အခန်း (၅၇၅-၅၇၇)
Vol. 12 Ch. 575-577
Chapter 575: အရှင့်ရဲ့စိတ်က ပိုပြီးတောင် ခန့်မှန်းရခက်လာတယ်
ရုံးတော်အရာရှိများမှာလည်း ဒူးထောက် ချလိုက်ကာ သူထွက်သွားပြီဆိုမှ ခေါင်းမော့ ရဲကြသည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိ ကြသည်။
ဧကရာဇ်၏အပြုအမူတွေက ပုံမှန်မဟုတ်ဘူး။
နှစ်ဖက်ပါတီမှာ မျက်နှာများနီရဲသည်အထိ ငြင်းခုံနေခဲ့ကြသော်လည်း ယခုတော့ ခေါင်းချင်းဆိုင်ဆွေးနွေးနေကြကာ မလိုမုန်းတီးမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဧကရာဇ်ဘာဖြစ်တာပါလိမ့်။
သူတို့ဧကရာဇ်အပေါ်နားလည်သလောက်ဆို ရင် ၀မ်ယန်ကျင်း သူတို့နယ်စပ်ကို ခဏခဏ ရန်လာစနေကတည်းက ချက်ချင်း နယ်စပ် ကိုစစ်တပ်စေလွှတ်ပြီး တစ်ဖက်ကို ခြိမ်းခြောက်မည်ဟု သူတို့ထင်ခဲ့ကြတာ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်မှာတော့ ရုံးတော်အရာရှိတွေကို ငြင်းခုံခိုင်းထားပြီး အဆုံးတွင်တော့ ဘာဆုံးဖြတ်ချက်မှ မလုပ်သွားပေ။
ထိုအရာမှာ တကယ်ကိုပဟေဠိဖြစ်စရာပင်။ မင်္ဂလာဆောင်ပြီးတော့ ဧကရာဇ်ရဲ့စိတ်က လည်း အရင်ထက်ပိုခန့်မှန်းရခက်လာတာပဲ။
ကျီချင်းယွမ်လဲ အလွန်ခေါင်းခြောက်နေတာ ဖြစ်သည်။ ထို့ကြောင့် လုဟယ့်ထျန်းထံ လျှောက်သွားကာ မေးလိုက်သည်။
အံ့ဩစရာမှာ လုဟယ့်ထျန်းမှာ သူပြောတာကို မကြားသကဲ့သို့ ရပ်နေဆဲရှိနေတာဖြစ်သည်။ ထို့ကြောင့် သူ့မှာနောက်တစ်ခါ ထပ်မေးလိုက် ရသည်။
သူဒီတိုင်းအိပ်မက်ယောင်နေတာလား။ အစောကလူတွေငြင်းခုံနေတာလဲ တစ်ခုမှ မကြားလိုက်ဘူးလား။
လုဟယ့်ထျန်းဆိုတာ ရုံးတော်ကို အမြဲသစ္စာရှိ ပြီး ရုံးတော်ညီလာခံတွေမှာ တစ်ခါမှ စိတ်လွတ်တာမျိုးမရှိဖူးချေ။ ဒါပေမယ့် ဒီနေ့ကျတော့…
နောက်တော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က လုလျန့်ဝေ လက်ထပ်ပြီးနန်းတော်ထဲ၀င်လာ တာကို သူသတိရသွားကာ ထိုလူကို ပုခုံးပုတ် ပေးရင်း အားပေးလိုက်သည်။
