← Chapters

အခန်း (၅၉၃-၅၉၅)

Vol. 12 Ch. 593-595

အခန်း (၅၉၃-၅၉၅)

Vol. 12 Ch. 593-595

Chapter 593: သရဲဖြစ်တဲ့ငါက နင့်အသက်ကို ယူဖို့ လာခဲ့တာ

တစ်ခဏအကြာမှာ အမျိုးသမီးကျန်း သတိပြန်လည်လာခဲ့သည်။

လင်း လီဟွား က သူမရဲ့ လက်ကို လွှတ်ပြီး နောက်သို့ဆုတ်ကာ နေမကောင်းနေသော အမျိုးသမီးအား စောင့်ကြည့်နေပေသည်။

အမျိုးသမီးကျန်းက သူမရဲ့ မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်ခဲ့ပေမယ့် သူမ မြင်ကွင်းထဲမှာတော့ လင်းလီဟွားရဲ့ ပုံရိပ်သာ ပေါ်လာလေသည်။

သူမ အရှေ့မှာ ရပ်နေတဲ့သူက ဘယ်သူမှန်း အမှတ်ရလိုက်တဲ့အချိန်မှာတော့ သူမ မျက်ဆန်တွေ ကျယ်ဝန်းသွားပြီး

“သ သရဲ…”

အချိန်အတော်ကြာ စကားမပြောထားသည့်အလျောက် သူမ၏ အသံမှာ ကွဲအက်နေပြီး ကျိုးပဲ့သံချေးတက်နေသော တံခါးကြီးတစ်ချပ်နှယ် နားထောင်ရသည်မှာ စိတ်ပျက်ဖွယ်သာဖြစ်နေသည်။

လင်းလီဟွား၏မျက်နှာပေါ် ပြုံးဟန်တစ်ချက်သန်းသွားခဲ့ပြီး တစ်ဖက်လူကို အေးစက်စွာပင် ကြည့်နေလေသည်။

“ဟုတ်တယ်။ သရဲဖြစ်တဲ့ငါက နင့်အသက်ကို ယူဖို့ လာခဲ့တာ…”

အမျိုးသမီးကျန်းသည် ကြောက်လန့်တကြီး အော်ဟစ်ပြီး အောက်ကျုံ့သွားခဲ့သည်။

“မြန်မြန်ပြောပြ။ ပြောပြရင် အဆိပ်ပျောက်အောင် ကုပေးနိုင်မယ်။”

အမျိုးသမီးကျန်းရဲ့မျက်လုံးများသည် ရုတ်တရက်ပြူးကျယ်လာပြီး သူမ ပါးစပ် အစွန်အဖျားများမှ မည်းညစ်၍ ထူပျစ်နေသောသွေးနက်များ စီးကျလာလေသည်။

အသံက လွန်စွာ တိုးညင်းခဲ့ပေမယ့် လင်းလီဟွားက ကြားလိုက်ရသည်။

သူမဟာ တွန့်ဆုတ်မှုမရှိ ချက်ချင်း ထွက်ရှာတော့သည်။

သို့သော်ငြားလည်း လုပ်ကြံတဲ့သူဟာ ထွက်ပြေးသွားပြီဖြစ်သည်။

သူမဟာ ငုံ့ကြည့်ရင်း ပြတင်းပေါက်အပြင်ဘက်မှာ ကျန်ရစ်ခဲ့တဲ့ သွေးကွက်ကို မျက်မှောင်ကြုတ်လျက် လေ့လာနေသည်။

သူမက အလျင်ပြန်ကြည့်ခဲ့ရာ အမျိုးသမီးကျန်းဟာ တဖန်ပြန် လဲကျသွားမှန်း တွေ့လိုက်ရသည်။ သူမရဲ့ ကျောနောက်မှာ ငေါ်ထွက်နေခဲ့တာတော့ သူမရဲ့ နှလုံးတည့်တည့်ကို ထိုးဖောက်သွားတဲ့ ဓားထက်တစ်လက်။ ထိုဓားဟာ ပြတင်းပေါက်ကို ဖြတ်ကျော်လာပြီး အမျိုးသမီးကျန်းရဲ့ ကျောကုန်းတည့်တည့်ကို ထိမှန်သွားတာပဲ ဖြစ်သည်။

