← Chapters

မူမမှန်စွာတိတ်ဆိတ်နေသူများ

Vol. 100 Ch. 1394

မူမမှန်စွာတိတ်ဆိတ်နေသူများ

Vol. 100 Ch. 1394

အခန်း (၁၃၉၄) မူမမှန်စွာတိတ်ဆိတ်နေသူများ

ကောင်းဟန်က ရယ်မောလိုက်ရင်း...

“မိတ်ဆွေလေးချန် ၊ မင်းမှာ ဘာအလုပ်မှလုပ်စရာမရှိရင် အဲဒီကိစ္စ စမ်းပြီးလုပ်ကြည့်လိုက်လေ”

ချန်ချန်းဟွာက ခံစားချက်ကင်းမဲ့ဟန်ဖြင့်...

“ငါ့အတွက် ဘာသဲလွန်စမှမလိုအပ်ဘူး ၊ အဲဒီကိစ္စ သိထားရုံနဲ့ လုံလောက်ပြီ”

သူက ဆက်ပြောလိုက်သည်။

“ထုန်းမင်ဧကရာဇ် – ဟူယွဲ့ရှင်းအကြောင်း ငါသိပါတယ် ၊ သူ့ရဲ့ သင်္ချိုင်းနေရာကို ရှာဖွေဖို့ မခက်ပါဘူး ၊ သူလည်း သူ့ဆရာလိုပဲ ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်နဲ့ ဆင်တူတဲ့နေရာမျိုးမှာ သေဆုံးသွားတာမျိုး ဖြစ်နိုင်တယ်”

ကောင်းဟန်က ပြုံးလိုက်ပြီး...

“ဟုတ်ပြီလေ ၊ အဲဒါဆိုရင်တော့ အကောင်းဆုံးပါပဲ ၊ ဒါပေမဲ့ ငါ့ရတနာပစ္စည်းရှာပေးဖို့ အရင်ဆုံးကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”

ချန်ချန်းဟွာက ရယ်မောလိုက်ရင်း...

“ငါလည်း အဲဒီလိုပဲ စဉ်းစားထားပါတယ်”

ကောင်းဟန်က ပတ်ဝန်းကျင်ဗလာနယ်ကို စူးစမ်းကြည့်ရှုလိုက်ပြီး...

“သြော်... ဒါနဲ့ ၊ အရင်တုန်းက ဒီနားတဝိုက်မှာ ရန်ကျောက်ကဲနဲ့ ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ရှိတယ် ၊ မင်း ရန်ကျောက်ကဲကိုရှာဖို့ စဉ်းစားနေရင် အနည်းဆုံးတော့ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးနဲ့ နက်ရှိုင်းနတ်ဘုရားတစ်ပါးဆီက အကူအညီရနိုင်တယ်”

ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ အင်းသင်္ကေတ (၂)ခု ချန်ချန်းဟွာထံသို့ လွင့်မျောလာသည်။

“သူတို့ကို ဒါတွေကတစ်ဆင့် ဆက်သွယ်လို့ရတယ်”

ချန်ချန်းဟွာက...

“ကောင်းပြီ... စဉ်းစားကြည့်မယ်လေ”

သူက ငြင်းဆန်ခြင်းမပြုသလို တခြားမေးခွန်းများလည်း မမေးဘဲ အင်းသင်္ကေတ (၂)ခုကို လက်ခံယူပြီး လှည့်ထွက်သွားသည်။

ချန်ချန်းဟွာ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း လင်ချင်းက မေးလိုက်သည်။

“ရှင်က သူ့ကို အစိမ်းရောင်မှန်ကူမီးအိမ်ရှာခိုင်းလိုက်တာ ရှင့်အကြောင်းကို သူ အတွင်းကျကျသိသွားအောင် နည်းလမ်းရှာပေးလိုက်သလို ဖြစ်မနေဘူးလား ၊ အခု သူက အဲဒါကို ပိုပြီးစိတ်ဝင်စားနေပြီ ၊ လူငယ်ကောင်းကင်ဘုံအရှင်နဲ့ပတ်သက်တဲ့သတင်းကိုတောင် သူက မတတ်သာလို့ လက်ခံလိုက်ရတဲ့ပုံပဲ”

ကောင်းဟန်က ရိုးရှင်းသည့်လေသံဖြင့်...