“မိန်းကလေးတွေကြီးလာရင် လက်ထပ်ရတယ်ဆိုတာ ပုံမှန်ပါပဲဗျာ။ ခင်ဗျား ဝေဝေကိုဘယ်လောက်ချစ်တယ်ဆို ဆို သူ့ကိုအိမ်ထဲမှာပဲ တစ်သက်လုံးသိမ်းထား ချင်လို့မရဘူးလေ ဟုတ်တယ်မလား။ စိတ်လျှော့ပါဗျာ။ အနည်းဆုံးတော့ ဝေဝေက ဧကရီဆိုတော့ အနိုင်ကျင့်ခံရမှာ မဟုတ်ပါဘူး။ အဲ့လောက်လဲစိုးရိမ်မနေပါနဲ့။ သူကတော်ပါတယ်၊ သူ့ကိုယ်သူ ဂရုစိုက်နိုင် မှာပါ”
သူနှစ်သိမ့်ပြီးသွားချိန်မှ လုဟယ့်ထျန်း အသိပြန်၀င်လာသည်။ သို့သော် သူ့အား အမှုမထားဟန်ကြည့်ကာ ခန်းမထဲမှ ထွက်သွားတော့သည်။
ကျီလင်ဟွေ့ မျက်မှောင်ကြုတ်သွားရသည်။ ထို့နောက် သူ့လက်မောင်းကို လှမ်းဆွဲလိုက် ကာ
“ကျွန်တော်ပြောမယ်။ ဘာမှ ရူးရူးမိုက် မိုက်တွေ လျှောက်မလုပ်နဲ့နော်။ ခင်ဗျား အိမ်မှာ အသက်ခုနစ်ဆယ်အရွယ် အမေအိုကြီးရှိသေးတယ်”
လုဟယ့်ထျန်း သူ့လက်မောင်းကို ပြန်ဆောင့်ဆွဲ လိုက်ကာ အထင်သေးဟန်ကြည့်ရင်း
(T/N – ‘ကျီ’ ဆိုတဲ့မျိုးရိုးနာမည်က ‘鸡’ jī - ကြက်ဆိုတဲ့ စာလုံးနဲ့ အသံထွက်ဆင်နေလို့ အဲ့လိုပြောတာပါ)
သူ့မျိုးရိုးက ‘ကျီ’ ကြက်မဟုတ်ဘူးလို့ ပြောလိုက်တာမလား။ အသိအသာကြီးကို လုဟယ့်ထျန်းတော့ သူ့သမီးကြောင့် ရူးသွားပြီပဲ။
သူအသိပြန်လည်စုစည်းလိုက်နိုင်ချိန်၌ လုဟယ့်ထျန်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွား ပြီဖြစ်သည်။
ကျီချင်းယွမ် ကရုဏာသက်စွာ ခေါင်းယမ်း လိုက်မိကာ သူ့ဘာသာတစ်ယောက်တည်း ရေရွတ်နေမိသည်။
ကလေးတွေ ငယ်တုန်းက တော့ သူတို့ဖျားမှာ၊ နည်းနည်းပဲစားရင် ဗိုက်မ၀မှာကို စိုးရိမ်ခဲ့ရတယ်။ သူတို့တွေ ကြီးလာပြန်တော့လည်း လက်ထပ်ပြီးတဲ့အခါ ကောင်းကောင်းအဆက်ဆံမခံရမှာကို စိုးရိမ် ရပြန်တယ်။
ညီလာခံခန်းမထဲမှထွက်လာပြီးနောက် လုဟယ်ြထျန်း နန်းတော်ထဲမှထွက်ချင်နေပေ မယ့် ရုတ်တရက် လုလျန့်ဝေကို သတိရသွား ကာ ခဏရပ်သွားပြီး ဆက်လျှောက်လာလိုက် သည်။
တကယ်တော့ သူ ဝေဝေကို လုံး၀စိတ်မပူပေ။ ဧကရာဇ်ကို သမက်တော်ရတာကို သူ မကြိုက်ပေမယ့် ဧကရာဇ်က ယုံကြည်ရတဲ့ သူဆိုတာတော့ သူ ငြင်းလို့မရပေ။ ပြီးတော့ ဧကရာဇ်က ဝေဝေကို သေချာဂရုစိုက်မည် ဆိုတာ သူယုံကြည်သည်။ အဲ့တာအပြင် အခုဆို ဧကရာဇ်ရဲ့ရောဂါလည်း သက်သာ သွားပြီဖြစ်တာကြောင့် သူဘာကိုမှ စိတ်မပူ တော့ပေ။
