လက်စားချေတတ်တဲ့သူ
Vol. 100 Ch. 1393
အခန်း (၁၃၉၃) လက်စားချေတတ်တဲ့သူ
“ရှင့်ကိုဆိတ်လိုက်တာ ငန်းဟုတ်လို့လား ၊ ဇာမဏီငှက် မဟုတ်ဘူးလား”
လင်ချင်းက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့် ပြောလိုက်သည်။
ကောင်းဟန်က မျက်နှာကို လက်ဖြင့်အုပ်ထားလျှက်ပင် သက်ပြင်းချရင်း...
“သူ့မျိုးရိုးက ‘ရန်’ ဖြစ်နေတာပဲလေ ၊ အတူတူပဲပေါ့”
(ရန် = ဆိုသည်မှာ ငန်းဆိုသည့်အဓိပ္ပါယ် သံတူကြောင်းကွဲ ဖြစ်ပါသည် __ ဘာသာပြန်သူ)
လင်ချင်းက မျက်ခုံးများကိုတွန့်ချိုးရင်း သူ့ကို စိုက်ကြည့်လိုက်သည်။
“ရှင့်မှာ တခြားနည်းလမ်း မရှိတော့ဘူးလား ၊ ကျွန်မတို့ အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာ ၊ အကုန်ပြန်လုပ်ဖို့ဆိုတာမပြောနဲ့ ၊ ကျွန်မတို့အစီအစဉ်တွေကို ယာယီရွှေ့ဆိုင်းထားရင်တောင် တစ်ရက်ပြီးတစ်ရက် ကျွန်မတို့ရဲ့ ရင်းမြစ်တွေ သိသိသာသာ ထိခိုက်စေမှာပဲ ၊ ရတနာတွေနဲ့ ပစ္စည်းတွေကို ထပ်မံစုဆောင်းဖို့ဆိုတာ အရမ်းခက်ခဲတယ်”
ကောင်းဟန်က မျက်နှာကိုအုပ်ထားသောလက်ကို ဖယ်လိုက်ပြီး ခပ်ဖြည်းဖြည်းလေသံဖြင့်...
“တခြားနည်းလမ်းတွေ ရှိပါသေးတယ်”
သူက ဆက်ပြောလိုက်သည်။
“အဲဒီအတွက် အစားထိုးနည်းလမ်းတချို့ရှိသေးတယ် ၊ ဒါပေမဲ့ အချိန်တော့လိုတယ်”
လင်ချင်းက ခေါင်းခါလိုက်သည်။
“ဒါဖြင့်လည်း အဲဒီလိုစိတ်ဓာတ်ကျတဲ့ရုပ်မျိုး လုပ်မနေနဲ့လေ”
ကောင်းဟန်က ပြုံးပြီး ခေါင်းခါလိုက်သည်။
“ဒါကိုတော့ ဝန်ခံရမှာပေါ့ ၊ အခု ကမ္ဘာကြီးက လူငယ်တွေရဲ့လွှမ်းမိုးမှုအောက်မှာ ရှိနေပြီ ၊ ငါတောင် လူငယ်ကောင်းကင်ဘုံအရှင်ရဲ့ လက်ထဲမှာ နှစ်ကြိမ်တိုင်တိုင် နစ်နာခဲ့ရပြီ ၊ ပထမတစ်ကြိမ်က တာအိုစကြာဝဠာရဲ့ အထက်ဘုံကမ္ဘာအပြင်ဘက်မှာ ၊ ဒုတိယတစ်ကြိမ်ကတော့ ဒီနေရာမှာပဲ”
လင်ချင်းက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့်...