“အမှန်ပဲ”

သူက ဆက်ပြောလိုက်သည်။

“အစက သူက ငါ့ကို လုံးဝစိတ်မဝင်စားဘူး ၊ ဒါပေမဲ့ ခဲ့ထူက ငါ့ရဲ့ ကိုယ်ပွားဆိုတာ သိသွားပြီးတဲ့နောက် သူ့ရဲ့စိတ်ဝင်စားမှုက ရုတ်တရက် မြင့်တက်လာတော့တာပဲ”

ယခင်က သူတို့နှစ်ယောက် သိပ်အဆက်အသွယ် မရှိကြပေ။

ထို့ကြောင့် ချန်ချန်းဟွာက ကောင်းဟန်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ရှိကြောင်း ရံဖန်ရံခါ သတိရမိသော်လည်း မကြာခဏ လျစ်လျူရှုထားခဲ့သည်။

သို့သော် သူက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်နှင့် အကြိမ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့သူ ဖြစ်သည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ကောင်းဟန်၏ကိုယ်ပွားဖြစ်ကြောင်း သိရှိပြီးနောက် ချန်ချန်းဟွာခေါင်းထဲသို့ ကောင်းဟန် ဝင်ရောက်လာခဲ့သည်။

ချန်ချန်းဟွာက မူလကောင်းကင်ကျမ်းစာကို ပိုင်ဆိုင်ထားသော်လည်း သူနှင့်ကောင်းဟန်က ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကြီးမားသည်။

ထို့ပြင် ကောင်းဟန်တွင် ချန်ချန်းဟွာပင်မသိသော လျှို့ဝှက်သိုင်းပညာမျိုးစုံ ရှိနေသည်။

ကောင်းဟန် ပိုပြီးလျှို့ဝှက်ဆန်းကြယ်လေ ချန်ချန်းဟွာ ပိုမိုစိတ်ဝင်စားလေဖြစ်သည်။

လင်ချင်းက...

“ဒီအကြောင်းတွေကိုကြားတော့ သူ လုံးဝ ထင်ထားမှာမဟုတ်ဘူးလေ ၊ နာမည်ကြားတာထက် လူကိုယ်တိုင်တွေ့တာ ပိုကောင်းတယ်မဟုတ်လား ၊ ဒီတော့ သူက ရှင့်ကို စိတ်ဝင်စားလာတာပေါ့”

သူမက ဆက်ပြောသည်။

“တကယ်တမ်းကျ‌တော့ ရှင့်အတွက် သူနဲ့ဆက်ဆံရတာ တကယ်ခက်ခဲမှာပဲ”

ကောင်းဟန်က ပြုံးလိုက်ရင်း...

“မင်းက ငါ့ကိုချီးကျူးတာ ခပ်ရှားရှားရယ် ၊ ဒီကိစ္စကြောင့် မင်း ငါ့ကိုချီးကျူးမယ်လို့ ထင်မထားမိဘူး”

လင်ချင်းက မရေရာစွာဖြင့်...

“သူက မကြာခင် သမ္မာတရားကပ်ဘေးကို စိန်ခေါ်တော့မှာ မဟုတ်လား”

ကောင်းဟန်က ခေါင်းညိတ်ရင်း...