လုလျန့်ဝေက ဒီကိစ္စဟာ ကံမခေရာဟု မြင်မိသည်။ အမျိုးသမီးကျန်းသည် အမှန်တရားကို ထုတ်ပြောဖို့ရာ အင်မတန်နီးနေခဲ့သည့်တိုင် သူမ အိမ် အပြင်မှာ အမှန်တရား မထွက်ပေါ်အောင် ခိုးစောင့်နေမယ့် လုပ်ကြံသူတစ်ယောက်ရှိလိမ့်မည်ဟု သူမ ထင်ကို မထင်ထားမိပေ။ သူမ နှင့် သူမ အမေ အမျိုးသမီးကျန်းအပေါ် အာရုံထားနေချိန်တွင် လုပ်ကြံသူက အခွင့်ကောင်းယူ၍ ဓားထက်တစ်လက်နှင့် အပြီးသတ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မကြာသေးခင်က အမျိုးသမီးကျန်းက သူမ အမေကို မြင်ပြီးနောက် ကြောက်လန့်၍ နောက်ကို တွန့်ဆုတ်ပြီး ပြေးသွားရာက အိမ်နံရံတစ်ဖက်ဆီ ကျောကပ်လျက်သွားဖြစ်သွားခဲ့သည်။ ထိုအချိန်မှာ လုပ်ကြံသူအတွက် အခွင့်ကောင်းတစ်ခုဖြစ်သွားခြင်းပင်။

အမျိုးသမီးကျန်း၏ သေဆုံးမှုအတွက် လုလျန့်ဝေတို့မှာ သနားစာနာစိတ် တစ်စက်မျှမရှိသော်လည်း ၎င်းသည် အမှန်တရားမှာ ဖုန်းကွယ်ခံထားရဆဲဟူသော သက်သေတစ်ခုဖြစ်ခဲ့သည်။

လင်းလီဟွားဘက် ခေါင်းလှည့်၍ လုလျန့်ဝေသည် သူမ၏ ထင်မြင်ချက်များကို ပြောနေလိုက်သည်။

“အမေ အမျိုးသမီးကျန်းက အချိန်မှီ တရားခံ ဘယ်သူဆိုတာ မပြောပြနိုင်ခဲ့ပေမယ့် ဟို အရင်တုန်းက သူ ရုတ်တရက်ကြီး ပေါ်လာခဲ့တာက အခိုင်းခံခဲ့ရလို့လိုတော့ ပြောခဲ့တယ်။ ဒါဆို အဖေက အမေ့ပေါ် ဖောက်ပြန်ခဲ့တာ မဟုတ်ဘဲ လုယွင်ရွှမ်းကလည်း သူ့ ကလေး မဟုတ်လောက်ဘူး။ ဒါတွေအားလုံးက အဖေနဲ့ အမေ့ကို ခွဲဖို့ ကြံစည်ထားတာတွေ ဖြစ်လောက်တယ်။”

လင်းလီဟွားက အလွန်ပင် အံ့အားသင့်သွားခဲ့ပေမယ့် သူမ စိတ်ထဲ တစ်ခုခုကို အမှတ်ရမိပြီး လုလျန့်ဝေရဲ့ ထင်မြင်ချက်ကို ပယ်ချလိုက်သည်။

“မဖြစ်နိုင်ဘူး။ သမီးအဖေနဲ့ အမျိုးသမီးကျန်းတကယ်ကို ဘာမှ မရှိခဲ့ဘူးဆိုရင် သူက ဘာလို့ မငြင်းခဲ့တာလဲ။ တစ်ခုခုကို ရှိခဲ့ရမယ်_ မဟုတ်ရင် သမီး အဖေရဲ့စရိုက်အရဆို ဒီကိစ္စမျိုး သူဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အဲ့လိုဆိုပေမယ့် အမျိုးသမီးကျန်းရုတ်တရက် ပြန်လာတာကတော့ တကယ့်ကို တစ်ယောက်ယောက်က ခိုင်းလိုက်လို့ဆိုတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သမီး အဖေနဲ့ အမေနဲ့ကို ဘယ်သူက ကွဲစေချင်တာလဲ။ အဓိပ္ပာယ်မရှိဘူး။”

“ဖြစ်ရပ်မှန်ကို သိခဲ့တာ အမျိုးသမီးကျန်းတစ်ယောက်တည်းပဲ။ ဒါပေမဲ့ အခုသူက သေသွားပြီဆိုတော့ ဖြစ်ရပ်မှန်ကို သိနိုင်ဖို့ရာ မဖြစ်နိုင်တော့ဘူး။ သိနိုင်ဆိုရင်…”

“ခုဏက လာလုပ်ကြံတဲ့သူက အမျိုးသမီးကျန်းကို နှုတ်ပိတ်ဖို့ တရားခံက လွှတ်လိုက်တဲ့သူပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလုပ်ကြံတဲ့သူတောင် ဘယ်သူမှန်းမသိတာ တရားခံကို ဘယ်လိုရှာကြမလဲ။”

လင်းလီဟွားဟာ တစ်ခုခုကို ရုတ်တရက် မှတ်မိသွားပြီး သူမ မျက်လွှာများ မှေးကျဉ်းသွားခဲ့သည်။

“အဲ့တုန်းက အမေ မြို့စားအိမ်ကနေ တတ်နိုင်သလောက် အမြန်ဆုံး ထွက်ခဲ့ချင်ပေမယ့် မြို့ပြင်ထွက်တာနဲ့ချက်ချင်းဆိုသလို လူသတ်လုပ်ကြံတဲ့အဖွဲ့တစ်ဖွဲ့ အမေ့ကို သတ်ဖို့ လုပ်ကြံတာခံခဲ့ရတယ်။ သူတို့ကို ပြန်တိုက်ခဲ့ပေမယ့်လည်း နောက်ဆုံးတော့ အမေ့ကို ချောက်ကမ်းပါးအစွန်ထိ ရောက်အောင် ဝိုင်းလိုက်ကြတာ။”

Chapter 594 - လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အမှန်တရား

လုလျန့်ဝေက အံ့ဩကာ လန့်သွားခဲ့သည်။

“အမေ၊ အမေထွက်သွားဖို့လုပ်တုန်းက တစ်ယောက်ယောက်က အမေ့ကို သတ်ဖို့လုပ်ခဲ့တယ်လား”

လင်းလီဟွား က ခေါင်းငြိမ့်၍

“ဟုတ်တယ်။ အဲ့လူသတ်လုပ်ကြံတဲ့အဖွဲ့နဲ့ ဒီတရားခံနဲ့ သက်ဆိုင်မှု ရှိနေမလား စဉ်းစာမိတာ။ အဲ့တုန်းက လာလုပ်ကြံတဲ့သူ အများစုကို ရှင်းပလိုက်ပြီဆိုပေမယ့်လည်း ကျောက်ကမ်းပါး အစွန်းထိရောက်အောင် တွန်းပို့ခံနေခဲ့ရတာလေ။ တိုက်ပွဲ အပြီးလောက် သမီး အဖေရောက်လာတော့ အမေက အဲ့တာကို အခွင့်ကောင်းယူပြီး ကျောက်ကမ်းပါးပေါ်က ခုန်ချခဲ့တာ။”

