နယ်ပယ်အဆင့်ကိုတောင် အနိုင်မတိုက်နိုင်လောက်ဘူး။ တကယ့်ကိုပဲ ညီငယ်၅တို့အတွက်တော့ ဘဲတစ်ကောင်ကို ငှက်အိပ်တန်းတက်တဲ့ သစ်ကိုင်းပေါ် အတင်းအကျပ်တက်ခိုင်းသလို ဖြစ်သွားရပြီ”
ထိုအခါ လုရုံမှ ပြောသည်။
“အာ… ဒါတွေက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုကြောင့်ပါ။ သူဖုန်းစားအိုကြီးရဲ့ အလစ်တိုက်ခိုက်ခံလိုက်ရတာကြောင့်သာ မဟုတ်ခဲ့ရင် အခြေအနေတွေက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နေပါ့မလဲ”
ဖုန်းရွှမ်သည် လုရုံဘက်သို့လှည့်၍ ပြောသည်။
“ထိပ်တိုက် တိုက်ခိုက်ခဲ့ရင်တောင် ငါတို့တွေ သူဖုန်းစားဂိုဏ်းကို အနိုင်တိုက်နိုင်ခဲ့မှာလား။ သူဖုန်းစားအိုကြီးရဲ့ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ကို မင်းမမြင်ခဲ့ဘူးလား။ လုံးဝကို ကြောက်ဖို့ကောင်းတာ။ မွေးစားအဖေတောင်မှ လက်ဝါးရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်မရှိခဲ့ဘူးလေ။ သူတို့ ငါတို့ကို အလစ်မတိုက်ခဲ့ရင်တောင်မှ မျှမျှတတ ကစားပြီး အနိုင်ရဖို့ကို မျှော်လင့်နိုင်သေးရဲ့လား”
ဖုန်းရွှမ်၏စကားအဆုံး၌ ကျန်းချွမ်နှင့် လုရုံတို့လည်း ဘာမျှဆက်မပြောနိုင်တော့ပေ။ သူတို့၏အင်အားလေးမျှနှင့် သူဖုန်းစားဂိုဏ်းမှ သူတို့ကို ပစ်မှတ်ထားခဲ့ပါက ကြိုတင်သတိပေးထားခဲ့လျှင်သော်မှ ကျားဖြူခန်းမအနေဖြင့် အခွံထဲဝင်နေသည့် လိပ်တစ်ကောင်အဖြစ် မပြောင်းလဲသ၍ ဤကံဆိုးမိုးမှောင်ကျမှုကို ရှောင်လွှဲရန် ခက်ခဲပေလိမ့်မည်။
သို့သော် ကျားဖြူခန်းမအနေဖြင့် နောက်ဆုတ်လိုက်ပါလျှင်လည်း မျန့်ရွှေစီရင်စုတွင် အဘယ်သို့များ ရပ်တည်နိုင်ပါတော့မည်နည်း။
ဤသည်မှာ ဖြေရှင်းမရနိုင်သည့် ဘေးကျပ်နံကျပ်အခြေအနေကြီး ဖြစ်သည်။ သိုင်းလောက၌ အင်အားအကြီးမားဆုံးသူသာ ရှင်သန်ကျန်ရစ်နိုင်သည်။ အားနည်းသူဖြစ်ပါက ရိုက်နှက်ခံရလိမ့်မည်။ ဤသည်မှာ စည်းမျဉ်းဖြစ်၏။
လုရုံ သက်ပြင်းချလိုက်ပြီး အပြင်ဘက်သို့ တစ်ဖန်ပြန်ကြည့်လိုက်သည်။ ထို့နောက် ပြော၏။
“ကျိုးဖန်းနဲ့ ဖုန်းစန်းက ရိုးရှင်းတဲ့သူတွေ မဟုတ်ဘူး။ ပြီးတော့ လျိုဖုန်းက အပြင်းအထန်ဒဏ်ရာရထားပေမဲ့ သံမဏိအရိုးအဆင့်ရဲ့အင်အားတော့ ကျန်ရှိနေတုန်းပဲ။ ညီငယ်၅နဲ့ ညီငယ်၆ရဲ့ အင်အားနဲ့ဆို တစ်ယောက်ကိုမှ အနိုင်မယူနိုင်မှာ စိုးရိမ်ရတယ်။ ငါတို့အနေနဲ့ သူတို့ အရမ်းကြီး ရုပ်ပျက်ဆင်းပျက် မရှုံးခဲ့ဖို့ပဲ မျှော်လင့်နိုင်တော့မယ် အဟွတ် အဟွတ်…”
ကျန်းချွမ်မှလည်း စိတ်ပျက်လက်ပျက် မြည်တမ်း၏။
“ဦးလေးဖူက သံမဏိအရိုးအဆင့်အင်အားရှိပေမဲ့ ကျိုးဖန်းနဲ့ ဖုန်းစန်းကို ရင်ဆိုင်ဖို့အတွက်တော့ မလုံလောက်မှာ စိုးရတယ်။ သက်တမ်းရင့်သိုင်းသမားတစ်ယောက်ရဲ့ အကြောက်တရားက ငယ်ရွယ်မှုပဲတဲ့။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို မရောက်သေးတဲ့ သိုင်းပညာရှင်တစ်ယောက်အတွက် အသက်အရွယ်က အင်အားအကြီးမားဆုံး လူသတ်သမားပဲ”
ဖုန်းရွှမ်မှ သက်ပြင်းချလျက် ပြောသည်။
“အင်း အရာအားလုံးက ကံကြမ္မာအရပါပဲ။ ငါတို့က အခု စောင့်ကြည့်ရုံပဲ တတ်နိုင်တယ်။ ငါတို့ရဲ့ လက်ရှိအခြေအနေက ညီငယ်၅နဲ့ ညီငယ်၆တို့ထက်တောင် ပိုဆိုးရွားနေနိုင်တယ်လေ”
ရထားလုံးများသည် လျင်မြန်စွာပင် ပြိုင်ပွဲကွင်းအလယ်သို့ ရောက်ရှိလာသည်။ ပွဲကြည့်လူအုပ်ကြီးသည်လည်း အလိုအလျောက်ပင် လမ်းဖယ်ပေးကြသောကြောင့် ငါးဖမ်းကုန်သည်အဖွဲ့သားများအတွက် နေရာလပ်စီစဉ်ပြီး ဖြစ်သွားခဲ့သည်။
လင်းယုန်အစောင့်အရှောက်သည် ဖန်းရှစ်ကျုံးအတွက် လိုက်ကာကို မ,တင်ပေး၏။ ဖန်းရှစ်ကျုံးသည် ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။
ဖန်းရှစ်ကျုံး ရထားလုံးထက်မှ ဆင်းလာသည်နှင့်တစ်ပြိုင်နက် လူအားလုံး၏ အကြည့်များသည် ဖန်းရှစ်ကျုံးထံသို့ ကျရောက်လာခဲ့သည်။ ဖန်းရှစ်ကျုံးသည် စိုးစဉ်းသော်မျှ ထိခိုက်ဒဏ်ရာရထားဟန် မရှိပါဘဲ အကောင်းပကတိကဲ့သို့ ရှိနေပေသည်။
ဖန်းရှစ်ကျုံးကို မြင်သောအခါ သူဖုန်းစားအိုကြီးသည် ရုတ်ချည်း အားရပါးရရယ်မောလျက် နှုတ်ဆက်၏။
“လောင်ဖန်း ဟားဟားဟား ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ”