← Chapters

အခန်း (၃၃၃)

Vol. 12 Ch. 333

အခန်း (၃၃၃)

Vol. 12 Ch. 333

---

[“ ထိန်းချုပ်မှု ? စွမ်းအင်ကုန်ခန်းခြင်း ?စုပ်တာ........”]

ထိုစကားလုံးများက ဒီနေရာတွင် တကယ်ပဲ သင့်တော်ရဲ့လား?

ယဲ့ယွီ သည် ဘာဖြစ်နေလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားသည်။ ပူဟောက်ယန် က သူသည် ဒီနတ်ဆိုးအကိတ်မကြီးနှင့်အတူ ကာမဂုဏ်၌ နစ်မွန်းနေပြီး ကုတင်ပေါ်မှမဆင်းတန်း အခန်းထဲတွင် ပွဲကြမ်းနေသည်ဟု တွေးထင်နေရမည်။ ဒါကတော့ ယုတ္တိရှိသည်—ပုံမှန်မဟုတ်သော အပြုအမူက သဘာဝအတိုင်း ရိုင်းစိုင်းသော ထင်မြင်ချက်များဆီ ဦးတည်စေသည်။

ဒါပေမဲ့ ခင်ဗျား တွေးမိရင်တောင် ဘာလို့ အသံထွက် ပြောရတာလဲ? နတ်ဆိုးသခင်မ ကိုယ်တိုင်အကြောင်း ကောလဟာလတွေ ဖြန့်နေတာ— ခင်ဗျား သေချင်နေတာလား ?

ယဲ့ယွီ ၏ မျက်နှာအမူအရာက တင်းမာသွားပြီး ပူဟောက်ယန် ကို ကျော်ပြီး ပိုင်ရှီချူ ကို အလိုလို ကြည့်လိုက်သည်။

အေးဆေးစွာ လက်ဖက်ရည်ဖျော်နေသည့် ပဝါစောင်းထားသော နတ်ဆိုးသခင်မ၏ အကြည့်က အခုတော့ တောင်တွေကိုတောင် အေးခဲစေနိုင်လောက်အောင် အေးစက်နေသည်။ လက်တစ်ဖက်ဖြင့် သူမ၏ရှေ့ရှိ သစ်သားလက်ဖက်ရည်ခွက်ကို ချေဖျက်လိုက်ရာ ပုံပျက်ပန်းပျက်ဖြစ်သွားသည်။ သူမ၏နောက်တွင် မှိန်ပြပြ အနက်ရောင်အရိပ်များ စတင်ပုံပေါ်လာပြီး ဆိုးသွမ်းသော နတ်ဆိုး စွမ်းအင် များ ထွက်ပေါ်လာသည်။

သံသယဖြစ်ဖွယ်ရာမရှိ—ဒီနတ်ဆိုးသခင်မသည် ဒီအလိုက်ကမ်းဆိုးမသိသော ပူဟောက်ယန် ၏ စကားများကို လုံးဝ စိတ်မကျေနပ်ဘဲ တိုက်ခိုက်တော့မည့်ပုံ ပေါ်နေသည်။

ယဲ့ယွီ ၏ နှလုံးသားက ထိတ်လန့်သွားကာ ချွေးများပြန်လာသည်။

သူသည် ပူဟောက်ယန် အပေါ် အတော်လေး ကောင်းမွန်သော အထင်အမြင်ရှိသည်။ သူ၏ ရိုးအသော ကိုယ်ရည်ကိုယ်သွေးရှိသော်လည်း ထိုလူသည် သစ္စာရှိပြီး စကားနားထောင်သည်။ တစ်ကြိမ်တစ်ခါမှ အမိန့်ကို မငြင်းဆန်ခဲ့ဖူးပေ။ ယဲ့ယွီ က ပူဟောက်ယန် သည် သူ့ကို ဆရာတစ်ဦးအဖြစ် ရှုမြင်ပြီး အမှန်တကယ် လေးစားသည်ကို ခံစားနိုင်သည်။