လုလျန့်ဝေက တစ်ခုကို တွေးမိလိုက်သည်။

“အဲ့တော့ ကျောက်ကမ်းပါးပေါ်က ခုန်ချခဲ့တာက အဖေ့ပေါ်လက်စားချေချင်တဲ့ စိတ်သက်သက်နဲ့တော့ မဟုတ်ခဲ့ဘူးပေါ့။ တကယ့်အကြောင်းအရင်းက အမေ့ကို လာလုပ်ကြံတဲ့သူတွေကို အမေသေသွားပြီလို့ ထင်စေချင်လို့ ခုန်ချခဲ့တာပေါ့။”

“ဟုတ်တယ်။ ငါ့ကို လာသတ်ခိုင်းတဲ့သူကို ငါ သေသွားပြီလို့ ထင်စေချင်လို့ ခုန်ချခဲ့တာ။ ပြီးတော့ အမေက ဒီတိုင်း တိတ်တိတ်ဆိတ်ဆိတ်လေး ထွက်သွားချင်ခဲ့တာလေ။ တစ်သက်လုံး နောက်ကနေ လိုက်ခံနေရတာမျိုးတွေလည်း မဖြစ်ချင်ခဲ့ဘူး။ အင်း ဒါပေမဲ့ ခုန်ချခဲ့တဲ့ အဓိကအကြောင်းအရင်းကတော့ သမီးအဖေပေါ် လက်စားချေချင်လို့ပဲ။”

ထိုနောက်ဆုံးစာကြောင်းကို ပြောတဲ့အချိန်မှာ သူမသွားတွေ ကြိတ်မိလုနီးပါး ဖြစ်နေပေသည်။

လုလျန့်ဝေရဲ့ နှုတ်ခမ်းများဟာ တစ်ချက်တုန်လှုပ်သွားရသည်။ သူ့အမေဟာလည်း တစ်ခါတစ်လေဆို တော်တော်ကို ခေါင်းမာနိုင်တာပဲ။

“အမေ၊ အမေအဲ့လိုလုပ်ခဲ့တာက အမေသေသွားခဲ့ရင် အဖေ ရင်ကွဲနာကျမှာမှန်းသိလို့ လုပ်ခဲ့တာ မဟုတ်ဘူးလား။”

လင်းလီဟွား က ကသိကအောက်ပင် တခြားတစ်ဖက်ကို လှည့်ထွက်သွားပြီး အေးတိအေးစက် ပြန်ခံပြောလိုက်သည်။

“ဘာ ရင်ကွဲနာကျမှာတုန်း။ တခြားမိန်းမတစ်ယောက်ကို လွယ်လွယ်လေး ခေါ်တင်ထားတာပဲ မဟုတ်ဘူးလား။”

“သမီးသိသလောက်တော့ အဲ့နေ့ ကျောက်ကမ်းပါးပေါ်က အမေခုန်ချသွားတာကို မြင်ပြီး အဖေက စိတ်နဲ့ လူနဲ့ လုံးလုံး မကပ်တော့သလိုပဲတဲ့။ အဖွားကြောင့်သာ မဟုတ်ရင် အမေလည်း ခုချိန် အဖေ့ကို နောက်ထပ်တွေ့ရဖို့ဆိုတာ ဖြစ်နိုင်ခဲ့မှာ မဟုတ်ဘူး။”

ဒီအကြောင်းတွေကြားပြီး လင်းလီဟွား လည်း အနည်းငယ် ဆွံ့အသွားခဲ့သည်။

သူမ အမေတုန်လှုပ်သွားသည်ကို သတိထားမိသောအခါ လုလျန့်ဝေသည် ဆက်လက်ထုတ်ပြောမိလေသည်။

“အ‌ဖေက အမေ့ကို ဒီလောက်ချစ်တာ သူဖောက်ပြန်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ သမီးကတော့ လုံးဝ မယုံနိုင်ဘူး။ ဒီဟာ သမီးတို့ မသိတဲ့ အကြောင်းရင်းတစ်ခုခု ရှိကိုရှိရမယ်။”