“ဟုတ်တယ် ၊ သူ့မှာ ယိုစိမ့်ခြင်းမရှိ အစစ်အမှန် နတ်ဘုရားအဆင့်ကနေ ရှေ့ဆက်ဖို့ လမ်းကြောင်းတစ်ခုပဲ ရှိတယ် ၊ အခု အဲဒီလမ်းကြောင်းကို ခင်းထားပြီးပြီ”

ကောင်းဟန်၏ကိုယ်ပွားဖြစ်သော လျှို့ဝှက်ခြင်းထပ်ယံအရှင်သခင်က ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာတွင် တိတ်တဆိတ်ပုန်းအောင်းနေခဲ့သည်။

သူက အမြဲတမ်းသီးသန့်နေထိုင်တတ်ပြီး ဘာမှလှုပ်ရှားဟန်မရှိသော်လည်း လုံးဝ အချိန်မဖြုန်းတီးခဲ့ပေ။

သူက နှစ်ပေါင်းများစွာ သီးသန့်နေထိုင်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းက အစီအစဉ်တစ်ခုရေးဆွဲဖော်ဆောင်ရန် လုံလောက်သောအချိန် ရရှိခဲ့သည်။

ခွန်လွန်တောင်အောက်ဘက်မှ ကျောက်စိမ်းကျိုင်းတံစည်းတံဆိပ်ကို စုံစမ်းစစ်ဆေးခြင်းအပြင် သူက ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာအတွင်းမှ ကိစ္စရပ်များအားလုံးနှင့် နေထိုင်သူပြည်သူများအကြောင်းကိုပင် စေ့စပ်စွာ လေ့လာခဲ့သည်။

ကောင်းဟန်က...

“ချန်ချန်းဟွာက ကျယ်ပြန့်ပြီး ပြည့်စုံတဲ့ ချဉ်းကပ်မှုမျိုးကို လက်ခံကျင့်သုံးတယ် ၊ သိုင်းပညာမျိုးစုံကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့စဉ်းစားတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ သူက သိုင်းပညာသင်ယူတဲ့အပေါ်မှာ အရမ်းပေါ့ပေါ့ပါးပါးပုံစံမျိုး သဘောထားပြီး သူလိုချင်တာကိုပဲ သင်ယူတယ် ၊ ဒီတော့ သူ့အနေနဲ့ သမ္မာတရားကပ်ဘေးကို စိန်ခေါ်ချင်ရင် သူသင်ယူထားတဲ့သိုင်းပညာရပ်တွေအားလုံးကို အရင်ဆုံး တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းရမယ်”

“သူ အရင်က ဒါကို အရေးမစိုက်ခဲ့ရင်တောင် အခုချိန်မှာတော့ အတင်းအကျပ် လုပ်ဆောင်ရလိမ့်မယ် ၊ သိုင်းပညာအားလုံးကို  တစ်ခုတည်း မပေါင်းစည်းဘူးဆိုရင်တောင် အနည်းဆုံးတော့ သိုင်းပညာရပ်တွေ တစ်ခုနဲ့တစ်ခု ဖြည့်စွမ်းပေးတဲ့အဆင့်ထိ ရောက်အောင်လုပ်ရမယ်”

ထို့နောက် ကောင်းဟန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး လင်ချင်းနှင့်အတူ နေရာမှ ထွက်ခွာသွားသည်။

ခရီးဆက်ရင်း သူက စကားဆက်ပြောသည်။

“ဒါပေမဲ့ သူ့ရဲ့ဒီလမ်းကြောင်းက ဖုယွင်ချီနဲ့ ချင်းယွမ်ဧကရာဇ်ရဲ့ အတားအဆီးတွေထက် အများကြီး ပိုပြီးလွယ်ကူတယ်”

ချန်ချန်းဟွာအနေဖြင့် အတားအဆီးများအားလုံးကို ကျော်ဖြတ်ပြီးသည်နှင့် ပြင်ဆင်မှုများပြီးဆုံးပြီဖြစ်ပြီး ဖုံးကွယ်ထားသည့်အန္တရယ်များကို ရင်ဆိုင်ရတော့မည် မဟုတ်ပေ။