“ရှင်သာ လီရှင်းပါ့နဲ့ သွေးနီမြူခိုးတာအိုဆရာရှေ့မှာ ‘လူငယ်ကောင်းကင်ဘုံအရှင်’ ဆိုတဲ့ အမည်ကို ရှင်းရှင်းလင်းလင်း သွားမပြောခဲ့ရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမှာမဟုတ်ဘူး ၊ အစိမ်းရောင်မှန်ကူမီးအိမ်ကိုလည်း ဆုံးရှုံးရမှာမဟုတ်ဘူး”
သူမက ဆက်ပြောလိုက်သည်။
“သူက အဲဒါတွေအတွက် ရှင့်ကို လက်စားချေခဲ့တာလေ”
ကောင်းဟန်က ခေါင်းညိတ်လိုက်သည်။
“ငါက လူငယ်ကောင်းကင်ဘုံအရှင်ကို ပိုပြီး အနီးကပ်စောင့်ကြည့်လေ့လာချင်ခဲ့တာလေ ၊ ဒီအတွက် တစ်စုံတစ်ခု ပြန်ပေးဆပ်ရတာ ပုံမှန်ပါပဲ”
လင်ချင်းက သူ့ကိုလှမ်းကြည့်ရင်း...
“ဒါဖြင့် ရလဒ်က ဘယ်လိုလဲ”
ကောင်းဟန်က ပြုံးလျက်...
“ငါမျှော်လင့်ထားတာထက် အများကြီးပိုကောင်းတယ် ၊ ဒါပေမဲ့ သူက ငါထင်ထားတာထက်လည်း အများကြီးပိုပြီး ခေါင်းမာတယ်”
သူက ဆက်ပြောလိုက်သည်။
“သူက တခြားသူတွေအပေါ် အခွင့်ကောင်းယူတတ်တဲ့သူတစ်ယောက်ပဲ ၊ ဒါပေမဲ့ သူ့ကို သူများတွေ အခွင့်ကောင်းယူ အမြတ်ထုတ်မှာကိုတော့ လုံးဝခွင့်မပြုဘူး ၊ သူ့ကို သူများတွေက အမြတ်ထုတ်တယ်လို့ ခံစားရလို့ကတော့ လက်စားချေဖို့နည်းလမ်းရှာတော့တာပဲ ၊ ချက်ချင်း လက်စားမချေနိုင်ရင်တောင် နောက်ပိုင်း တခြားနေရာတွေမှာ မရရအောင် လက်စားလိုက်ချေတယ်”
“သူက ဘယ်တော့မှ အရှက်ခွဲမှုကို လက်မခံဘူး ၊ ဘယ်လောက်သေးငယ်တဲ့ကိစ္စဖြစ်နေပါစေ အကုန်လက်စားချေတယ် ၊ သူ့ပြိုင်ဘက်က သူ့ထက် ပိုသန်မာပုံရရင်တောင် သူက ရှောင်ပြေးတာမျိုး ရှားရှားပါးပါးပဲ ၊ ရှောင်မပြေးဘဲ လက်စားချေတယ် ၊ သူက အချိန်အများစုမှာ စိတ်အေးအေးထားနိုင်ပေမယ့် တစ်ခါတစ်ရံ အလျင်စလိုလုပ်တတ်တယ်...”
လင်ချင်းက ဘက်မလိုက်သည့်အမူအရာဖြင့် မှတ်ချက်ပေးလိုက်သည်။
“သူများအပေါ် အခွင့်ကောင်းယူပြီး အမြတ်ထုတ်တာက လွယ်တယ်လေ ၊ ဒါပေမဲ့ သူ့အလှည့်ကျရင်လည်း တစ်ကြိမ်မှားယွင်းတာနဲ့ အချီကြီးခံစားရလိမ့်မယ်”
ကောင်းဟန်က ပြုံးလိုက်သည်။
“ဒီလူက တခါတလေ အလျင်စလိုလုပ်ပေမယ့် သူက ချက်ချင်းပြန်တည်ငြိမ်သွားတတ်တယ် ၊ ပြီးရင် ပြဿနာတွေကိုဖြေရှင်းဖို့ နည်းလမ်းစဉ်းစားတယ် ၊ ဒါကြောင့် သူဖြစ်စေခဲ့တဲ့ပြဿနာ ဘယ်လောက်ကြီးပါစေ သူရော သူ့ဂိုဏ်းရောက အကျိုးအမြတ်တွေကို အမြဲတမ်း ထိန်းသိမ်းထားနိုင်ခဲ့တယ်”
သူက ဆက်ပြောလိုက်သည်။
“သူများကို စပြီးဒုက္ခပေးတယ် ၊ ပြီးတော့ ဖြစ်လာတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်စွမ်းရှိတယ် ၊ ဒါကိုက အရည်အချင်းတစ်ခုလို့ ယူဆသင့်တယ် မဟုတ်လား”
လင်ချင်းက...