“ဝေဝေ သမီးက ရိုးသားလှတယ်။ ဖခင်တစ်ယောက်အနေနဲ့တော့ သူဟာ တာဝန်ကျေပါတယ်။ ဒါပေမဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့တော့ သူ စာမေးပွဲကျတယ်။ အဲ့ လွန်ခဲ့တဲ့နှစ်တွေတုန်းက အမေ့ကိုလုပ်ကြံဖို့လာခဲ့တဲ့သူတွေက အမေ့ကို ဘာပြောခဲ့လဲ သိလား။”

လုလျန့်ဝေက စိုးရိမ်စွာဖြင့် မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။

“အဲ့လွန်ခဲ့တဲ့နှစ်တွေတုန်းက သမီးအဖေကြောင့် အမေက မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ရတာမို့ သူ့အပေါ် အမုန်းကြီးလည်း မုန်းနေခဲ့တယ်။ အမေလည်း ဒေါသတွေ အရမ်းထွက်နေခဲ့ပြီး ယုတ္တိကျကျ မစဉ်းစားမတွေးခေါ်နိုင်ခဲ့ဘူး။ အဲ့တော့လည်း သူတို့က အဲ့လိုစကားတွေပြောလာတော့ ယုံမိသွားခဲ့တယ်။ ဒါပေမဲ့ သမီးအဖေ ကျောက်ကမ်းပါးထိပ်ပေါ်မှာ အမေ့ဆီ ပြေးလာတာမြင်ပြီးတော့ နည်းနည်း စိတ်လျှော့သွားရတာ။ သမီးအဖေက အဲ့လို ညစ်ပတ်တဲ့ လုပ်ရပ်တွေလုပ်မယ့်သူမဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ သူ အမေ့ကို သစ္စာဖောက်ခဲ့တာတော့ မပြောင်းလဲသွားဘူး။ အဲ့ဒါကြောင့် သူ ခင်ပွန်းတစ်ယောက်အနေနဲ့ စာမေးပွဲကျတယ်လို့ ပြောတာ။ ဝေဝေ သမီးက ငယ်သေးတယ်။ အပေါ်ပန်း မြင်ရုံလောက်နဲ့ပဲ ကိစ္စတွေကို ကောက်ချက်မချသင့်ဘူး။”

“အမေ ပြောတာမှန်ပါတယ်။ တခြားသူတွေရဲ့ အတွင်းစိတ်ကို သေချာမဖတ်နိုင်ပေမယ့် အဖေနဲ့ ပတ်သက်လာရင်တော့ အဖေက အမေ့ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးလို့ သမီး ယုံတယ်။ အဖေက တကယ့်လူကောင်းတစ်ယောက်ပါ။ အမေ့ပေါ်ဘယ်လိုလုပ် ဖောက်ပြန်နိုင်မှာလဲ။”

“အင်းပေါ့ သမီးကတော့ သူ့ကို တကယ့်လူဖြူစင်ကြီးလို့ထင်မှာပေါ့။ သူက သမီးကို ဒီလောက်ချစ်တာကိုး။ ကဲ ဒီလောက်ဆို တော်ပြီ။ အမေ့ရှေ့မှာ သူ့အတွက် တစ်ချိန်လုံး အပြစ်ဖုံးပြောပေးနေစရာမလိုဘူး။ သူ လူကောင်းဟုတ်မဟုတ် အမေ ကောင်းကောင်းသိပါတယ်။”

လုလျန့်ဝေသည် ဤအကြောင်းနဲ့ ပတ်သက်ပြီး အနည်းငယ် ညှိုးနွမ်းသလို ခံစားမိသည်။ သူမက လင်းလီဟွား ရဲ့လက်ကို လှုပ်ခါလိုက်သည်။

