အမြင်ကျယ်လာလျှင် စိတ်နေစိတ်ထားသည်လည်းကျယ်ပြန့်လာသည်
Vol. 100 Ch. 1395
အခန်း (၁၃၉၅) အမြင်ကျယ်လာလျှင် စိတ်နေစိတ်ထားသည်လည်းကျယ်ပြန့်လာသည်
လင်ချင်းက...
“အဖြူရောင်ကြာပန်းသုခဘုံနဲ့ အမတခုံရုံး တိုက်ခိုက်နေတဲ့အချိန်မှာ အနောက်ဘက်သူတော်စင်ဘုံနဲ့ နတ်မိစ္ဆာမျိုးနွယ်တွေလည်း ပါဝင်ပတ်သက်လာတော့ ကျွန်မတို့ လမ်းမှန်တာအိုဝါဒကျင့်ကြံသူတွေ ပိုပြီးလွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရသွားတယ် ၊ တကယ်တော့ ဒီလိုအခွင့်အရေးမျိုးက ခပ်ရှားရှားပဲ”
သူမက ဆက်ပြောလိုက်သည်။
“ဒါပေမယ့် ဒါက ငရဲကိုးထပ်အတွက်လည်း ထူးထူးခြားခြား အကျိုးရှိတယ်လေ”
ကောင်းဟန်က အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် လျှောက်လှမ်းနေရင်း သူ့အကြည့်များက တဖြည်းဖြည်း နက်ရှိုင်းလာသည်။
“အဲဒါကြောင့် အခုလက်ရှိ သူတို့တည်ငြိမ်နေတဲ့ပုံက ထူးခြားနေတယ်လို့ပြောတာပေါ့ ၊ သစ်သားနတ်ဆိုး ရုတ်တရက်ပေါ်လာတာကလွဲရင် တခြားဘာလှုပ်ရှားမှုမှ မတွေ့ရသေးဘူး”
လင်ချင်းက ချန်ရွှမ်ကျုန်းအကြောင်း မေးလိုက်သည်။
“တာအိုရောင်းရင်း’ချန်ရွှမ်ကျုန်း’ ဘက်ကရော ဘယ်လိုနေလဲ”
ကောင်းဟန်က သက်ပြင်းချလိုက်ပြီး...
“အရင်တုန်းက လူငယ်ကောင်းကင်ဘုံအရှင်သာ ဝင်မပါခဲ့ရင် ငါတို့ကိစ္စတွေ ပြီးသွားလောက်ပြီ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက တာအိုရောင်းရင်းကောင်းနဲ့ တာအိုရောင်းရင်းလီတို့လည်း ရေနတ်ဆိုးပြန်မွေးဖွားလာရင် အဲဒီမှာပဲ သေကုန်ကြမှာ”
လင်ချင်းက အေးဆေးစွာဖြင့်...
“ဒါကတော့ ရှင်ကိုယ်တိုင်ဝင်မစွက်ဘူးဆိုရင် ရေနတ်ဆိုးက တာအိုရောင်းရင်းချန်ရဲ့တပည့်ခန္ဓာကိုယ်ထဲမှာ ဒီလောက်လွယ်လွယ်ကူကူ ပြန်မွေးဖွားလာနိုင်မှာ မဟုတ်ဘူး”
ကောင်းဟန်က အပြစ်ကင်းသောပုံစံဖြင့်...
“အဲဒါဆို ခဲ့ထူရဲ့ကိစ္စတွေ ပိုစောပြီး ပေါ်သွားမှာပေါ့ ၊ ငါလည်း ဘာမှမတတ်နိုင်လို့ လုပ်လိုက်ရတာလေ ၊ ပြီးတော့...”
သူ၏ မျက်နှာအမူအရာက ပိုမိုတည်ကြည်သွားပြီး...
“ပြီးတော့ ငါတို့ဘက်ကလည်း ဆက်ပြီးအချိန်ဆွဲထားလို့မရဘူး ၊ နောက်ဆုံးတော့ ဒါကိုဖြတ်ကျော်ရမှာပဲ ၊ ရေနတ်ဆိုးကိုယ်တိုင်က ချန်ရွှမ်ကျုန်းရဲ့ခန္ဓာကိုယ်ကို ပိုပြီးလိုချင်တာ ငရဲကိုးထပ်ကလည်း ရေနတ်ဆိုးက ချန်ရွှမ်ကျုန်းရဲ့ ခန္ဓာကိုယ်နဲ့ပဲ ပြန်မွေးဖွားလာဖို့ မျှော်လင့်နေကြတာ”
လင်ချင်းက ဖြည်းညင်းစွာဖြင့်...