သူအရင်က သဘောမတူခဲ့သည်မှာ ဝေဝေနှင့် ယှဉ်လျှင် ဧကရာဇ်က အရမ်းအသက်ကြီး နေတာကြောင့်ဖြစ်သည်။
ဒါပေမယ့် အခုဝေဝေနဲ့သူ လက်ထပ်ပြီးပြီ ဆိုတော့ သူ့ရဲ့မကျေနပ်တဲ့ခံစားချက်တွေကို သိမ်းဆည်းထားလိုက်ရုံသာ တတ်နိုင်သည်။
သူ့သမီးလေးအခြေကျသွားပြီဖြစ်တာကြောင့် သူမအတွက် သူစိတ်ပူစရာမလိုတော့ပေ။ သူစိတ်ပူသည်မှာ လီဟွားကိုသာဖြစ်သည်။
လီဟွားပြန်ရောက်နေပြီဖြစ်ကာ သူမ သူ့ကို တွေဖို့ငြင်းဆန်နေလျှင်တောင် … သူ သူမကို ပြန်လိုချင်သေးသည်။
သို့သော် သူမဘေးရှိ ဝူဟောက်မင်ဆိုသည့်လူ ကိုတွေးမိတော့ သူ နေမထိထိုင်မသာ ဖြစ်လာ ရသည်။
ဒီနှစ်တွေတစ်လျှောက်လုံး သူ လီဟွားဘေးမှာရှိနေခဲ့တာလားဆိုတာကို သူ သိချင်မိသည်။
သူ ထိုအကြောင်းတွေးလိုက်မိချိန်တိုင်း သ၀န်တိုလွန်းလို့ ရူးသွားမလိုဖြစ်လာရကာ ထို ဝူမျိုးရိုးကို ရှင်းပစ်ချင်လာသည်။
Chapter 576: အသက်ရှူတိုင်း နာကျင်နေရအောင် သူ့ကိုဖောက်လိုက်
နန်းတော်ထဲမှ ထွက်လာပြီးနောက် လုဟယ့်ထျန်း မြို့စားအိမ်တော်သို့ တန်းမပြန်ပဲ ဟွာရှဆေးဆိုင်သို့ လှည့်လာလိုက်သည်။
ဆိုင်ထဲ၌ လူနာအနည်းငယ်ရှိနေကာ လင်းလီဟွား သူတို့ကိုကုသပေးနေသည်။
ဝူဟောက်မင်ကတော့ သူမအား ဘေးမှ ကူညီပေး နေလေသည်။
သူဘာဆေးပညာမှမတတ်ပေမယ့် သူမဘေး၌နေလာသည်မှာ နှစ်တွေကြာပြီ ဖြစ်တာကြောင့် ဆေးအတော်များများရဲ့ အသုံးပြုပုံတွေကို အလွတ်ရနေပြီဖြစ်သည်။
အနည်းဆုံးတော့ သူလဲလူနာတွေအတွက် ဆေးညွှန်းလောက်တော့ ရေးပေးနိုင်သည်။
ထိုအချိန်တွင် လူအိုကြီးနှင့် ယို့ယို့တို့လည်း ဆေးအမျိုးအစားခွဲခြားနိုင်ရန် သင်ကြားထား တာကြောင့် ယခုဆိုလျှင် ဆေးဆိုင်၌ ဆေးညွှန်းပေးနိုင်သည့်လူ သုံးယောက်ရှိနေပြီ ဖြစ်သည်။ သူတို့သုံးဦးအတူပေါင်းစည်း လိုက်သည့်အခါမှာတော့ လူနာအများအပြား နိုင်နင်းသွားသည်။