“အမေရယ် အဖေက သမီးကို ဒီလောက်ဖူးဖူးမှုတ်ချစ်တယ်ဆိုတာက သမီးက အမေနဲ့တူလို့၊ အမေ့သမီးမို့လို့ ဆိုတာ အမေဘာလို့ မမြင်တာလဲ။ သမီးသာ တခြားတစ်ယောက်ယောက်ရဲ့ကလေးသာဆို သမီး သေသေရှင်ရှင် သူ ဂရုကိုစိုက်မှာ မဟုတ်ဘူး။ သမီးကို အဖေ ဒီလို နှစ်နှစ်ကာကာချစ်ပေးတာ အမေ့ကြောင့်မို့လို့ပဲလေ။”

Chapter 595 - ဒီလို ချွဲချွဲနွဲ့နွဲ့ပြောတတ်တာ မင်းကြီးကော သိရဲ့လား

လင်းလီဟွား က စိတ်အနည်းငယ်တိုသွားပေမဲ့လည်း ရီချင်စရာဟုလည်း တစ်ချက်တွေးမိသည်။ သူမက စနောက်သလိုဖြင့်

“သမီး ဒီလို ချွဲချွဲနွဲ့နွဲ့ပြောတတ်တာ မင်းကြီးကော သိရဲ့လား”

လုလျန့်ဝေသည် မင်းကြီးအကြောင်း ရုတ်တရက်ပြောမည်ဟု မထင်မှတ်ထားသဖြင့် သူ့မျက်နှာမှာ အနီရောင်သန်းသွားလေသည်။ ချွဲချွဲနွဲ့နွဲ့ဆက်ပြောဖို့ရာအတွက် သူမမှာ ရှက်သွားသည့်အတွက် ကျော့တောင့်ရင်မတ်ကာပင် တခြားအကြောင်းပြောင်းပြောလေတော့သည်။

“အမျိုးသမီးကျန်းက ဒီလိုကြီးသေသွားတော့ သူ့အလောင်းကို အမေဘယ်လိုလုပ်မယ်လို့ စိတ်ကူးထားလဲ။”

လင်းလီဟွား ရဲ့ မျက်နှာရိပ်က မှောင်ကျသွားပြီး

“ဒီတိုင်း လူမသိတဲ့ သချိုင်းတစ်ခုမှာ သွားမြုပ်ဖို့ ခိုင်းလိုက်မယ်။”

ဤသည်မှာ ဘာမှ ကန့်ကွက်စရာမရှိဟု လုလျန့်ဝေတွေးမိသည်။

အမျိုးသမီးကျန်းသည် တခြားတစ်ယောက်ယောက်၏ စေခိုင်းချက်အရလုပ်ခဲ့ရသည်ဖြစ်စေဦးတော့၊ လုလျန့်ဝေ၏အမေသည် အမျိုးသမီးကျန်းအပေါ် မေတ္တာစေတနာဖြင့်သာ ဆက်ဆံခဲ့သည်။ သို့ရာတွင် သူမသည် ကျေးဇူးရှင်၏လက်ကို ပြန်လှန်ကိုက်သည့် ခွေးကဲ့သို့ လုလျန့်ဝေ၏ အဖေကို မြူဆွယ်ခဲ့ပေသည်။ ဤအရာသည်သာ ပြောင်းလဲမှုမရှိသည့် အမှန်တရားဖြစ်သည်။

ထို့အပြင် အမျိုးသမီးကျန်းသည် လုလျန့်ဝေ၏ မိဘများ နှစ်ရှည်လများကြာအောင် တစ်ကွဲတစ်ပြားဖြစ်သွားအောင် ပြုလုပ်ခဲ့သူဖြစ်သည်။ အမျိုးသမီးကျန်း၏ အဆုံးသတ်သည် ထိုမျှနှင့်သာ ထိုက်တန်သည်။

လုလျန့်ဝေသည် သူမအတွက် စာနာမှုတစ်စမျှ မခံစားရချေ။လုလျန့်ဝေအမေရဲ့ မုန်းတီးမှုများ ပပျောက်သွားနိုင်မည်ဆိုလျှင် သူ့အမေ ဘာပဲလုပ်လုပ် အမှန်သာဖြစ်သည်။