ဒီအတွက်ကြောင့် ယဲ့ယွီ က သူ သေတာမျိုးကို မလိုချင်ဘူး။

အလျင်အမြန်ပင် သူက “ဒါက ခင်ဗျား တွေးသလို မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားကို အကုန်လုံး နောက်မှ ရှင်းပြမယ်” ဟု ပြောသည်။

သို့သော်လည်း ယဲ့ယွီ ၏ စကားများ စွာခြေကာလက်ကာဖြင့် မျက်ပြူးဆန်ပြာ ငြင်းပြလေလေ၊ ပူဟောက်ယန် က သူ မှန်ကန်သည်ဟု ပို၍ ယုံကြည်လာလေလေ ဖြစ်သည်။

“သခင် ယဲ့ က အမြဲတမ်း အသေးစိတ်ကျပြီး စကားပြောကောင်းသူပဲ။ သူ ဘယ်တုန်းက ဒီလိုမျိုး အိန္ဒြေပျက်လောက်အောင် စကားပြောဖို့ ရုန်းကန်ခဲ့ဖူးလဲ?”

“ဒီလို ထိတ်လန့်တဲ့ တုံ့ပြန်မှုက အပြစ်ရှိကြောင်း သက်သေပြတာပဲ!”

သူ၏ သံသယများ မှန်ကန်သည်ဟု သူ ယုံကြည်လေလေ၊ ပူဟောက်ယန် က ကြားဝင်စွက်ဖက်ရန် တာဝန်ရှိသည်ဟု ခံစားရလေလေ ဖြစ်သည်။

လက်နှစ်ဖက်စလုံးကို စားပွဲပေါ် ခိုင်မြဲစွာ ဖိထားရင်း သူက အလွန်လေးနက်သော အသံဖြင့် ပြောသည်၊ “ဆရာ၊ ကျွန်တော့်စကားကို နားထောင်ပါ။ သမိုင်းတစ်လျှောက်မှာ အင်အားကြီးမားတဲ့ နတ်ဆိုးတွေ ရေတွက်လို့မရအောင် စုန်းမတွေကြောင့် ကျဆုံးခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ လုပ်ငန်းတာဝန်က မပြီးသေးဘူး—ခင်ဗျား သူမရဲ့ ဆွဲဆောင်မှုတွေအောက်မှာ ကိုယ့်ကိုယ်ကို မဆုံးရှုံးစေနဲ့ !”

ဤအချိန်တွင် ပူဟောက်ယန် သည် သူ၏ အသံကို မြှင့်လိုက်ပြီး သိမ်မွေ့မှုကို လုံးဝ စွန့်လွှတ်လိုက်သည်။

သူထိုင်ခုန်ပေါ်သို့ ထရပ်ပြီး ကြေညာလိုက်သည်၊ “ဆရာ၊ ကျွန်တော်က ဒီအမျိုးသမီးဟာ ခင်ဗျားကို ဖျက်ဆီးဖို့ စေလွှတ်ထားတဲ့ ရန်သူသူလျှိုတစ်ယောက်လို့တောင် သံသယရှိတယ်။ သူမကို ကြည့်ပါ—သူမရဲ့ တကယ့်မျက်နှာကို ဖုံးကွယ်ထားပြီး သူ့ကိုယ်သူ ဖော်ထုတ်ဖို့ ငြင်းဆိုနေတယ်။ သူမဟာ ရမက်မိစ္ဆာမ တစ်ပါး ဖြစ်ရမယ်!”