“အရင်တုန်းက တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့က ကျန်းရွှင်ဟွားကို သတ္တုနတ်ဆိုးရဲ့ အခွင့်အာဏာကို သိမ်းယူဖို့ ညွှန်ကြားခဲ့ကြတယ် ၊ ဒါပေမဲ့ သူက သူ့ဟာသူ လုပ်ချင်ရာလုပ်ပြီး လက်လွန်ကုန်တယ်”
သူမက ဆက်ပြောလိုက်သည်။
“သူက သတ္တုနတ်ဆိုးနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဘေးဖယ်ထားလိုက်တယ် ၊ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် သူနဲ့ပတ်သက်ပြီး ဘာလှုပ်ရှားမှုမှ မကြားရတော့ဘူး”
လင်ချင်းက ကောင်ဟန်ကိုလှမ်းကြည့်ရင်း...
“ယင်းရှီယန်ပြီးကတည်းက နှစ်ပေါင်းထောင်ချီ ကြာသွားခဲ့ပြီ ၊ သတ္တုနတ်ဆိုးအတွက် သင့်တော်တဲ့ခန္ဓာကိုယ် တစ်ယောက်မှ ထွက်ပေါ်မလာခဲ့ဘူးမဟုတ်လား”
ကောင်းဟန်က...
“လွန်ခဲ့တဲ့ နှစ်ပေါင်း(၈၀၀)ကျော်က သူ့လိုပဲတစ်ယောက် ပေါ်လာဖူးတယ် ၊ ဒါပေမဲ့ သတ္တုနတ်ဆိုးက လှုပ်ရှားမှု သိပ်မရှိခဲ့ဘူး ၊ အဲဒီလိုဖြစ်တာကို ငါက ကျန်းရွှင်ဟွားကြောင့်လို့ ထင်ခဲ့မိတာ ၊ အခုတော့ ကြည့်ရတာ ငါထင်တာ မဟုတ်လောက်ဘူး”
သူက ရယ်မောလိုက်ရင်း...
“ငရဲကိုးထပ်ကလည်း သူတို့ရဲ့ စံနှုန်းကို လျှော့မချချင်ဘူးလေ”
လင်ချင်းက...
“တောင်ပိုင်းချန်စန်းဧကရာဇ်က အနက်ရောင်ကျောက်စိမ်းပုလင်းလေးကို တာအိုရောင်းရင်းဖန်းကို ပေးလိုက်တယ် ၊ အဲဒါက...”
သူမက တစ်ခုခုပြောချင်ဟန်ရှိသော်လည်း ဆက်မပြောဘဲ ရပ်လိုက်သည်။
ကောင်းဟန်က သူမစကားကို ဆက်ပြောပေးလိုက်သည်။
“မင်းပြောချင်တာ သူ့ကို အနက်ရောင်ကျောက်စိမ်းပုလင်းလေးပေးလိုက်တာ စောလွန်းသွားတယ်လို့ ပြောချင်တာမလား ၊ မဟုတ်ရင် ငါ သူ့ကို ရှုံးသွားမှာမဟုတ်ဘူး”
စကားပြောနေရင်း သူ့မျက်နှာထက် ကူရာကယ်ရာမဲ့မှုများက ပြည့်နက်နေသည်။
“သူ့ရဲ့လက်ရှိ တန်ခိုးစွမ်းအားနဲ့ဆိုရင် သူသာ ရဲရဲဝံ့ဝံ့နဲ့ ရှိသမျှတန်ခိုးစွမ်းအား အကုန်ထုတ်သုံးမယ်ဆိုရင် လူငယ်ကောင်းကင်ဘုံအရှင်ပဲဖြစ်ဖြစ် ၊ တကယ့်ကောင်းကင်ဘုံအရှင်ပဲဖြစ်ဖြစ် သူ့ကို နိုင်ယူနိုင်မှာ မဟုတ်ဘူး”
လင်ချင်းက မျက်မှောင်ကျုံ့လိုက်ရင်း...
“ရှင် ကျွန်မ ဘာပြောနေတယ်ဆိုတာကို သိတယ်မဟုတ်လား”
ကောင်းဟန်က သူ၏မျက်နှာအမူအရာကို ပြင်လိုက်ပြီး...