ထိုလူဟာ တံခါးအပြင်ဘက်၌ ယောင်ပေပေ လုပ်နေပြီး ဆိုင်ထဲသို့ဝင်မလာပေမယ့် မျက်စိ စပါးမွေးစူးစရာဖြစ်နေသည်။ ဝူဟောက်မင် လူအိုကြီးအား ထိုအကြောင်းပြောလိုက်ကာ သူ့လက်ထဲရှိဆေးညွှန်းကိုကမ်းပေးလိုက်ရင်း အပြင်သို့ထွက်လာလိုက်သည်။
“အိုး, ဒါမြို့စားမင်းမလား။ ဒီနေ့ရော ကျွန်တော်တို့ဆိုင်ကို ဘာလာလုပ်တာပါလဲ။ မြို့စားမင်းနေမကောင်းလို့ ဆေးလာကုတာ များလား။”
မျက်နှာပြောင်တိုက်ကာ ထေ့ငေါ့၍ပြောနေ သောသူကို လုဟယ့်ထျန်း အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ့ကို လျစ်လျူရှုဖို့ဆုံးဖြတ်လိုက်ကာ ဆေးဆိုင်ထဲ ၀င်လာလိုက်သည်။
“မြို့စားမင်းကို ကျွန်တော်တို့ဆိုင်က မကြိုဆို ပါဘူး။ တစ်ခုလောက်အကြံပေးချင်တယ် : အထဲ၀င်ပြီး လီဟွားကို ရန်သွားမစတာ ပိုကောင်းလိမ့်မယ်။ သူစိတ်တိုနေတာကို ဒေါသထွက်အောင် သွားလုပ်မိရင် အကျိုးဆက်ကိုခံနိုင်ရည်ရှိမယ်မထင်ဘူး”
လုဟယ့်ထျန်း လက်သီးတင်းတင်းဆုပ်ကာ သူ့ကိုကြည့်လိုက်မိသည်။
သူမစိတ်အခြေအနေမကောင်းဘူးလို့ ပြောလိုက်တဲ့အချိန်ကဆို သူ လီဟွားကို ဘယ်လောက်နားလည်ပါတယ်ဆိုပြီး ထောက်ပြချင်နေတာမလား။
“ငါလည်း စိတ်အခြေအနေမကောင်းဘူး ဖြစ်နေတာ။ မင်းလဲ ငါ့ကိုရန်လာမစတာကောင်းလိမ့်မယ်၊ မဟုတ်ရင် အကျိုးဆက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
သူ့လေသံမှာ အလွန်အေးစက်နေ ကာ ဒေါသကိုဖိနှိပ်ထားရဟန်ပေါ်နေသည်။
သူပြောတာကိုကြားတော့ လုဟဲထျန်း လက်ပိုက်လိုက်ကာ သူ့အား အပေါ်အောက် ကြည့်ရင်း ရန်စသလိုပြောလိုက်သည်။
“ဟုတ်မယ်ထင်တယ်။ ခင်ဗျားက စစ်တပ် အာဏာကိုချုပ်ကိုင်ထားတဲ့မြို့စား တစ်ယောက်ဆိုတော့ ခင်ဗျားရဲ့အမိန့်အောက် မှာ စစ်တပ်တစ်ခုလုံးရှိနေတာလေ။ ကျွန်တော်တို့လို သာမန်အရပ်သားတွေ ခင်ဗျားကိုရန်စမိရင် သေချာပေါက်ကို ဖြစ်လာမယ့်အကျိုးဆက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးပေါ့”
လုဟယ့်ထျန်း၏ နားထင်ကြော တွေ ထောင်ထလာရကာ ထိုလူ၏ လက်မောင်းကိုကိုင်ကာ အဝေးသို့ တွန်းထုတ် လိုက်သည်။