“ဟုတ်ပါတယ်လေ .... အချိန်မရွေး ဒုက္ခပေးနိုင်တဲ့သူကို သိပ်သတိထားစရာမလိုဘူး ၊ ဒါပေမဲ့ ဒုက္ခပေးပြီးတဲ့တိုင် နောက်ပိုင်းဖြစ်လာမယ့်ပြဿနာကို ဖြေရှင်းနိုင်တဲ့သူက ပိုပြီးကြောက်စရာကောင်းတယ်”
ကောင်းဟန်က...
“ဘယ်တော့မှ ပြဿနာမရှာဘဲ စည်းကမ်းအတိုင်း အမြဲလိုက်နာနေတဲ့သူနဲ့ယှဉ်ရင် ရန်ကျောက်ကဲလိုလူမျိုးက အများကြီးပိုသာပါတယ်...”
ထိုသို့သောသူများက အန္တရာယ်နှင့် အခွင့်အလမ်း အမြဲတစ်ပြိုင်နက် တည်ရှိနေတတ်သည်။
လူတစ်ယောက်သည် အဆုံးမရှိသော အန္တရယ်များကိုရင်ဆိုင်ရပြီး အန္တရယ်ကြားထဲမှ အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ခြင်းမရှိပါက သူတစ်ပါး မထီမဲ့မြင်ပြုခံရမည်မှာ သဘာဝပင်။
အန္တရယ်ကိုရင်ဆိုင်ခြင်းမရှိဘဲ မည်မျှလုံခြုံစွာနေထိုင်နိုင်ပါစေ ထိုသူများအတွက် အခွင့်အလမ်း ဆုံးရှုံးရမည်သာ ဖြစ်၏။
အန္တရယ်ထဲသို့ မိမိကိုယ်တိုင်ပါဝင်ပတ်သက်ပြီး ဆိုးရွားသောအကျိုးဆက်များကိုရှောင်ရှားကာ အန္တရယ်ထဲမှ အခွင့်အလမ်းကိုဆုပ်ကိုင်နိုင်သူက အကောင်းဆုံးဖြစ်သည်။
ထိုသို့ တစ်ကြိမ်နှစ်ကြိမ်ခန့်လုပ်ဆောင်နိုင်ခြင်းကို ကံကောင်းခြင်းဟု ယူဆနိုင်သည်။
သို့သော် ထိုသို့သောအခြေအနေမျိုး ထပ်ခါတလဲလဲ ပြုလုပ်နိုင်ပါက ကံကောင်းခြင်းတစ်ခုတည်းဟု ပြောဆိုရန် မလုံလောက်တော့ပေ။
လင်ချင်းက တည်ငြိမ်သည့်မျက်နှာထားဖြင့်...
“ဘာလဲ... ရှင်က ကိုယ့်ကိုယ်ကိုယ်ရည်ညွှန်းနေတာလား”
ကောင်းဟန်က ပြုံးလိုက်ရင်း...
“မသိဘူးလေ...”
ထိုအချိန် အဝေးတစ်နေရာရှိ အဆုံးမရှိသော အနက်ရောင်ဗလာနယ်ထဲမှ စွမ်းအားလှိုင်းလုံးတစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။
ထို့နောက် လူတစ်ယောက်၏ပုံရိပ် ပေါ်ထွက်လာသည်။
ထိုသူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသားအရေက ဖြူဖျော့ကာ မျက်နှာထက် ပျင်းရိပျင်းတွဲအမူအရာ အပြည့်ရှိနေသည်။
သူသည် ကောင်းကင်သခင်လေး ‘ချန်ချန်းဟွာ’ ပင် ဖြစ်၏။
သူ့ကိုတွေ့တော့ ကောင်းဟန်က ပြုံးလိုက်ရင်း...
“ဒီကိုခေါ်လိုက်ရလို့ စိတ်အနှောက်အယှက်ဖြစ်သွားလားမသိဘူး”
ချန်ချန်းဟွာက ပျင်းရိစွာဖြင့်...