ထို့နောက် သူ့အနေဖြင့် နောက်ဆုံး သိုင်းပညာစုစည်းမှုများကို ပြင်ဆင်ပြီး သမ္မာတရားကပ်ဘေးကို စိန်ခေါ်ရန် အသင့်ပြင်နိုင်သည်။

သို့သော် ဤအချက်ကြောင့် ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဟု အာမခံချက် မရှိပေ။

မည်သို့ပင်ဖြစ်စေ အတားအဆီးများကိုမဖယ်ရှားဘဲ အန္တရယ်ကိုစွန့်စားလုပ်ဆောင်မည်ဆိုပါက နောက်ဆုံး ကပ်ဘေးကြောင့် ပျက်ဆီးခြင်းဖြင့်သာ ရင်ဆိုင်ရပေမည်။

လင်ချင်းက...

“ဖုယွင်ချီဆိုလို့... သူက ထိုက်ယီလက်သီးသိုင်းကို ရပြီးပြီမဟုတ်လား ၊ ဒါဆို သူ့အတွက် အတားအဆီးတစ်ခုပဲ ကျန်တော့မှာပေါ့”

ကောင်းဟန်က နှာတစ်ချက်မှုတ်လိုက်ရင်း...

“ဟုတ်တယ်... အစက သူ့ရဲ့ နောက်ဆုံးအတားအဆီးက ထိုက်ယီလက်သီးသိုင်းတစ်ခုပဲရှိတာ ၊ အခုတော့ သူ့ရဲ့နောက်ဆုံးအတားအဆီးက ခံစားချက်မျိုးကွဲပညာရပ်နဲ့ ‘ကြီးမားသောမေ့ပျောက်ခြင်း’ တာအိုကျင့်စဉ်ကို ပြန်လည်ရယူဖို့ပဲ”

သူက ဆက်ပြောလိုက်သည်။

“ချင်းယွမ်ဧကရာဇ်ကတော့ နဂိုက နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို အသုံးပြုပြီး သူ့ရဲ့ နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်ဖို့ စီစဉ်ခဲ့တယ် ၊ အခုကြည့်ရတာတော့ သူလည်း တခြားနည်းလမ်းတွေကို စဉ်းစားရတော့မယ်ထင်တယ်”

ကောင်းဟန်၏မျက်နှာအမူအရာက အနည်းငယ်ထူးဆန်းနေသည်။

သူက ချင်းယွမ်ဧကရာဇ်ကို ကဲ့ရဲ့ပြောင်လှောင်နေဟန်မရှိသော်လည်း အခြားသူတစ်ဦး၏ကံဆိုးမှုကိုတော့ ရယ်မောနေဟန် ရှိသည်။

“လူငယ်ကောင်းကင်ဘုံအရှင်မှာရော အတားအဆီးဘယ်လောက်ရှိသလဲ”

လင်ချင်းက ရုတ်တရက် မေးလိုက်သည်။

ထိုမေးခွန်းကိုတော့ ကောင်းဟန်က ရိုးသားစွာပင် အဖြေပေးလိုက်သည်။

“အဲဒါတော့ ငါလည်း မသိဘူး”

သူက ဆက်ပြောလိုက်သည်။

“သူက သမိုင်းမှာ ပထမဆုံးအကြိမ် စန်းချင်း(၃)ပါးကျင့်စဉ်ကို ကျင့်ကြံပြီး နတ်ဘုရားတံခါးကို အောင်မြင်စွာ တွန်းဖွင့်နိုင်ခဲ့တဲ့သူပဲ ၊ သူ့လိုလူမျိုးကိုတော့ ငါ ထိုးဖောက်မြင်နိုင်စွမ်း မရှိဘူး”