သူ၏ အသံက အခန်းထဲရှိ လူတိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်သည်။

ယဲ့ယွီ သည် လုံးဝ အံ့အားသင့် သွားသည်။

“ငါ နတ်ဆိုးလောကမှာ အခြေခံအချက်အလက်အချို့ကို သိနေတာ ကြာပြီ” ဟု သူ တွေးလိုက်သည်။

ရမက်မိစ္ဆာမ များက သူတို့၏ ဆွဲဆောင်မှုရှိသော ပုံပန်းသဏ္ဌာန်ကြောင့် လူသိများသော နတ်ဆိုးအမျိုးအစားတစ်ခု ဖြစ်ပြီး အစွမ်းထက်သော ရမက်မိစ္ဆာများကို သူတို့အတွက် အလုပ်လုပ်ရန် သွေးဆောင်ဖြားယောင်းခြင်းနှင့် လှည့်စားခြင်းတို့တွင် ကျွမ်းကျင်သည်။ သို့သော်လည်း သူတို့သည် အခြေခံအားဖြင့် တခြားသူများအပေါ် မှီခိုနေရသောကြောင့် ဤအင်အားကြီးသူသာ ကြီးစိုးသောလောကတွင် အဆင့်နိမ့်သည်။

တရားဝင် နတ်ဆိုးသခင်မ တစ်ဦးက ရမက်မိစ္ဆာမ တစ်ပါး၏ နည်းဗျူဟာများကို အသုံးပြုနေသည်ဟု အပြောခံရခြင်းလား? ဒါက လုံးဝ စော်ကားလိုက်တာပဲ ဖြစ်သည်။

ပူဟောက်ယန် ၊ မင်း ကိုယ့်အုတ်ဂူကိုယ် တူးဖို့ ဆုံးဖြတ်ထားတာလား?

ယဲ့ယွီ က ညင်သာစွာ သက်ပြင်းချပြီး ရုတ်တရက် ထရပ်လိုက်သည်။ ပိုင်ရှီချူ မပေါက်ကွဲမီ သူသည် ပူဟောက်ယန် ကို အလျင်အမြန် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ သူ့ကို အခန်းထဲမှ လွင့်ထွက် သွားစေသည်။

သူ၏ ကောင်းကင်နတ်ဆိုး အဆင့် ကျင့်ကြံမှုကြောင့် ပူဟောက်ယန် က မနာကျင်ခဲ့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ပိုဆိုးသည်။ သူသည် အခန်းပြင်ဘက်တွင် ရောက်ရှိသွားပြီး သူ၏မျက်နှာကို ဖိကိုင်ထားကာ မျက်လုံးများ နီရဲနေသည်။ “ဆရာ၊.....အို ဆရာ ဘာလို့ ဒီလိုလုပ်တာလဲ?” ဟု သူ၏အသံက နာကျင်မှုများဖြင့် ပြည့်နေသည်။

“ဘာလို့လဲ?ဟုတ်လား?” ယဲ့ယွီ က ခါးသီးစွာ တွေးလိုက်သည်။ “ငါက မင်းရဲ့အသက်ကို ကယ်ခဲ့တာပါ၊ လူအငတုံးရဲ့!”

သို့သော်လည်း သူက ထိုစကားကို အသံထွက် ပြော၍မရပေ။

အစားထိုးအနေဖြင့် ယဲ့ယွီ က အေးစက်သော အမူအရာကို ထိန်းထားပြီး “ဂိုဏ်းချုပ်၊ တချို့ကိစ္စတွေက ခင်ဗျား ဝင်စွက်ဖက်စရာ မလိုဘူး။ ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကျွန်တော် သိတယ်။ ထွက်သွားတော့။”

ပူဟောက်ယန် သည် ထိုစကားများကြောင့် အနည်းငယ် တုန်ယင်သွားပြီးနောက် လှည့်၍ ထွက်ပြေးသွားရာ သူ၏ပုံစံက မိန်းမတန်မဲ့ ခရပ်ရှ်ကိုဖွင့်ပြောပြီး အငြင်းခံလိုက်ရသော မိန်းမငယ်လေးလို အလွန် စိတ်ပျက်အားငယ်နေသည်။

အနှောင့်အယှက်က ဝိညာဉ်လှေပေါ်ရှိ တခြားအကြီးကဲများ၏ အာရုံကို ဖမ်းစားခဲ့ပြီး သူတို့သည် စုံစမ်းရန် သတိထားပြီး ချဉ်းကပ်လာကြသည်။

ယဲ့ယွီ သည် သူတို့ကို ဒေါသဖြင့် ကြည့်ပြီး ဟိန်းလိုက်သည်၊ “ဘာကြည့်နေတာလဲ? မင်းတို့မှာ ဘာသောက်လုပ်မှ မရှိတော့ဘူးလား? ထွက်သွားကြ!”

