ကြယ်စင်မြစ်လက်တက်
Vol. 100 Ch. 1396
အခန်း (၁၃၉၆) ကြယ်စင်မြစ်လက်တက်
လမ်းတွင် ဖန်းယွင်ရှန်းက မေးလိုက်သည်။
“ယိုးမင်ဧကရာဇ်က ထုန်းမင်ဧကရာဇ်ထက်စောပြီး သေသွားခဲ့တာ မဟုတ်လား”
သူမက ဆက်ပြောလိုက်သည်။
“ဒါဆို ယိုးမင်ဂမ္ဘီရစက်ဝန်းမှာ ထုန်းမင်ဧကရာဇ်ရဲ့ တည်နေရာနဲ့ပတ်သက်တဲ့ သဲလွန်စတွေ ဘယ်လိုလုပ်ပါဝင်နိုင်မှာလဲ”
ရန်ကျောက်ကဲက လမ်းလျှောက်ရင်း ရှင်းပြလိုက်သည်။
“ကောင်းကင်အမြုတေကျောက်တုံး အပိုင်းပိုင်းကွဲထွက်သွားပြီးနောက် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က အဲဒီအပိုင်းအစတွေကို လိုက်ပြီးစုဆောင်းခဲ့တယ် ၊ ဒါပေမဲ့ ပျောက်နေတဲ့ အပိုင်းအစတွေလည်း ရှိနေသေးတယ် ၊ အမတခုံရုံးက အဲဒီအပိုင်းအစတွေကို အမြဲတမ်း ရှာဖွေနေခဲ့တာ”
သူက ဆက်ရှင်းပြသည်။
“အဲဒီအချိန်တုန်းက အမတခုံရုံးနဲ့ အဖြူရောင်ကြာပန်းသုခဘုံ တိုက်ပွဲပြင်းထန်နေတဲ့ ကာလဖြစ်နေတယ် ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြင်ပတာအိုကျင့်ကြံသူတစ်ဘောက်က ကောင်းကင်အမြုတေကျောက်တုံး အပိုင်းအစကို ရှာဖွေတွေ့ရှိပြီး အမတခုံရုံးကို ယူလာခဲ့တယ်”
“အဲဒီအချိန်မှာ ယိုးမင်ဧကရာဇ်က သူတို့တွေ တိုက်ပွဲဖြစ်နေတာကို အသုံးချပြီး အမတခုံရုံးနယ်မြေထဲကိုဝင်ရောက်ပြီး အဲဒီကျောက်တုံးအပိုင်းအစ အမတခုံရုံးကိုရောက်မသွားခင်မှာ လုယူခဲ့တယ် ၊ အမတခုံရုံးက လိုက်လံဖမ်းဆီးတဲ့အတွက် ယိုးမင်ဂိုဏ်းလည်း ပျက်ဆီးသွားခဲ့တယ် ၊ ယိုးမင်ဧကရာဇ်က ကောင်းကင်အမြုတေကျောက်တုံးကို ထုန်းမင်ဧကရာဇ်ဆီ လျှို့ဝှက် လွှဲပြောင်းပေးခဲ့ပြီး အမတခုံရုံးက ထုန်းမင်ဧကရာဇ်ကို သံသယမဝင်အောင် တားဆီးပေးခဲ့တယ်”
ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း...
“ဒါပေမဲ့ အမတခုံရုံးက ထုန်းမင်ဧကရာဇ်ကို သံသယဝင်နေဆဲပဲ ၊ ဒါကြောင့် ထုန်းမင်ဧကရာဇ်က အမတခုံရုံးက လိုက်လံဖမ်းဆီးတာကို ရှောင်ရှားရင်း အဆုံးမရှိတဲ့ ပြင်ပဗလာနယ်ထဲမှာ လမ်းပျောက်ပြီး ပုံရိပ်ယောင်နယ်မြေတစ်ခုမှာ ရာစုနှစ်များစွာ ပိတ်မိနေခဲ့တယ် ၊ သူ တာအိုစကြာဝဠာကို ပြန်ရောက်လာတဲ့အချိန်မှာ ယိုးမင်ဧကရာဇ် သေဆုံးသွားတာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ”
ဖန်းယွင်ရှန်းက...