“ဖန်းယွင်ရှန်းဖြစ်စေ ရန်ကျောက်ကဲဖြစ်စေ သူတို့နှစ်ယောက်လုံးမှာ ကိုယ်ပိုင်အသိတရားနဲ့ ဆုံးဖြတ်ချက်တွေ ရှိတယ် ၊ တောင်ပိုင်းချန်စန်းဧကရာဇ်ဆီက အနက်ရောင်ကျောက်စိမ်းပုလင်း ရရှိထားတယ်ဆိုရင်တောင် သူ့အနေနဲ့ အချိန်မတန်သေးရင် မူလကောင်းကင်ကပ်ဘေးကို မဆင်မခြင်စိန်ခေါ်မှာမဟုတ်ဘူး ၊ သူတို့နှစ်ယောက်လုံးက မိုက်မဲသူတွေ မဟုတ်ဘူး”
လင်ချင်းက ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်...
“ဒါပေမဲ့ ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူဟာ ငရဲကိုးထပ်ရဲ့ အာရုံစူးစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်မှာပဲလေ”
ကောင်းဟန်က ထပ်မံရယ်မောလိုက်ရင်း...
“တိုက်ဆိုင်တာက... ငရဲကိုးထပ်က သူ့ကိုပိုပြီးအာရုံစိုက်လေ ချန်ရွှမ်ကျုန်းနဲ့ တခြားသူတွေကို အာရုံစိုက်မှု နည်းသွားလေပဲပေါ့”
လင်ချင်း၏ မျက်နှာအမူအရာက ပြန်လည်အေးဆေးတည်ငြိမ်သွားသည်။
သူမက ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး...
“တကယ်လို့ ကျန်းရွှင်ဟွား မသေသေးဘူးဆိုရင် သူ့အပေါ် အာရုံစိုက်မှုလည်း နည်းသွားနိုင်တယ်”
ကောင်းဟန်က ကန့်ကွက်မှုမရှိပဲ သဘောတူလိုက်သည်။
“အမှန်ပဲ...”
သူက သက်ပြင်းချလိုက်ရင်း...
“ဒါပေမယ့် နည်းနည်းတော့ စောလွန်းသွားတယ်ထင်တယ် ၊ ကြည့်ရတာ တောင်ပိုင်းချန်စန်းဧကရာဇ်မှာ တခြားအစီအစဉ်တွေ ရှိလားမသိဘူး”
လင်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူမက အေးဆေးသောအမူအရာဖြင့်ပင် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းသွား၏။
ကောင်းဟန်က သူမ၏အပြုအမူများနှင့် ရင်းနှီးပြီးသားဖြစ်သည်။
“ငါ တာအိုရောင်းရင်းချန်နဲ့ တခြားသူတွေကို သွားရမယ် ၊ မင်းက ငါ့အတွက် ပြင်ပတာအိုကျင့်ကြံသူတွေကို စောင့်ကြည့်ထားပေးပါ”
လင်ချင်းက...
“ကောင်းပြီ”
ထို့နောက် သူတို့နှစ်ယောက် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် လူချင်းခွဲလိုက်ကြပြီး ပျောက်ကွယ်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့သည်လည်း ဗလာနယ်ကိုဖြတ်ကျော်ကာ ထျန်းစူးစကြာဝဠာသို့ ပြန်လည်ရောက်ရှိလာကြသည်။
***
“ငါတို့ဘိုးဘေးတွေ ဆက်ခံလာတဲ့ ရတနာပစ္စည်းကို နောက်ဆုံးတော့ ဝါဒတောင်ကို ပြန်ယူလာနိုင်ခဲ့ပြီ ၊ နောင်ဘဝမှာ ဘိုးဘေးတွေကို ရင်ဆိုင်ဖို့အတွက် နောင်တမရှိတော့ဘူးပေါ့”
စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစကို လက်ထဲတွင် ကိုင်ထားရင်း၊ ယွမ်ကျန်းဖုန်း၏ မျက်နှာတွင် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
ရန်ကျောက်ကဲကပြုံးလိုက်ရင်း...