အကြီးကဲများက ချက်ချင်း ကွဲလွင့်သွားကြပြီး ငြင်းခုံဖို့ မရဲတော့ပေ။ ကောင်းကင်နဂါးချောက် အတွင်းတွင် ယဲ့ယွီ ၏ အဆင့်အတန်းသည် သိသိသာသာ မြင့်တက်လာပြီး အကြီးကဲကြီး ကျူရွီကျုန်း ကိုပင် ကျော်လွန်သွားပြီ ဖြစ်သည်။ သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ သူ့ကို ဒေါသထွက်စေချင်ခြင်း မရှိပေ။

စင်္ကြံလမ်း ရှင်းလင်းသွားသောအခါ ယဲ့ယွီ သည် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်ဆိုးကျောက်တုံး နှစ်တုံး ကို ထုတ်ကာ တံခါးဘေးရှိ နံရံတွင် ထည့်လိုက်သည်။ အခန်းသည် သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်လာပြီး ပျက်စီးမှုများ ပျောက်ကွယ်သွားကာ ကျောက်တုံးများ ကုန်ဆုံးသွားသည်။

အခန်းသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သောအခါ ယဲ့ယွီ သည် နောက်လှည့်လိုက်သည်—သူ၏နောက်တွင် အာဘွားတကမ်းစာအကွာတွင် နီးကပ်စွာ ရပ်နေသော ပိုင်ရှီချူ ကို တွေ့လိုက်ရသည်။

လန့်သွားသော ယဲ့ယွီ သည် အလိုလို နောက်သို့ ဆုတ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် မေးသည်၊ “ဘာလို့ ဒီလောက် နီးနီးလေးလာ ရပ်နေတာလဲ?”

ပိုင်ရှီချူ က ဆော့ကစားသလို လှောင်ပြုံးပြုံးလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး။ ရမက်မိစ္ဆာမ တစ်ပါးဖြစ်ရတာ ဘယ်လိုလဲဆိုတာ သိချင်လို့ပါ။ ဟမ်၊ ဖြစ်နိုင်ရင် ငါ မလုံလောက်သေးဘူးနဲ့ တူတယ်—ငါမင်းအပေါ်ကို ခွပြီးတက်လိုက်ရမလား?”

သူမ ပြောနေစဉ် သူမသည် ရှေ့သို့ တိုးလာပြီး သူမ၏ ပုံစံက မည်သည့်အချိန်မဆို သူ၏လက်မောင်းများထဲသို့ ပြိုလဲကျတော့မလို နူးညံ့လှပသော ကောက်ကြောင်းများကို ဖော်ထုတ်ပြနေခဲ့သည်။

ယဲ့ယွီ သည် သူမကို တားဆီးရန် လက်တစ်ဖက်ကို အလျင်အမြန် မြှောက်လိုက်ပြီး သူ၏အသံက တည်ငြိမ်သည်။ “နတ်ဆိုးသခင်မ၊ ဒါက နားလည်မှုလွဲမှားခြင်း တစ်ခုသာ ဖြစ်ပါတယ်။ ပူဟောက်ယန် က ကျွန်တော့်အတွက် လွန်ကဲစွာ စိုးရိမ်ပူပန်နေတာ—ဒါပဲ။ သူက ဘယ်လောက် ရိုးသားတယ်ဆိုတာ ခင်ဗျား သိပါတယ်၊ သူ စကားမပြောခင် မစဉ်းစားဘူး။ ကျေးဇူးပြု၍ သူ့အသက်ကို ချမ်းသာပေးပါ!”