“ထုန်းမင်ဧကရာဇ်က ယိုးမင်ဧကရာဇ်ရဲ့ ဂူဗိမာန်ကို ရောက်ခဲ့ဖူးတာလား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အမှန်ပဲ ၊ အဲဒါကြောင့် ငါ့အမေ ရွှယ်ချူးချင်က ယိုးမင်ဧကရာဇ်ဂူဗိမာန်ရှိတဲ့နေရာကို သိခဲ့တာပေါ့ ၊ ထုန်းမင်ဧကရာဇ်က အချိန်တွက်ချက်ပေးတဲ့အတိုင်း ငါ့အမေက ဂူဗိမာန်ကို သွားခဲ့တာ ၊ သူက ယိုးမင်ဂမ္ဘီရစက်ဝန်း ပြီးစီးအောင် နောက်ဆုံးကူညီပေးခဲ့တာလေ”
ဖန်းယွင်ရှန်း သဘောပေါက်သွားသည်။
“ဒါဆို ထုန်းမင်ဧကရာဇ်က မပြီးစီးသေးတဲ့ ယိုးမင်ဂမ္ဘီရစက်ဝန်းမှာ သဲလွန်စတွေ ချန်ထားခဲ့တာလား ၊ သူ့ရဲ့ သင်္ချိုင်းနေရာလို့ မပြောနိုင်ပေမယ့် သူ ပုန်းအောင်းနေတဲ့ ပုံရိပ်ယောင်နယ်မြေရဲ့ တည်နေရာကို ချန်ထားခဲ့တာပေါ့”
ဟုတ်ပေ၏။
စိတ်မကောင်းစရာမှာ ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’ မှာ သူမ၏ဒဏ်ရာများကို ပျောက်ကင်းအောင်ကုသရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
အကြောင်းမှာ ပြင်ပတာအိုကျင့်ကြံသူများ လိုက်လံဖမ်းဆီးသောကြောင့် ဖြစ်သည်။
သူမက ပုံရိပ်ယောင်နယ်မြေထဲသို့ ပြန်လည်ဝင်ရောက်ပြီး ပြင်ပတာအိုကျင့်ကြံသူများ၏ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဒဏ်ရာများ သက်သာလာခြင်းမရှိတော့ဘဲ သေဆုံးသွားခဲ့ရသည်။
ပြင်ပလောကမှာတော့ သူမ၏အဆက်အနွယ် ရွှယ်ချူးချင်အပါအဝင် သူမ သွားလာသည့်နေရာတိုင်းက လျှို့ဝှက်ဆန်းကြယ်ပြီး ရှာဖွေရန် ခက်ခဲလှသည်။
သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ယိုးမင်ဂမ္ဘီရစက်ဝန်းက သဲလွန်စအချို့ကို ချန်ထားခဲ့သည်။
ရန်ကျောက်ကဲက...
“ကြည့်ရတာ ဒီသဲလွန်စက ထုန်းမင်ဧကရာဇ်က ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တာ ဖြစ်ရမယ် ၊ အဲဒီနေရာကို တခြားနည်းလမ်းကတစ်ဆင့် သူများတွေ ရှာဖွေနိုင်မလား မသေချာပေမယ့် ယိုးမင်ဂမ္ဘီရစက်ဝန်းကတစ်ဆင့်ဆိုရင်တော့ ငါတို့ရှာတွေ့နိုင်ခြေ မြင့်မားတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲ၏ မျက်ဆံထဲတွင် အနက်ရောင်နှင့်အဖြူရောင် အလင်းတန်းများဖြာထွက်လာသည်။ ထိုအလင်းတန်းများက တစ်ခုနှင့်တစ်ခု ယှက်နွယ်လိုက် ၊ ပေါင်းစည်းလိုက်ဖြင့်လှုပ်ရှားသွားပြီး ခပ်မှိန်မှန်းအလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအလင်းတန်း၏ လမ်းညွှန်မှုအတိုင်းလိုက်သွားရင်း ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ အဆုံးမရှိသော ပြင်ပဗလာနယ်ကို ဖြတ်သန်းသွားကြသည်။
အချိန်၏သဘောတရားက တဖြည်းဖြည်း ဝေဝါးလာပြီး သူတို့ရှေ့ခရီးလမ်းက အဆုံးမရှိတော့သယောင် ဖြစ်လာသည်။
သို့သော် ရန်ကျောက်ကဲကတော့ သူလျှောက်လှမ်းနေသောလမ်းကြောင်းက မှန်ကန်ပြီး ရည်မှန်းထားသည့်နေရာနှင့် ပိုမိုနီးကပ်လာကြောင်း အာရုံခံမိသည်။
ဗလာနယ်အလွှာနှစ်ခုကို ဖြတ်ကျော်ပြီးနောက် ရန်ကျောက်ကဲ ရုတ်တရက် ရပ်တန့်လိုက်သည်။
သူက တိုးလျသည့်လေသံဖြင့်...