ထိုအချိန်တွင် ဝူဟောက်မင် ခြေတစ်လှမ်း နောက်ဆုတ်ရင်း ထအော်လာသည်။
“ကယ်ကြပါဦး, ဒီအရာရှိက ကျွန်တော့်ကို သတ်တော့မယ် –”
သူအော်လိုက်သံကို ဆေးဆိုင်အတွင်း အပြင်ရှိ လူအကုန်ကြားသွားကာ သူတို့အား ခေါင်းလှည့်ကြည့်လာခဲ့သည်။
လူနာကြည့်နေသည့် လင်းလီဟွားပင်လျှင် လှည့်ကြည့်လာလေသည်။ သို့သော် တံခါးအပြင် ဘက်၌မတ်တပ်ရပ်နေသည့် ထိုလူကို မြင်တော့ ပုဝါပါးအောက်ရှိ သူမမျက်နှာ မဲမှောင်သွားရသည်။ သူမ လူနာကို အမြန်ကုသ ပေးလိုက်ကာ ဆေးညွှန်းပေးပြီးနောက် အနောက်ခြံ၀န်းထဲသို့ ထွက်လာခဲ့လိုက်သည်။
သူမထိုသို့လုပ်လိုက်ရခြင်းမှာ ဝူဟောက်မင်၏ အော်သံကြောင့် ဖြတ်သွားဖြတ်လာတွေ အာရုံစိုက်မိသွားကာ လုဟယ့်ထျန်းကို လှည့်ကြည့်လာကြသောကြောင့်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လုဟယ့်ထျန်းကတော့ သူ့အကြည့်တွေကို လင်းလီဟွားပေါ်မှာသာ ကျောက်ချထားဆဲပင်။ သူမ ထထွက်သွား သည်ကိုမြင်တော့ သူအမြန် နောက်မှ လိုက်သွားလိုက်သည်။
ဝူဟောက်မင် သူ့အားတားလိုက်ချင်ပေမယ့် လင်းလီဟွား၏စိတ်အခြေအနေကို တွေးမိသွားကာ ဆေးဆိုင်အပြင်ဘက်၌ စုဝေးနေသည့်လူအုပ်ကြီးကိုသာ လူစုခွဲလိုက် သည်။
“နောက်တစ်လှမ်းထပ်လှမ်းတာနဲ့ ဒီနေရာမှာပဲ အသေသတ်ပစ်မယ်”
သူမ၏ ရက်စက်ကာ အညှာအတာကင်းမဲ့ သည့် စကားများကိုကြားတော့ လုဟယ့်ထျန်း၏ နှလုံးသား နာကျင်သွားရသည်။ သူမ၏စိတ်မချမ်းမြေ့သောအသွင်နှင့် သူမ မျက်လုံးထဲရှိ အေးစက်မှုများကိုကြည့်ကာ လုဟယ့်ထျန်းနှလုံးသားမှာ အသက်ရှူတိုင်း နာကျင်အောင် ထိုးဖောက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
သူ့နှလုံးသား ပိုလို့ပင်နစ်မြုပ်လာရသည်။ ထိုအချိန်တွင် ရုတ်တရက် သူ့ရှေ့ရှိ ဓားသွားကိုဆုပ်ကိုင်လိုက်ကာ လည်ပင်းထက် တင်ပေးလိုက်တော့သည်…။
Chapter 577: နှလုံးသားကိုရော အသွေးအသားကိုပါ တိုက်စားခံလိုက်ရ
“လီဟွား၊ မင်းကိုယ့်ကို သေစေချင်နေတယ် ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမယ့် ကိုယ်တို့ တွေ့တဲ့အချိန်တိုင်း မင်းကိုယ့်ကိုမသတ်နိုင်ခဲ့ ဘူး။ ကိုယ်သေမှ မင်းအဆင်ပြေမယ်ဆို ကိုယ်သေပေးပါ့မယ်”