သို့ရာတွင်လည်း လင်းလီဟွားမှာ နောက်ဆုံးတော့ စိတ်ပြောင်းသွားခဲ့သည်။

“ထားလိုက်ပါလေ။ သမီး အဖေနဲ့ အဖွားဆီ ဆက်သွယ်ဖို့ လူတစ်ယောက်ယောက်လွှတ်လိုက်မယ်။ အမျိုးသမီးကျန်းရဲ့ အသုဘကို ဘယ်လိုလုပ်မလဲ သူတို့ကိုပဲ ဆုံးဖြတ်ခိုင်းတော့မယ်။”

ဤအချက်သည် လင်းလီဟွား အတွက် အလွန်စိတ်သက်သာရာ ရစေသည်။ သူမက လုလျန့်ဝေရဲ့ ခေါင်းကို ပွတ်သပ်ရင်း

“ဒီတစ်ခေါက် သမီး အပြင်ထွက်လာတာ မင်းကြီးက လိုက်မလာဘူးလား”

“သူ လိုက်လာပါတယ်။ တိမ်ဖြူဘုရားကျောင်းထိကို သူက သမီးနဲ့ လိုက်လာပေးတယ်။ ဒါပေမဲ့ အပြန်လမ်းမှာတော့ သူ့ကို နန်းတော်ကို ပြန်ခိုင်းလိုက်တာ”

လုလျန့်ဝေက ရှင်းပြလိုက်သည်။ လုံယန်သည် သူမနောက် ပိုကြာကြာလိုက်ခဲ့ချင်‌ပေမယ့်လည်း သူမက စောစောပြန်ခိုင်းလိုက်ခြင်းပေ။

သူမ ထိုသို့ပြောပြီးနောက် မင်းကြီးက လိုက်လိုက်လျောလျော ပြန်သွားပုံကို ကြည့်ပြီးလည်း တစ်ချက်အံ့ဩမိသည်။

ထိုအကြောင်းကို တွေးမိပြီးနောက် လုလျန့်ဝေသည် မပြုံးဘဲ မနေနိုင်ခဲ့ပေ။

သူမအပြုံးကို မြင်တော့ လင်းလီဟွား စလိုက်လေသည်။

“သမီးက ဒီတိုင်းပြောလိုက်တာနဲ့ မင်းကြီးက ပြန်သွားသတဲ့လား။ ဒါမှမဟုတ် အမေ့ရဲ့ သားမက်ကလေး ဒီလို လိုက်လိုက်လျောလျော ပြန်သွားအောင် သမီးရဲ့ အကွက်လေးတွေနဲ့ စွမ်းဆောင်လိုက်တာလား။”

သူမ အမေသည် အသက် သုံးဆယ့်ခုနှစ်နှစ်သာရှိသေးပြီး မင်းကြီးထက် ခုနှစ်နှစ်သာ ပိုကြီးတာ ဖြစ်သည်။

လုလျန့်ဝေသည် သူမအမေ မင်းကြီးကို သားမက်ကလေးဟု သဘာဝကျကျခေါ်နေပုံကိုကြည့်၍ ကသိကအောက် မဖြစ်ဘဲ မနေနိုင်ခဲ့ပေ။

“မင်းကြီးက သမီးနား ကော်လိုကပ်မနေတာ တော်တော်ကို မြင်ရခဲတဲ့အရာပဲ။ ဒီမှာ တစ်ညနေပါလား။ အတူတူအိပ်ရအောင်လေ။”

သူ့သားမက်က ဝေဝေပြန်သွားရင်တောင် အနားထိကပ်နေမှာ မဟုတ်ဘဲ။ သူပြန်ပြန် မပြန်ပြန် ကိစ္စမရှိလောက်ပါဘူး။

သူမသည်လည်း သူမ အမေနှင့်အတူ အိပ်ချင်ခဲ့သည်။ လုံယန်ကို ပေးခဲ့သော ကတိကား ဦးနှောက်ထဲ မရှိတော့ပုံပင်။