“ငါတို့ ရောက်ခါနီးပြီ”
သူတို့ရှေ့ရှိဗလာနယ်က ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ပုံပျက်ခြင်းများ ရပ်တန့်သွားသည်။ ဖန်းယွင်ရှန်း အရှေ့သို့လှမ်းကြည့်လိုက်တော့ တောက်ပသောအလင်းတန်းများစွာကို တွေ့မြင်လိုက်ရသည်။
သူတို့ရောက်ရှိနေသည့် ဗလာနယ်ထဲတွင် တောက်ပသည့် ကြယ်စင်အလင်းများဖြင့် ပြည့်နက်နေသည်။ အလင်းရောင်များက အလွန်တောက်ပနေပြီး ပူလောင်မှုအနည်းငယ်ကိုပင် ခံစားရသည်။
ကြယ်စင်ကောင်းက်ငထဲတွင် ကြယ်ရောင်များက အလွန်သေးငယ်သော်လည်း ကြယ်ရောင်များက တောက်ပလွန်းလေရာ ကြီးမားသည့် နေလုံးကြီးများပမာ ထင်မှတ်ရသည်။
ကြယ်များကြားတွင် ဆွဲငင်အားနှင့် ဖိစီးမှုများ လည်ရှိနေသည်။
ကြယ်များ၏ ပုံစံနှင့် လမ်းကြောင်းများအရ တစ်နေရာတည်းတွင် စုစည်းနေရန် မဖြစ်နိုင်ပေ။
နတ်ဘုရားအဆင့် ကျွမ်းကျင်သူအများစုက ကြယ်စင်များ၏ ကြီးကျယ်ခမ်းနားပြီး အဆုံးမရှိသော ဆွဲငင်အားကို လွှမ်းမိုးနိုင်စွမ်း မရှိကြပေ။
သို့သော် ယခုတော့ ကြယ်စင်အများစု စုစည်းနေသယောင် ထင်မှတ်ရသည်။
ကြယ်စင်များက စုစည်းပြီး တောက်ပလျှက် ရှိသည်။
ကြယ်စင်စွမ်းအားများ အချင်းချင်း ဖိစီးမှုဖြစ်ပေါ်လာပြီး ဗလာနယ်က သဘာဝမကျစွာ ပုံပျက်နေသည်။ သို့သော် ထိုသို့ဖြစ်နေသည့်တိုင် ထူးခြားသော သဟဇာတဖြစ်မှုတစ်ခု ပါဝင်နေသဖြင့် ပေါက်ကွဲမှု လုံးဝ ဖြစ်ပေါ်ခြင်း မရှိပေ။
အနီးကပ်ကြည့်မည်ဆိုလျှင် ကြယ်စင်တစ်ခုနှင့်တစ်ခုကြား ရေစီးကြောင်းများရှိနေသည်ကို သတိပြုမိမည် ဖြစ်သည်။
ကနဦးကောင်းကင်နှင့် နှောင်းပိုင်းကောင်းကင်ကြားတွင် တည်ရှိသည့် အသန့်စင်ဆုံးသော ရေစီးကြောင်းများ။
ထိုရေစီးကြောင်းများက အေးစက်ပြီး အထီးကျန်ဆန်သော ဗလာနယ်ထဲတွင် ကြယ်စင်များနှင့်အတူ ယှဉ်တွဲတည်ရှိနေသည်။
ထိုရေစီးကြောင်းများက အေးခဲသွားခြင်းမရှိသလို အငွေ့ပျံသွားခြင်းလည်း မရှိပေ။
ရေ၏အရှိန်အဟုန်က ကြီးမားပြီး ဖြည်းညင်းစွာ စီးဆင်းနေသည်။
သေချာကြည့်မည်ဆိုလျှင် ကြယ်များက ကြီးမားသောမြစ်တစ်စင်းထဲတွင မျောပါနေသယောင် ထင်မှတ်ရသည်။
ဖန်းယွင်ရှန်းက ဒဏ္ဍာရီထဲမှ တည်ရှိမှုတစ်ခုကို သတိရသွားပြီး အနည်းငယ် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
“ကြယ်စင်မြစ်...”