“အနှောင့်အယှက်ဖြစ်စရာမရှိပါဘူး ၊ ငါက မင်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေကို အမြဲတမ်း စိတ်တင်စားတယ် ၊ ဒီကိုလာတာ ငါ့ရဲ့ပျော်ရွှင်မှုကို ဖြည့်ဆည်းဖို့ပဲ ၊ ဒါပေမဲ့ မကြာခင်ကတော့ တခြားကိစ္စတွေနဲ့အလုပ်များနေလို့ မင်းတို့နဲ့အတူလိုက်ဖို့ အချိန်မရှိခဲ့တာ ၊ ပြောပါဦး... ဘာလို့ ငါ့ကို ဆက်သွယ်ရတာလဲ”
ကောင်းဟန်က ပြုံလိုက်ရင်း...
“မင်းက ရန်ကျောက်ကဲနဲ့ အဂ္ဂိရတ်ခန်းမ ရှာဖွေဖို့ အလုပ်များနေတာမလား...”
ချန်ချန်းဟွာက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့်...
“ဟုတ်လည်းဟုတ်တယ်၊ ဟုတ်လည်းမဟုတ်ဘူး”
သူက ဆက်ပြောလိုက်သည်။
“မကြာခင်က ငါ သိုင်းကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အလုပ်များနေတာ ၊ ငါသင်ယူထားတဲ့ပညာရပ်အားလုံးကို တစ်ခုတည်းအဖြစ်ပေါင်းစည်းပြီး သမ္မာတရားကပ်ဘေးကို စိန်ခေါ်ဖို့ ကြိုးစားနေတာ”
ကောင်းဟန်က...
“နောက်ဆုံးတော့ မင်းရဲ့ရည်မှန်းချက်က သူ့ကိုရှာဖွေဖို့ပဲ မဟုတ်လား ၊ ကျင့်ကြံခြင်းအဆင့်မြင့်မားလာရင် သူ့ကိုရှာဖို့ ပိုလွယ်မှာပေါ့”
ချန်ချန်းဟွာက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်”
ကောင်းဟန်က...
“ဒါပေမယ့် ရိုးရိုးသားသား ပြောရရင်...”
ခဏနားပြီးမှ ကောင်းဟန်က ဆက်ပြောလိုက်သည်။
“ငါ စောစောကပဲ ရန်ကျောက်ကဲနဲ့ ဆုံခဲ့တယ် ၊ သူက အခု နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီးနေပြီ ၊ သူ့ရဲ့တန်ခိုးစွမ်းအားအရဆိုရင် တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာ သူနဲ့ယှဉ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူးလို့ ငါထင်တယ် ၊ မင်း သမ္မာတရားကပ်ဘေးကို ဖြတ်ကျော်ပြီး အမတချီစွမ်းအားကို အမတချီစွမ်းအားရောင်ဝါအဖြစ် ပေါင်းစည်းနိုင်ခဲ့ရင်တောင် သူ့ကိုအနိုင်ယူဖို့ ခက်ခဲလိမ့်မယ်”
ချန်ချန်းဟွာက အရေးမစိုက်သည့်မျက်နှာထားဖြင့်...