ထိုလူ၏အသံမှာ ပြတ်သားနေကာ ပြောင်းလဲ မည့်ဟန်လုံး၀မရှိပေ။
ထိုအသံလင်းလီဟွား၏နားစည်ကို ရိုက်ခတ် လာချိန်မှာ သူမထိတ်လန့်သွားကာ ဓားကို ရုပ်သိမ်းရန်ပြင်လိုက်ပေမယ့် နောက်ကျသွား ချေပြီ။
ချွန်ထက်သည့်ဓားသွားဟာ လုဟယ့်ထျန်း၏ အသားအရေကို အလွယ်တကူပင် ထိုးဖောက် သွားကာ နီရဲနေသည့်သွေးများဖြာထွက်လာ သည်။
သို့သော် လုဟယ့်ထျန်းမှာတော့ နာကျင်ပုံမရပေ ။ တစ်စက်ကလေးမှတုံ့ဆိုင်းမနေပဲ ထိုဓားသွားကို သူ့အသားထဲသို့ နောက်တစ်ကြိမ်တွန်းထည့်လိုက်သည်။
လင်းလီဟွား၏မျက်စံတွေ နက်မှောင်သွား ကာ လက်ဝါးမြှောက်လျက် သူ့ရင်ဘတ်အား ရိုက်ထုတ်လိုက်သည်။
“တော်လောက်ပြီ။ ရှင်သေချင်ရင် တခြားနေရာမှာသွားသေ။ ဒီနေရာကမြေကို ညစ်ပတ်အောင်လာမလုပ်နဲ့”
ထိုစကားလုံးများကို ရင့်သီးစွာပြောကာ သူ့လက်ထဲမှ ဓားရှည်ကိုဆွဲယူလိုက်ပြီး မြေကြီးပေါ်သို့ လွှင့်ပစ်လိုက်သည်။
လုဟယ့်ထျန်း ငေးကြောင်နေမိသည်။ သူ့ဒဏ်ရာ ဘယ်လောက်ပဲနာပါစေ ရင်ဘတ် ထဲက နာကျင်မှုကိုတော့ မမှီနိုင်ပါ။
ထို့နောက် ခြောက်သွေ့နေသောနှုတ်ခမ်းကို တင်းတင်းစေ့ကာ လည်ပင်းမှသွေးများ စီးကျနေသည်ကို လျစ်လျူရှုလျက် သူမအား ငေးကြည့်လိုက်သည်။
“လီဟွား၊ မင်းကိုယ့်ကို မုန်းနေတာကို ကိုယ်သိပါတယ်။ တကယ်တော့ မင်းကိုယ့်ဘေးမှာမရှိတဲ့ ဒီနှစ်တွေမှာ သေသွားဖို့ကိုပဲ ကိုယ်ဆုတောင်း နေခဲ့တာ။ အခု ဝေဝေလည်း လက်ထပ်ပြီးပြီ ဆိုတော့ ကိုယ်စိုးရိမ်စရာ ဘာမှမရှိတော့ဘူး။ ဘာလို့ကိုယ့်ကို မြန်မြန်မသေခိုင်းလိုက်ရတာ လဲ။”
“ကိုယ့်ကိုတစ်ချက်လောက် ထပ်ရိုက်လိုက်ပါ။ ဒါဆို မင်းကို ချွေးသိပ်ပေးရာတော့ကျမယ်ထင်တယ်”
လုဟယ့်ထျန်းလည်ပင်းရှိဒဏ်ရာကိုကြည့်ကာ လီဟွား၏ရင်ဘတ်ထဲတင်းကျပ်လာရသည်။ ထို့နောက် သူမလက်ထဲသို့ ဓားထည့်ပေးလာ သည်ကိုခံစားမိလိုက်သည်။ သူ့စကားတွေကို ကြားတော့ သူမနှလုံးသားတုန်လှုပ်သွားရကာ ဓားရှည်ကို နောက်တစ်ကြိမ်ထပ်လွှင့်ပစ် လိုက်ရင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။