သူမ သေချာကြည့်လိုက်တော့ အဆုံးမရှိသယောင် ထင်မှတ်ရသည့် ကြယ်စင်မြစ်က ပြိုကွဲနေသည့်ပမာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
မြစ်က အလွန်ဝေးကွာသည့်နေရာသို့ ဆန့်ထွက်နေသော်လည်း ကြယ်စင်မြစ်၏ ဝေးကွာသော အဆုံးတစ်နေရာတွင် ကြီးမားသော ကြယ်စင်ဝဲဂယက်တစ်ခုက ကြယ်စင်မြစ်ကို စုပ်ယူမျိုချနေကြောင်း သိလိုက်ရသည်။
ထိုဝဲဂယက်က ဗလာနယ်ကိုပုံပျက်နေစေပြီး ကြယ်စင်မြစ် ပြိုကွဲစေရန် လုံလောက်သည့်အကြောင်းရင်းအဖြစ် ညွှန်ပြနေသည်။
သို့သော် ကြီးမားပြီး ရှည်လျားသော မြစ်သည် လုံးဝပြိုကွဲမသွားသေးပေ။
နောက်ဆုံး ဤမြစ်က စကြာဝဠာထဲတွင်စီးဆင်းနေသော မြစ်ငယ်တစ်စင်းနှင့်ဆင်တူသည့် တည်ရှိမှုတစ်ခု ဖြစ်လာသည်။
ရန်ကျောက်ကဲက...
“ဒါက မဟာကပ်ဘေးကြီးကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲရလဒ်တွေပဲ”
“အသင်္ချေကမ္ဘာလောက ပြိုကွဲသွားပြီးတဲ့နောက် ကောင်ကင်ကိုးထပ် ၊ ကောင်းကင်ဘုံ (၃၃)ဘုံနဲ့ ငရဲဆယ်ထပ်လည်း ပျက်ဆီးသွားခဲ့တယ် ၊ ဒါတွေက မူလပုံစံအတိုင်းပြန်ဖြစ်ဖို့ အရမ်းခက်ခဲတယ်”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
“ကြယ်စင်မြစ်ရဲ့အရှိန်အဟုန်က ကြားဖူးထားတဲ့ ကောလဟလတွေထက် သေးငယ်နေတာ အံ့သြစရာမရှိတော့ပါဘူး”
ရန်ကျောက်ကဲက ရှေ့သို့ ဆက်လျှောက်သွားရင်း...
“အမှန်ပဲ ၊ မဟာအသေင်္ချဖန်ဆင်းခြင်းထဲမှာ အဆုံးမရှိတဲ့ နက်နဲမှုတွေပါဝင်ပေမယ့် အခုတော့ မြစ်လက်တက်တစ်ခုလိုမျိုးဖြစ်နေပြီ”
သူက ဆက်ပြောလိုက်သည်။
“ဗလာနယ်ပုံပျက်မှုတွေအောက်မျာ မူလ ကြယ်စင်မြစ်နဲ့ လုံးဝကွဲပြားသွားပြီ ၊ ဒါကြောင့်ပဲ ထုန်းမင်ဧကရာဇ်က သူ့ကို လိုက်ဖမ်းတဲ့သူတွေလက်က လွတ်အောင် ရှောင်နိုင်ခဲ့တာပဲ ၊ ဒီမြစ်ထဲကိုဝင်ပြီးတာနဲ့ ရှုပ်ထွေးတဲ့အခြေအနေကြောင့် မတူညီတဲ့နေရာတွေဆီကို ဦးတည်သွားနိုင်တယ်”
ဖန်းယွင်ရှန်းက...
“ဒါဖြင့် ရှင် ထုန်းမင်ဧကရာဇ်ရဲ့ သင်္ချိုင်းနေရာကို ရှာဖွေနိုင်မယ်လို့ ယုံကြည်ချက်ရှိလား”
ရန်ကျောက်ကဲက...