“ဘိုးဘေးတွေအတွက်သာမက ကျွန်တော်တို့ ဂိုဏ်းတစ်ခုလုံးအတွက်လည်း ဝမ်းသာစရာပါပဲ”
ယွမ်ကျန်းဖုန်းက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အပိုင်းအစကို ကြည့်ရင်း ပြုံးလိုက်သည်။
“ယန်ဖူကမ္ဘာက ပြန်လာပြီး ကျူတောပင်လယ်ဒေသမှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီးတဲ့နောက် ငါ့ဘဝမှာကျန်နေသေးတဲ့ တစ်ခုတည်းသောနောင်တက ဒီပျောက်ဆုံးနေတဲ့ ရတနာပစ္စည်းပဲ”
“အဲဒီတုန်းက ငါတွေးခဲ့တာက ဒီ ရတနာပစ္စည်းသာ ပြန်ရမယ်ဆိုရင် တမလွန်ကဘိုးဘေးတွေကို ရှက်ရွံ့စရာမလိုတော့ဘူး ဆိုတာပဲ”
ပြောပြီးနောက် အဘိုးအိုက ရယ်မောလိုက်သည်။
“ဒီပစ္စည်းကို စိတ်ထဲမှာရှိနေပေမယ့် အဲဒါကပဲ ငါ့ရဲ့ တစ်ခုတည်းသောနောင်တ မဟုတ်ဘူး”
ရန်ကျောက်ကဲက ယွမ်ကျန်းဖုန်း၏ အတွေးအမြင်ပြောင်းလဲမှုကို နားလည်သဘောပေါက်လေသည်။
သူက ပြုံးလိုက်ပြီး...
“ဆရာဘိုးဘိုးရဲ့ အသက်အရွယ်နဲ့ ကျင့်ကြံခြင်းအဆင့်ကို နှိုင်းယှဉ်ရင် အသက်ငယ်ရွယ်သူအဖြစ် သတ်မှတ်လို့ရပါသေးတယ် ၊ အခုတောင် ဆရာဘိုးဘိုးက လူငယ်တစ်ယောက်ပဲ ရှိသေးတာလေ ၊ ထူးချွန်ထက်မြက်တဲ့ လူငယ်တစ်ယောက်လို့တောင် ပြောလို့ရပါတယ်”
ယွမ်ကျန်းဖုန်းက ရယ်မောလိုက်ရင်း...
“မင်းက ငါ့ကို နောက်နေတာလား”
သူက အရင်ဆုံးခေါင်းညိတ်ပြီးမှ ခေါင်းခါလိုက်သည်။
“မင်းပြောတာလည်း မမှားပါဘူး ၊ ကျင့်ကြံခြင်းတိုးတက်မှုက အရာအားလုံးရဲ့အခြေခံဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ငါ ကြုံတွေ့ခဲ့ရတဲ့အရာအားလုံးက သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေကို ယူဆောင်လာခဲ့တယ်”
ပိုမိုကျယ်ပြန့်သောအမြင်ရှိလာသည်ဖြစ်ရာ သူ၏စိတ်နေစိတ်ထားသည်လည်း သဘာဝအလျောက် ကွဲပြားလာသည်။
ရန်ကျောက်ကဲက ပြုံးလျှက် ထပ်ပြောလိုက်သည်။
“ဆရာဘိုးဘိုး လုပ်ဆောင်ခဲ့သမျှ အရာအားလုံးက ဂိုဏ်းနဲ့ တပည့်တွေအတွက်ပါပဲ ၊ ဝါဒတောင်တပည့်တစ်ယောက်အနေနဲ့ ဆရာဘိုးဘိုးက အရာအားလုံးမှာ ရိုးသားစွာလုပ်ဆောင်ခဲ့ပြီး ဘယ်တော့မှ ပေါ့ဆမှု မရှိခဲ့ဘူးဆိုတာ ကျွန်တော်သိပါတယ်”
သူက ရယ်မောလိုက်ရင်း...
“ရေတွင်းထဲက ခုန်မထွက်ဘဲ ပြင်ပကမ္ဘာကို မမြင်ခဲ့ရရင် ဒီလောကကြီး ဘယ်လောက်ကျယ်ပြန့်တယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အတိတ်က အတွေ့အကြုံတွေကို နားမလည်ဘဲလုပ်တယ် ၊ အလျင်စလိုလုပ်တယ် ဒါမှမဟုတ် သာမန်ဆန်တယ်လို့တော့ ပြောလို့မရဘူးပေါ့”
ယွမ်ကျန်းဖုန်းက ရန်ကျောက်ကဲကို ခပ်ဖွဖွတစ်ချက်ပုတ်လိုက်ရင်း...