“သိပါတယ်... ငါ နတ်ဘုရားတံခါး တွန်းမဖွင့်ခင်က သူနဲ့တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးတယ်”
သူက ပြုံးပြီး ဆက်ပြောသည်။
“ငါက သူနဲ့ကစားဖို့ပဲ ရည်ရွယ်တာ ၊ သူနဲ့မတိုခိုက်ချင်ပါဘူး... ဟုတ်တယ်မလား ၊ သူနဲ့တိုက်ခိုက်တာက သူနဲ့ကစားတဲ့ နည်းလမ်းတစ်ခုပဲ ၊ တစ်ကြိမ်လုပ်ပြီးပြီဆိုတော့ ထပ်ပြီးတိုက်ခိုက်ဖို့ မလိုတော့ဘူးပေါ့”
“ကျွန်ုပ်က သူနဲ့ ကစားလိုရုံပဲ ရည်ရွယ်တာ။ သူနဲ့ တိုက်ခိုက်ဖို့ မလိုအပ်ပါဘူး၊ မဟုတ်လား။ သူနဲ့တိုက်ခိုက်တာက သူနဲ့ကစားတဲ့ နည်းလမ်းတစ်ခုပဲ။ တစ်ကြိမ်လုပ်ပြီးပြီဆိုတော့၊ ထပ်မံတိုက်ခိုက်ဖို့ မလိုအပ်တော့ဘူး။”
“သမ္မာတရားကပ်ဘေးကို စိန်ခေါ်တာက ငါ့ရဲ့ ကျင့်စဉ်အဆင့်ကို မြှင့်တင်ဖို့ပဲလေ ၊ ဒါဆိုရင် ငါ သူနဲ့ အဂ္ဂိရတ်ခန်းမကို ရှာတွေ့နိုင်မယ် မဟုတ်လား”
ထိုစကားကြားတော့ လင်ချင်းက မျက်ခုံးများ တွန့်ချိုးလိုက်သည်။ ကောင်းဟန်ကတော့ မျက်နှာအမူအရာ ပြောင်းလဲသွားခြင်း မရှိပေ။
သူ၏နားလည်မှုအရ ချန်ချန်းဟွာက ရှားပါးသည့် သိုင်းပညာပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း သူက သိုင်းပညာကိုအသုံးပြုပြီး အခြားသူများကိုဖိနှိပ်အုပ်ချုပ်ရန် မဆုတ်မနစ် လုပ်ဆောင်မည့်သူ မဟုတ်ပေ။
အခြားသူများနှင့်တိုက်ခိုက်ခြင်းက သူ၏စိတ်ပျော်ရွှင်မှုအတွက် ဖျော်ဖြေခြင်းသာ ဖြစ်သည်။
ကောင်းဟန်က ရုတ်တရက် ပြုံးလိုက်ရင်း...
“ဒါဖြင် ရန်ကျောက်ကဲရှိတဲ့နေရာကိုညွှန်ပြနိုင်တဲ့ သဲလွန်စတစ်ခု ငါ့မှာရှိတယ်... ဘယ်လိုလဲ စိတ်ဝင်စားလား”
သူက ဆက်ပြောလိုက်သည်။
“မင်းက တိုက်ခိုက်ဖို့စီစဉ်မထားဘူးဆိုရင် အစစ်အမှန်နတ်ဘုရားပဲဖြစ်ဖြစ် နက်ရှိုင်းနတ်ဘုရားပဲဖြစ်ဖြစ် အရေးမကြီးပါဘူး ၊ သူ့ကို ပိုပြီးစောစောရှာတွေ့မယ်ဆိုရင် မကောင်းဘူးလား”
ချန်ချန်းဟွာက ခံစားချက်ကင်းမဲ့စွာဖြင့် လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်။
“ကောင်းတာပေါ့ ၊ ဒါပေမဲ့ ငါက သူ့ကို ကိုယ်တိုင်ရှာရတာကို ပိုသဘောကျတယ်”
သူ့အတွက် ရန်ကျောက်ကဲကိုရှာဖွေရခြင်းက စိတ်ပျော်ရွှင်ရန်အတွက် ဖျော်ဖြေမှုတစ်ခုသာပင်။
ကောင်းဟန်က ရယ်မောလိုက်ပြီး...
“ဒါဖြင့် ငါ့ကို ကိစ္စတစ်ခု ကူညီပေးမယ်ဆိုရင် ရန်ကျောက်ကဲနဲ့ပတ်သက်တဲ့ သဲလွန်စကို ပြောပြမယ်”
လင်ချင်းက မျက်ခုံးများတွန့်ချိုးထားခြင်းမရှိတော့ပေ။ သူမက ကောင်းဟန်နှင့် ချန်ချန်းဟွာကို စူးစိုက်ကြည့်လိုက်သည်။
ကောင်းဟန်၏ ညှိနှိုင်းသည့်နည်းလမ်းက ထူးခြားသည်မှာ အမှန်ပင်။
တစ်ဖက်လူက သူ့ထံမှသတင်းအချက်အလက်ကို ငြင်းပယ်နေသည့်တိုင် သူက ထိုသတင်းအချက်အလက်ကို အသုံးပြုပြီး တစ်ဖက်လူကို သူ့အတွက် တစ်ခုခုလုပ်ပေးရန် ညှိနှိုင်းဖို့ ကြိုးစားနေသည်။
ထို့ပြင် ကောင်းဟန်၏စကားကိုကြားတော့ ချန်ချန်းဟွာ စိတ်ဝင်စားသွားဟန်ရှိသည်။
“အိုး... ဟုတ်လား ၊ ဘာကူညီပေးရမှာလဲ”
ကောင်းဟန်က...