“သူက သူ့အဖေ ရန်တိလို မဟုတ်ဘူး ၊ ရန်တိမှာ အတားအဆီးဆိုတာ လုံးဝမရှိဘူး ၊ အစစ်အမှန်နတ်ဘုရားအဆင့်ကို တက်လှမ်းပြီးတဲ့နောက် နည်းနည်းပါးပါး အားထုတ်ပြီးတာနဲ့ သမ္မာတရားကပ်ဘေးကို စိန်ခေါ်နိုင်မှာပဲ”

“အခုချိန်မှာ သူက ချီစွမ်းအားနှစ်ခုပေါင်းစည်းပြီး နက်ရှိုင်းနတ်ဘုရာအဆင့်ကို တက်လှမ်းပြီးပြီလို့ပြောလာရင်တောင် ငါ အံ့အားသင့်မိမှာမဟုတ်ဘူး”

ကောင်းဟန်က ရန်တိကို ဆက်လက်ချီးကျူးပြောဆိုလိုက်သည်။

“တာအိုရောင်းရင်း’ရန်ရှင်းထန်’ နဲ့ ရန်တိကိုပါထည့်တွက်လိုက်မယ်ဆိုရင် ဒီမိသားစုက တကယ်ထူးချွန်တယ်လို့ ပြောလို့ရတယ် ၊ ဒါပေမဲ့ သူတို့ရဲ့ ထူးချွန်တဲ့ သိုင်းပညာတွေက ကမ္ဘာတစ်ဝှမ်းကို မပျံ့နှံ့နိုင်ဘူး... ဒီလိုဖြစ်လို့လည်း တန်ဖိုးထားစရာမဟုတ်ဘူးလို့ ပြောလို့မရဘူး ၊ ဒီသိုင်းပညာက ရန်တိအတွက်တော့ ပြီးပြည့်စုံစွ  အံဝင်ခွင်ကျဖြစ်နေတယ်”

ချီးကျူးစကားဆိုပြီးနောက် ကောင်းဟန် သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ လူငယ်ကောင်းကင်ဘုံအရှင်ကတော့ ငါ လုံးဝ အကဲဖြတ်လို့မရနိုင်တဲ့သူပဲ ၊ သူက သူ့ဖခင်လိုလူတစ်ယောက် ဖြစ်လာနိုင်သလို သမိုင်းမှာ မကြုံစဖူးတဲ့သူလည်း ဖြစ်နိုင်တယ်”

ကောင်းဟန်က ရုတ်တရက် ရယ်မောလိုက်ရင်း...

“သူက သမိုင်းမှာ အတားအဆီး(၁၀)ခုကျော်ကို ကျော်ဖြတ်နိုင်စွမ်းရှိတဲ့ ပထမဆုံး အစစ်အမှန်နတ်ဘုရားဖြစ်လာမလား မပြောနိုင်ဘူး”

လင်ချင်းက ခံစားချက်ကင်းမဲ့ဟန်ဖြင့်...

“ရှင်ပြောလိုက်တဲ့စကားကို ရှင်ကိုယ်တိုင်ရော ယုံကြည်မှု ရှိရဲ့လား”

ကောင်းဟန်၏မျက်နှာထက်မှအပြုံးက ရုတ်တရက် ပျောက်ကွယ်သွားသည်။

“အင်း... ယုံကြည်မှု မရှိဘူး”

အစစ်အမှန်နတ်ဘုရားအဆင့်၏ အတားအဆီးဆိုသည်မှာ ကျင့်ကြံသူ၏ကျင့်စဉ်က မိုးမြေ၏ စည်းမျဉ်းဥပဒေများနှင့် ထပ်တူထပ်မျှဖြစ်လာချိန်တွင် မိုးမြေက ထိုကျင့်စဉ်၏အားနည်းချက်ကို တုံ့ပြန်ပြသခြင်း ဖြစ်သည်။

အတားအဆီးတိုင်းက ကျင့်ကြံသူ၏ကျင့်စဉ် သို့မဟုတ် ကျင့်ကြံသူ၏ ကျင့်စဉ်လမ်းကြောင်းကြောင့် ဖြစ်ပေါ်လာနိုင်သည်။