သိပ်မကြာခင်မှာပဲ မြို့စားကြီးမိသားစုအိမ်မှ အမျိုးသမီးကျန်းရဲ့အလောင်းကို လာယူရန် လူများရောက်လာခဲ့ကြသည်။

သို့ရာတွင် မြို့စားကတော်ဟောင်းသည် အမျိုးသမီးကျန်းရဲ့အလောင်းကို မြို့စားအိမ်သို့ ပြန်သယ်ခွင့်မပြုခဲ့။ အမျိုးသမီးကျန်းအတွက် အခေါင်းတစ်ခုသာ ဝယ်စေခဲ့ပြီး ၎င်းကို ဆင်ခြေဖုံးတစ်နေရာရာသို့သာ ပို့ဆောင်စေခဲ့သည်။ အမျိုးသမီးကျန်းကို မြုပ်ရန် ဖုန်းရွှေ ကောင်းသော နေရာတစ်ခုကို ရွေးချယ်ခိုင်းစေခဲ့ရင်းနှင့်ပင် ဤအကြောင်း လုယွင်ရွှမ်းကို အသိပေးရန် တစ်ယောက်ယောက်ကိုလည်း စေလွှတ်ခဲ့သည်။

လုယွင်ရွှမ်းသည် ထိုအကြောင်းကို ကြားသောအခါ ဆင်ခြေဖုံးရပ်ကွက်သို့ အလျင်အမြန်သွားခဲ့သည်။

လုယွင်ရွှမ်း အမျိုးသမီးကျန်းကို နောက်ဆုံးတစ်ခေါက် မတွေ့ရသေးသည့်အလျောက် အစေခံတို့သည်လည်း အခေါင်းကို သံမရိုက်ရသေးပေ။

လုယွင်ရွှမ်းက အမျိုးသမီးကျန်းကို တွေ့ပြီးသည့်နောက်မှသာ အခေါင်းကို ပိတ်ဆို့ခဲ့သည်။

လုယွင်ရွှမ်းသည် နက်မှောင်နေသော မျက်နှာဖြင့် သူမ အမေ၏အခေါင်းရှေ့တွင် ရပ်နေခဲ့သည်။

မြို့စားအိမ်မှ သတင်းလွှာပါးသူ ရောက်လာချိန်တွင်ကား အမျိုးသမီးကျန်းသည် တိမ်ဖြူဘုရားကျောင်း ၌ နေထိုင်စဉ်အတွင်း ရုတ်တရက် ဆုံးပါးသွားသည်၊ ထို့ကြောင့် အိမ်ရှေ့စံမင်းသမီးသည် အမျိုးသမီးကျန်း၏ အသုဘကို လာရောက်ကြည့်ရှုသင့်ပေသည်ဟု ပြောခဲ့ခြင်းပေ။

သို့ရာတွင် လုယွင်ရွှမ်းသည် အမျိုးသမီးကျန်း၏ အလောင်းကို မြင်ပြီးရာတွင် ခန္ဓာအလောင်းမှာ သေချာစွာ သန့်ရှင်းထားပြီးသား ဖြစ်ပေမယ့်လည်း သူမ၏ ဖြူဖက်ဟောက်ပက်နေသော မျက်နှာကို ကြည့်ချင်းအားဖြင့် သူမသည် အချိန်တော်ကြာ ချို့တဲ့ချုံချာနေခဲ့မှန်း သိသာလှသည်။

အမျိုးသမီးကျန်း၏နောက်ခံသည် မည်မျှပင် နိမ့်ကျလှသည်ဖြစ်စေကာမူ မြို့စားမိသားစု၏ မယားငယ်ရာထူးရှိသူဖြစ်ပြီး အိမ်ရှေ့စံမင်းသမီး၏ မွေးမိခင်ဖြစ်သည်။ မည်သူက သူမကို ဤမျှ ဆိုးဆိုးဝါးဝါးဆက်ဆံရဲမည်နည်း။

All Chapters