“ငါ့အတွက် ပစ္စည်းတစ်ခု ရှာပေးပါ ၊ စွန့်ပစ်ပစ္စည်းတ်စခုပေါ့”
ချန်ချန်းဟွာက ကောင်းဟန်ကို ခဏမျှစူးစိုက်ကြည့်ပြီးနောက်...
“အဟက်... ထင်မထားမိဘူး ၊ မင်းလည်း ပျော်စရာတော့ကောင်းသားပဲ”
ထို့နောက် သူက ခေါင်းညိတ်လိုက်ပြီး...
“ကောင်းပြီ၊ သဘောတူတယ် ၊ ဘာပစ္စည်းရှာပေးရမှာလဲ”
ကောင်းဟန်က လေထဲတွင် လက်ချောင်းများ ဖြည်းညင်းစွာလှုပ်ရှားလိုက်ရာ အလင်းတန်းများထွက်ပေါ်လာပြီး အစိမ်းရောင်မှန်ကူမီးအိမ်၏ပုံသဏ္ဌန် ဖန်ဆင်းပြလိုက်သည်။
အစိမ်းရောင်အလင်းတန်းများက ချန်ချန်းဟွာ၏မျက်ဝန်းများထဲတွင် ဝေဝါးစွာ တစ်ခုနှင့်တစ်ခု ယှက်နွယ်လာပြီး မကြာမီ အလင်းရောင်များ မှိန်ဖျော့သွားသည်။
ချန်ချန်းဟွာက ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်...
“ထိုက်ရွှီးနတ်ဘုရားအဆင့် ဗုဒ္ဓဘာသာ ရတနာပစ္စည်းတစ်ခုပဲ ၊ အဲဒါကိုရှာဖို့ အချိန်အတော်ကြာလိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“တစ်ခုခုထူးခြားရင် မင်းကို ဆက်သွယ်လိုက်မယ်”
ကောင်းဟန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“အဂ္ဂိရတ်ခန်းမ ဘယ်မှာရှိလဲ ၊ ဒါမှမဟုတ် ရန်ကျောက်ကဲ ဘယ်မှာရှိလဲဆိုတာ ငါလည်း သိပ်တော့မသေချာဘူး ၊ ဒါပေမဲ့ သူသွားနိုင်တဲ့ နေရာတစ်ခုရှိတယ် ၊ ဒါပေမဲ့ သူ ဘယ်အချိန်သွားမလဲဆိုတာ မသေချာဘူး ၊ အခုလောက်ဆို သူ အဲဒီကိုတောင် သွားနေလောက်ပြီ”
ကောင်းဟန်၏စကားထဲတွင် မသေချာမှုများပါဝင်သောလည်း သူ့အသံက ယုံကြည်မှုအပြည့် ရှိလေသည်။
“အခု သူက နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီးသွားပြီဆိုတော့ ယင်ထျန်းရှထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းကို အပြည့်အဝ သန့်စင်ပြီးသွားပြီလို့ထင်တယ် ၊ အဲဒီပစ္စည်းကနေတဆင့် သူ့အမေရဲ့ဆရာဘွားဘွား’ဟူယွဲ့ရှင်း’ နောက်ဆုံးရှိခဲ့တဲ့နေရာကို သိရှိထားနိုင်တယ် ၊ ကံကောင်းတာက အဲဒီနေရာနဲ့ပတ်သက်တဲ့ သဲလွန်စတချို့ ငါ့မှာရှိတယ်”
သူက ဆက်ပြောလိုက်သည်။
“ပြီးတော့... လောလောဆယ် မင်းလည်း အချိန်အားနေတာပဲမလား”