ယခင်ကဖော်ပြခဲ့သော လူများပြုလုပ်သည့်အတားအဆီးများအပြင် အခြားသော “သဘာဝဘေးအန္တရာယ်” များလည်း ရှိနိုင်သည်။ ကျင့်စဉ်လမ်းတွင် မသေချာမှုများက အလွန်ပင် များပြားလွန်းလှသည်။

ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် “ယိုစိမ့်ခြင်းမရှိ” ဆိုခြင်းမှာ ထိုသူတစ်ဦးတည်းကိုပြောခြင်းဖြစ်ပြီး ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းဥပဒေများကို ဆိုလိုခြင်း မဟုတ်ပေ။

ထိုသို့သောတုံ့ပြန်မှုက နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးစ သိုင်းကျင့်ကြံသူတစ်ယောက်အတွက် ချိုးယွင်းချက်တစ်ခုနှင့်ဆင်တူသောအရာကို ဖြစ်ပေါ်စေသည်။

ထိုချို့ယွင်းချက်များကို ဖယ်ရှားပြီးမှသာ သမ္မာတရားကပ်ဘေးကို စိန်ခေါ်ရန် စွမ်းရည်နှင့် ယုံကြည်မှုရှိလာမည်ဖြစ်သည်။

အတားအဆီးများသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားသည်။ သဘာဝအားဖြင့် အတားအဆီးများကို ကျော်ဖြတ်ရန် နည်းလမ်းများစွာလည်း ရှိသည်။

ကောင်းဟန်က ပြုံးလိုက်ရင်း...

“တောင်ပိုင်းချန်စန်းဧကရာဇ် ငါတို့ကို ပြောပြပြီးတဲ့နောက် လူငယ်ကောင်းကင်ဘုံအရှင်က ဘယ်လောက်ကြီးမားတဲ့ ဆူညံမှုတွေ ဖြစ်စေမလဲဆိုတာ ငါ အရမ်းစိတ်ဝင်စားနေတယ်...”

သူက ဆက်ပြောလိုက်သည်။

“သူ ဒြပ်စင်ငါးပါးတောင်ကို တစ်ကြိမ်ရောက်ခဲ့ဖူးပြီ ၊ အဲဒီနေရာမှာ သူ့ရဲ့ကိစ္စတွေမပြီးပြတ်သေးဘူးလို့ ငါ အာရုံခံမိတယ်”

လင်ချင်းက အေးဆေးစွာဖြင့်...

“အဲဒါ ရှင်လိုချင်တဲ့အရာပဲ မဟုတ်ဘူးလား”

ကောင်းဟန်မျက်ဝန်းများ အတွေးဖြင့်နစ်မျောသွားသည်။

“တစ်စိတ်တစ်ပိုင်းလို့တော့ ပြောလို့ရတယ်... မင်းတွေးကြည့်စမ်း... လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း နေရာတစ်ခုက အရမ်းတိတ်ဆိတ်နေတယ်လို့ မထင်မိဘူးလား”

ထိုစကားကြားတော့ လင်ချင်း၏မျက်ဝန်းများ အေးစက်သွားသည်။

“ငရဲကိုးထပ် မဟုတ်လား”

ကောင်းဟန်က တက်ကြွဟန်ဖြင့်...

“သူတို့က ခြေထောက်ကြားမှာ အမြီးဝှက်ထားပေမယ့် ဘယ်သူမှ သူတို့အပေါ်သတိထားတာကို မလျှော့ခဲ့ကြဘူးလေ”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမယ့် အနောက်ဘက်သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေ ဒီလောကမှာ ပြန်ပေါ်လာပြီး တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်နေကြတဲ့အချိန်မှာ သူတို့ဘက်က ဒီလောက်တိတ်ဆိတ်နေတာ သိပ်ပြီးမူမမှန်ဘူး”

All Chapters