“လုဟယ့်ထျန်း၊ ကိုယ့်ဘာကိုယ်ဒဏ်ရာရအောင် လုပ်ပြီး မာယာများမနေနဲ့။ ရှင် ဘယ်နှကြိမ်ပဲ သေပေးသေပေး ကျွန်မရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ သစ္စာဖောက်က သစ္စာဖောက်ပဲ။ ရှင်ဘာပဲလုပ်လုပ် ရှင့်ရဲ့မသန့်စင်မှုတွေက သန့်စင်သွားမှာမဟုတ်ဘူး”
“ရှင်ကျွန်မနဲ့လက်ထပ်ခဲ့ချိန်ကတည်းက ကျွန်မဘယ်လိုလူလဲဆိုတာ ရှင်သိခဲ့သင့်တာ။ ကျွန်မသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေ ကို ဆန့်ကျင်တဲ့ဘယ်အရာကိုမဆို လုံး၀ သည်းခံမှာမဟုတ်ဘူးဆိုတာကို ရှင်သိရက်နဲ့ ကျန်းယန်ရန်ကို ထိတွေ့ခဲ့တယ်။ ရှင်တို့ နှစ်ယောက် ကျွန်မနောက်ကွယ်မှာ ဖောက်ပြန် နေတုန်းကရော ကျွန်မခံစားချက်ကို ထည့်တွက်ခဲ့လို့လား။ ရှင်ကိုယ်တိုင်ပဲ ကျွန်မ နှလုံးသားကိုဆွဲထုတ်ပြီး ကျွန်မသိက္ခာကို ချနင်းခဲ့တာလေ။ အဲ့တာကို ကျွန်မကရှင့်ကို ဘယ်လိုများခွင့်လွှတ်ရမှာလဲ။ ကျွန်မရှင့်ကို ဒီတစ်သက်ခွင့်မလွှတ်နိုင်ဘူး။ ရှင့်ကို ကြည့်ရတာတောင်ရွံနေပြီ။ ကျွန်မ မျက်စိကန်းပြီး ရှင်လိုလူရဲ့လက်ထဲကို ကျွန်မဘဝကိုယုံယုံကြည်ကြည် ပုံအပ်ခဲ့မိတဲ့ အဲ့အချိန်က ကျွန်မကိုယ်ကျွန်မ အရမ်းမုန်းတာပဲ”
လုဟယ့်ထျန်း ဖြူဖျော့သွားကာ သူ၏ ချောမော သည့်မျက်နှာဟာလည်း အရောင်မဲ့သွားတော့သည် ။ သူ့နှလုံးသားထဲရှိ နာကျင်မှုနှင့် နောင်တ တရားက သူ့ကိုအဆုံးစွန်ထိ ဆွဲချသွားခဲ့သည်။
လင်းလီဟွား၏စကားလုံးတိုင်းက သူ့နှလုံးသားကို ထိုးဖောက်နေကာ သွေးမထွက်ပေမယ့် မြှားအစင်းတစ်ထောင် နှင့်ပစ်တာထက် ပိုလို့ပင်နာကျင်ရသည်။
သူရှင်းပြချင်ပေမယ့် အမှန်တရားက နေ့အလင်းရောင်လိုမျိုး ရှင်းလင်းနေခဲ့ကာ သူ့ကိုယ်သူခုခံပြောဆိုနိုင်တာဆိုလို့ ဘာမှ မရှိပေ။
သူ၏ဖြူဖျော့နေသည့်အသားအရောင်က တောင် လင်းလီဟွား၏သူ့အပေါ်ထားရှိသည့် အမုန်းတရားကို မပြေလျော့သွားစေပါ။ သို့သော် သူမသူ့ကိုနောက်တစ်ကြိမ် ထပ်မကြည့်တော့ပေ။