“အတိတ်က စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်။ အခုလက်ရှိလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားဖို့ ကောင်းနေတာပါပဲ ၊ အနာဂတ်ကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမလား မပြောနိုင်ဘူး”
ရန်ကျောက်ကဲက ပျော်ရွှင်စွာဖြင့်...
“အရင်တုန်းက ဆရာဘိုးဘိုးပြောခဲ့သလိုပဲလေ ၊ မဟာကပ်ဘေးကြီးပြီးတဲ့နောက် ဒီဘက်ခေတ်ကာလမှာ လူတိုင်းက တာအိုဝါဒကို ပြန်လည်ထွန်းကားအောင် ကူညီပေးခဲ့ကြတာပဲ”
“ဟုတ်တယ်”
ယွမ်ကျန်းဖုန်း၏ မျက်နှာအမူအရာက ခံစားချက်ပြင်းထန်သွားပြီးမှ ပြန်လည်တည်ငြိမ်သွားသည်။
“ငါတို့ရဲ့ ကျေးဇူးရှင်ကို ဘယ်တော့မှ မေ့လို့မရဘူး ၊ ထုန်းမင်ဧကရာဇ်ရဲ့ရုပ်ကလာပ်ကို ရှာတွေ့ဖို့ အခွင့်အရေးရခဲ့ရင် အကောင်းဆုံးဖြစ်မှာပဲ ၊ ဒါက... သူက ချူးချင်ရဲ့ ဆရာဘွားဘွားဖြစ်နေတာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး”
ရန်ကျောက်ကဲက ဆရာဘိုးဘိုးနှင့်အခြားသူများအား အမတခုံရုံးအကြောင်း အသေးစိတ်ပြောပြနိုင်ခြင်း မရှိသေးသော်လည်း ယွမ်ကျန်းဖုန်းက တာအိုဝါဒဆက်ခံသူများအတွက် ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ နှင့် ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ တို့၏ အကျိုးပြုခဲ့မှုများကို သိရှိထားသည်။
ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး...
“ဆရာဘိုးဘိုး စိတ်မပူပါနဲ့ ၊ ကျွန်တော် နားလည်ပါတယ်”
ထို့နောက် သူက ယွမ်ကျန်းဖုန်းကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုပြီးနောက် ထွက်ခွာသွားလေသည်။
မျောက်မျိုးနွယ်သွေးကို ပြန်ယူလာပြီးနောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့က ၎င်းသွေးကို စားသုံးပြီး သန့်စင်ခဲ့သည်။
သို့သော် မျောက်မျိုးနွယ်သွေးသည် ချက်ချင်းအာနိသင်ပြမည် မဟုတ်ပေ။ ၎င်းကို ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအရာမှာ မျောက်မျိုးနွယ်သူတော်စင်ငယ်တစ်ပါး၏ နတ်မိစ္ဆာသွေးဖြစ်နေသောကြောင့်ပင်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပန်ပန်တို့က နတ်ဘုရားအဆင့်သို့ မတက်ရောက်ရသေးသဖြင့် သူတို့အတွက် ပြင်ဆင်မှုများစွာ လိုအပ်သည်။
အခြားတစ်ဖက်တွင်လည်း ရန်ကျောက်ကဲရဲ့ ထိန်းချုပ်မှုအောက်တွင် စန်းကွမ်းနတ်ရေစင်က တဖြည်းဖြည်း အသုံးဝင်မှုကို ပြသလာသည်။
ရန်ကျောက်ကဲက ထိုရေစင် တစ်စိတ်တစ်ပိုင်းကို အသုံးပြုပြီး ကျန်တစ်စိတ်တစ်ပိုင်းကို သူ့အတွက် သိမ်းထားလိုက်သည်။
ဤရတနာက အသုံးပြုပုံ အမျိုးမျိုးရှိလေသည်။ သို့သော် နတ်ရေစင် စုစုပေါင်းပမာဏက နည်းပါးသည်။
ရန်ကျောက်ကဲက မိခင်ဖြစ်သူ ရွှယ်ချူးချင်နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ဖန်းယွင်ရှန်းကိုခေါ်ဆောင်ကာ ထျန်းစူးစကြာဝဠာမှ ပြင်ပဗလာနယ်ထဲသို့ ပြန်လည်ထွက်ခွာသွားလေသည်။