“ဒီနေရာက မုယောက်ကြယ်စင်ထက်ယံအရှင်သခင် သေဆုံးခဲ့တဲ့ ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ထက် နည်းနည်းပိုကောင်းတယ် ၊ ရှုပ်ထွေးပေမယ့် အဲဒီလောက် မရှုပ််ထွေးဘူး ၊ ဒါတောင်မှ အတော်လေး ရှုပ်ထွေးတယ်လို့ ပြောလို့ရတယ်”
မဟုတ်ပါက အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများအနေဖြင့် ဟူယွဲ့ရှင်းအား လိုက်လံရှာဖွေခြင်းအား လက်လျှော့မည် မဟုတ်ပေ။
ဟူယွဲ့ရှင်းတွင် ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစ အမှန်တကယ် ရှိမရှိ မသေချာသောကြောင့်လည်း ဖြစ်နိုင်သည်။
သူတို့က သူမကို ယိုးမင်ဧကရာဇ်နှင့် ရင်းနှီးသူဖြစ်သောကြောင့်သာ လိုက်လံဖမ်းဆီးကြခြင်း ဖြစ်၏။
ထိုသို့မဟုတ်ဘဲ သတင်းအချက်အလက်များသေချာသည်ဆိုပါက သူတို့က ကြယ်စင်မြစ်ကဲ့သို့အတားအဆီးကိုပင်မမှုဘဲ အမတခုံရုံးမှ အဆင့်မြင့်ကျွမ်းကျင်သူများကိုခေါ်ယူပြီး ဆက်လက်ရှာဖွေကြမည် ဖြစ်သည်။
ရန်ကျောက်ကဲက...
“ငါတို့ ကြိုးစားကြည့်ကြတာပေါ့ ၊ သွားကြစို့...”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲ ကြယ်စင်မြစ်ထဲသို့ ဆင်းသက်သွားသည်။
ဖန်းယွင်ရှန်းသည်လည်း သူနှင့်အတူ ဆင်းသွားပြီး သူမ၏မျက်ဝန်းများက နတ်ဆိုးဆန်သော နက်ပြာရောင်မီးလျှံများဖြင့် တောက်ပနေသည်။
တောက်ပထင်ရှားသော ကြယ်စင်အလင်းရောင်များ သူမထံသို့ နီးကပ်လာသည်နှင့်အမျှ ကျန်ရှိသောအရာအားလုံး မှေးမှိန်သွားသည်။
ရန်ကျောက်ကဲ၏ မျက်လုံးများထဲတွင် အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများ၏ ယှက်နွယ်မှုက ပိုမိုများပြားလာသည်။
သူတို့ ရေထဲနစ်မြုပ် သွားသည်နှင့်အမျှ ထူးဆန်းသောမြင်ကွင်းတစ်ခုက သူတို့မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
သူတို့မျက်စိရှေ့တွင် ဗလာနယ်အလွှာများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲအား အတွင်းသို့ ဆွဲယူသွားလေသည်။
ရန်ကျောက်ကဲ တိတ်ဆိတ်စွာပင် မတ်တတ်ရပ်နေရင်း သူ၏လက်များဖြင့် စည်းတံဆိပ်များစွာ ဖွဲ့စည်းလိုက်သည်။ စည်းတံဆိပ်များက သူ့အရှေ့မှ ကြယ်စင်မြစ်နှင့် ပေါင်းစပ်သွားသည်။
အချိန်အတန်ကြာပြီးနောက် သူက ရပ်တန့်လိုက်သည်။
ခဏအကြာမှာတော့ ရန်ကျောက်ကဲ၏မျက်ဝန်းများထဲတွင် မှေးမှိန်သည့်အလင်းတန်းစက်ဝန်းတစ်ခုက လှည့်ပတ်ထွက်ပေါ်လာသည်။
နောက်ဆုံး သူ၏မျက်တန်းများကတောက်ပလာပြီး သူက ဖန်းယွင်ရှန်းကိုခေါ်ဆောင်ကာ နေရာတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။
မြင်ကွင်းများ ပုံမှန်ပြန်ဖြစ်လာသည့်အခါ သူတို့နှစ်ယောက်လုံး စိမ်းသက်သည့်နယ်မြေတစ်ခုအတွင်း ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
သို့သော် ဤနေရာက ကြယ်စင်မြစ်နှင့် ဆက်နွယ်နေဆဲ ဖြစ်သည်။
သူတို့ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရေပြင်လိုက်ကာနှင့်ဆင်တူသော အရာတစ်ခုဖြင့် ပြည့်နက်နေသည်။
ရေပြင်လိုက်ကာ အပြင်ဘက်တွင် တောက်ပနေသော ကြယ်စင်များကို တွေ့မြင်ရလေ၏။