ပိုင်ရှီချူ က ခဏတာ စဉ်းစားဟန်ဆောင်ပြီးမှ ညင်သာစွာ ပြန်ဖြေသည်၊ “မင်းက သူ့အတွက် တောင်းပန်နေတာဆိုတော့ သူ့ကို အသက်ရှင်ခွင့် ပေးလိုက်မယ်။ ဒါပေမဲ့ ‘ ရမက်မိစ္ဆာမ ’ ဆိုတဲ့ မှတ်ချက်အတွက်ကတော့…”

သူမက တမင်တကာ စကားကို ရပ်လိုက်သည်။

ယဲ့ယွီ သည် ချက်ချင်း သဘောပေါက်သွားပြီး “စိတ်ချပါ၊ နတ်ဆိုးသခင်မ။ ကျွန်တော် သူ့ကို ရမက်မိစ္ဆာမ ဆိုတဲ့ စကားကို ထပ်မပြောစေရဘူး။”

ကျေနပ်သွားသော ပိုင်ရှီချူ က ခေါင်းညိတ်လိုက်သည်။ သူမ၏လက်ကောက်ဝတ်ကို ခါလိုက်ရာ ဖျော်ပြီးသား ဝိညာဉ်လက်ဖက်ရည် နှစ်ခွက် သည် ယဲ့ယွီ ထံသို့ ရောက်လာသည်။

“လက်ဖက်ရည်က အသင့်ဖြစ်နေပြီဆိုတော့ ငါ့ရဲ့ ကြိုးစားမှုကို မဖြုန်းတီးပါနဲ့။ သောက်ပြီးတော့ အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ဦး။ မဟုတ်ရင် လူတွေ ကောလဟာလတွေ ပြောလာနိုင်တယ်” ဟု သူမက လှည့်စားသော အပြုံးဖြင့် ပြောသည်။

စိတ်သက်သာရာရသွားသော ယဲ့ယွီ သည် သူ၏ လက်ဖက်ရည်ကို အလျင်အမြန် သောက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။

ထွက်လာပြီးနောက် ယဲ့ယွီ သည် ပူဟောက်ယန် ကို ဝိညာဉ်လှေ၏ ရှေ့ပိုင်းတွင် တွေ့လိုက်ရသည်။ သူသည် လေတဝူးဝူးတိုက်နေသော သင်းဘောဦတွင် လီယိုနာဒို ပုံစံဖြင့်ရပ်နေပြီး သူ၏မျက်နှာက ယခင်က လက်သီးချက်ကြောင့် အနည်းငယ် ရောင်နေသည်။

ယဲ့ယွီ သည် သူ၏ သိုလှောင်လက်စွပ်မှ ကုသဆေးလုံးတစ်လုံးကို ထုတ်ယူပြီး သူ့ကို ပေးလိုက်သည်။

ပူဟောက်ယန် က ဆေးလုံးကို ကြည့်ပြီး တွန့်ဆုတ်နေသည်။

ယဲ့ယွီ က ညင်သာစွာ ပြောသည်၊ “အဲဒီ အစေခံမက… ထူးခြား တယ်။ မှတ်ထား၊ နောက်ထပ် မိုက်မဲတဲ့ စကားတွေ မပြောနဲ့။ ရလဒ်တွေက ဆိုးရွားနိုင်တယ်။”

ပူဟောက်ယန် က အစေခံမကို ဘာကြောင့် ဒီလောက် “ထူးခြား” စေတာလဲဆိုတာကို အပြည့်အဝ နားမလည်သော်လည်း ယဲ့ယွီ ကို ယုံကြည်ပြီး စကားနားထောင်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် နောက်ထပ် ရှင်းပြချက်ကိုပင် မတောင်းဆိုခဲ့ပေ။

ပူဟောက်ယန် ၏ စိတ်ထဲတွင် ယဲ့ယွီ က သူ့ကို ဘယ်တော့မှ ထိခိုက်စေမည်မဟုတ်။ သူ မရှင်းပြရင် သင့်တော်တဲ့ အကြောင်းပြချက်တစ်ခု ရှိရမည်။

သူတို့နှစ်ဦးသည် ဝိညာဉ်လှေ၏ ကုန်းပတ်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး အဝေးကို ငေးကြည့်နေကြသည်။

၃၃၄ ဆက်ရန်

All Chapters